Monday, August 7, 2023

စင်ကာပူမှ အပန်းဖြေစခန်း (RC) များအကြောင်း

စင်ကာပူနိုင်ငံ လူဦးရေမှာ ၅ သန်းခွဲ ရှိ၏။ နိုင်ငံခြားသားအလုပ်သမား ဦးရေမှာ ၁.၂ သန်းရှိ၏။ ထို့ကြောင့် နိုင်ငံခြားသား အလုပ်သမားဦးရေမှာ ၂၂ ရာခိုင်နှုန်းခန့် ရှိ၏။ သဟာတောင် ၂၀၁၀ လောက်ကနှင့်စာလျှင် ၃ ရာခိုင်နှုန်းလောက် နည်း သေး၏။ ကိုဗစ်ကာလတုံးက နိုင်ငံခြားသား အလုပ်သမားများကို ရုံခါပစ်လိုက်ရာ အခုမှ နည်းနည်းချင်း ပြန်လည် လက်ခံနေတာ ဖြစ်၏။ 

 

3D အလုပ်များလုပ်ဖို့ရာ နိုင်ငံခြား အလုပ်သမားများ မရှိမဖြစ်လိုလေ၏။ သန့်ရှင်းရေး၊ မြောင်းဖော်၊ မြက်ရိတ်လုပ်ငန်းများ ကို သူတို့မလုပ် မည်သူလုပ်မည်နည်း။ 

 

အလုပ်လုပ်သည့်အခါဝယ် အန္တရာယ်ကင်းကင်း၊ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် လုပ်ရလျှင် အလုပ်ကို စိတ်ပါလက်ပါ လုပ်နိုင်၏။ ထိုအခါ အလုပ်ကို ထိထိရောက်ရောက် လုပ်နိုင်၏။ လုပ်ငန်းပိုမို ပြီးမြောက်၏။



စင်ကာပူအစိုးရသည် နိုင်ငံခြား အလုပ်သမားများ အလုပ်ကို စိတ်ချမ်းသာလက်ချမ်းသာ၊ ကျန်းကျန်းမာမာ၊ ပျော်ပျော် ရွှင်ရွှင် လုပ်နိုင်စေရေးအတွက် ကြိုးပမ်းနေလေရာ ထိုအထဲတွင် စင်ကာပူအစိုးရနှင့် MWC (Migrant Worker Centre) တို့ ပူးပေါင်းလျက် မေဒေးနေ့၊ ဒီပါဝလီနေ့ စသည့် အများပြည်သူ ရုံးပိတ်ရက်များ၌ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲ များ၊ ဟောပြောပွဲများ၊ စားပွဲသောက်ပွဲများ ကျင်းပပေးခြင်း၊ ထမင်းဘူး၊ ရေဘူး၊ အချိုရှည်နှင့် အခြား စားစရာ သောက်စရာများ၊ ပိုက်ဆံ စသည်တို့ ထည့်ထားသည့် အိတ်များ ဝေပေးခြင်း စသည်တို့ လုပ်ပေးလေ့ရှိ၏။ 

 

စင်ကာပူအစိုးရဆိုရာ၌ MOM (Ministry of Manpower), NEA (National Environment Agency), PUB (Public Utility Board), LTA (Land Transport Authority), SCDF (Singapore Civil Defence Force), စင်ကာပူရဲ စသည်တို့ ပါ၏။ မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြပွဲများလုပ်ကြ၊ ဟောကြပြောကြ၊ လက်ဆောင်ပစ္စည်းများပေးကြ လုပ်ကြ၏။

 

နောက်တစ်ခုမှာ အလုပ်သမားများ အနားယူ အပန်းဖြေနိုင်စေရန် အလုပ်သမားများနေသည့် အဆောင်များ အနီး၌  အပန်းဖြေစခန်း (RC - Recreation Centre) များ ဖွင့်ပေးထားခြင်း ဖြစ်၏။ စင်ကာပူတွင် အလုပ်သမားများအတွက် ဖွင့်ပေးထားသည့် အပန်းဖြေစခန်း စုစုပေါင်း (၈) ခု ရှိရာ အောက်ပါတို့ဖြစ်၏။


1. Cochrane RC – Sembawang Drive

2. Kaki Bukit RC – Kaki Bukit Ave 3

3. Kranji RC – Kranji Close

4. Penjuru RC – Penjuru Walk

5. MWC RC – Soon Lee Road

6. Terusan RC – Jalan Papan

7. Tuas South RC – Tuas South St. 13

8. Woodlands RC – Woodlands Industrial Park E7




ထိုအပန်းဖြေစခန်းများတွင် စူပါမားကက်ကြီးများ၊ စားသောက်ဆိုင်များ၊ ဆံပင်ညှပ်ဆိုင်၊ ငွေလွှဲဆိုင်၊ အားကစားကွင်း စသည်တို့ရှိ၏။ Sepak takraw courtဆိုသည်မှာ ပိုက်ကျော်ခြင်း ကစားကွင်း ဖြစ်၏။ ထိုအပန်းဖြေစခန်းများ၌ အလုပ်သမားများ လာရောက် တွေ့ကြဆုံကြ၊ ပျော်ကြပါးကြ၊ စားကြသောက်ကြနှင့် တပျော်တပါးကြီးဖြစ်၏။ တခါတရံ အဆောက်အဦဘေးနံရံအနီး၌ ပိုးလိုးပက်လက်လန်လျက် ဘီယာမူးကာ လဲကျအိပ်ပျော်နေသည့် အနဲများကိုလည်း တွေ့နိုင်ပါသေး၏။

 

ကျွန်ုပ် နေ့တိုင်း စာသွားသင်နေသည်မှာ စွန်းလီတွင်ရှိသည့် MWCRC တွင် ဖြစ်၏။ 

စွန်းလီ RC တွင် ခရစ်ကက်ကွင်းလည်း ရှိရာ စနေ၊ တနင်္ဂနွေနေ့များတွင် ခရစ်ကက် ကစားသူများဖြင့် ဆူညံ ပွက်လော ရိုက်လျှက် ရှိနေတတ်၏။ 

 

ဤတွင် ကြားဖြတ်ပြောရလျှင် ခရစ်ကက်ကစားတာ ကျွန်ုပ်အတွက်တော့ ဘာတစ်ခုမှ စိတ်ဝင်စားစရာမရှိပါ။ ဘောလုံးကွင်း တစ်ကွင်းစာမျှ ကျယ်သည့် ကစားကွင်းကြီးထဲတွင် လူ ၄-၅၀ ခန့်တို့ စုရုံးကာ အော်ကြ ဟစ်ကြ ပြေးလွှားကြနှင့်။ 

 

အမှန်တကယ်ကစားသည်မှာ နှစ်ဦးသာ ဖြစ်၏။ တစ်ဦးက ဘောလုံးကို လက်နှင့် ပစ်ပေးသည်။ တစ်ဦးက ထို လွင့်ပျံလာ သည့် ဘောလုံးကို တုတ်နှင့်ရိုက်သည်။ ထိုသူနှစ်ဦးကသာ အမှန်တကယ် ကစားတာဖြစ်၏။ ၎င်းတို့ဘေးတွင် ဘောလုံး ကောက်ရန် လူ ၁၅ ယောက်ခန့် တစ်ကွင်းလုံးဖြန့်လျက် နေရာယူထား၏။ ကျန်သည့် လူများမှာ ဝိုင်းကြည့်နေပြီး ဘောလုံးကို တုတ်နှင့် ရိုက်မိသည့်အခါ ကမ္ဘာပျက်မတတ် ဝိုင်းဝန်းအော်ဟစ်ကြတာဖြစ်၏။ 







ထိုဝင်းထဲတွင် ဘောလီဘောကွင်း နှစ်ကွင်း၊ ပိုက်ကျော်ခြင်းနှစ်ကွင်း၊ ဘောလုံးကွင်းအသေးတစ်ခုတို့ ရှိ၏။ စနေနေ့ ညနေများနှင့် တနင်္ဂနွေ အလုပ်နားရက်များတွင် အလုပ်သမားများ လာရောက်ကစားကြ၏။ မြန်မာများလည်း ပါ၏။ 

 

တခါတလေတော့ မြန်မာအလုပ်သမားများ ကန်မကလေးများနှင့် လာရောက် စုထိုင်ကာ စားကြသောက်ကြ ပွားနေကြ တာများလည်း တွေ့ရ၏။ ကျွန်ုပ် မယောင်မလည် အနားသွားကြည့်သည့်အခါ ကန်မကလေးပေါင်ပေါ် ခေါင်းအုံးအိပ်နေ သည့် တစ်ကိုယ်လုံး တက်တူးထိုးထားသည့် ငနဲများကိုလည်း တွေ့ရတတ်၏။










MWCRC တွင် သူတို့အခေါ် multi functional hall လည်းရှိရာ တခါတလေ ဘာ Day, ညာ Day စသဖြင့် အလွန် မြူးကြွလှသော အိန္ဒိယသီချင်းများကို ဆောင်းဘောက်ကြီးများဖြင့် ဖွင့်လျက် ပွဲလမ်းသဘင်များ လုပ်ပေး၏။ ပြီးခဲ့သည့် မေဒေးနေ့က အလုပ်သမားများကို ပန်းသီး၊ ရေဘူး၊ ထမင်းဘူး စသည်တို့ကို အိတ်များအတွင်း၌ ထည့်ကာ ဝေ၏။ ထိုအထဲ၌ ပိုက်ဆံ ၁၅ ကျပ်လည်းပါလေရာ ထိုအနီးရှိ လက်ကားဆိုင်ကြီးမှာ ဘီယာဘူးများ လုံးဝ ဝယ်မရအောင် ပြတ်လတ်သွားလေသော ဟူသတတ်။ 

 

အကယ်၍ သင်တို့စိတ်ဝင်စားသည်၊ သွားချင်သည်၊ ကိုယ့်အနားမှာ ဘာအပန်းဖြေစခန်းရှိသတုံး သိချင်လျှင် ကျွန်ုပ်ကို ဆက်သွယ်လိုက်ပါဘိ။ ကျွန်ုပ်က အခမဲ့ လမ်းညွှန်ပေးပါမည်။

 

သဗ္ဗေသတ္တာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

မှတ်ချက်။      ။ အောက်ပါ သတ္တဝါများမပါ။

၁။ စကစနှင့် ၎င်း၏ဘောကို လျက်နေသူအပေါင်း

၂။ ဆကဒ၊ သတဂ၊ သဘာဝတို့ သမတလူကြမ်း ချီးဘူးအုပ်စု

၃။ မဘသအားလုံး

၄။ ကြံ့ဖွတ်အားလုံး

၅။ YMBA = ကြောင်သူတော် ကြွက်သူခိုးများအဖွဲ့

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၇ ဩဂုတ်၊ ၂၀၂၃



No comments: