Thursday, January 16, 2020

မြန်မာ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့် ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ

နိဒါန်း

ယခုအခါ မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော အခြေအနေများအရ နိုင်ငံပြုပြင်တည်ဆောက်ရေးတွင် မြန်မာပြည်သူ ပြည်သားအပေါင်းတို့ မိမိတို့စွမ်းနိုင်သမျှ ဝိုင်းဝန်းကြိုးပမ်းနေကြသော အချိန်ဖြစ်ပေသည်။ ဤသို့ ကြိုးပမ်းကြရာတွင် ပြည်တွင်းမှာသာမက ပြည်ပရောက် မြန်မာများ၏ တစ်တပ်တစ်အား ပါဝင်ဖြည့်ဆည်းမှုသည်လည်း အရေးပါသည်။ ပြည်ပရောက်မြန်မာများအနေဖြင့် နိုင်ငံတကာအသိုင်းအဝန်း၊ ခေတ်မီနည်းပညာ၊ အတတ်ပညာများနှင့် နေ့စဉ်ထိတွေ့ လုပ်ကိုင်နေကြသည်ဖြစ်ရာ မိမိ မိသားစုအတွက် ဝင်ငွေရှာရင်းမှ တစ်ဖက်တွင်လည်း အသစ်အသစ်သော ပညာဗဟုသုတများ၊ အတွေးအခေါ်သစ်များကို လေ့လာသင်ယူပြီး ဖြစ်နေတော့သည်။ ကောင်းစွာအသုံးချနိုင်ပါက ပြည်ပရောက်မြန်မာများသည် မြန်မာနိုင်ငံပြန်လည် ထူထောင်ရေးတွင် အလွန်တန်ဖိုးကြီးမားသည့် လူအင်အားအရင်းအမြစ် အစုအဝေးကြီးပင် ဖြစ်တော့၏။
ရာစုနှစ် ထက်ဝက်ခန့် တံခါးပိတ်ထားခဲ့သော မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ၊ ဈေးကွက်အခြေအနေများ ပွင့်လင်းလာသည်နှင့်အမျှ နိုင်ငံတကာ အဖွဲ့အစည်းများမှ လာရောက်အခြေစိုက်ခြင်းများ၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများမှ မြန်မာနိုင်ငံအတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုများ ရှိလာမည်ဖြစ်သည်။ ၎င်းတို့နှင့်အတူ ခေတ်မီစက်ကိရိယာ၊ နည်းပညာများ၊ နည်းနာများ ပါလာမည်မုချပင်။ သို့ဖြစ်ရာ နည်းပညာအဆင့်မြင့် စက်ကရိယာ စသည်တို့ကို အသုံးပြုရန်၊ စီမံကိန်း စသည်တို့ကို အကောင်အထည်ဖော်ရန်အတွက် ပြည်တွင်း၌ အရည်အသွေး ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ် လိုအပ်ချက်သည်လည်း ဆပွားတိုးလာမည်ဖြစ်သည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် အရည်အသွေး ချို့တဲ့မှုကြောင့် ရွာနေပြည်ထိုင် လူ့စွမ်းအားကို အသုံးပြုခွင့်မရ၊ ပြည်ပမှ (နိုင်ငံခြားသား) ကျွမ်းကျင်သူများကို တင်သွင်းရမည် ဆိုပါက မြန်မာတို့အဖို့ လွန်စွာနစ်နာဖွယ်ရာသာ ရှိတော့သည်။ ထိုအဖြစ်မျိုးမှ ရှောင်ရှားနိုင်ရေး တရားဥပဒေအရ အကာအကွယ် ပေးခြင်း အပါအဝင် နည်းလမ်းများရှာရန်မှာ စိန်ခေါ်ချက်တစ်ရပ် ဖြစ်လာသည်။
ထပ်ဆင့်ကြုံရနိုင်သည်မှာ ငွေကြေးတောင့်တင်းသော နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများ၊ အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ ဒေသခံဝန်ထမ်း လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပြည်သူ့ဝန်ထမ်းများ အပါအဝင် ပြည်တွင်းမှ မရှိမဲ့ရှိမဲ့ ကျွမ်းကျင်လုပ်သားများအား သိမ်းကျုံးကဲ့ယူသွားမည့် အရေးပင်ဖြစ်သည်။ အိုးသည်(သယ်) အိုးကောင်းမသုံးရသည့် အဖြစ်နှင့် မကြုံရဟု မဆိုနိုင်။ Georgetown တက္ကသိုလ်မှ ပါမောက္ခ စတိုင်းဘတ် ကမူ နိုင်ငံတကာမှ ဝင်ရောက်မြုပ်နှံကြသူများ၏ ဆွဲဆောင်မှုကြောင့် ပြည်တွင်း ကုမ္ပဏီများ၊ အစိုးရဌာနများတွင် (ကျွမ်းကျင်ဝန်ထမ်း) ခန်းခြောက်သည့် ပြဿနာပင် ရင်ဆိုင်ရနိုင်သည်ဟု သတိပေးသည်။ F.1 ထိုအခြေအနေမျိုးကို ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ပြေလည်အောင် မည်သို့ဖြေရှင်းကြမည်နည်း။ နယူးယောက် အခြေစိုက် Asia Society မှ အင်ဒရူး ဘီလို ကမူ ပြည်ပရောက် မြန်မာများသည် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် သော့ချက်ကျသော နေရာတွင်ရှိသည်ဟု သုံးသပ်သည်။ F.2
အခြား လျစ်လျူရှုထား၍ မရသည့် အချင်းအရာတစ်ခုမှာ ပြည်ပရောက် မြန်မာတို့မှ ပြည်တွင်းသို့ ငွေကြေးအရ ထောက်ပံ့မှု (ဝါ) ရင်းနှီးမြုပ်နှံမှုပင်ဖြစ်၏။ လက်ရှိအနေအထားမှာပင် ပြည်ပရောက် မြန်မာတို့သည် ၎င်းတို့၏ ချွေးနည်းစာ လုပ်အားခများအနက်မှ စုဆောင်းရသမျှကို ပြည်တွင်းသို့ ပြန်လည်ပို့ဆောင်ခြင်းအားဖြင့် နိုင်ငံ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းနေကြသည်။ တရားဝင်လမ်းကြောင်းမှ လွှဲပို့ခြင်းမဟုတ်သည့်အတွက် မည်ရွေ့မည်မျှဟု တိတိကျကျ မဖော်ပြနိင်ချေ။ ကွင်းဆင်းလေ့လာသူများ၏ ၂၀၀၇ ခုနှစ် စစ်တမ်းကောက်ယူချက်အရ မြန်မာလုပ်သား တစ်သန်းခန့် ရှိနေသည့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ ပြန်ပို့ငွေ (remittance) မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ မျှရှိသည် ဟူလို။ F.3 အစိုးရကို စီးပွားရေးအရ ပိတ်ဆို့ခံထားရသည့် ထိုကာလအတွင်း တစ်နှစ်စာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) ပမာဏ၏ နှစ်ဆကျော်ပင်တည်း။F.4 စင်ကာပူ၊ မလေးရှား၊ တိုင်ဝမ်၊ ဂျပန်၊ အမေရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် တစ်ကမ္ဘာလုံး စုစုပေါင်းလိုက်လျှင် မည်မျှကြီးကျယ်မည်ကို မှန်းဆကြည့်နိုင်သည်။ ယခုကဲ့သို့ ပွင့်လင်းစပြုလာသည့် ကာလတွင် ပြန်ပို့ငွေ သာမက စီးပွားရေးအတွက် ရင်းနှီးမြုပ်နှံမှုများပါ ထပ်ဆောင်းလာနိုင်သည်ဖြစ်ရာ ယင်းတို့ကို တိုင်းပြည်အတွက် လက်ငင်းလိုအပ်မည့်၊ အကျိုးများစေမည့် ကဏ္ဍများသို့ ရေလာမြောင်းပေး မည်သို့ လမ်းခင်း ပေးကြမည်နည်း။
ထို့ပြင်တ၀ ဆိုရလျှင် ပြည်ပရောက် မြန်မာတို့မှာ အခြေအနေ အခွင့်သာသည့်အတွက် အထိုက်အလျောက် နှံ့စပ်ကြသည်သာ။ နိုင်ငံပြင်ပ၌ ဘာသာမတူ၊ လူမျိုးခြား၊ ယဉ်ကျေးမှုကွဲပြားသူတို့နှင့် နေ့စဉ်နှင့်အမျှ ထိတွေ့ဆက်ဆံရသည့် အတွေ့အကြုံများ အလိုအလျောက် ရနေသည်။ ပြည်တွင်းနေသူတို့ အဖို့အတွက်မူ ယင်းအတွေ့အကြုံမှာ ရှားပါးကုန်တစ်ခု ဖြစ်နေသေး၏။ ဈေးကွက်စီးပွားရေး၊ ဒီမိုကရေစီရေးများကို စွဲကိုင်ပြီးသကာလ မည်သည့်နိုင်ငံသားမဆို ပါဝင်ပိုင်ခွင့်ရှိသော ပွင့်လင်းသည့် လူ့ဘောင်တစ်ရပ်ကို ထူထောင်ရာဝယ် ယင်းအတွေ့အကြုံကို အခြေခံသည့် စိတ်နေစိတ်ထားသည် ပေါင်းကူတံတားသဖွယ် အရေးပါလေတော့သည်။ ပြည်ပရောက် မြန်မာတို့အနေဖြင့် ၎င်းတို့ရရှိထားသည့် ထိုအသိထူးကို (Levitt ၏ စကားအရ Social Remittances F.5 ကို) ပြည်တွင်းမှ အဆွေအမျိုးတို့အား မည်သို့ လက်ဆင့်ကမ်းကြမည်နည်း။
အလွှာအသီးသီးမှ မြန်မာတို့ ပြည်ပသို့ အစုံလိုက် အပြုံလိုက် ထွက်ခွာကြသည့်ကာလမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုရေး လှုပ်ရှားမှုကြီးအား ယခင်အစိုးရမှ အကြမ်းဖက်နှိမ်နင်းခဲ့ပြီး နောက်ပိုင်းနှစ်များတွင် ဖြစ်၏။ ယခုအခါ ထိုလှုပ်ရှားမှုကြီး သက်တမ်း ၂၅ နှစ်ပြည့်၍ ငွေရတုတိုင်ခဲ့ပြီ။ မြန်မာ့နိုင်ငံရေး တစ်ခေတ်ဆန်းမည့် လင်းရောင်ခြည်လည်း ပေါ်ခဲ့ပြီ။ ဤသို့သော အချိန်အခါ၌ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေကြသူ သားသမီးတို့ကို အမိမြေနှင့် ယှဉ်တွဲ၍ ပြန်လည်ထင်ဟပ်ရခြင်း၊ ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်လာသည့် အခါကာလ၌ ပြည်ပရောက် မြန်မာတို့၏ ‘အား’ ကို ထိထိရောက်ရောက် ရယူသုံးစွဲနိုင်မည့် နည်းလမ်းများ ရှာဖွေမှန်းဆရခြင်းသည် လျော်ကန်လှသည့် အလုပ်ပင် မဟုတ်ပါလော။ ဤစာတမ်းငယ်၏ ရည်ရွယ်ချက်မှာ ကောင်းနိုးရာရာ နည်းလမ်းများအား ယေဘူယျသဘော ဖော်ထုတ်တင်ပြရန် ဖြစ်ပါ၏။ တစ်ဆက်တည်းမှာပင် မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတွင် အဝေးရောက် ညီနောင်ရင်းချာတို့၏ ပါဝင်ကူညီမှုကို အရယူခဲ့ကြသည့် နိုင်ငံအချို့၏ နည်းနာများကိုလည်း အတုယူစရာ၊ သင်ခန်းစာ ယူစရာအဖြစ် ဥပမာပြဆွေးနွေးသွားရန် ဖြစ်ပါသည်။
ပြည်ပရောက် မြန်မာများ
ပြည်ပတွင် ရောက်ရှိနေထိုင်သူများဟု ဆိုရာဝယ် အလုပ်လုပ်ရန် လာသူများ၊ ပညာတော်သင်များ၊ ဒုက္ခသည်များ၊ စစ်ပြေးများ၊ အနှင်ခံရသူများ၊ ပြောင်းရွှေ့လာသူများ စသဖြင့် အမျိုးမျိုးပါဝင်၏။ ဆာဖရန် ကမူ ပြည်ပတွင် နေထိုင်သူများ (diasporas) ဆိုသည်မှာ ၎င်းတို့မွေးဖွားခဲ့ရာ အမိမြေ၏ အမှတ်ရစရာ၊ ဒဏ္ဍာရီ အဖြစ်အပျက်များကို ထိန်းသိမ်း သယ်ဆောင်ကာ ထိုအမိမြေနှင့် ဆက်စပ်မှုကို မိမိတို့၏သွင်ပြင်လက္ခဏာအဖြစ် (ရောက်ရာအရပ်၌) တည်ဆောက် နေထိုင်ကြသူများဟု အဓိပ္ပါယ်ဖွင့်ဆိုသည်။ ၎င်းတို့၏ အမိမြေကို ခင်တွယ်ဆဲဖြစ်ပြီး တစ်နေ့ အိမ်ပြန်မည်ဟု အားခဲထားကြသူများဟုလည်း ဆိုသည်။ F.6
မြန်မာတို့ကား အစဉ်အလာအရ ‘အိမ်’ ကို ခင်တွယ်သူများ ဖြစ်ကြ၏။ ရှေးပဝေသဏီကပင် တိုင်းတစ်ပါးမှ ကုန်သွယ်သူများ ကုန်းကြောင်း၊ ရေကြောင်းဖြင့် မြန်မာပြည်သို့ လာရောက်ကာ ရောင်းဝယ်ဖောက်ကားကြသည့် မှတ်တမ်းများစွာ ရှိခဲ့သော်လည်း မြန်မာတို့အနေဖြင့် (တဖုဿ နှင့် ဘလ္လိက ညီနောင်တို့၏ မဇ္ဈိမတိုင်းသို့ ကုန်သွယ်ခရီးနှင့် တိဂုံဆံတော်ရှင် ဇာတ်လမ်းကို ချွင်းချက်ထား၍) ရေခြားမြေခြားသို့ သွားရောက်ကြသည်ဟူ၍ကား မရှိခဲ့ချေ။ သံဃာတော်များ သာသနာပြုရန်၊ ပိဋကတ်တော်များ သင်ယူရန် ကြွချီခြင်းနှင့် ဘုရင်များ တိုင်းခန်းလှည့်လည်ခြင်း၊ ဘုရားဖူးထွက်ခြင်း၊ စစ်ချီခြင်း စသည်တို့ ရှိခဲ့သော်လည်း သာမန်လူအများ၏ အလေ့အထအဖြစ် ထွန်းကားခဲ့သည် မဟုတ်ချေ။ ဗြိတိသျှအင်ပါယာ လက်အောက်ရောက်ခဲ့သည့် ကိုလိုနီခေတ်တွင် နီပေါမှ ဂေါ်ရခါးများ၊ အိန္ဒိယမှ ချစ်တီးများ မြန်မာပြည်သို့ လာရောက် အခြေချကြသည်မှာလည်း တစ်လမ်းသွားပုံစံ ဖြစ်၏။ မြန်မာတို့အနေဖြင့် အင်ပါယာ၏ အခြားဒေသများသို့ သွားရောက် အခြေစိုက်ကြသည်ဟူ၍ မရှိခဲ့ချေ။
သို့ရာတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရအပြီး ပြည်တွင်းစစ်မီးနှင့်အတူ စစ်ပြေးဒုက္ခသည်များ နယ်စပ်ဒေသများသို့ ရှောင်တိမ်းကြခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်မှုများ ပေါ်ပေါက်လာခြင်းတို့က အစဉ်အလာဟောင်းကို ပြောင်းလဲစေခဲ့၏။ ၁၉၆၂ ခုနှစ်နောက်ပိုင်း အုပ်ချုပ်ရေးကြောင့် တိုင်းရင်းသားအများပင် ကြမ်းတမ်းသော နယ်စပ်ဒေသများသို့ တိမ်းရှောင်လာခဲ့ကြပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးကို နှိမ်နင်းခဲ့သည့် နောက်ပိုင်းတွင်မူ မည်သည့် မျိုးနွယ်စုဟူ၍ ကွဲပြားခြင်းမရှိတော့ပဲ တက်ကြွလှုပ်ရှားသူတို့မှာ နယ်ခြားဒေသများသို့ တိမ်းရှောင်ခဲ့ကြရသည်။ ထို့ပြင် ၁၉၆၂ ခုနှစ် နောက်ပိုင်း အစိုးရအဆက်ဆက်တို့၏ အလွဲလွဲ အချော်ချော် မူဝါဒများ ကြောင့် ပြည်သူတို့၏ စီးပွားရေးဘ၀ တစ်စထက်တစ်စ ချွတ်ချုံကျလာခဲ့ရာ အလွှာအသီးသီးမှ မြန်မာတို့မှာ အိမ်နီးချင်း နိုင်ငံများအပါအဝင် ရေကြည်ရာ မြက်နုရာအရပ်သို့ ပြောင်းရွှေ့လုပ်ကိုင် အသက်မွေးရသည့် ဖြစ်စဉ်မှာလည်း ထွန်းကားလာရတော့သည်။
စနစ်တကျ စာရင်းဇယား ပြုစုထားခြင်း မရှိသည့်အတွက် ပြည်ပရောက်မြန်မာ အရေအတွက် မည်ရွေ့မည်မျှ ရှိသည်ကို တိတိကျကျ မသိနိုင်ပါ။ အိဂရက်တို ( Renaud Egreteau) ၏ စာတမ်း၌မူ ရနိုင်သမျှ စာတမ်းများ၊ မီဒီယာသတင်းများ၊ NGO အစီရင်ခံစာများ၊ ကွင်းဆင်းဆင်းလေ့လာချက်များကို အခြေခံပါက အာရှနိုင်ငံများတွင် ပြည်ပရောက် မြန်မာဦးရေ သုံးသန်းထက်မနည်း ပျံ့နှံ့နေထိုင်ကြသည်ဟု ဆိုသည်။ အများစုမှာ ထိုင်းနိုင်ငံတွင် အလုပ်ကြမ်း လုပ်ကိုင်သူများအဖြစ် ရောက်ရှိနေကြပြီး နှစ်သန်းခန့်ပင် ရှိသည်ဟူလို။ ထို့ပြင်တ၀ ဒုတိယအများဆုံးဖြစ်သည့် မလေးရှားတွင် ငါးသိန်း၊ အိန္ဒိယနိုင်ငံတွင် ခုနှစ်သောင်းမှ ရှစ်သောင်းအထိ၊ စင်ကာပူတွင် တစ်သိန်းခန့်၊ ဂျပန်တွင် နှစ်သောင်းခန့်၊ တောင်ကိုရီးယား တွင် လေးထောင်ခန့် စသဖြင့် ပျံ့နှံ့ ရောက်ရှိနေကြသည်ဟု ၎င်းက ဆိုသည်။ F.7
နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသဖြင့် ရောက်ရှိလာကြသည့် အခြေခံများကို မူတည်၍ လက်ရှိနေထိုင်ရာအရပ်တွင် မြန်မာတို့၏ အနေအထားသည်လည်း ကွဲပြား၏။ ဥပမာ စီးပွားရေး၊ ပညာရေး အကြောင်းရင်းများကြောင့် ရွှေ့ပြောင်းလာကြသူ မြန်မာတို့ရှိရာ စင်ကာပူတွင် လုပ်ငန်းခွင်အမျိုးမျိုး၌ များစွာသော မြန်မာနိုင်ငံသားများသည် အထွေထွေလုပ်သား၊ ကြီးကြပ်ရေးမှူး၊ အင်ဂျင်နီယာ၊ ကျူစီ၊ မန်နေဂျာ စသည်ဖြင့် အဆင့်အမျိုးမျိုးတွင် ပါဝင်လုပ်ကိုင် နေကြသည်ကို တွေ့ရမည် ဖြစ်သည်။ စင်ကာပူနိုင်ငံ၌ ဆယ်စုနှစ် တစ်ခုကျော်မျှလုပ်ကိုင်နေသည့် ဝါရင့် အင်ဂျင်နီယာ၊ မန်နေဂျာများလည်း မနည်းလှ။ ဤအဆင့်ရောက်လာရန် ၎င်းတို့သည် ကျောင်းများစွာ၊ သင်တန်းများစွာတက်လျှက် စင်ကာပူနိုင်ငံသားများနှင့် အပြိုင် အရည်အသွေးပြည့်ဝလာစေရန် မိမိတို့ဘာသာ မိမိတို့ ကိုယ့်စားရိတ်နှင့်ကိုယ် သင်ယူလေ့လာခဲ့ကြသူများ ဖြစ်သည်။ စင်ကာပူရောက် မြန်မာများမှ အစုအဖွဲ့ပုံစံဖြင့် အမိမြေသို့ ပြန်လည်ထောက်ပံ့နေပုံကို ဤနေရာ၌ အနည်းငယ် ဆွေးနွေးပါမည်။
စင်ကာပူရောက်မြန်မာများအနေနှင့် မှတ်ပုံတင်၍သော်လည်းကောင်း၊ မှတ်ပုံမတင်ပဲသော်လည်းကောင်း မိမိတို့ နီးစပ်ပတ်သက်ရာ အဖွဲ့ကလေးများ ဖွဲ့စည်းလှုပ်ရှားနေရာ ထိုအထဲတွင် ဂျီတီအိုင်ကျောင်းသားဟောင်းများအဖွဲ့၊ မြို့ပြ အင်ဂျင်နီယာများအဖွဲ့၊ ဘူမိဗေဒအဖွဲ့၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအဖွဲ့ စသည့် အတတ်ပညာပိုင်းဆိုင်ရာအဖွဲ့များလည်း ရှိ၏။ ထိုအဖွဲ့အားလုံး၏ တူညီသော ရည်ရွယ်ချက်မှာ မိမိတို့တတ်စွမ်းနိုင်သမျှ အမိမြန်မာနိုင်ငံတော်ကို ပြန်လည်လုပ်ကျွေး သမှု ပြုရေးပင်ဖြစ်၏။ လူမှုရေးအဖွဲ့များက အဖွဲ့ဝင်များထံမှ အလှူငွေများဖြင့် ကျောင်းဆောက်ခြင်း၊ ကျောင်းများ ပြန်လည် ပြုပြင်ပေးခြင်း၊ စာအုပ်စာတမ်းများ ထောက်ပံ့ခြင်း၊ ဆေးရုံဆေးခန်းများသို့ လှူဒါန်းခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ အဝတ်အထည်၊ အစားအစာ၊ ငွေကြေးစသည်တို့ လှူဒါန်းခြင်းများ ပြုလုပ်ကြသည်။
ဥပမာ စင်ကာပူရောက် မြန်မာမြို့ပြအင်ဂျင်နီယာများအသင်း (Society of Myanmar Civil Engineers (Singapore) – SMCES) က လုပ်ငန်းခွင်အတွေ့အကြုံနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးတင်ပြမှုနှင့် နှီးနှောဖလှယ်ပွဲများကို ၂၀၁၀ ခုနှစ်မှ စတင်ကာ စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တို့တွင် နှစ်စဉ်စီစဉ်ကျင်းပပေးခြင်း။ Myanmar Geologists Society Singapore (MGSS) ကို ၂၀၁၀ ခုနှစ်တွင် မှတ်ပုံတင်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများကို တစ်နှစ်လျှင်နှစ်ကြိမ် ပုံမှန် ကျင်းပလျှက် စင်ကာပူရှိအဖွဲ့ဝင်များက မိမိတို့လေ့လာဆည်းပူးခဲ့သော ပညာရပ်များနှင့် လုပ်ငန်းအတွေ့အကြုံများကို အလှည့်ကျဟောပြောခြင်း။ MGSS အဖွဲ့ဝင်များ မြန်မာပြည်သို့ အလည်ပြန်သည့် အခါများ၌လည်း အခါအားလျော်စွာ ဟောပြောပွဲများကျင်းပပေးခြင်း အစရှိသည်တို့ကို မိမိတို့ တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ F.8
ဤသည်မှာ စင်ကာပူရောက် မြန်မာတို့၏ အမိမြေသို့ ပြန်လည်ထောက်ပံ့ပုံကို နမူနာထုတ် တင်ပြခြင်းဖြစ်သည်။ အခြားတိုင်းပြည်အသီးသီးမှ မြန်မာတို့သည်လည်း အလားတူ မိမိတို့တတ်စွမ်းသမျှ ထောက်ပံ့ကြမည်ပင်။ ပြည်ပမှ အင်အားများကို မြန်မာပြည်တွင်း၌ ပိုမိုအကျိုးရှိစွာ ဖြန့်ဝေနိုင်ရေး အကြံပြုချက်များအား နောက်ပိုင်းတွင် ဆက်လက် ဆွေးနွေးပါမည်။
ဗီယက်နမ် နမူနာ
၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် စတင်ခဲ့သည့် F.9 စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ထွန်းသစ်စ အာရှကျားတစ်ကောင် ဖြစ်လာရန် တစ်ပေးခံနေရသည့် ဗီယက်နမ်နိုင်ငံသည် မြန်မာပြည်ကဲ့သို့ပင် တစ်ချိန်က နိုင်ငံရေး အခြေအနေများကြောင့် နိုင်ငံသား အမြောက်အများ ပြည်ပရောက်နေသည့် တိုင်းပြည်ဖြစ်သည်။ ယခုအခါ ပြည်ပရောက် ဗီယက်နမ်များမှာ အမေရိကန် ပြည်ထောင်စု၌ ၁.၂ သန်း၊ ပြင်သစ်နိုင်ငံ၌ နှစ်သိန်းငါးသောင်း၊ သြစတြေးလျနိုင်ငံ၌ နှစ်သိန်း၊ ကနေဒါနိုင်ငံ၌ တစ်သိန်းငါးသောင်း စသဖြင့် နေထိုင်လျှက်ရှိကြောင်း သိရသည်။ F.10 စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်အပြီး ဗီယက်နမ် အစိုးရမှ ပြည်ပသို့ တရားဝင် ပို့လွှတ်သော အလုပ်သမားများလည်း ရှိသေး၏။ ထိုအစီအစဉ်အရ နိုင်ငံ လေးဆယ်တွင် ဗီယက်နမ်လုပ်သား လေးသိန်းခြောက်သောင်းကျော် အလုပ်လုပ်နေကြသည်ဟု ဆိုသည်။ F.11
ငွေလွဲပို့ခြင်း။ ။ ပြည်ပရောက် ဗီယက်နမ်များမှ ပြည်တွင်းသို့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၆.၈ ဘီလျံ ခန့် ပြန်လည် လွှဲပို့ကြသည်ဟု သိရသည်။ UNIFAD ခေါ် နိုင်ငံတကာ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့မှ ၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်သော စာရင်းအရ ထိုပမာဏသည် ဗီယက်နမ် ပြည်တွင်းထုတ်လုပ်မှု (GDP) ၏ ၁၁.၂ % ပင် ရှိခဲ့၏။ F.12 လွှဲပို့ငွေတွင် မိသားစုသို့ ထောက်ပံ့ငွေအပြင် အလှုအတန်း၊ ရင်းနှီးမြုပ်နှံမှုများလည်း ပါဝင်သည့်အပြင် တစ်ဦးချင်းသာမက အသင်းအဖွဲ့လိုက် လွှဲပို့မှုများလည်းရှိကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုမှ ဗီယက်နမ်နိုင်ငံအပေါ် ကန့်သတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်သည့် ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် အမေရိကရောက် ဗီယက်နမ်များထံမှ ပေးပို့လာသည့် ရင်းနှီးမြုပ်နှံမှု လွဲငွေများ သိသိသာသာ မြင့်တက်လာခဲ့သည်။ ဗီယက်နမ်အစိုးရမှ ဖွဲ့စည်းထားသည့် ပြည်ပရောက် ဗီယက်နမ်များ ကော်မတီ၏ ထုတ်ပြန်ချက်အရ ပြည်တွင်း၌ ပြည်ပရောက် ဗီယက်နမ်များမှ ထူထောင်ထားသည့် ကုမ္ပဏီပေါင်း ၁၄၆၅ ခု ရှိသည့်အနက် ထက်ဝက်ခန့်မှာ အမေရိကန်ပြည်ထောင်စုမှ ဖြစ်ပြီး စုစုပေါင်း မ,တည်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရှိသည်ဟူ၏။ F.13
ပညာဗဟုသုတ လွဲပြောင်းပေးခြင်း။ ။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) လက်အောက်တွင် ၁၉၇၇ ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော်ခဲ့သော Transfer of Knowledge Through Expatriate Nationals (TOKTEN) ဟူသည့် အစီအစဉ်တစ်ရပ်ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဦးနှောက်ယိုစီးခြင်း သက်ရောက်မှုကို လျှော့ချသည့်အနေဖြင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် ကျွမ်းကျင်လိမ္မာကြသော ပြည်ပရောက် ပညာရှင်များအား အားလပ်သည့်အချိန်တွင် မိခင်နိုင်ငံသို့ စေတနာ့ဝန်ထမ်း လာရောက်ပို့ချခြင်း၊ အကြံပေးခြင်းတို့ကို ပြုလုပ်စေသော အစီအစဉ်ဖြစ်၏။ ဗီယက်နမ်နိုင်ငံ၌ TOKTEN ပရောဂျက်ကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်ပရောက် ဗီယက်နမ်များ ကော်မတီ (COV) က လွှဲပြောင်းယူခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။F.14 ပြည်ပနိုင်ငံများသို့ ရောက်ရှိနေထိုင်ကြပြီး အဆင့်မြင့်ပညာ တတ်ကျွမ်းကြသူ ဗီယက်နမ်လူမျိုး လေးသိန်းကျော်ရှိသည်ဟု COV က ခန့်မှန်းသည်။F.15 ၎င်းတို့အနက်မှ ပညာရှင် ၂၀၀ ကျော်ကို နှစ်စဉ် ဗီယက်နမ်သို့ ဖိတ်ခေါ်ကာ စီးပွားရေး၊ သိပ္ပံပညာ၊ နည်းပညာ စသည့်နယ်ပယ်များတွင် သင်ကြားပို့ချစေခြင်း၊ အစိုးရဌာနများတွင် တွဲဖက်လုပ်ကိုင်စေခြင်း၊ အချို့ကို ဝန်ကြီးချုပ်၏ အကြံပေးအဖြစ် ခန့်အပ်ခြင်းစသဖြင့် တိုင်းပြည် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရေး စီမံဆောင်ရွက်လျှက်ရှိသည် ဟူလို။F.16 သီးခြားအစီအစဉ်အနေဖြင့် သုခမိန်အဖွဲ့များ၊ တက္ကသိုလ်များမှလည်း ဟောပြောပွဲများ၊ ဖိုရမ်များ ကျင်းပကာ နိုင်ငံရပ်ခြားမှ ဗီယက်နမ် ပညာရှင်များကို ဖိတ်ခေါ် ဆွေးနွေးစေသည့် အလေ့အထမှာလည်း တစ်နေ့တစ်ခြား တွင်ကျယ်လာနေသည်ဟု သိရသည်။
ပြည်တွင်းမှ အစီအမံများ။F.17 ။ ပြည်ပရောက် ဆွေမျိုးသားချင်းများမှ နည်းလမ်းအသွယ်သွယ်ဖြင့် ကူညီလာခြင်းကို ဗီယက်နမ်အစိုးရက အသိအမှတ်ပြုကာ ၎င်းတို့အတွက် အဆင်ပြေချောမွေ့စေမည့် အစီအမံများ ဆောင်ရွက်ပေးခဲ့သမျှကို ဖော်ပြရလျှင်-
- ၁၉၉၇ ခုနှစ်တွင် ပြည်ပမှ လွှဲပို့ငွေများအပေါ် ကောက်ခံသည့် ၅% အခွန်ကို ပယ်ဖျက်ပေးခဲ့သည်။
- ၂၀၀၁ ခုနှစ်တွင် ပြည်ပမှ ဗီယက်နမ်သို့ ပြန်လည်အခြေချလိုသူများအတွက် မြေဝယ်ယူခွင့်ကို စတင်ဆောင်ရွက် ပေးခဲ့သည်။
- ၂၀၀၄ ခုနှစ်တွင် “ပြည်ပရောက် ဗီယက်နမ်များသည် ဗီယက်နမ် နိုင်ငံတော်၏ အရင်းအမြစ် အစိတ်အပိုင်းများ ဖြစ်သည်” ဟူသော သဘောထားကို (ကွန်မြူနစ်ပါတီ) ပေါ်လစ်ဗျူရို ဆုံးဖြတ်ချက် ၃၆ အရ ချမှတ်ခဲ့ပြီး သံတမန် ရေးရာ၊ နိုင်ငံသားဖြစ်မှု၊ ဗီဇာစည်းမျဉ်းများ၊ အခွန်ဥပဒေများ စသည်တို့အပါအဝင် ထိုဆက်ဆံရေးကို မည်သို့ စီမံခန့်ခွဲမည်ဟူသော ပေါ်လစီဦးတည်ချက်များ ချမှတ်ခဲ့ပြီး လူမှုရေးဆက်နွယ်ချက်များ ဖြစ်သော မိဘဘိုးဘွား ပူဇော်ခြင်း၊ လက်ထပ်ခြင်း၊ မွေးစားခြင်း စသည်တို့ကို မည်သို့ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်ကိုပါ လမ်းညွှန်ခဲ့သည်။
- ၂၀၀၆ ခုနှစ်တွင် ပြည်တွင်းနေ မိသားစုများမှတစ်ဆင့် နိုင်ငံရပ်ခြားမှ ဗီယက်နမ်လူမျိုးများနှင့် ဆက်သွယ်ကာ ပြည်တွင်းမှ အခွင့်အလမ်းများ ဖြန့်ချိရေးကို ရည်ရွယ်၍ ပြည်ပရောက် ဗီယက်နမ်များ ဆက်သွယ်ရေး ကော်မတီ (Committee for Overseas Vietnamese Relations) ကို ဖွဲ့စည်းခဲ့သည်။
- ၂၀၀၇ ခုနှစ်တွင် ပြည်ပအခြေစိုက် ဗီယက်နမ်လူမျိုးများအတွက် ဗီဇာမလိုပဲ ငါးနှစ်ကြာနေထိုင်ခွင့်ကို ဝန်ကြီးချုပ်ရုံး ဆုံးဖြတ်ချက် ၁၃၅ ဖြင့် ထုတ်ပြန်ခဲ့သည်။
အစိုးရလက်အောင်တွင် ဖွဲ့စည်းထားသည့် ထင်ရှားသော အခြားကော်မတီတစ်ရပ်မှ ပြည်ပရောက်ဗီယက်နမ်များ ကော်မတီ (Committee for Overseas Vietnamese Affairs) ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်၌ စီမံထားရှိသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ခဲ့၏။ ပြည်ပရောက် ဗီယက်နမ်တို့အား အစိုးရမှ လက်လှမ်းလာသည့် အချိန်သည် ဗီယက်နမ်နိုင်ငံ နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဝင်ရောက်ရန် အားထုတ်လာချိန်နှင့်လည်း တိုက်ဆိုင်သည်ဖြစ်ရာ ပြည်တွင်း၌ ၎င်းတို့ကို အမိမြေသို့ ငွေလွှဲပြန်ပို့သူ၊ ဗဟုသုတ ဝေငှသူများအဖြစ်သာမက နိုင်ငံတကာတွင် ဗီယက်နမ်နိုင်ငံအတွက် အရေးဆိုပေးနိုင်သူများအဖြစ်ပါ အကောင်းမြင်လာကြသည်ဟု သုံးသပ်ကြပါသည်။F.18
အိန္ဒိယ နမူနာ
အိန္ဒိယမှ ရွေ့ပြောင်းသွားသူများကား ကမ္ဘာအရပ်ရပ် နိုင်ငံပေါင်း ၁၃၀ ကျော်တွင် ပျံ့နှံ့နေထိုင်ကြရာ မောရိသျှ နိုင်ငံ၌ဆိုလျှင် အိန္ဒိယနွယ်ဖွား ၇၀% ဖြင့် လူများစုပင် ဖြစ်နေပြီ။ မိမိတို့ ရောက်ရာအရပ်၌ အောင်မြင်မှုအရဆုံးသော ရွေ့ပြောင်းသူများကို ပြပါဆိုလျှင် အိန္ဒိယတို့ကို လက်ညှိုးထိုးရမည်ဖြစ်သည်။ အိန္ဒိယအနွယ်ဝင် လူဦးရေ နှစ်သန်းပင် မပြည့်သည့် အမေရိကန် ပြည်ထောင်စုတွင် ပြည်နယ်နှစ်ခု၏ အုပ်ချုပ်ရေးမှုးများမှာ အိန္ဒိယနွယ်ဖွားများဖြစ်၏။F.19 အမေရိကန် ဆီးနိတ်လွှတ်တော်နှင့် ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးတွင် အိန္ဒိယနွယ်ဖွား အမတ်များအချင်းချင်း တိုင်ပင်နှီးနောနိုင်သည့် တရားဝင် အစုအဖွဲ့ (India Caucus) ရှိ၏။ ဗြိတိန်၊ ကနေဒါ၊ စင်ကာပူ၊ ဖီဂျီ စသဖြင့် နိုင်ငံများစွာတွင် နိုင်ငံရေးအရ အောင်မြင်သူ များစွာရှိခဲ့ပြီ။ စွန့်ဦးတီထွင်သူများ စီးပွားရေး၊ ပညာရေး၊ အနုပညာ စသည့် နယ်ပယ်အသီးသီတွင်လည်း အိန္ဒိယနွယ်ဖွားတို့မှာ ထိပ်ထိပ်ကြဲများ ဖြစ်ကြ၏။ အမိမြေ၏ဂုဏ်ကိုဆောင်ခြင်းအားဖြင့် အလုပ်အကျွေးပြုသည်ဟုပင် ဆိုနိုင်သည်။
ပြန်လည်လွှဲပို့ခြင်း။ ။ ပြည်ပရောက် အိန္ဒိယတို့မှ ပြန်လည်လွှဲပို့သည့် ငွေပမာဏမှာ ၂၀၀၇ ခုနှစ် စာရင်းအရ အမေရိကန်ဒေါ်လာ ၂၄.၅ ဘီလျံရှိရာ ကမ္ဘာ့အများဆုံး လွှဲပို့ငွေ လက်ခံရရှိသည့် နိုင်ငံဖြစ်၏။F.20 တစ်နိုင်ငံလုံး ဂျီဒီပီ၏ ၂.၇ % မျှ ရှိလေသည်။ ပြည်ပရောက် အိန္ဒိယတို့မှ အမိမြေသို့ ပြန်လည်ထောက်ပံ့ရာတွင် စွန့်ဦးတီထွင် လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံသည့် ပုံစံမှာ စိတ်ဝင်စားဖွယ်ရာဖြစ်၏။ အမြတ်ရရှိရေးအတွက် စီးပွားရေးလုပ်ရာတွင် ကျေးလက်ဒေသမှ အသေးစား စွန့်ဦးတီထွင် လုပ်ငန်းငယ်များအား အရင်းအနှီး မ,တည် ထူထောင်ပေးခြင်းဖြင့် ဒေသဖွံ့ဖြိုးရေး သွယ်ဝိုက်လုပ်ဆောင်နိုင်သည့် ပုံစံဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် စင်ကာပူအခြေစိုက် Aavishkaar International ကို ထူထောင်၍ အိန္ဒိယတောနယ်များမှ အသေးစား လုပ်ငန်းများအတွက် အရင်းအနှီးရှာဖွေပေးသူ ဗီနိ ရိုင် (Vineet Rai) ကမူ “ကျွန်တော့် အိုင်ဒီယာက ရာနှုန်းပြည့် အလှူပေးလိုက်တာထက် လူမှုဘဝတွေ ရေစိမ်ခံ ဖွံ့ဖြိုးလာဖို့ စွန့်ဦးလုပ်ငန်းတွေမှာ အရင်းထုတ်ပေးပြီး မြုပ်နှံဖို့ပါပဲ” ဟု ဆိုသည်။ F.21 Aavishkaar မှ ရင်းနှီမြုပ်နှံခဲ့သည့် ပြည်တွင်းလုပ်ငန်းများတွင် လောင်စာသုံးစွဲမှုကို ၃၀% အထိ လျှော့ချပေးနိုင်သော ရေနံဆီမီးဖို ထုတ်လုပ်သည့် တမီလ်နာဒူးမှ ကုမ္ပဏီလည်းပါ၏။ ဆွံ့အ နားမကြား မျက်မမြင်သူများအတွက် အိုင်တီ (IT) သုံးနိုင်အောင် အခြေခံများ ဖန်တီးပေးသည့် မွန်ဘိုင်း (ဘုံဘေ) မှ ကုမ္ပဏီလည်း ပါ၏။ တန်ဖိုးနည်း ငွေထုတ်စက် (ATM) များ ပြုလုပ်သည့် ကုမ္ပဏီလည်း ပါ၏။F.22 ရိုင်၏ စီးပွားရေးကား ကုသိုလ်လည်းရ ဝမ်းလည်းဝသည့် Social Enterprise ခေါ် လူမှုဘဝအခြေခံ စီးပွားရေးလုပ်ငန်း တစ်မျိုးဖြစ်သည်။ လုပ်နည်းဆောင်တာ အတတ်ပညာကို ပေး၏။ ကြွယ်ဝမှု (wealth) ကို လွှဲပေးခြင်းလည်း ပါလေသည်။
ပြည်တွင်းမှ အစီအမံများ။ ။ ပြည်ပရောက် အိန္ဒိယတို့၏ စွမ်းပကားကို ရယူသုံးစွဲနိုင်ရေး အိန္ဒိယအစိုးရ၏ စီမံဆောင်ရွက်မှုများမှာ လေ့လာဖွယ်ရာ ဖြစ်၏။ ၁၉၉၈ ခုနှစ်တွင် အိမ်နီးချင်း ပါကစ္စတန်နှင့် အပြိုင် နျူကလီယာလက်နက် စမ်းသပ်မှုများကြောင့် အိန္ဒိယသို့ ပေးနေသည့် နိုင်ငံခြား အကူအညီများ လျော့နည်းသွားခဲ့ဖူးသည်။ ထိုကာလတွင် အစိုးရမှ ပြည်ပရောက် အိန္ဒိယများ ဝယ်ယူနိုင်သည့် Resurgent Bonds ခေါ် ငါးနှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်များကို အတိုးနှုန်း ၇.၇၅ % ဖြင့် ရောင်းချပေးခဲ့သည်။ နယူးယောက်မြို့တွင် အမေရိကန်ရောက် အိန္ဒိယတို့ကို ဖိတ်ခေါ်ဧည့်ခံ၍ ငွေတိုက်စာချုပ် ရောင်းချသည့်ပွဲ၌ အိန္ဒိယအစိုးရဘဏ် တာဝန်ရှိသူ အင်န်ကေပူရီ က ဤသို့ ပြောခဲ့သည်။ “ဒီအရပ်မှာ ကြီးပွားသွားတဲ့သူတွေ (အမိ) တိုင်းပြည်ခေါင်းထောင်လာဖို့အတွက်လည်း ကူညီသင့်တယ်။” ဟု ပူရီကဆိုသည်။F.23 မျိုးချစ်စိတ်ကို လှုံ့ဆော်၍ တိုင်းပြည်အတွက် ရန်ပုံငွေရှာခြင်းပင် ဖြစ်လေသည်။
၂၀၀၄ ခုနှစ်တွင် ပြည်ပရောက် အိန္ဒိယများအရေး ဝန်ကြီးဌာန Ministry of Overseas Indian Affairs – MOIA ကို ထူထောင်ခဲ့သည်။ ၂၀၀၅ ခုနှစ် သြဂုတ်လတွင် အိန္ဒိယ အစိုးရက Overseas Citizenship of India – OCI ခေါ် ပြည်ပရောက် အိန္ဒိယ နိုင်ငံသားများ အစီအစဉ်ကို စတင်ခဲ့သည်။ ထိုအစီအစဉ်အရ ပြည်ပနိုင်ငံတစ်ခုခု၏ နိုင်ငံသားဖြစ်နေသူ အိန္ဒိယတို့သည် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက OCI လျှောက်ထားနိုင်ပြီး ရာသက်ပန်ဗီဇာ၊ ပြည်တွင်း၌ ကုမ္ပဏီထောင်ခွင့် ရောင်းဝယ် ဖောက်ကားပိုင်ခွင့် စသည့်အခွင့်အရေးများ ရရှိနိုင်သည်။ မဲပေးခွင့်၊ လွတ်တော်နှစ်ရပ်တွင် အမတ်အဖြစ် အရွေးခံခွင့်၊ လယ်ယာမြေများ ဝယ်ယူခွင့်၊ ပြန်တမ်းဝင်အရာရှိဖြစ်ခွင့်များ မပါရှိချေ။ F.24 အိန္ဒိယ၏ OCI မှာ ဗြိတိန် အစရှိသော နိုင်ငံအချို့မှာ ကဲ့သို့ ဒွိနိုင်ငံသား (Dual Citizenship) ပုံစံ မဟုတ်ချေ။ ပြည်ပရောက် အိန္ဒိယတို့အား အမိမြေသို့ အလွယ်တကူ ဝင်ထွက်နိုင်ရန်၊ အလုပ်တာဝန်များ ထမ်းဆောင်နိုင်ရန်၊ စီးပွားရေးလုပ်ငန်းများ၌ ရင်းနှီးမြုပ်နှံနိုင်ရန် အခွင့်ပေးခြင်းပင် ဖြစ်သည်။ ပြည်ပမှ ရင်းနှီးမြုပ်နှံလိုသူ ကုမ္ပဏီများအဖို့ နိုင်ငံတကာ အတွေ့အကြုံရှိပြီးသူ၊ OCI လက်မှတ်ရှိသူ အိန္ဒိယနွယ်ဖွား ကို အလုပ်ခန့်ခြင်းအားဖြင့် Work Permit စသည်များ လျှောက်ထားရခြင်းကို ကျော်လွှားနိုင်ပြီး ပြည်တွင်းဝန်ထမ်းများအား လေ့ကျင့်ပေးရာတွင်လည်း ပိုမိုထိရောက်စေတော့သည်။
လုပ်ငန်းပိုင်းဆိုင်ရာ အကြံပြုချက်များ
တိုင်းပြည်ထူထောင်ရေးတွင် ပြည်ပရောက် မြန်မာတို့၏ အားကို ထိထိရောက်ရောက် အသုံးချနိုင်ရန်မှာ အစိုးရ သို့မဟုတ် လူ့ဘောင်အဖွဲ့ သီးသန့်အနေဖြင့် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။ ကာယကံရှင် ပြည်ပရောက် မြန်မာများ အပါအဝင် ပြည်တွင်း၊ ပြည်ပ တက်စုံ၊ လက်စုံ စေတနာထား၍ မိမိကျရာကို ပီပြင်အောင် ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်သည်။ ဤစာတမ်းငယ်၌ တင်ပြမည့် အကြံပြုချက်များမှာ ပြီးပြည့်စုံမည် မဟုတ်သကဲ့သို့ အခါခပ်သိမ်း ဆီလျော်နေမည်ဟုလည်း မဆိုလိုပါချေ။ လိုအပ်သလို ပြန်လည်သုံးသပ်ကာ ပြင်ဆင်နေရန် ဖြစ်ပါသည်။ အခြားနိင်ငံများ၏ အတွေ့အကြုံ၊ လုပ်ရပ်များကိုလည်း အခါအားလျော်စွာ ကြည့်ရှုလေ့လာနေရန် ဖြစ်ပါသည်။
အစိုးရအတွက် အကြံပြုချက်များ
၁။ ပြည်ပရောက် မြန်မာများနှင့် ပတ်သက်သညိ့ ကိစ္စအ၀၀ကို ထိထိရောက်ရောက် ညှိုနှိုင်းဆောင်ရွက်နိုင်ရေး ဝန်ကြီးဋ္ဌာနတစ်ခု ဖွဲ့စည်းတည်ထောင်ရန် (သို့မဟုတ်) နိုင်ငံတော်သမ္မတရုံး ဝန်ကြီးတစ်ဦးမှ သီးခြားတာဝန်ယူ ဆောင်ရွက်ရန်
၂။ ပြည်ပမှ ပြည်တွင်းသို့ ငွေလွှဲပို့မှုစနစ်တွင် လက်ရှိ တရားမဝင်စနစ်ကို နိုင်ငံတကာအဆင့် ခေတ်မီသော၊ လုံခြုံစိတ်ချရသော စနစ်တခုဖြင့် အစားထိုးနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်
၃။ ပြည်ပရောက် မြန်မာပညာရှင်များ၊ ပြည်တွင်းမှ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ကျောင်း၊ ဆေးရုံ စသည်များ အပြန်အလှန် ချိတ်ဆက်၊ ဆက်သွယ်နိုင်မည့် အင်တာနက် စာမျက်နှာတစ်ခု ထူထောင်ရန်။ ထိုစာမျက်နှာနှင့်အတူ ပြည်ပရောက် မြန်မာတတ်သိပညာရှင်များ စာရင်း (database) ကိုပါ တည်ထောင်နိုင်သည်။ (ဥပမာ ယင်းအင်တာနက် စာမျက်နှာတွင် ပြည်ပရောက် မြန်မာဆရာဝန်ကြီး တစ်ဦးအနေဖြင့် ၎င်းအားလပ်မည့်အချိန်၊ မြန်မာပြည်သို့ လာရောက်နိုင်မည့် အချိန်ကို ကြိုတင်အသိပေးနိုင်ပြီး ပြည်တွင်းမှ ဆေးရုံတစ်ခု အနေနှင့် ထိုကာလအတွင်း ဆရာဝန်ကြီးမှ သရုပ်ပြခြင်း၊ လက်တွေ့ကုသခြင်းတို့ကို လက်ခံ ရယူနိုင်ရန် ကြိုတင်စီစဉ်ထားခြင်း)
၄။ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP နှင့် ချိတ်ဆက်၍ ဗီယက်နမ်မှာကဲ့သို့ TOKTEN ပရောဂျက်ကို အကောင်အထည်ဖော်ရန်။ ဤနည်းအားဖြင့် ပြည်ပရောက် မြန်မာပညာရှင်များ၏ ကူညီမှုကို ဆောင်ကြဉ်းရာတွင် UNDP ၏ ရန်ပုံငွေ၊ ကျွမ်းကျင်မှု၊ နည်းပညာ စသည်တို့ကို လက်ခံရယူနိုင်သည်။
၅။ နိုင်ငံခြားသားဖြစ်ပြီးသူ ပြည်ပရောက် မြန်မာများအတွက် အမြဲတန်းနေထိုင်ခွင့် (သို့မဟုတ်) အထူးပြည်ဝင်ခွင့် ဗီဇာနှင့် အခြား သင့်တင့်လျောက်ပတ်သော ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများ စီမံဖော်ထုတ်ပေးရန်။ ဤနည်းအားဖြင့် ပြည်ပသို့ ရောက်ရှိနေသော ဥစ္စာဓနကို ပြည်တွင်းသို့ ပြန်လည်သွယ်တန်းယူနိုင်သည်။
၆။ ပြည်ပတွင် ဖွဲ့စည်းထားသော မြန်မာပညာရှင် အဖွဲ့အစည်းများအား ပြည်တွင်း၌လည်း ကိုယ်စားလှယ်ရုံးများ ထားရှိဆောင်ရွက်ခွင့်ပြုရန်
၇။ စီးပွားရေး၊ နည်းပညာ စသည်တို့နှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ ခေတ်နှင့်အညီ ပြန်လည်ရေးဆွဲရာတွင် ပြည်ပရောက် မြန်မာပညာရှင်များ၊ အဖွဲ့အစည်းများ၏ အကူအညီကို ဖိတ်ခေါ်၊ ရယူနိုင်ရေး ညှိုနှိုင်းဆောင်ရွက်သွားရန်
၈။ နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် နိုင်ငံခြားသားဖြစ်ပြီးသူ ပြည်ပရောက် မြန်မာများအတွက် ကောင်စစ်ဝန် ကောင်တာ ထားရှိဖွင့်လှစ်ကာ လိုအပ်သည့် သတင်းအချက်အလက်ဖြန့်ဖြူးခြင်း၊ ညှိုနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ပေးရန်
အရပ်ဘက်လူ့ဘောင်အတွက် အကြံပြုချက်များ
၁။ နိုင်ငံအသီးသီးတွင် ပြည်ပရောက် မြန်မာများ ဖွဲ့စည်းထားသော မှတ်ပုံတင်ပြီး၊ မှတ်ပုံမတင်ရသေးသော လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်း မြောက်များစွာ ရှိပါသည်။ ပြည်တွင်းမှ အရပ်ဘက်လူ့ဘောင် အဖွဲ့များအနေဖြင့် ပြည်ပမှ ညီနောင် အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရယူခြင်း၊ ချိတ်ဆက်ခြင်းများ ပြုလုပ်ကာ ၎င်းတို့၏ စေတနာ့ဝန်ထမ်း ပရောဂျက်များ ပိုမိုထိရောက်စေရန် ပြည်တွင်းမှ အကူအညီပေး ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။
၂။ ပြည်ပရောက် မြန်မာများအနက် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ စေတနာ့ဝန်ထမ်း၊ ကုသိုလ်ဖြစ် လုပ်ငန်းများ ဆောင်ရွက်လိုပါက လိုအပ်သည့်အကူအညီ၊ သတင်းအချက်အလက်၊ အကြံဉာဏ်ပေးနိုင်မည့် အစီအမံများ စီစဉ်ထားရှိရန်
၃။ Video Conferencing အစရှိသော ဆက်သွယ်ရေးနည်းပညာများကို အသုံးပြု၍ ပြည်တွင်းနှင့် ပြည်ပ ပညာရှင်များ စကားဝိုင်း၊ လူထုအပါအဝင်ဖြစ်သော Forum ပုံစံ ဆွေးနွေးပွဲ စသည်တို့ကို ရန်ကုန်မြို့တွင်သာမက နယ်မြို့များအထိပါ အခါအားလျော်စွာ စီစဉ်ဆောင်ရွက်ရန်။ ယင်းအတွက် ကုန်ကျစရိတ်ကို ပြည်တွင်း စေတနာရှင်များ၊ ပြည်ပရောက် မြန်မာများ၊ အဖွဲ့အစည်းများသို့ ဆက်သွယ်အလှူခံ၍ ဆောင်ရွက်ရန်
၄။ ပြည်ပရောက် မြန်မာလုပ်သားများအား အကူအညီပေးရေး လှုပ်ရှားမှုကို နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနနှင့် ဆက်သွယ်၍ သက်ဆိုင်ရာ သံရုံးများမှတစ်ဆင့် ပူးပေါင်းကူညီဆောင်ရွက်ရန်
နိဂုံး
အမိမြေပြင်ပ ရောက်နေသူတို့အဖို့ကား အိမ်ပြန်ရခြင်းထက် ချိုမြိန်သော အရာသည်မရှိ။ ထို့ထက်မက ရွှေအိုးထမ်း၍ အိမ်ပြန်ရမည် ဆိုပါက သာ၍ ချိုမြိန်မည်ပင် မဟုတ်ပါလော။ ရွှေအိုးထမ်းလာသူတို့ကို ဝမ်းသာအားရ ဖက်ပွေ့ကြိုဆိုကာ ဆထက်တံပိုး တိုးပွားရန် စီမံနိုင်ကြမည် ဆိုပါက အတိုင်းထက်အလွန် တံခွန်နှင့် ကုက္ကားပင် ရှိချေမည် မဟုတ်ပါလော။ ထိုမျှမကသေး။ သမိုင်းပေးသည့် တာဝန်လည်း ရှိသေး၏။ ယနေ့ ပြည်ပရောက် မြန်မာများ၏ အများစုဟု ဆိုနိုင်သည့် အစိတ်အပိုင်းမှာ ရှစ်လေးလုံး အရေးတော်ပုံကြီး၏ ရိုက်ခတ်ချက်နှင့် သက်ဆိုင်သည်။ ပြည်ပရောက် မြန်မာတို့၏ အင်အားကို ယနေ့ နိုင်ငံတည်ဆောက်ရေး၌ ထိထိရောက်ရောက် အသုံးချနိုင်ခြင်းသည် ထိုအရေးတော်ပုံကြီးကို အမွေဆက်ခံခြင်း တစ်မျိုးပင်မဟုတ်ပါလော။
ယခုအခါကာလတွင် ရေကိုဆန်ကာ အိမ်ပြန်ကြသူတို့လည်း ရှိခဲ့ပြီ။F.25 နမူနာအဖြစ် တင်ပြခဲ့သည့် ဗီယက်နမ်၊ အိန္ဒိယတို့နှင့် နှိုင်းယှဉ်ပါက အုံလိုက်ကျင်းလိုက်ကား မဟုတ်သေး။ လက်တွေ့တွင် ပြည်ပ၌ အခြေကျနေပြီဖြစ်သည့် မြန်မာများအနေနှင့် ၎င်းတို့သားသမီးများ၏ ပညာရေး စသော အကြောင်းများ ရှိပေရာ ပြည်တွင်းသို့ ချက်ချင်းပြန်လည် ဝင်ရောက်ရန်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ ယခုထက်ပို၍ တွင်တွင်ကျယ်ကျယ် ဖြစ်ထွန်းလာရန်မှာ အထက်၌ တင်ပြထားသည့် အကြုံပြချက်များသာမက အစိုးရနှင့် လူ့ဘောင်အဖွဲ့အစည်းများ အနေဖြင့် ပိုမိုဆန်းသစ်သော အကြံဉာဏ်များထုတ်ကာ ဆောင်ရွက်ကြရန် လိုသည်။
ဤစာတမ်းငယ်၏ နိဂုံးအဖြစ် မြန်မာ့သမိုင်းမှ ဖြစ်ရပ်တစ်ခုကို ကောက်နှုတ်တင်ပြလိုသည်။ မင်းတုန်းမင်း၊ သီပေါမင်းတို့လက်ထက် ကုန်းဘောင်ခေတ်နှောင်းကာလတွင် မြန်မာပြည် ခေတ်မီတိုးတက်စေရေးအတွက် ကနောင်မင်းသားကြီး၊ ယောအတွင်းဝန် ဦးဖိုးလှိုင် စသူတို့၏ အစီအမံဖြင့် အိန္ဒိယနှင့် ဥရောပနိုင်ငံများသို့ ပညာတော်သင်များ ၁၀၃ ဦးထက်မနည်း စေလွှတ်ခဲ့ဖူး၏။ နိုင်ငံရပ်ခြားတွင် ပညာသင်ယူ၍ ပြန်ရောက်လာသူတို့အား သက်ဆိုင်ရာ ပညာရပ်နယ်ပယ်အလိုက် စာတမ်းများလည်း တင်သွင်းစေခဲ့သည်။ ထိုမှတစ်ဆင့် စက်ရုံအလုပ်ရုံ ငါးဆယ်ကျော် ဖြစ်ထွန်း အောင်မြင်လာခဲ့သည်ဆို၏။F.26 သို့ရာတွင် ထိုအောင်မြင်မှုများက မြန်မာပြည်အား ခေတ်မီနိုင်ငံအဖြစ် အသွင်ပြောင်းနိုင်ရန်ဝေးစွ၊ ဗြိတိသျှလက်အောက်ခံ ကိုလိုနီဘဝသို့ မကျရောက်စေရန်ပင် တားဆီးနိုင်ခြင်း မရှိခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ပြုပြင်ပြောင်းလဲရေးတွင် အဓိကအကျဆုံးဖြစ်သည့် နိုင်ငံရေးကို ခေတ်မီအောင် ဖော်ဆောင်နိုင်ခဲ့ခြင်း မရှိသောကြောင့်ပင်ဖြစ်သည်။ ယနေ့မြန်မာပြည်၏ ပြုပြင်ပြောင်းလဲရေးကို ထဲထဲဝင်ဝင် အကောင်အထည်ဖော်နေကြသည့် အစိုးရနှင့် နိုင်ငံရေးပါတီများ၊ လူ့ဘောင်အဖွဲ့အစည်းများ အနေဖြင့်လည်း ဆိုခဲ့သည့် မြန်မာ့သမိုင်းဖြစ်ရပ်ကို သင်ခန်းစာယူကြစေလိုသည်။ ပြည်တွင်းသာမက ပြည်ပမှ မြန်မာတို့၏ ‘အား’ ကိုပါ ရယူ၍ တိုင်းပြည်ဖွံ့ဖြိုးရေးကို ဖော်ဆောင်ရာတွင် သယ်ယူပို့ဆောင်ပေးမည့် နိုင်ငံတော်နှင့် နိုင်ငံတော်ယန္တရား၏ ခေတ်မီရေးကိုလည်း မျက်ခြည်မပြတ်ကြစေလိုကြောင်း တင်ပြအပ်ပါသည် ။။
ပြုစုသူများ
အေးငြိမ်း ဌေးနိုင်
Myanmar Transitional Platform
၂၀၁၃ ခုနှစ် ဇူလိုင်လ။
မှတ်စုများ
F.1 Myanmar: Rushing in Where Angels Have Feared to Tread by David I. Steinberg. http://www.asiapathways-adbi.org/…/myanmar-rushing-in-wher…/
F.2 The Key to Myanmar's Development Could Be Its Diaspora by Andrew Billo. http://asiasociety.org/…/key-myanmars-development-could-be-…
F.3 Turnell, S., A. Vicar, and W. Bradford (2008), Migrant-worker Remittances and Burma: An Economic Analysis of Survey Results, in: Monique Skidmore and T. Wilson (eds), Dictatorship, Disorder, and Decline in Myanmar, Canberra: ANU E Press, 63–86.
F.4 ၎င်း
F.5 Levitt, Peggy. (2001), The Transnational Villagers, Berkeley: University of California Press.
F.6 Safran, W. (1991), Diasporas in Modern Societies: Myths of Homeland and Return, in: Diasporas, 1, 1, 83–99.
F.7 Egreteau, Renaud (2012), Burma in Diaspora: A Preliminary Research Note on the Politics of Burmese Diasporic Communities in Asia, in: Journal of Current Southeast Asian Affairs, 31, 2, 115-147. (Burma: Insurgency and The Politics of Ethnicity by Martin Smith , 1999 White Lotus Bangkok လည်းရှု။)
F.8 ကိုယ်တိုင် တွေ့ဆုံမေးမြန်းချက်များ
F.9 ဗီယက်နမ်နိုင်ငံတွင် Doi Moi ခေါ် စီးပွားရေးပြပြင်ပြောင်းလဲမှုများကို ၁၉၈၆ ခုနှစ်တွင် စတင်ချမှတ် ဖော်ဆောင်ခဲ့သည်။
F.10 American Community Survey of U.S. Census Bureau (http://www.census.gov/acs); Committee for Overseas Vietnamese Affairs (http://www.ubvk.org.vn ); Statistics Canada (http://www.statcan.ca) တို့မှ ရယူသည်။
F.11 Thuy, Hong. (2007, September) “Labour Export Crucial to Viet Nam”. Vietnam News Outlook, page 6
F.12 http://www.ifad.org/remittances/maps/asia.htm မှ ရယူသည်။
F.13 Committee for Overseas Vietnamese Affairs at www.ubvk.org.vn မှ ရယူသည်။
F.14 UNDP ဗီယက်နမ်ရုံး သတင်းထုတ်ပြန်ချက် (http://www.undp.org.vn)
F.15 Vietnam News သတင်းစာမျက်နှာမှ ရယူသည် (http://english.vietnamnet.vn/…/hcm-city-struggles-to-stem--…)
F.16 Overseas Vietnamese intellectuals encouraged to take part in national construction စင်ကာပူနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး သတင်းကြေညာချက် (http://www.vietnamembassy-F.17 singapore.org/vnemb.vn/tin_hddn/ns050812144445/view…)
F.17 Truong thi Kim Chuyen, Ivan Small & Diep Vuong, Diaspora Giving: An Agent of Change in Asia Pacific Communities? Vietnam in Diaspora Giving Conference 2008 by Asian Philanthropy Advisory Network , pp 252-283 စာတမ်းမှ ကောက်နှုတ်တင်ပြသည်။
F.18 ၎င်း
F.19 အမေရိကန် ပြည်ထောင်စု လူဝီစီယားနားပြည်နယ် အုပ်ချုပ်ရေးမှုး ဘော်ဘီဂျင်ဒယ် (Bobby Jindal) နှင့် တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှုး နစ်ကီဟေလီ (Nikki Haley) တို့မှာ အိန္ဒိယမှ ပြောင်းရွှေ့လာသူ အိန္ဒိယလူမျိုး မိဘနှစ်ပါးမှ မွေးဖွားသူများ ဖြစ်ကြသည်။
F.20 ဒုတိယ အများဆုံးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပြိး ဒေါ်လာ ၂၁ ဘီလျံကျော် လက်ခံရရှိသည်။ UNIFAD ၏ စာမျက်နှာ http://www.ifad.org/remittances/maps/asia.htm မှ ရယူသည်။
F.21 Aavishkaar Venture Fund's Vineet Rai proves investors can exit social businesses profitably in THE ECONOMIC TIMES (http://articles.economictimes.indiatimes.com/…/35110583_1_s…)
F.22 Shyamala Shiveshwarkar, Diaspora Giving: An Agent of Change in Asia Pacific Communities? India in Diaspora Giving Conference 2008 by Asian Philanthropy Advisory Network , p 143.
F.23 India Taps into Its Diaspora in The New York Times 19 August 1998. (http://www.nytimes.com/…/india-taps-into-its-diaspora-expat…)
F.24 The Ministry of Overseas Indian Affairs – MOIA အင်တာနက်စာမျက်နှာမှ ရယူသည်။ (http://www.moia.gov.in/services.aspx…)
F.25 Exiles return after two decades in Myanmar Times 13 February 2012. (http://www.mmtimes.com/…/1072-exiles-return-after-two-decad… ). Vahu Development Institute မှ ပညာရှင်များသာမက ပြည်တွင်းသို့ပြန်၍ ယနေ့အပြောင်းအလဲကို ပါဝင်အားဖြည့်နေကြသူ ပြည်ပရောက် မြန်မာပညာရှင်၊ လုပ်ငန်းရှင် အများအပြား ရှိနေပြီဖြစ်ပါသည်။ အခြားထင်ရှားသည့် နမူနာအဖြစ် ပြည်ပရောက် မြန်မာတို့ ထူထောင်ထားသည့် ဧရာဝတီ၊ မဇ္ဈိမ၊ DVB စသည့် သတင်းဌာနများ ပြည်တွင်းသို့ ဝင်ရောက်ကာ တစ်တပ်တစ်အား ပါဝင်နေကြခြင်းကို ပြနိုင်သည်။
F.26 ကုန်းဘောင်ခေတ်နှောင်းက မြန်မာပညာတော်သင်တို့အကြောင်း။ ပြုစုသူ တင်နိုင်တိုး ဖူးပွင့်မဏ္ဍိုင်စာပေ ၂၀၀၆ ခုနှစ်။ နယ်လှည့်ရာဇဝင် တတိယတွဲ။ ပြုစုသူ သန်းထွန်း နံ့သာစာအုပ်တိုက် ၁၉၆၉ ခုနှစ် လည်းရှု။

No comments: