Friday, April 17, 2015

နှစ်သစ်၊ လူသစ်၊ စနစ်သစ်

နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းခဲ့ပြန်လေပြီ။

ယခုနှစ်သည်ကား မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် ဖြစ်၏။
ယနေ့ (17/4/15) ၁၃၇၇၊ ဦးတန်ခူးလကွယ်နေ့သည်ကား မြန်မာနှစ်ဆန်း တစ်ရက်နေ့ပင် ဖြစ်တော့၏။
ထို့ကြောင့် မြန်မာနှစ် ၁၃၇၇ ခုနှစ်သည် ယနေ့မှ စသည်။ တန်ခူးလကွယ်တွင် နှစ်ဆန်းသည်ဖြစ်၍ ယခုမြန်မာနှစ်တွင် တန်ခူးလထဲမှ လကွယ်တစ်ရက်သာ ပါတော့၏။ ထို့ကြောင့် -
၁၃၇၇ ခုနှစ်၏ ပထမဆုံးလသည် တန်ခူးလမဟုတ်။ ကဆုန်လဖြစ်၏။
ထို့အတူပင် ၁၃၇၇ ခုနှစ်၏ နောက်ဆုံးလသည်လည်း တပေါင်းလမဟုတ်ပဲ တန်ခူးလ ဖြစ်လေသည်။
တန်ခူးလဆန်း ၈ ရက်နေ့တွင် ၁၃၇၇ နှစ်ကုန်မည်။

မြန်မာတော်တော်များများ၏ အမှတ်သည်းခြေတွင် တန်ခူးလသည် မြန်မာနှစ်တစ်နှစ်၏ အစဖြစ်သည်ဟု မှတ်ယူထားသည် ဖြစ်ရာ ဤအမှတ်သညာကား ယခုနှစ် ၁၃၇၇ အတွက် တက်တက်စင် လွဲတော့သည်။
အဘယ်ကြောင့် လွဲသနည်း။
သိလိုသူများ ကျွန်ုပ်၏ မြန်မာပြက္ခဒိန်စာအုပ်ကို ၀ယ်ဖတ်ပါ။ (အခွင့်အရေးရတုံး ကြော်ငြာရတာ။)

မင်းစာအုပ်ဖတ်လိုက်မှ ငါ ရှုပ်နေတာတွေ ရှင်းသွားတော့သကွယ် ဟု ဆိုလာသူ ငယ်သူငယ်ချင်း ဖိုးတင်စိုးကို အထူး ကျေးဇူးတင်ပါ၏။ (ဟေ့ကောင်၊ မင်းရှင်းသွားရင် ကိုယ့်အနီးအနားက သူတွေကိုလည်း ပြန်ရှင်းပြဘို့ မမေ့နဲ့ဦး။)

အချိန်နာရီတို့သည် မရပ်မနား သွားနေသည်နှင့်အမျှ ကျွန်ုပ်တို့သည်လည်း တစ်နေ့တခြား အိုမင်းရင့်ယော်လာခဲ့ပြီ။ ဇယာကို မည်သူမှ တားလို့မရ။ ဤသည်မှာ သဘာဝနိယာမ ဖြစ်လေသည်။

အသက်ကြီးလာသည်နှင့်အမျှ ကျွန်ုပ်တို့သည်လည်း တဖြည်းဖြည်း ရင့်ကျက်လာရပေမည်။ တဖြည်းဖြည်း အသိတရား တိုးပွားလာရပေမည်။ တဖြည်းဖြည်း လိမ္မာလာရပေမည်။
သို့သော် ကျွန်ုပ်တို့သည် အမှန်တကယ် - 
  • ရင့်ကျက်လာပါသလား။
  • အသိတရားများ တိုးပွားလာပါသလား။ 
  • လိမ္မာလာပါသလား။

ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ဘို့လိုပေမည်။

ဟိုကောင်ကတော့ ဘယ်လိုပဲ၊ ငါကမှ တော်သေး ဟု အခြားသူများနှင့် သွားမနှိုင်းယှဉ်ပါလေနှင့်။
မနှစ်ကငါထက် ဒီနှစ်ငါ ဘာတွေ တိုးထူးလာသနည်း၊ ဘယ်လို ပိုတော်လာသနည်း၊ ဘယ်လောက်ပိုလိမ္မာလာသနည်း ဟု ကိုယ့်ကိုယ်ကိုယ်သာ နှိုင်းယှဉ်ပါ၊ ကိုယ့်ကိုယ်ကိုယ်သာ ပြန်ဝေဘန်ပါလေ။

သူများကိုထား၍ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ပြန်ဝေဘန်ရပါလျှင် ၂၀၁၄ ခုနှစ်အဘို့ သိပ်အားရစရာ မရှိ။ ဖတ်မည်ဟုမှန်းထားသော စာအုပ်အတော်များများ မဖတ်ဖြစ်ခဲ့။ ရေးမည်ဟု မှန်းထားသော ဂဟေစာအုပ် ရေးမထုတ်ဖြစ်ခဲ့။

ပထမ - Institute of Safety Studies အတွက် သင်ရိုးညွှန်းတမ်းများပြင်နေရသည်နှင့် တစ်နှစ်လုံးလိုလို အချိန်ကုန် သွားခဲ့ရသည်။

ဒုတိယ - အောက်တိုဘာလတွင် ကျွန်ုပ်ကွန်ပြူတာပျက်သွားခဲ့ရာ data အတော်များများပါသွားသဖြင့် ဒုက္ခနှင့် လှလှနှင့် တိုးခဲ့ရ၏။ Backup လုပ်ရမည်သိလျက်နှင့် ၆ လလောက် မလုပ်ဖြစ်ခဲ့။ ထိုသို့မလုပ်ဖြစ်ခြင်းက နောင်တ အကြီးအကျယ် ရစေသည်။ မိတ်ဆွေများလည်း ကျွန်ုပ်ကဲ့သို့ နောင်တမရစေရန် နေ့စဉ် သို့မဟုတ် တစ်ပါတ်တစ်ခါအနည်းဆုံး back up လုပ်ကြပါရန် အကြံပြုပါ၏။ ကျွန်ုပ်ကိုယ်တိုင်လည်း မမေ့မလျော့ အမြဲလုပ်နေပါ၏။ သို့သော် ဆရာအံ့ထူးနိုင် ပြောသလိုတော့ မလုပ်ဖြစ်သေး။ အမျိုးသမီးနှင့် ကလေးများပြန်လျှင်တော့ လုပ်ရဦးမည်။

မတက်မဖြစ်တက်ရမည့် သင်တန်းများတော့ အတော်များများ တက်ဖြစ်ပါသည်။ (ဥပမာ - ACTA, WAH for Assessor, WAH for TTT စသည်)
သည်ကြားထဲ မဖြစ်ညစ်ကျယ် စာကလေး ကြိုကြား၊ ကြိုကြားပဲ ရေးထုတ်နိုင်ခဲ့၏။

လက်ဆုပ်လက်ကိုင်ပြစရာဆို၍ မနှစ်က မထုတ်ဖြစ်ခဲ့သော (ထုတ်ရန် ကြန့်ကြာနေခဲ့သော) မြန်မာပြက္ခဒိန် စာအုပ်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) စာအုပ် နှစ်အုပ် ထွက်လာခဲ့တာပဲ ရှိသည်။
သို့သော်လည်းပေါ့လေ - ကျွန်ုပ်၏ ကြိုးစားအားထုတ်မှုဖြင့် Institute of Safety Studies သင်တန်းကျောင်းအတွက် သင်တန်း လိုင်စင်တော်တော်များများ ကျလာခဲ့သည်။ သို့မို့ကြောင့် များသည်ဟု မဆိုနိုင်စေ။ တဖက်တလမ်းမှ ၀င်ငွေ ရပေါက်ရလမ်း လေးများ တိုးလာသည်ပေါ့။

ယခု ၂၀၁၅ တွင် ဂဟေဆက်နည်းအတတ်ပညာစာအုပ် တစ်အုပ် မဖြစ်မနေ ပြီးအောင် ရေးထုတ်မည်ဟု မှန်းထားပါသည်။ ဒါတောင် စာအုပ်ပြီးစီးမှုအခြေအနေမှာ ယခုချိန်ထိ အားရစရာမရှိ။ အလှူကိစ္စအားစိုက်လုပ်နေရတာနှင့်၊ ပိတ်ရက်၌ သင်တန်းများ ပေးနေရသည်နှင့်။ ယခုလည်း မောင်ဘုန်းတို့သားအမိ ရောက်နေသောကြောင့် သူတို့သားအမိကို အချိန်ပေးနေရ သည်နှင့်။ လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေ ဆိုသလို ဗာဟီရကိစ္စများ များလွန်းသည်ကို စိတ်ပျက်လှ၏။

ကျွန်ုပ်တို့ ရွှေနိုင်ငံတော်ကြီးကို ပြန်စောင်းငဲ့ကြည့်လိုက်ပါဦး။
မိတ်ဆွေတို့တော့ မပြောတတ်။
ကျွန်တော့်အနေနှင့်တော့ ဘာမှ တိုးထူးလာတာ မတွေ့ရ။ ပိုသာဆိုးလာသည်ဟုသာ ထင်မိတော့သည်။
တော်ကြာ ဟိုနားဆန္ဒပြလိုက်၊ တော်ကြာ ဟိုနား တုတ်နှင့်မတန်တဆရိုက်လိုက်။

သည်အခြေအနေကို ပြောင်းဘို့ရာ အဖြေရှိပါသည်။ သို့သော် အကောင်အထည်ဖော်ဘို့ရာ သိပ်မလွယ်လှပါ။
သည်အဖြေကို ကျွန်တော် BCSS သင်တုံးက သင်တန်းသားများကို Reduce the risk at source သင်ရင်း ပြောပြခဲ့ပါသည်။ သိလိုသူများ သွားမေးကြည့်ကြပါ။ (သည်မှာတော့ မပြောပါရစေနှင့်။)

အဓိကက “စနစ်” ပြောင်းဘို့ ဖြစ်၏။ သို့သော် စနစ်ပြောင်းဘို့ဆိုတာ လွယ်တာမဟုတ်။ ပြောင်းချင်သည့်လူများက ပြောင်းတတ်သည့်သူများကို ခေါ်ကာ တကယ်ပြောင်းချင်စိတ်နှင့် တကယ်ပြောင်းကြမှ ဖြစ်မည်။
ပါးစပ်ကသာပြောင်းနေပြီး လက်ကမပြောင်းလျှင် ဘာမှဖြစ်လာမှာမဟုတ်။
သို့ဆိုလျှင် လက်တွေ့အကောင်အထည်ပေါ်လာအောင် မည်ကဲ့သို့လုပ်ရမည်နည်း။
ကျွန်တော့် BCSS Batch 1 & 2 မှ သင်တန်းသားများကို ဖုံးဆက်မေးကြည့်ပါလေ။ ဖုံးနံပါတ်သိလိုသူများ ကိုနွယ်ဝင်း (ဖုံး - 9230 1304) ကို မေးကြည့်ပါ။ (ကျွန်တော့်ကို မမေးပါနှင့်။ ကျွန်တော်ကား အလွန်ကြောက်တတ်သူဖြစ်၏။)

ကျွန်တော်တို့ ဘာမှမတတ်နိုင်သည့် ကိစ္စများကို မပြောကြပါစို့နှင့်။
ကျွန်တော်တို့တတ်နိုင်သည့် ကိုယ့်ကိုယ်ကိုယ် ပြောင်းသည့်ကိစ္စကိုသာ အားထည့်လုပ်ကြပါစို့။
ထို့ကြောင့် ကျွန်ုပ်တို့သည် ယနေ့မှစ၍ -
  • တစ်ဦးနှင့်တစ်ဦး အပြစ်ဖို့နေခြင်း၊ လက်ညှိုးထိုးနေခြင်းများကို လျှော့ချ၍ တကယ်အလုပ်ဖြစ်မည့် လမ်းစဉ်များကို ရွေးကြပါစို့။
  • တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့၊ ချိုလှစေ ဟု လွန်ခဲ့သော အနှစ် ၅၀၀ ကျော်က ဆရာတော် အရှင်မဟာရဋ္ဌသာရဆုံးမထားခဲ့သည့်အတိုင်း ဖေ့စ်ဘုတ်တွင် အယုတ္တ၊ အနတ္တများပြောခြင်းကို လျှော့ချကြပါစို့။
  • မနက် အိပ်ယာထသည့်အချိန်မှသည် ည အိပ်ယာဝင်သည့်အချိန်ထိ မကောင်းမှုမှန်သမျှ ဘာမှမလုပ်ဟု သန္နိဌာန် ချကြပါစို့။
  • ကျွန်ုပ်တို့သည် ကိုယ်တတ်နိုင်သည့်အတိုင်းအတာအတွင်းမှ နောင်လာနောက်သားများအတွက် သရက်ပင် စိုက်ကြပါစို့ -


ဟု နှစ်သစ်အတွက် တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း -

ဖတ်ရှုအားပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါသည်။

အေးငြိမ်း

၁၇ ဧပြီ၊ ၂၀၁၅။ နေ့လည် ၁း၅၅ နာရီ

No comments: