Wednesday, November 27, 2019

မျှော်လင့်ချက်မဲ့၊ အနာဂတ်မဲ့ခြင်းမှသည် -


(၁) ထွက်ပေါက်တစ်ခု

စင်ကာပူသို့ အလုပ်လုပ်ရန် ရောက်လာသည့် မြန်မာလူငယ်များမှာ နေ့စဉ်လိုပင် ရှိပါသည်။ ၅ ယောက်၊ ၁၀ ယောက် တစ်ခါတလေ ၂၀ စသဖြင့် ဦးရေပင် မများလှသော်လည်း နေ့တိုင်းလိုဖြစ်၏။ အိမ်အကူ မိန်းကလေးများမှာလည်း ထို့အတူပင်ဖြစ်၏။ ၁ ယောက်သာလာသည့် နေ့များပင်ရှိသော်လည်း နည်းလှပါသည်။

သင်တန်းနားချိန် tea break, နေ့လယ်စာစားချိန်များ၌ ကျွန်ုပ် သူတို့ကို အနည်းငယ် တီးခေါက်ကြည့်၏။ များသောအားဖြင့် ကျွန်ုပ်မေးသည့် မေးခွန်းများမှာ ဘယ်အရပ်ကလဲ၊ မြန်မာပြည်မှာ ဘာတွေလုပ်ခဲ့သလဲ၊ ဘာကြောင့် စင်ကာပူကို လာရသလဲ၊ ဘာလုပ်ရမယ်လို့ ပြောသလဲ၊ လခဘယ်လောက်ရလဲ၊ အေးဂျင့်ဖီးဘယ်လောက်ပေးရသလဲ၊ ဘယ်လိုအဆက်အသွယ် ရတာလဲ စသဖြင့် ဖြစ်ပါသည်။

နေရပ်၊ အလုပ်အကိုင်တို့သာ ကွဲရမည်။ ဘာ့ကြောင့် စင်ကာပူကို လာရသလဲဟူသည့်အဖြေမှာမူ တစ်ခုတည်းသာ ဖြစ်၏။ သူတို့အဖြေများကို သင့်လျော်အောင် ဘာသာပြန်ရလျှင် -
“မြန်မာပြည်မှာ လုပ်စားကိုင်စားရတာ အဆင်မပြေလို့”
ဟု အဓိပ္ပာယ်ရပါသည်။

တချို့ကတော့ အတော်အခြေအနေ ဆိုး၏။
ဘယ်ကုမ္ပဏီမှန်းမသိ၊ ဘာအလုပ်လုပ်ရမှန်းမသိ၊ အေးဂျင့်ဖီးဘယ်လောက်ပေးခဲ့ရတာလည်း မသိ၊ လခဘယ်လောက် ရသလဲဆိုတော့လည်း မသိ၊ ဘာဆို ဘာမှမသိ။

မင်း ဘယ်လိုလုပ် စင်ကာပူရောက်လာသလဲဆိုတော့ ဦးလေးက အကုန်လုပ်ပေးတယ်ဟု ပြော၏။ ထိုသကောင့်သား ကလေးများမှာ ဒုက္ခနှင့်လှလှနှင့် တိုးမည့်သူများ ဖြစ်လေသည်။ သည်ဦးလေးက တခြားဟာတွေသာ ကူချင် ကူလို့ရမည်။ အလုပ်ထဲသို့ မည်သည့်နည်းနှင့်မျှ လိုက်ကူလို့ရမှာ မဟုတ်။

ကျွန်တော့်သင်တန်းသို့ ရောက်လာသူ အများစုမှာ မွန်များဖြစ်၏။ မွန်ပြည်နယ်ထဲမှာ လူငယ်တွေ ကျန်ရော ကျန်သေးရဲ့လားဟုပင် ထင်မိ၏။ လုံးဝမတွေ့ရသူများမှာ ချင်းအမျိုးသားများ ဖြစ်ပါသည်။ အမျိုးသားများထဲ၌ ချင်းလူမျိုးများကို မတွေ့ရသလောက် အိမ်အကူများထဲတွင်မတော့ ချင်းအမျိုးသမီးများ အတော်များလေသည်။ နင်ရို့ချင်းပြည်မယ် ကောင်မလေးတွေ ကျန်ရောကျန်သေးရဲ့လားဟယ် ဟုပင် ကျွန်တော်တစ်ခါက မေးခဲ့မိဖူး၏။

ဒုတိယအနည်းဆုံးမှာ ကယား၊ တတိယ ကချင်၊ စတုတ္ထ ရခိုင်၊ ထို့နောက် ရှမ်း၊ မြန်မာနှင့်ကရင်မှာ အတော်များသည်။ သို့သော်အထက်တွင်ဆိုခဲ့သလို အများဆုံးတွေ့ရသည်မှာ မွန်လူမျိုးများဖြစ်ပါသည်။

စင်ကာပူကို အလုပ်ကြမ်းသမားအနေနှင့်လာလုပ်ဖို့ အနည်းဆုံး သိန်း ၆၀ လောက်ရင်းရသည် (သင်တန်းကြေး သိန်း ၃၀ ခန့်၊ အေးဂျင့်ခ သိန်း ၃၀ ခန့်) ဆိုတော့ နည်းနည်းနောနော ပိုက်ဆံမဟုတ်။ သည့်အတွက် စင်ကာပူလာတာ အခြား ထိုင်း၊ မလေးရှားတို့နှင့်စာလျှင် ဦးရေ အတော်နည်းသည် ဟု ခန့်မှန်းရပါသည်။ သို့ဆိုလျှင် ထိုင်းနှင့် မလေးရှားသို့ တစ်နေ့တစ်နေ့ သွားနေကြသည့် မြန်မာလူငယ်များ မှာ အဘယ်မျှများသနည်း။ အရေအတွက် အတိအကျ မသိရသည့် တိုင် သိပ်တော့ နည်းလှမည်မဟုတ်ပါ။

အချုပ်ဆိုရလျှင် စင်ကာပူ၊ မလေးရှားနှင့် ထိုင်း စသည့်နိုင်ငံများမှာ မြန်မာလူငယ်များအတွက် ထွက်ပေါက်တစ်ခုဟုပင် ဆိုရမလောက်ဖြစ်ပါသည်။

(၂) ရေသေအိုင်

ဆရာမြေမှုန်လွင်၏ စာအုပ်အညွှန်းကိုဖတ်မိရာမှ ကျွန်တော် ‘လင်းခါး’ ၏ ‘ရေသေအိုင်’ ကို ဖတ်ပါသည်။ အမှန်ကိုဆိုရလျှင် ရေသေအိုင်မှာ ခေတ်ပေါ်စာရေးဆရာများ၏ ဝတ္ထုများအနက် ကျွန်ုပ်ပထမဆုံး ဖတ်ဖူးသော ဝတ္ထုလည်း ဖြစ်ပါသည်။

စာအုပ်ပို့ပေးသော မအေးနှင်းယုကို ကျေးဇူးအလွန်တင်ပါ၏။
စာအုပ်ကလေး စာတိုက်ကရောက်လာတော့ သားနှင့် ကျွန်ုပ်မှာ အပြင်သွားခါနီးဆဲဆဲ ဖြစ်၏။ စာပို့သမား ပါဆယ်လာ ပို့တော့ ဘာတွေများပါလိမ့်ဟု ဖောက်မိ၊ စာအုပ်ကလေးကိုမြင်တော့ ကျွန်ုပ်မှာ အလွန် ပျော်ရွှင်မြူးတူး သွားမိသည်။ ကျွန်ုပ်ဖြစ်နေပုံကိုကြည့်ပြီး သားက “စာအုပ်တစ်အုပ်ကိုမြင်လို့ အဲသလောက် ဝမ်းသာအယ်လဲ ဖြစ်နေတာမျိုး သား မြင်ဖူးတာတွေထဲမှာတော့ ဒါ ပထမဆုံးအကြိမ်ပဲ” တအံ့တဩဆိုလေ၏။

ဒေါသသင့်သော အရေးအသားများစွာပါနေသည့်တိုင် ဝတ္ထုလေးမှာ အတော်ကောင်းပါသည်။ အောက်ခြေလူတန်းစားများ အကြောင်းကို တစ်တစ်ခွခွ ရေးထား၏။ သူ့ဝတ္ထုကိုဖတ်ရင်း ကိုယ်တိုင်ပင် မွန်းကျပ်လာရသည်။

သူ့ဝတ္ထုထဲတွင် အဓိကဇာတ်ကောင် လူငယ် လေးယောက်ပါ၏။ ထိုလူငယ်လေးယောက်မှာ မြန်မာပြည်မှ လူငယ် အတော်များများကို ကိုယ်စားပြုမည် ထင်ပါသည်။ အန္တရာယ်အလွန်များသည့် ရေးကွက်များကိုလည်း တွေ့ရသည်။ သူ့အစား ကျွန်တော်တောင် အတော် ကျောချမ်းမိ၏။ စာရေးဆရာကို လေးစားမိပါသည်။

အဓိကပြဿနာမှာ ၎င်းတို့အတွက် လုပ်စရာအလုပ် မယ်မယ်ရရ မရှိခြင်း ဖြစ်၏။ ဝမ်းရေးကြောင့် လူငယ်များပင် ဖြစ်လင့်ကစား သူတို့သည် အလုပ်ကို အသည်းအသန် လိုက်ရှာကြပါသည်။ သို့သော် တူတူတန်တန် အလုပ်တစ်ခုရဘို့ ခဲယဉ်းလှ၏။
(ကျွန်ုပ်ကိုယ်တိုင်သည်ပင်လျှင် ကျောင်းပြီးစ ၁၉၈၆ - ၈၇ ခုနှစ် ကာလများက သူတို့လို ကြုံခဲ့ဖူးပါသည်။)

သူတို့ထဲမှ တစ်ယောက်မှာ အလုပ်ကို ကြိုးစားပမ်းစားလုပ်ရင်း ဆိုးညစ်လှသော မိခင်ကြောင့် ခွေးသေဝက်သေ သေခဲ့ရရှာသည်။ ရင်နာစရာကောင်းပေစွ။ ဤသည်မှာ ဤဝတ္ထုထဲတွင်သာမဟုတ်။ သည်ကဲ့သို့သော ဖြစ်ရပ်များ ပြင်ပလောကတွင် အနမတဂ္ဂရှိသည်။

နောက်ဆုံးမတော့ ထို သနားစရာ လူငယ်လေးတစ်သိုက်မှာ အရက်ကို ထွက်ပေါက်အဖြစ် ရွေးချယ်လိုက်ကြတော့၏။ သူတို့ပတ်ဝန်းကျင်တွင် သူတို့ကို ပဲ့ပြင်ပေးမည့်သူ၊ ဆုံးမပေးမည့်သူလည်း မရှိ။ အဆင်းကို တွန်းချမည့်သူများသာ ရှိပေသည်။ အလုပ်လုပ်ရင်းလည်း ကမ္ဘာ့ အယုတ်ပတ်ဆုံးလူသားများနှင့် ပက်ပင်းပါ တိုးမိရပေလေသေး၏။ ဤသည့် အကြောင်းတရားများကပင် ၎င်းတို့ကို အဆုံးစွန်သော အမိုက်မှောင်ထိ ထိုးချသွားစေလေသည်။

(၃) အဖြေ ?

သို့ဆိုလျှင် သည်ပြဿနာကို မည်သို့ ဖြေရှင်းပါမည်နည်း။ ဤပြဿနာမှာ သေးသေးကလေးမဟုတ်။ တစ်နိုင်ငံလုံးမှ လူငယ်၊ လူရွယ်များနှင့်ဆိုင်သော ပြဿနာ ဖြစ်၏။
ပညာတတ်ဟု မိမိကိုယ်ကိုယ် သမုတ်နေကြသည့် လူကြီးဆိုသူများက ယခုခေတ်လူငယ်များကို ဘာမှ မတတ်တဲ့ ကောင်တွေ၊ အလကားကောင်တွေ၊​ အလကားနေရင်း အချိန်ဖြုန်းနေတယ် စသဖြင့် ကောင်းချီးထောမနာပြုသံများကို ကြားရသည့်အခါ ကျွန်ုပ် အတော် စိတ်မကောင်း ဖြစ်မိ၏။

ဘာမှမတတ်တဲ့ကောင်တွေဆိုရအောင် သူတို့ကို တတ်အောင် ဘယ်သူတွေကများ သင်ပေးလိုက်ပါသနည်း။ ၎င်းတို့ကို ငဒူကလေးတွေဖြစ်အောင်လုပ်ပစ်တာ ဘယ်သူတွေပါနည်း။ ၎င်းတို့ကို လူတော်ကလေးတွေ၊ လူရည်ချွန်ကလေးတွေ ဖြစ်လာအောင် မြေတောင်မြှောက်ပေးဘို့ အဘယ်သူသည် စိတ်ဝင်စားပါသနည်း။

အလကားနေရင်း အချိန်ဖြုန်းနေတယ် ပြောရအောင် သူတို့အတွက် မက်လောက်စရာ အလုပ်အကိုင် အခွင့်အလမ်းများ ရှိပါသလား။ (ကျွန်တော့်ယောက္ဖ အရင်းခေါက်ခေါက်နှင့် မိန်းမဘက်က တူမှလွဲ၍) ပိုက်ဆံရမည့်အလုပ်ကို မလုပ်ချင်သူ ဘယ်သူ ရှိပါသနည်း။ လုပ်ချင်သည့်အတွက်ကြောင့်ပင် သိန်း ၆၀ - ၇၀ အကုန်ခံကာ စင်ကာပူသို့ လာကြကုန်သည် မဟုတ်လော။

တိုင်းပြည်၏ အနာဂတ်သည် လူငယ်တို့၏ လက်ထဲတွင်ရှိ၏ ဟုဆိုသံကို သိုးသိုးသဲ့သဲ့ ကြားမိ၏။
ဤစကားမှန်သည်ဆိုလျှင် အသင်တို့သည် ထိုတိုင်းပြည်ကို ထုဆစ်မည့် လူငယ်များအား ပြုစုပျိုးထောင်ကာ လေ့ကျင့် ပေးရန် စိတ်မဝင်စားသင့်ပါသလော။ တကယ်ရောလေ့ကျင့်ပေးနေပါပြီလော၊ လေ့ကျင့်ပေးမည့် အစီအစဉ်ရော ရှိပါ သလော။

ပညာရေးဘက်ကတော့ တတ်နိုင်သမျှ လုပ်နေသည် ထင်ပါသည်။ တကယ်အလုပ်ဖြစ်မဖြစ်ကိုမူ တကယ်လုပ်နေသည့် ဆရာ၊ ဆရာမများသာ သိပါလိမ့်မည်။ တကယ်လုပ်နေသည်၊ တကယ် ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းလာမည် ဆိုပါက ကျွန်ုပ်တို့ ဝမ်းသာရပေမည်။ သို့တိုင် ဟိုစာရင်းကြီးများကို လက်ရေးနှင့်ရေးမတင်လို့ဆိုကာ ပြဿနာရှာနေ သေးသည့် လူကြီးများ ရှိနေသမျှကာလပတ်လုံး ကျွန်ုပ်ကတော့ မထင်ရေးချ မထင်ပါ ဟုပင် ဆိုလိုက်ချင်ပါသည်။ စနစ် ဆွေး ခေတ်ဆွေးကြီးထဲ၌ အိပ်ငိုက်နေသူများနှင့် အဘယ်ကဲ့သို့ စင်ကာပူကို ကျော်တက်ပါမည်နည်း။

နေပါအုံး၊ သဟာဆို မင်းကရော ဘာတွေလုပ်ပေးပြီးပြီလဲတဲ့။
အလကားကောင်၊ သူတောင် ဗမာပြည်မယ် မနေနိုင်လို့ စင်ကာပူသွားနေပြီး ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေ . . . အောင်မလေးဗျ။
တော်မှ . . . တော်မှ . . . ကိုယ့်ဘက် မြားဦးလှည့်လာပြီ။

ရေသေအိုင် ကို ဖတ်ပြီး တွေးမိတာလေးများဖြစ်ပါသည်။
အနာဂတ်ပျောက်ဆုံးနေသည့် လူငယ်ကလေးများဘဝကို စိတ်မကောင်းသောကြောင့် ရေးလိုက်ရခြင်းဖြစ်ပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၅ နိုဝင်ဘာလ၊ ၂၀၁၉

No comments: