Thursday, January 9, 2020

ကျွန်ုပ်ပန်လန်လက်ရခြင်း အကြောင်းရင်း


အချီး

ယခု ကျွန်ုပ်ပြောမည့် အကြောင်းအရာမှာ မတ်လကုန်ထိ ကျောင်းတက်ရခြင်းကို ထောက်ခံတာ၊ မထောက်ခံတာ မဟုတ်။ ဝန်ကြီးဆိုသည့်ရာထူးနှင့် မထိုက်တန်လှစွာ ပေါက်ပန်းဈေးစကားပြောခြင်းအကြောင်းကိုသာ ဆွေးနွေးမှာ ဖြစ်ပါသည်။

(၁)

“စကားစကားပြောပါများ၊ စကားထဲက ဇာတိပြ” ဟူသော မြန်မာစကားသည်ရှိ၏။
လူတစ်ယောက်၏ အတွေးအခေါ်၊​ အယူအဆနှင့် အရည်အချင်းတို့ကို ၎င်း၏ပြောစကားများမှတဆင့် တစေ့တစောင်း အကဲခတ်နိုင်၏။
သူ သည်ကဲ့သို့ တွေးသဖြင့်သာ သည်စကားမျိုးကို ပြောတာဖြစ်၏။
သူ သည်မျှလောက်သာ သိသဖြင့်လည်း သည်မျှလောက်သော စကားမျိုးကိုပြောတာ ဖြစ်လေသည်။

ထိုအခါ ကျွန်ုပ်သည် အတော် စိတ်ပျက်မိလေ၏။
ကျွန်ုပ်တို့တိုင်းပြည်ကြီးအတွက်လည်း အတော် စိတ်မကောင်းဖြစ်မိ၏။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ တစ်ဦးတစ်ယောက်တည်း နစ်နာသည့်ကိစ္စမဟုတ်။ နိုင်ငံနှင့်ချီ၍နစ်နာခြင်းဖြစ်၏။ အနာဂတ်မျိုးဆက်သစ်တို့နှင့် တိုက်ရိုက်ပတ်သက်နေခြင်းကား အဆိုးတကာ့ အဆိုးဆုံးဖြစ်တော့သည်။

ဤကဲ့သို့သောသူမျိုးများက၊ ဤမျှလောက် အမြော်အမြင်နည်းပါးသူတို့က တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသည်ဆိုတော့ -
ကျွန်ုပ်မှာ သွားလေသူ ယောအတွင်းဝန်ကိုသာ တ,ပြီး ဟစ်ကာငိုလိုက်ချင်မိတော့၏။

အဲလေ၊ အဲသဟာ အခုမှ မဟုတ်ပါ။
ကျွန်ုပ်တို့ (so called) ရွှေနိုင်ငံကြီးမှာ ဤကဲ့သို့သော လူ့ဗလချီးနမ်းများ အုပ်ချုပ်လာခဲ့သည်မှာ ရာစုနှစ်တစ်ဝက် မကတော့ပြီ မဟုတ်လော။
သည့်ထက်ပို၍ ချာတူးလန်သူများ ကျွန်ုပ်တို့ရွှေပြည်ကြီးတွင် မရှိတော့ပြီလော။
အရင်လူတွေဆိုးပြီအောက်မေ့နေပါ၊ နောက်လာသည့် မောင်ပုလဲကား ဒိုင်းဝန်ထက်ပင် ကဲပြနေလေချေသေး၏။
ကြာကြာဝါးလေ ခါးမှန်းသိလေသူများပေတကား။

(၂)

ယခုတလော ဖေ့စ်ဘုတ်လောက၌ အထင်ရှားအကြော်ကြားဆုံးဆုကို ဆွတ်ခူးထားသူကား ကျွန်ုပ်တို့ ရွှေပြည်ကြီးမှ ပညာရေးဝန်ကြီး ဖြစ်သတည်း။

ကောင်းမှုဖြင့် ထင်ပေါ်ကြော်ကြားခြင်းမဟုတ်မူ၍ ၎င်း၏ ပေါက်လွှတ်ပဲစား ပြောစကားကြောင့် ကြော်ကြားရခြင်း ဖြစ်၏။ (များမကြာမီက ပဲခူးဝန်ကြီးချုပ်ပြောစကားကို အားကျ၍ အတုခိုးပြီး လုပ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါ သည်။)

ဘာတဲ့၊ မိဘတွေ လွတ်လွတ်လပ်လပ်အလုပ်လုပ်နိုင်အောင် ကျောင်းကိုမတ်လကုန်အထိ ဖွင့်ရပါတယ် ဆိုလား။

ဩော် . . . ငါ့နှယ်၊ ဖစ်မှဖစ်ရလေ။
မတ်လအထိ တိုးပြီးကျောင်းတွေဖွင့်မယ်ဆိုတော့ ကလေးတွေကိုများ စာပိုသင်ပေးဘို့လားဟဲ့၊ ငပိန်းလေးတွေ များနေတာကို အသားကုန်လျှော့ချမယ်ဆိုတဲ့ အကြံကြီးနဲ့လားဟဲ့ ဆိုပြီး ငါ့မှာတော့ ဝမ်းသာတော့မယ်ဟဲ့ လို့ ပြင်ထား လိုက်ရတာ။ ခုမှ ဆရာမတွေ အလကားနေမှာစိုးလို့ ကလေးထိန်းခိုင်းမယ့် ရည်ရွယ်ချက်မှန်း သိရတယ်။ ကျမ်း - အတော်ဒုံးဝေးသည့် ငါပါတကား။

မတ်လကုန်အထိ ကျောင်းဖွင့်ချင်သဟာကို ကျွန်ုပ် အပြစ်မပြောလိုပါ။ သို့သော် မှန်မှန်ကန်ကန်ဖြစ်ဘို့၊​ အကျိုးရှိဘို့၊ လူသာဓုခေါ်၊ နတ်သာဓုခေါ်ဖြစ်ဘို့ မလိုပါသလော။

ဤဗီဒီယိုမှာပင် အထက ၂၂၊ နေပြည်တော်မှ ကျောင်းအုပ်ဆရာမကြီး ပြောထားတာကို နားထောင်ကြည့်ပါ။ ဆယ်တန်း စာစစ်ဌာနရှိသည့် ကျောင်းများတွင် ၄ တန်း၊ ၈ တန်း၊ ၁၀ တန်း စာမေးပွဲများ တောက်လျှောက်ရှိနေသည့်အတွက် ကျောင်းဖွင့်ထားဘို့ရာ အဆင်မပြေပါ။ ထို့ကြောင့် ကျောင်းပိတ်ထားရ၏။

++++++

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ နေပြည်တော်က ၂၀၁၉ ဒီဇင်ဘာ ၂၀ ရက်စွဲပါ စာအမှတ်၊ စာစစ်/၁/(အချိန်စာရင်း)/၂၀၁၉ (၁၈၄၈) နဲ့ ကျောင်းတွင်းစာမေးပွဲတွေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေကို  မတ်လအတွင်း စစ်ဆေးရမယ်လို့ ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့  ထုတ်ပြန်ချက်မှာ Grade - 5 နဲ့ Grade – 9 စာမေးပွဲတွေ ကို ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ် ၃ ရက်အတွင်း ကျင်းပရန်၊ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်စာမေးပွဲတွေကို ၂၀၂၀ မတ် ၁၁ ရက်ကနေ မတ် ၂၀ အတွင်း ကျင်းပရန်၊ ကျန်ရှိနေတဲ့ ကျောင်းတွင်းစစ် စာမေးပွဲတွေကို ၂၀၂၀ မတ် ၂၃ ကနေ မတ် ၃၁ အတွင်း (စနေနှင့် တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်မှအပ) ကျင်းပရမယ်လို့ ပါရှိပါတယ်။
(Source: Eleven Media, 5 Jan 2020, အခြေခံပညာ ကျောင်းသား ကျောင်းသူတွေရဲ့ ဆုံးရှုံးရတော့မယ့် နွေကျောင်းပိတ်ရက် မျှော်လင့်ချက်များ, https://news-eleven.com/article/152723)

++++++

ဤအတိုင်းဆိုလျှင် Grade 5, Grade 9 နှင့် တက္ကသိုလ်ဝင်တန်းများမှအပ ကျန်အတန်းများကို ဖေဖော်ဝါရီလ ၂၃ မှ မတ်လ ၂၂ ထိ တစ်လကြာပိတ်ထားရလိမ့်မည်။ အနှီကျောင်းပိတ်ရက်များအတွင်း ကလေးများသည် ဘာသွားလုပ်နေရ မည်နည်း။ ကျောင်းကို မလာရတော့ အိမ်မှာမနေလို့ ဘယ်နေရာသွားနေရမည်နည်း။ သို့ဆိုလျှင် ဝန်ကြီးပြောသည့် ရည်မှန်းချက်နှင့် လက်ရှိအခြေအနေ ပါစင်အောင် လွဲမနေပါသလော။

နောက်ပြီးတော့ ပြောလိုက်သေးသည်။ ဘာတဲ့၊ မတ်လကုန်ထိ ကျောင်းဖွင့်ကာလသတ်မှတ်ခြင်းသည် နိုင်ငံတကာနည်းတူ ဆောင်ရွက်ခြင်းဖြစ်သည် ဆိုလား။ အဟ။
ဘယ်လိုတွေများတောင် ဘယ်နိုင်ငံတကာတွေနဲ့ ဘာနည်းတွေတူနေပါသနည်း။ သိချင်စမ်းလှပါဘိ။
ဩော် မေ့တော့မလို့။ ကျောင်းကစာရင်းကြီးတွေကို လက်ရေးမူနဲ့ တင်ခိုင်းတာ နိုင်ငံတကာနည်းတူ ထင်ပါရဲ့လေ။ 
ဒါမှမဟုတ်
ပြဌာန်းထားတာက မွေ့နွန်းရကန်၊ စာအုပ်ထဲမှာပါတာက သံဝရပျို့ဆိုတာ နိုင်ငံတကာနည်းလားခည။
(မသိလို့မေးတာ တရားမစွဲကြေးနော့။ အနို့ ၆၆ (ဃ) လည်း ကြောက်ရသေးမဟုတ်လား အရပ်ကတို့ရဲ့။)
(The Voice ကနေ ခြိမ်းခြောက်ထားတာ ကျုပ်ဖြင့် ကျောက်ချက်အေ။)




(၃)

နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ဘို့မဆိုထားပါနှင့်။ လုပ်ငန်းတစ်ခုလုပ်လျှင်တောင် စနစ်တကျ စီမံချက် ရေးဆွဲမလုပ်ဘဲ မအောင်မြင်နိုင်ဆိုသည်ကို မိတ်ဆွေတို့ သိပါသည်။ သည်လို စိတ်ကူးတည့်ရာတွေ လျှောက်လုပ်ခဲ့ကြလို့လည်း နိုင်ငံကြီး မြောင်းထဲရောက်နေတာ မဟုတ်ပါလော။

ပထမ ကျောင်းများကို မတ်လကုန်ထိ ဖွင့်မယ်ဆိုတုန်းက အောင်မယ်၊​ မဆိုးဘူးဟဲ့။ ကလေးတွေ စာသင်ချိန်ပိုပေးပြီး ဒဂယ့်ပညာဒတ်ကြီးတွေဖြစ်အောင် လုပ်ကြတော့မနဲ့တူပါရဲ့ ဟု ကျွန်ုပ်မှာ အားတက်မယ် ကြံမိပါသေးသည်။ ရွှေစည်းခုံဘုရား စူးရပါစေရဲ့။

ယခု ဝံဂျီး၏အမြော်အမြင်ကြီးမှုကို မျက်ဝါးထင်ထင် ကြားသိလိုက်ရသည့်အခါကျမှ ကျွန်ုပ်မှာ ပန်လန်လက်၊ ပက်လက်လန်ကာ သွားရပါလေတော့သတည်း။

လူအချင်းချင်း၊ ကလေးထိန်းခိုင်းခြင်း၊​ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၉ ဇန္နဝါရီလ၊ ၂၀၂၀

No comments: