Wednesday, November 27, 2019

၂၀၂၀ တွင်လည်း ကျွန်ုပ်တို့သည် NLD ကိုသာ မဲပေးရလိမ့်ဦးမည် ဆိုခြင်းအကြောင်း


ဖွဘုတ်ကြွလာ မိတ်သဟာ၊​ ချမ်းသာကိုယ်စိတ် မြဲပါစေ။

(အချီး

ကျွန်ုပ်မှာ အရေးတကြီးကိစ္စတစ်ခု ပေါ်လာသောကြောင့် နေ့မအား၊​ ညမနား အသည်းအသန်လုပ်နေရပါသောကြောင့် ယခုမှ ဆိုရေးရှိ၍ ဆိုလိုက်ရပြန်ပါကြောင်း။ ဤကား စကားချပ်)

ယခု ၂၀၁၉ နှစ်ကုန်ပိုင်း ရောက်လာပြီမို့ ၂၀၂၀ ရွေးကောက်ပွဲနှင့်လည်း နီးလာခဲ့ပြီဟု ဆိုနိုင်ပါသည်။ ဟိုဘက်ရွာက လူတွေကတော့ ၂၀၂၀ မှာ အနိုင်ရဘို့ အဖြူနည်းနဲ့ရော အမည်းနည်းနဲ့ပါ ကြိုတင်ပြင်ဆင်နေကြလေပြီ။ အထက်လမ်းနှင့် ပြိုင်လို့ရစရာ တကွက်မှမရှိသောကြောင့် အောက်လမ်းနည်းတွေကိုလည်း အတော်အတန် ထုတ်သုံးနေကြပြီ ဖြစ်၏။ နောင်နှစ်တွင် အနှီအောက်လမ်းနည်းတွေကို ပေါ်ပေါ်ထင်ထင် တွေ့မြင်ရပါလိမ့်မည်။

သို့အတွက် ကျွန်ုပ်လည်း NLD အတွက် မဲဆွယ် စာတစ်ပုဒ် ရေးထုတ်လိုက်ရပြန်ချေသည် တမုံ့။

နေစမ်းပါအုံး၊​ မင်းက မဲဆွယ်တယ်ဆိုရအောင် ငါတို့အတွက် သူတို့ ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲဆိုတာ နည်းနည်းလောက် လက်ညှိုးနဲ့ ထိုးပြစမ်းပါ . . . ဟု မေးပါ။

၎င်းတို့သည်လည်း လုပ်တော့ လုပ်သည်ထင်ပါ၏။ သို့သော်လည်း အခု ၅ နှစ်သက်တမ်း ကုန်သည်ထိ အသင်တို့ ပြောသလို အရွေ့ကို သိပ်မမြင်။ အဘယ်ကြောင့် မရွေ့ရပါသနည်း။

အကြောင်းတိုင်း၌ အကျိုးရှိ၏။
သည်ကိစ္စကျွန်ုပ် ရှင်းပြပါမည်။
သင်တို့သိပြီးသားကိစ္စလည်း ဖြစ်ပါသည်။
သို့သော် ပညာရှိ သတိဖြစ်ခဲကြောင့် တစ်ကြောင်း၊ သတိမမူမိ၍ ဂူကို မမြင်သောကြောင့် တစ်ကြောင်းလည်း ဖြစ်ဘိ၏။

၂၀၁၅ ခုနှစ်က ဟိုလူကြီးတွေ၏ ဆွေမျိုးမိတ်သင်္ဂဟ၊ သူခိုးသေဖော်ညှိဖက်များမှ လွဲ၍ တစ်နိုင်ငံလုံး NLD ကို ပုံအော မဲထည့်ခဲ့ကြ၏။ အဘယ်ကြောင့် ထည့်ခဲ့ကြသနည်း။ ရှင်းပါသည်။ ၎င်းတို့၏ ထင်ရာစိုင်းနေမှု၊ တစ်နိုင်ငံလုံးရှိ မြေပေါ် မြေအောက်၊​ ရေပေါ်ရေအောက် ပစ္စည်းများကို သူရို့ပထွေးဆီက အမွေရထားသည့်အလား အသားကုန်ဘုန်းနေမှု စသည်တို့ကို မတတ်သာ၍ လက်ပိုက်ကြည့်နေကြရရာမှ ယခု အခွင့်အရေးရလာတော့ သူတို့ကို သံပုန်းတီး တောထုတ် လိုကြသောကြောင့် မဟုတ်လော။

တကယ်လည်း ကျွန်ုပ်တို့ လုပ်နိုင်ခဲ့ကြ၏။ ငါတို့အိပ်မက်တွေတော့ အကောင်အထည် ပေါ်တော့မည် ဟူသော  မျှော်လင့်ချက်တွေ တလှေကြီးနှင့်။ လွှတ်တော်ထဲကို ပင်နီတွေဝင်လာတာ မြင်ရတော့ ကျွန်ုပ်မှာ ကိုယ်ကြိုက်နေသည့် ကောင်မလေးဆီက ချစ်ပါသည်ဟူသော အဖြေကို ရဘိသည့်အလား (ဤသည်မှာ တင်စားခြင်းမျှ ဖြစ်၍ ကျွန်ုပ်ဘဝတွင် ဤကဲ့သို့သောအမှု တစ်ခါဖူးမှ မကြုံခဲ့ဖူးပါ။ ရွှေစည်းခုံဘုရား စူးရပါစေ့) ဝမ်းသာလွန်လွန်း၍ မျက်ရည်များပင် လည်မိခဲ့ပါ၏။

သူတို့ဘက်ကလည်း အမှိုက်တွေကောက်ပြ၊ ရက် ၁၀၀ စီမံချက်တွေဘာတွေ ချပြနှင့် လုပ်ခဲ့ကြပါ၏။
သို့သော် ဟဲဟဲ သိတယ်မှလား။

တက်လာပြီး သုံးလလောက်ကြာတော့ အသံတွေ စကြားလာရ၏။
ဟင် - ပြောတော့ အမှန်တကယ် ပြောင်းလဲဘို့ ဆို။ အခု ဘာတွေ ပြောင်းသလဲ။
အရင်ကထက်တောင် ပိုဆိုးလာသေးတယ် . .  စသည်။
ကျွန်ုပ်လည်း ဤကိစ္စ ကိုယ်တတ်နိုင်သမျှ လိုက်ရှင်းပြပါသေး၏။ (ပြောင်းလဲတယ် ဆိုတာဘာလဲ၊ ဘယ်လိုပြောင်းဘို့ လုပ်ရမလဲ စသည်နှင့် ပတ်သက်၍ ဖြစ်ပါ၏။)

ရာစုနှစ်တစ်ဝက်ကျော်မျှ အသားကုန် ဖျက်ဆီးလာခဲ့သည့် အိမ်စုတ်ကြီးကို သုံးလေးလမျှနှင့် ပြန်ပြင်လို့ ရစကောင်းမည် ဟု မျှော်လင့်သည်မှာ နည်းနည်းတော့ မလွန်လွန်းဘူးလား ခင်ဗျာ။

သို့သော် သင်တို့ကို ကျွန်ုပ် အပြစ်မတင်ပါ။
သွားရှာလေသူ သမ္မတကြီးပေါင်းများစွာထဲမှ တစ်ယောက်ဖြစ်သည့် ဒေါက်တာမောင်မောင် ပြောသလို -
ဆန္ဒတွေ မစောကြပါနဲ့။

သင်တို့ မေ့နေသည်များကို အနည်းငယ် ထောက်ပြပါရစေ။

၁။ ယခုတက်လာသူများသည် မိုးကျရွှေကိုယ်များ မဟုတ်ကြ။ သင်တို့ ကျွန်ုပ်တို့ကဲ့သို့ သာမန်ပြည်သူများထဲမှသာ ဖြစ်၏။
၂။ ထိုသူများသည်လည်း သင်တို့ ကျွန်ုပ်တို့လို နိုင်ငံရေး၊ ပညာရေး စသည်တို့ကို ရစရာမရှိအောင် ချိုးနှိမ်ခံထားခဲ့ကြရ သူများ ဖြစ်၏။
၃။ တကယ် ပြောင်းလဲသည်မှာ အစိုးရထိပ်ပိုင်း ခေါင်းဆောင်များသာ ဖြစ်၍ အမှန်တကယ် လည်ပတ်နေသည့် အစိုးရ ယန္တယားကြီးကို ဦးဆောင်နေသူများမှာ ယခင်ဗျူရိုကရေစီစနစ်၌ အရိုးစွဲနေသည့် (ပြောင်းလည်း မပြောင်းချင်သည့်။ ပြောင်းရမှာကိုလည်း သေမလောက် ကြောက်နေသည့်။) အရာရှိဆိုးကြီးများ ဖြစ်၏။ ထို အရာရှိဆိုးများ၏ နာမည်ကို ပြောပြပါဟု ကျွန်ုပ်ကို တောင်းဆိုလာခဲ့လျှင် ပြောပြဘို့ရာ အသင့်ရှိပါ၏။ သို့သော် သေနတ်ကိုင်ယောဂီကို ဖမ်းရမှာ ရဲများ သေမလောက် ကြောက်သကဲ့သို့ ၎င်းတို့၏နာမည်ကို ရွတ်ရမှာလည်း ကျွန်ုပ်အနေနှင့် သေမလောက် ကြောက်ပါ သည်။ ဤစကားမှန်၏။ သို့ဆိုလျှင် သည်ယန္တယားကြီးကို မည်ကဲ့သို့ ပြောင်းပါမည်နည်း။ ကျွန်ုပ်ကို ပြောပြကြစမ်းပါ။ မပြောင်းနိုင်သောကြောင့်သာ ၎င်းတို့၏ ဒဏ်ကို ကျွန်ုပ်တို့ ပြည်သူများ ယနေ့ထိတိုင် ခါးစည်းခံနေကြရခြင်း မဟုတ်ပါလော။
၄။ အဆိုးဆုံးကား (ဘာသာရေး ခေါင်းဆောင်များအပါအဝင်) အဆုံးစွန်ပျက်စီးနေသည့် မြန်မာပြည်သူအပေါင်း၏ အတွေးအခေါ်၊ ကိုယ်ကျင့်တရား၊ ပညာ၊ ကိုယ်ချင်းစာတရား၊ စာရိတ္တနှင့် ဟိရီ၊ ဩတပ္ပ (မကောင်းမှုပြုဘို့ရာ ရှက်ခြင်း၊ မကောင်းမှုပြုဘို့ရာ ကြောက်ခြင်း) တို့ဖြစ်၏။
၅။ ဤအဆိုးများထဲမှ အဆိုးတကာ့ အဆိုးဆုံးကား နောက်ဆုံးနှစ်ပါး ဖြစ်သည့် (ဟိရီ၊ ဩတပ္ပ) မကောင်းမှုပြုဘို့ရာ မရှက်ခြင်း၊ မကောင်းမှုပြုဘို့ရာ မကြောက်ခြင်းတို့ပင်ဖြစ်သတည်း။ မကောင်းမှုပြုဘို့ရာ မရှက်မကြောက်တော့သည့် နောက်တော့ ဘာရှိပါဦးမည်နည်း။ ကျွန်ုပ်တို့တိုင်းပြည်၌ ဤတရားနှစ်ပါး ကွယ်ပျောက်သွားသည်မှာ လွန်စွာမှပင် ထိတ်လန့်စရာ ကောင်းလှပေတော့၏။

ဤကဲ့သို့သော လူ့ဘောင် အဖွဲ့အစည်းကြီးကို အချိန်တိုအတွင်း ကောင်းလာအောင် ပြုပြင်ပြောင်းလဲဘို့ ဆိုသည်မှာ NLD အစိုးရကို မဆိုထားပါနှင့်။ မိုးပေါ်က ဘိုးသိကြား ကိုမာဃ ဆင်းလာပြီး ကိုယ်တိုင်ကိုယ်ကျ စီမံဖန်တီးလျှင်သော်မှ မဖြစ်နိုင်လေ။

နောက်ပြီးတော့ တက်လာသော အနှီဆရာကြီး အများစုမှာ တာဝန်ပေးလိုက်လို့သာ ဘာကြီးချုပ်ဖြစ်လာရသည်။ ယောင်တောင်တောင်နှင့် အမောင် တောင်မှန်းမြောက်မှန်းမသိ အစားထဲက ဖြစ်၏။
အနို့ အရင်တုံးက တစ်ခါမှ မလုပ်ဖူးပဲကိုး။
အဲလေ လုပ်ဖူးဖို့ မဆိုထားပါနှင့်။ ရုံးပြင်ကနားဆိုတာကြီးကို ကြောက်လွန်လွန်း၍ ခပ်ဝေးဝေးက ရှောင်နေသူများ ဖြစ်မည်။ သို့မို့ကြောင့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး ဆိုသည့်စကားလုံးများနှင့် စိမ်းနေလေ၏။
သည်လိုနှင့် နတ်ရေကန်ထဲ ကန်ချလိုက်သလို ဗြုန်းဒိုင်းဆို ဘာကောင်ကြီးလည်း ဖြစ်လာရော ဒုက္ခနှင့် လှလှနှင့် တိုးတော့၏။ ဘာကို ဘယ်ကစကိုင်ရမှန်းမသိ။
ဤသည်ပင်လျှင် စားနေကျကြောင်ဖားကြီးများ အကြိုက်ဖြစ်လေတော့၏။ အနှီ လူကြီးဆိုသူများကို သူရို့စိတ်ကြိုက် ချယ်လှယ်ခွင့်ရလေတော့သတည်း။

ဤသည်ပင်လျှင် မပြောင်းလဲနိုင်ရခြင်း၏ အကြောင်းရင်း မဟုတ်ပါသလော။

အချိန်ကြာလာသည်နှင့်အမျှ NLD ၏ လက်စွမ်းလက်စများကို မြင်လာရ၏။
ပထမ စားထား၊ ဝါးထား၍ ဗိုက်ကြီးပူနေသူများကို အဆီချရန် အနားပေးရ၏။ လူစားလဲရ၏။
တိုင်တာသာ အထောက်အထားနှင့် တိတိကျကျရှိပါစေ။ တကယ် အရေးယူပြလေသည်။

(သူတို့ကိုင်တာ ကိုင်တာပါဘဲကွာ။ လာဘ်ပေးလာဘ်ယူကိစ္စတွေ ခုထိ နေရာတကာ ရှိနေတုံး၊ ငါတို့မှာ ပညာပြတာတွေ ခံနေရတုန်းပါကွာ)

ဟုတ်ကဲ့။ အဘယ်ကြောင့် သည် လာဘ်ပေးလာဘ်ယူကိစ္စ၊​ နည်းမျိုးစုံနှင့် ပညာပြနေသည့်ကိစ္စများ ရှိနေရပါသေး သနည်း။
အထက်တွင် ကျွန်ုပ် ပြောခဲ့ပြီးပါပြီ။
သည်အစိုးရယန္တယားကြီးကို လည်ပတ်နေသူများမှာ ယခင်လူများ ဖြစ်နေသောကြောင့် ဖြစ်၏။
သည်ကိစ္စကို ဘယ်နည်းနှင့်မှ ချက်ချင်း ရှင်းလို့မရနိုင်။ အချိန်အတော်ကြာအောင် လုပ်ယူရပါလိမ့်မည်။

နောက်ပြီး ရာဇဝတ်မှုတွေ သောက်သောက်လဲ ထူပြောနေသည့် ကိစ္စ။
သည်ကိစ္စမှာလည်း မရိုးရှင်းလှပါ။ ရာဇဝတ်မှုများ မများ များအောင် လုပ်နေသည့် ပယောဂများလည်း ကျိန်းသေ မုချ ရှိရမည်ဟု ကျွန်ုပ်ကတော့ သည်အတိုင်း ထင်ပါသည်။
ရာဇဝတ်မှုများ ထူပြောနေသည့်အခါကျမှ ကြည့်ပါလား၊​ နင်တို့အစိုးရ ဘာအစွမ်းအစရှိလို့လဲ။ သူတို့တက်လာမှ ပေါလိုက်ပါတဲ့ ရာဇဝတ်မှုတွေ။ တစ်ခုမှလည်း မရှင်းနိုင်ဘူး . . . ဟု အတင်းတုတ်နိုင်မည် ဖြစ်လေသည်။

နောက်ပြီး အသင်တို့ရော ကျွန်ုပ်ပါ အသည်းယားနေရသည့် ကိစ္စများလည်း ရှိ၏။
အခြားမဟုတ်၊​ ရာဇဝတ်ကောင်များမှာ လက်တကမ်းအကွာ၌ ရှိနေသည့်တိုင် ဖမ်းမရခြင်းဖြစ်၏။ တရားလိုကပင် တရားခံပြန်ဖြစ်သွားသေးသည် မဟုတ်ပါလော။ တတ်လည်း တတ်နိုင်ပါပေ့။

ဤသည့်ကိစ္စများကို NLD အစိုးရသည် အဘယ်ကြောင့် မကိုင်တွယ်နိုင်ရသနည်း။
အဖြေကား ဂျပန်ရေချိုးသလို အင်မတန်မှ ရှင်းလှ၏။
NLD အစိုးရသည် တင်းပြည့်ကျပ်ပြည့် အစိုးရ မဟုတ်သောကြောင့်၊ သုံးမတ်သား အစိုးရသာ ဖြစ်နေသောကြောင့် ဖြစ်သတည်း။
NLD အစိုးရ အာဏာမသက်ရောက်သည့် နေရာများစွာ ယခုတိုင် ရှိနေသည်။

သို့အတွက် အနှီ ဗရုတ်သုက္ခများ (မှတ်ချက် - ၁) ကို ရှင်းထုတ်ဖို့ရာ၊ အနှီ ပျက်ချင်တိုင်းပျက်နေသည်များကို ပြင်ဘို့ရာ NLD အစိုးရမှာ အာဏာအပြည့်အဝ ရှိဘို့လိုသည်။ တင်းပြည့်ကျပ်ပြည့် အစိုးရဖြစ်ဘို့လိုသည်။
၎င်းတို့ ကြောက်နေရ (ဟုတ်ပေါင်၊ ယောင်လို့၊ ဆောတီး၊ ဆောတီး) ၎င်းတို့ဂရုစိုက်စရာ ခွေးတစ်ကောင်၊ ကြောင်တမြီးမှ ရှိမနေဘို့လိုသည်။

ဆိုတော့ အနှီဗလချီးနမ်းများ (မှတ်ချက် - ၂) နိုင်ငံအုပ်ချုပ်ရေးဘက် မည်သည့်နည်းနှင့်မှ ပြန်မရောက်လာစေရေးမှာ ကျွန်ုပ်တို့ တိုင်းသူပြည်သားများအတွက် သေရေးရှင်ရေးတမျှ အရေးကြီးလှ၏။

၎င်းတို့သည် ကျွန်ုပ်တို့ တိုင်းသူပြည်သားများ အသိဉာဏ်ပညာ၊ အလိမ္မာတိုးရေးကို နည်းနည်းကလေးမှ လိုလားသူများ မဟုတ်ကြ။ တိုင်းသူပြည်သားများ စဉ်းစားတွေးခေါ်တတ်သည့်ကာလသည် ၎င်းတို့ မြောင်းထဲသို့ ဦးဇောက်မှောက်ခုံ ကျမည့် ကာလဖြစ်၏။ သို့အတွက် ၎င်းတို့အနေနှင့် ဤကိစ္စကို အရေးတကြီးထား ကိုင်တွယ်ရမည် ဖြစ်၏။ ယခု နေရာရလာပြီဖြစ်သည့် NLD ခေါင်းဆောင်များသည် ဤကိစ္စကို မေ့မနေသင့်။

နောက်ပြီး သူတို့အကျိုးစီးပွားကို ထိခိုက်နိုင်သည့်အတွက် တိုင်းသူပြည်သားများ အလုပ်လုပ်ရတာ လွယ်သွားမှာကို အလွန် အင်မတန် ထိတ်လန့်ကြောက်ရွံ့နေသူများလည်း ရှိသေး၏။
အခြားသူများ ဟုတ်ပါရိုးလား။ အထက်တွင် ဖော်ပြခဲ့သည့် ဗျူရိုကရက် ယန္တရားကို လက်မလွှတ်ချင်သည့်၊ စနစ်ဆွေး၊ ခေတ်ဆွေးကြီးထဲတွင် အိပ်ပျော်နေချင်သေးသည့် ဗျူရိုကရက် အရာရှိဆိုးများပင် ဖြစ်၏။

ဤသည့်အတွက်ပင်မဟုတ်လော။
ဟိုတလောက ဟိုဆာမလေးက (ကျောင်းသားတွေအတွက်လည်း အကျိုးမရှိ၊ မိဘတွေအတွက်လည်း အကျိုးမရှိ၊ တိုင်းပြည်အတွက်လည်း အကျိုးမရှိ။ မည်သူ့အတွက်မှ အကျိုးမရှိသော) မြောက်များလှစွာသော ကျောင်းစာရင်း၊​ ဇယားကြီးများကို ကွန်ပြူတာနှင့် ပြင်ပေးတာကို လက်မခံဘဲ အတင်းအကြပ် လက်ရေးမူဖြင့် ပြင်ခိုင်းတာဖြစ်လေသည်။
ကျွန်ုပ်မှာသာ လုပ်ပိုင်ခွင့်ရှိလျှင် ထို (so call) လူဂျီးဆိုသူများကို  . . . . . (တြားစွဲခံရမှာကြောက်လို့ ရေးပြီးမှ​ ပြန်ဖျက်လိုက်သဗျို။)(သို့သော် ကျွန်ုပ်ဘာရေးချင်သည်ကို ဒုံးမဝေးသည့် အသင်မိတ်ဆွေများ သိပါသည်။)

အွန်လိုင်းမှ လျှောက်၊ အွန်လိုင်းမှပင်ချပေး၊ အွန်လိုင်းမှပင် ငွေချေ စသည်တို့လုပ်လိုက်လျှင် အားလုံး အဆင်ပြေကုန်မည်။ ပြည်သူလူထုအားလုံးသာ အဲသလို အကုန်အဆင်ပြေကုန်ပါက ငါတို့ ခွင်ပျောက်မည်။ လုပ်စားစရာ၊​ အာဏာပါဝါ ပြစရာ ကျန်တော့မည်မဟုတ်။ အဲသည်အတွက် အီးဂါဗားမင့်ဆိုတာကြီးကို အကြောင်းအမျိုးမျိုးပြကာ အလုပ်မဖြစ်အောင် လုပ်ကြလေသည်။

အောက်တိုဘာလ ၁ ရက်နေ့က အီးဂါးဘားမင့်ဆိုတာ ဘာတဲ့၊ ယူနီကုဒ်ဆိုလား အသံသဲ့သဲ့ကြားလိုက်မိ၏။
ကျွန်ုပ်မှာ ရီချင်စိတ်ကို မြိုသိပ်မရသောကြောင့် အခန်းတံခါး အလုံပိတ်ကာ တခွီးခွီးနှင့် ရီလိုက်ရသေး၏။ (အပြင်မှာ ခွီးနေလို့ မဖြစ်သေးဘူးဗျ။ တော်ကြာ ဒီလူကြီး စိတ်မှနှံ့သေးရဲ့လား ဆိုမှ ဒွတ်ခ။)

လူတစ်ယောက်၏ စိတ်ထား၊ အရည်အချင်းနှင့် အဆင့်အတန်းတို့ကို သူပြောသည့် စကားများမှ အကဲခတ်နိုင်၏။
ယခု ဟိုဘက်ရွာက လူကြီးတွေ ပြောသည့်စကားများကို တဆိတ် နားထောင်ကြည့်ကြစမ်းပါ။
အထင်ကြီးစရာဆို၍ တစ်ကွက်ကလေးမှတောင် မရှိ။
လေးစားစရာဆို၍ တစ်ပြားဘိုးမှ မမြင်။
ဤမျှလောက် အရည်အသွေးရှိသောလူကြီးများ အုပ်ချုပ်ခဲ့သည့်တိုင်းပြည်တွင် လူဖြစ်ရသည့်အတွက် ကျွန်ုပ်မှာ ကိုယ့်ကိုယ်ကိုယ် သနားလို့မဆုံးချေ။

ဆိုတော့ အသင်တို့သည် ဤဘာအရည်အချင်းမှ မရှိသော အသက်ကြီး၍ လူကြီးဖြစ်နေသူများကို -ဆရာတင်ကြဦးမည်လော။ သူတို့လုပ်ချင်ရာကို လုပ်ခွင့်ပေးကြဦးမည်လော။

ယခုလူကြီးနေရာ ယူထားသူများကိုလည်း အသင်တို့တင် မဟုတ်ပါ။
ကျွန်ုပ်လည်း မကြိုက်ပါ။
သို့သော် စစ်အာဏာရှင်တို့က နိုင်ငံရေးအရရော၊ လူမှုရေး၊ ပညာရေး စသည့် ဘက်ပေါင်းစုံမှ နလံမထူနိုင်အောင် အသားကုန် ဖိနှိပ်ထားသည်ဖြစ်ရာ ၎င်းတို့ကို မည်မျှလောက် မျှော်လင့်နိုင်ပါမည်နည်း။

ယခု သူတို့လည်း အတော်အတန် အတွေ့အကြုံရကြပါပြီ။

နိုင်ငံအုပ်ချုပ်မင်းလုပ်ဘို့ရာ ဘာအတွေ့အကြုံမှ ရှိစရာမလို။ ဤသည်မှာ ဘုရားပေးသည့် ဆုလာဘ်နှင့် ပါရမီ၏ အလုပ်ဖြစ်သည် ဟု ဆရာ့ဆရာကြီးတစ်ပါးက မိန့်ကြားသည်ကို ကျွန်ုပ်နားနှင် ဆတ်ဆတ်ကြားခဲ့ရခြင်းအတွက် ကျွန်ုပ်မှာ အံ့ဩလွန်း၍ သေမတတ်ရှိခဲ့ကြောင်း မိတ်ဆွေတို့ကို တစ်ခါက ပြောခဲ့ဖူးပါသည်။

ဇာတ်ခေါင်းကွဲသဖြင့် လူပြက်ဘဝမှ​ မြို့အုပ်မင်း ဖြစ်လာသူ အပေါင်းကိုလည်း ခွင့်လွှတ်ကြပါဘိ။

နိဂျုံးခုတ် (ဟုတ်ပေါင်) နိဂုံးချုပ်ရလျှင် -

ဆရာကြီးမှိုင်းက ဥုံ အရဟံ သစ္စာကတိတွေနဲ့၊ ဂဠုန်သရဏံ ဂစ္ဆာမိကြပေရော့ ဟု စပ်ဆိုခဲ့ပါသည်။
ယခု ကျွန်ုပ်ကလည်း -
ဥုံ အရဟံ သစ္စာကတိတွေနဲ့၊ NLD သရဏံ ဂစ္ဆာမိကြပါ - ဟု တိုက်တွန်းလိုက်ရပါကြောင်း။

မှတ်ချက် - ၁။
အသင်တို့သည် ကောင်းရာမွန်ရာဆို၍ တစ်ခုမှ မလုပ်တတ်။ လုပ်သမျှအကုန် ဗရုတ်သုက္ခများချည်း ဖြစ်သဖြင့် ကျွန်ုပ်က သင်တို့ကို ဗရုတ်သုက္ခများ ဟု ခေါ်ခြင်း ဖြစ်သတည်း။

မှတ်ချက် - ၂။
သင်တို့ပါးစပ်က ထွက်သမျှ တစ်ခုမှ မှတ်စရာသားစရာမပါ။ ပေါက်တတ်ကရ ဗလချီးနမ်းစကားများကိုသာ ပြောတတ်၍ ကျွန်ုပ်က သင်တို့ကို ဗလချီးနမ်းများ ဟု ခေါ်ခြင်း ဖြစ်သတည်း။

မှန်ရာကို ခေါ်ခြင်း ဖြစ်သည့်အတွက် နာစရာမရှိလေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၈ အောက်တိုဘာလ၊ ၂၀၁၉

No comments: