Wednesday, April 29, 2015

သားရှင်ပြုအလှူ (၃)

(၁၁) အပြန်ခရီး

မနက်ပိုင်းတွင် ခပ်စောစောထကာ ပြန်ရန် ပြင်ကြဆင်ကြ၏။ မိုးလင်းသော် ဆိုင်ကယ်များ တဖုံးဖုံးနှင့် ရောက်လာကြ သည်။ ကျွန်ုပ်က အချိန်ဆွဲမနေ။ ကိုင်း၊ ဘယ်သူတွေပြီးပြီလဲ။ ပြီးတဲ့သူတွေတက်။ အထုပ်ကို ရှေ့ကတင်။ လူက နောက်က လိုက်။ ဟဲ့ - ဟိုဆွဲခြင်းကို ပေါင်ပေါ်တင်ထိုင်လေ။
            ရေသန့်ဘူးကြီးများကို လည်ပင်းတွင်ကြိုးနှင့်ချည်ကာ နှစ်လုံးစီတွဲပြီး ဆိုင်ကယ်ပေါ် ခွတင်လိုက်၏။ အထုပ်များကို ရှေ့ကတင်လို့ရတာတင်၊ လွယ်လို့ရတာလွယ်။ ပေါင်ပေါ်တင်လို့ရတာတင်။ ထို့နောက်ဆိုင်ကယ်များ တစ်စီးပြီး တစ်စီးထွက်ခွာ သွားကြ၏။ ပစ္စည်းများအားလုံးစစ်ဆေးပြီး ကျွန်တော်တို့က နောက်ဆုံးကျမှ လိုက်ခဲ့ကြ၏။ သို့နှင့် ၀ါးတောကွင်းကျေးရွာကို နှုတ်ဆက်ကာ ဧပြီလ ၇ ရက်နေ့ မနက် ၇ နာရီခန့်တွင် ပြန်လည်ထွက်ခွာခဲ့ကြတော့သည်။
            ကားလမ်းသို့ရောက်သော် အားလုံးလိုလို ကားပေါ်တင်ပြီးနေကြပြီ။ ကျွန်တော်တို့သာ ကျန်တော့၏။ သို့နှင့် လိုက်ပို့သော ဆိုင်ကယ်သမားလေးများအား နှုတ်ဆက်။ ကြည်ပြာကိုနှုတ်ဆက်။ စုပေါင်းဓာတ်ပုံရိုက်ပြီး ထွက်ခွာခဲ့ကြသည်။ အပြန်တွင် ဟင်္သာတဘက်မှလှည့်ကာ လမ်းတစ်လျှောက် ဘုရားများဖူးရင်း ပြန်ကြမည်ဖြစ်၏။ ဟင်္သာတတွင်နေသည့် အစ်ကို တစ်ဝမ်းကွဲဖြစ်သူ ကိုအေးသောင်းက သူတို့အိမ်တွင် နေ့လည်စာစားရန်မှာသွားသည်။
            ကွင်းကောက်နားနီးသော် သတိထားမောင်းပါဟေ့၊ နန္ဒာလ၊ နန္ဒာမုနိဘုရားများဆီသို့ဆိုတဲ့လမ်းခွဲရောက်ရင် အထဲဝင်မယ် ဟု မှာလည်းထား၊ ကျွန်တော်လည်း မျက်လုံးပြူးပြဲကြည့်ကာ လိုက်ပါလာခဲ့၏။ မကြာပါ။ လမ်းခွဲကို တွေ့တော့သည်။ ကားကတစ်ဘီးနှစ်ဘီးလိမ့်စာလောက် ကျော်သွားသေး၏။ ကိစ္စမရှိ။ နောက်ဘက်အနည်းငယ်ပြန်လှိမ့်ကာ ၀င်ခဲ့ကြသည်။ ကားကကြီးတော့ ၀င်လို့အဆင်ပြေမှ ပြေပါ့မလားဟု ကျွန်တော်ကတထိတ်ထိတ်။ နင့်နှယ်၊ ဘုရားဖူးကားတွေ အမြဲလာနေတာဘဲဟဲ့။ ဘာမှ ၀င်လို့မရစရာအကြောင်းမရှိဘူး ဟု မမက လှမ်းအော်မှ သက်မချနိုင်၏။ ကျွန်တော်တို့နေခဲ့ဖူး သော အိမ်ယာဟောင်းရောက်သော် ခဏရပ်ပါဦးဟေ့ ဆိုကာ အပြေးအလွှားဆင်းလျှက် ဒေါ်ဒေါ်ညွှန့်ရေ ဟု အော်ဟစ်ကာ အိမ်တွင်း ၀င်ကြ၏။ ဒေါ်ဒေါ်ညွန့်ကလည်း အပြေးအလွှားပင် ထွက်လာသည်။
            ကျွန်တော်တို့က ဒေါ်ဒေါ်ညွန့်တို့၊ မ၀င်းကြည်တို့လာမလားလို့ မျှော်နေတာဆိုတော့ ငါနင်တို့ကို မျှော်နေတာဟဲ့။ အဖော်ကလည်းမရှိ။ နောက်ပြီး သားကလည်း ဆုံးထားတာ သိပ်မကြာသေးတော့ စိတ်လက်တွေလည်းမကောင်းလို့ လာချင်စိတ်မရှိတာနဲ့ မလာဖြစ်တော့ဘူး စသဖြင့် စကားများ ဖောင်လောက်အောင် ပြောကြသည်။ ဒေါ်ဒေါ်ညွန့်က ကျွန်တော်တို့ကို ကလေး ဟု ခေါ်၏။
ဒေါ်ဒေါ်ညွန့် ဟူသည် ကျွန်တော်တို့မောင်နှစ်မတတွေ ကွင်းကောက်တွင် ၅ တန်း၊ ၆ တန်း စသည့် အလယ်တန်း တက်စဉ်က ကျွန်တော်တို့အိမ်နှင့် ခြေရင်းခေါင်းရင်း နေခဲ့ကြသူများ ဖြစ်၏။ ကျွန်တော်တို့နှင့် သူတို့မှာ မိသားစုများကဲ့သို့ပင် အလွန်ခင်မင် ရင်းနှီးကြသည်။ ဒေါ်ဒေါ်ညွှန့်အမျိုးသား ဦးလေးဝင်းက ကျောင်းဆရာ။ ပညာတော်သည်။ သို့သော် အရက် အလွန်အကျွံသောက်၏။ ကျွန်တော့်ကို ကုလားလေး၊ ကုလားလေး နှင့် အလွန်ချစ်သည်။ ကျွန်တော်ငယ်ငယ်က အသားမဲ၏။ (ကြီးတော့လည်း မဖြူပါ။) ကိစ္စမရှိတော့ ကွင်းကောက်ကို တော်တော်နှင့်မရောက်ဖြစ်ကြ။ ယခု နှစ်ပေါင်းများစွာကြာမှ ပြန်တွေ့ရကြတာ ဖြစ်သည်။
မြင့်က လှမ်းခေါ်ကာ အစ်ကိုကြီး၊ ဟောဒီမှာ ဒေါ်သောင်းညွန့်လေ ဟု ပြောသည်။ ဟုတ်ပါ့။ မနည်း ရုပ်ကိုဖမ်းယူရ သည်။ အသက်တွေကြီးလှပြီ။ အဖွားကြီးတွေဖြစ်နေပြီဆိုတော့ ဘယ်မှတ်မိပါတော့မတုံး။ ဒေါ်သောင်းညွန့်တို့က ကျွန်တော်တို့ ခြေရင်းဘက် တစ်အိမ်ကျော်မှဖြစ်သည်။ သူတို့က ခြံဝိုင်းကြီးထဲတွင် မိသားစုတွေ အိမ်များဆောက်လျှက် စုနေကြတာ ဖြစ်၏။ ခြေရင်းအိမ်မှ ဒေါ်ဒေါ်တင်၊ ဒေါ်ဒေါ်မြတို့မှာမူ ကွင်းကောက်တွင်မရှိကြတော့။ ဘယ်ရောက်ကုန်ကြပြီနည်း။
            ခဏနေတော့ အသက်ခပ်ကြီးကြီး မိန်းမကြီးတစ်ဦး အနားကပ်လာသည်။ ကျွန်တော်က မမှတ်မိ။ နောက် မမက မမြင့်ဆွေ နေကောင်းလား ဘာလားနှင့် နှုတ်ဆက်မှ မှတ်မိသည်။ ကျွန်တော်တို့အိမ်ခေါင်းရင်း ကပ်လျက်တွင် ဒေါ်ဒေါ်ညွန့်တို့ အိမ်၊ ဒေါ်ဒေါ်ညွန့်တို့ခေါင်းရင်းတွင် အမေပုံ့တို့အိမ်၊ သူတို့အိမ်ခေါင်းရင်းတွင် ဘကြီးမောင်ဟိန်းတို့အိမ်။ ကျွန်ုပ်တို့ ထိုလေးအိမ် မှာ တစ်ဦးနှင့်တစ်ဦး အလွန်ခင်မင် ရင်းနှီးကြသည်။ ဘကြီးမောင်ဟိန်းတွင် သားနှစ်ယောက် သမီးနှစ်ယောက်ရှိပြီး သမီးအကြီးမှာ မမြင့်ဆွေဖြစ်၍ အငယ်မှာ မ၀င်းကြည်ဖြစ်၏။ သူတို့ညီအစ်မများမှာ ငယ်စဉ်က မိန်းမချောများ ဖြစ်ကြသည်။
            ဒေါ်ဒေါ်ညွန့်က တုန်တုန်ချိချိနှင့်မို့ မလိုက်တော့။ မမြင့်ဆွေပဲ ကျွန်တော်တို့နှင့်အတူ ဘုရားသို့လိုက်ခဲ့သည်။ ကျွန်တော်တို့ငယ်ငယ်ကတော့ နန္ဒလ၊ နန္ဒာမုနိဘုရားများမှာ ထုံးသင်္ကန်းသာ ရှိသေးသည်။ ခုလို လမ်းတွေ ဘာတွေမရှိသေး။ ခြုံပုတ်များအကြားတွင် မနည်းဖြဲသွားရ၏။ နာမည်လည်းသိပ်မကြီးသေး။ ကျွန်တော်တို့ ခုနစ်တန်းစာမေးပွဲဖြေပြီးတော့ သူငယ်ချင်းတွေစုကာ ဘုရားသို့လာပြီး ဓာတ်ပုံစုရိုက်ကြ၏။ အရီးသိတော့ ပိုက်ဆံဖြုန်းရပါမလားဟု ဆူသည်။ ကျွန်တော် တို့တွင် ယခုတိုင် ထိုဓာတ်ပုံရှိသေးသည်။












            ယခုတော့ နန္ဒလ၊ နန္ဒာမုနိ၊ နန္ဒာသီရိဘုရားများမှာ ရွှေရောင်ဝင်းလျက်၊ တန်ဆောင်းတွေနှင့်၊ နတ်လမ်းတွေနှင့်။ အတော်တိုးတက်နေသည်။ ကျွန်တော်တို့ရောက်သွားတော့ ဘုရားရင်ပြင်ကို ကွန်ကရိခင်းဘို့ပြင်နေတာ တွေ့ရ၏။ ဘုရားရင်ပြင်ပေါ်တက်၊ ဟောဟိုကဟာ ကျွန်တော်တို့ငယ်ငယ်က ရွာကနေ ခြေလျင်လာရတဲ့ တာရိုးပေါ့။ ခုလို ဘယ် ကားတွေဘာတွေရှိမလဲ စသဖြင့် မြင်ရသောမြင်ကွင်းများကို ရှင်းပြ။ ရှေ့ဆက်ရမည့်ခရီးရှိသေးတော့ သိပ်ကြာကြာမနေနိုင်။ 
            စောင်းတန်းမှတက်ခဲ့စဉ် ရေပိုက်အဆက်မှ ရေများတဝေါဝေါယိုထွက်နေတာ တွေ့ခဲ့သဖြင့် ရင်ပြင်ပေါ်တွင် အလုပ်လုပ်နေသူများထဲမှ ကြီးကြပ်သူနှင့်တူသူကိုရှာကာ တစ်ယောက်ယောက်ကို သွားပြင်ခိုင်းရန် သတင်းပေးခဲ့ရသေး၏။ ၎င်းက ဟေ့၊ မောင်ဘယ်သူ၊ ရေပိုက်ယိုနေတယ်တဲ့။ သွားလုပ်ချေစမ်းဟု ခိုင်းလိုက်တာ တွေ့ရသည်။
            ဘုရားတောင်မှပြန်ဆင်းလာတော့ ဒေါ်ဒေါ်ညွန့်ကို ငှက်ပျောသီးတစ်ဖီးကိုင်ကာ လမ်းဘေး၌ ရပ်စောင့်နေတာ တွေ့ရသည်။ ကားဆရာအား ကပျာကယာရပ်ခိုင်းပြီး နှုတ်လည်းဆက်ရင်း၊ ပိုက်ဆံလည်းကန်တော့ရင်း၊ သူပေးသည့် ငှက်ပျောသီးလည်းယူရင်း မောင်နှစ်မတစ်စု ဆင်းခဲ့ကြ၏။ နောက် အမှတ်တရ ဓာတ်ပုံစုရိုက်ကြသည်။ တစ်ခါတလေ တွေ့တာတောင် အေးအေးဆေးဆေးမရှိ။ ကသုတ်ကရက် နှုတ်ဆက်ထွက်ခွာရတာဆိုတော့ ကျွန်တော်တို့လည်း စိတ်မကောင်း။ ဒေါ်ဒေါ်ညွန့်လည်း မျက်ရည်လည်နေပေလိမ့်မည်။




            ထို့နောက် ကွင်းကောက်မြောက်ဘက်ကမ်းရောက်သော် ကားကို လမ်းဘေး၌ ရပ်စောင့်ခိုင်းလျှက် ကျွန်တော်တို့ တစ်သိုက် လမ်းလျှောက် ၀င်ခဲ့ကြ၏။ ဟောဒါ ငါတို့ ၅ တန်း၊ ၆ တန်းတက်ခဲ့တဲ့ကျောင်းပေါ့။ တို့ငယ်ငယ်က တွဲဘက် အလယ်တန်းကျောင်း။ ၈ တန်းကို အင်္ဂပူ သွားဖြေရတယ်။ စာမေးပွဲသွားဖြေတာ သင်္ချာစာအုပ်တွေ မေ့ကျန်ခဲ့လို့ဟယ်။ ဒါပေမဲ့ ငါ ၈ တန်းမှာ သင်္ချာဂုဏ်ထူးနဲ့ အောင်တယ် စသည်ဖြင့် ရှေးဟောင်းနှောင်းဖြစ်များ တူမဖြစ်သူများကို ရှင်းပြ။ အဆောင် သစ် များ တိုးလာသည့်တိုင် မူလကျောင်းဆောင်များမှာ လွန်ခဲ့သည့်အနှစ် ၄၀ ခန့်ကအတိုင်း မပြောင်းမလဲရှိနေသည်။
            သိပ်မလျှောက်လိုက်ရပါ။ မ၀င်းကြည်တို့အိမ်သို့ ရောက်၏။ မ၀င်းကြည်က ကျွန်တော်တို့နှင့် သိပ်အဆက်အသွယ် မပြတ်။ သူတို့အိမ်ရောက်တော့ ကျွန်တော်တို့မှာ ကိုယ့်အိမ်ကိုယ်ပြန်ရောက်သည့်အလား ဟိုးအိမ်နောက်ဘက် တန်းသွားကာ မရမ်းသီးတွေခူးစား။ ဟိုဟာနှိုက် ဒီဟာနှိုက်နှင့်။ ကျွန်တော်တို့ငယ်ငယ်တုံးက ခေါင်းရင်းဘက်မှ မ၀င်းကြည်တို့အိမ်မှာ မရမ်းပင်တွေ အများကြီး ဖြစ်၏။ အချိုသီး၊ အချဉ်သီး၊ အဖြုံသီး အစုံစားရသည်။ သိပ်မကြာသေးခင်က ကွင်းကောက် တောင်ဘက်ကမ်းတွင် မီးအကြီးအကျယ်လောင်ရာ မရမ်းပင်တွေလည်း မီးထဲပါသွားသည်ဟု သိရသည်။ နှမြောစရာ။
            ကျွန်တော်တို့က မ၀င်းကြည်တို့လာမလားလို့ မျှော်နေတာ။
အေးဟယ်၊ ငါလည်း ဘယ်သူတွေ လိုက်ဦးမလဲလို့ စပ်သေးတယ်။ ဒါပေမဲ့ ဘယ်သူမှ သိပ်စပ်လို့မရတာနဲ့ သွားရေး လာရေး သိပ်အဆင်မပြေလို့ မလာတော့တာ။
မ၀င်းကြည်တို့အိမ်တွင် အတန်ကြာနေပြီး ဈေးဘက် ဆက်ထွက်ခဲ့ကြ၏။ ဈေးထိပ်တွင် မူမူဝင်းတို့အိမ်ရှိ၏။ မူမူဝင်း ဆိုတာ ၀ါးတောကွင်းရွာလူကြီး ကိုမြင့်အောင်၏ တူမအရင်းဖြစ်၏။ ကျွန်တော်တို့နှင့် ဆွေမျိုးနှစ်ဝမ်းကွဲတော်သည်။ ကျွန်တော် ငယ်စဉ်က သူ့အဖွားအေ အရီးနုနု၏ နို့ပိန်ပိန်ကို အမြဲစို့လေ့ရှိသည်ဟု ပြောစမှတ်ရှိသည်။ ယခုရွာသစ်သို့ မပြောင်းသေးမီ ရွာဟောင်းတွင် ကျွန်တော်တို့အိမ်နှင့် အရီးနုနုတို့အိမ်က ခြေရင်းခေါင်းရင်း။

မူမူဝင်း၏ယောက်ျားက လူလည်။ လူကြီးများနှင့် ပေါင်းတတ်သင်းတတ်။ ၀င်တတ်ထွက်တတ်။ ပြောတတ်ဆိုတတ်။ ထို့ကြောင့် စီးပွားအတော်ဖြစ်၏။ ဟိုလမ်းဆုံတွင် တည်းခိုခန်းဖွင့်ထားသည်ဆို၏။ သိပ်မဆာပါ ဆိုသည့်တိုင် မူမူဝင်းက ခေါက်ဆွဲများ ကြော်ကျွေးသည်။ ကျွန်တော်တို့လူသိုက်ကလည်း မဆာချင်သာနေရမည်။ ချကျွေးသမျှခေါက်ဆွဲကြော်များကို သွားဖြဲနားဖြဲ အကုန်တုတ်လေ၏။ ကျွန်တော့်ကိုတော့ မမက အသုတ်ဝယ်ကျွေးသည်။ တော်တော်လေး စားလို့ကောင်းပါ သည်။ ကျွန်တော်တော့ အသုတ်စားထား၍ ခေါက်ဆွဲကြော်မစားနိုင်။

 နောက်ပြီး ကျွန်တော်တို့အလှူတွင်မှာကျွေးသည့် ရေခဲမုန့်ဆိုင်မှ ရေခဲမုန့်များ ၀ယ်စားကြသေး၏။ စားကြသောက်ကြ၊ ပြောကြဆိုကြနှင့် မူမူဝင်းတို့ဆိုင်တွင် တော်တော်ကြာသည်။ ဟဲ့၊ ကွင်းကောက်ကလည်း မီးတွေဘာတွေရလို့ပါလား ဆိုတော့ ရပ်သူရွာသားတွေ ကိုယ့်ပိုက်ဆံနှင့်ကိုယ် မီးသွယ်ကြတာ ဟု ပြောပြ၏။ အိမ်ရှေ့အရောက် ငါးသိန်းပေးရသည်ဟု ဆိုသည်။ ကျွန်ုပ်တို့တိုင်းပြည်တွင် ကိုယ်ထူကိုယ်ထဟူသောစကားလုံးမှာ နေရာတိုင်းတွင် အသုံးတွင်ကျယ်လှ၏။ မီးလည်း ကိုယ်ထူကိုယ်ထ၊ ရေလည်း ကိုယ်ထူကိုယ်ထ၊ ပညာရေးတောင်မှ ကိုယ်ထူကိုယ်ထ။ အစိုးရမင်းများ မည်သည့်အခါမှ ထူပေး ပါမည်နည်း။ (ကွင်းကောက် တွဲဘက်အထက်တန်းကျောင်းသို့ ကျွန်တော် ကွန်ပြူတာနှင့် ပရင်တာ နှစ်ခါလှူခဲ့ပါသည်။)
သိပ်အချိန်ဖြုန်းလို့မဖြစ်သည်နှင့် နှုတ်ဆက်ထွက်ခွာခဲ့ကြ၏။ ပြန်ထွက်တော့ နေပူနေပြီမို့ ဆိုင်ကယ် ကယ်ရီများ ငှားကာ ပြန်ကြသည်။ ဘယ်လောက်ပါလိမ့်။ စုစုပေါင်း ၃၀၀၀ ကုန်သည်ထင်၏။ အမှန်က ကားကြီးကိုဝင်ခိုင်းလို့ ရပါသည်။ ကားဆရာ ရွှေစိတ်တော်ညိုမှာစိုး၍ လမ်းမှာတင် ရပ်ခိုင်းထားခဲ့တာ ဖြစ်၏။ မဉ္ဇူကတော့ အို၊ အပြန်ကျ ဘုရားတွေဝင်ဖူးမယ်၊ ဟိုဟိုဒီဒီဝင်မယ်လို့ပြောပြီးသားပဲ၊ ခေါ်သာခေါ်ပါ။ အဲဒီလိုခေါ်ဘို့ပဲ ပိုက်ဆံပိုပေးထားတာ ဟု ပြောပါသေးသည်။ သို့သော် ကျွန်တော်တို့က ဘာမဟုတ်တာလေးနှင့် စိတ်အနှောင့်အယှက်မဖြစ်ချင်။ ဒီလောက်ရပ်ပေးရတာတောင် ကိုယ်တော်က စိတ်သိပ်မကြည်ချင်။
ဘာမှသာမဟုတ်တာ။ ဟင်္သာတရောက်တော့ အတော်နေမြင့်နေပြီ။ ကိုအေးသောင်းဆီ လှမ်းဖုံးဆက်တော့ ညောင်ပင်လေးတာဆုံဆိုလား မှာ စောင့်နေမယ် ဆို၏။ သည်နေရာတော့ ကျွန်တော် ကောင်းကောင်းမှတ်မိပါသည်။ အနို့ ဟင်္သာတတွင် ၂ နှစ် ကျောင်းတက်ခဲ့သည်ပဲ။ ကိုအေးသောင်းနှင့် ဘုန်းကြီးလူထွက်အသစ်ကျပ်ချွတ် ဖိုးကုလားတို့ လမ်းဘေးတွင် စောင့်နေသည်။ ဟကောင်၊ မင်းဘယ်တုံးကလူထွက်ပြီး ဘယ်တုံးက ဟင်္သာတရောက်နေတာတုံး ဆိုတော့ ညကလူထွက်ပြီး ခုမနက်လာတာ ဟု ဖိုးကုလားက ဆိုသည်။ ဖိုးကုလားက မမစန်းပု၏သား၊ ကျွန်တော့်တူ တစ်ဝမ်းကွဲ တော်သည်။ ကျွန်တော်တို့အလှူတွင် ဦးပဉ္စင်းဘ၀နှင့် ကူညီလုပ်ပေးခဲ့သူ ဖြစ်၏။
မမက နတ်မော်သွားကာ ဘုရားအလျင်ဖူးကြမည်။ နောက်ပြီးမှ ကိုအေးသောင်းအိမ် သွားကြမည်ဟု ပြောသဖြင့် နတ်မော်သို့ ထွက်ခဲ့ကြ၏။ ကျွန်တော်တို့ကျောင်းသားဘ၀က လေးမျက်နှာမှ ဟင်္သာတသို့လာရာလမ်းတွင် နတ်မော်ကို ဖြတ်လာရသည်။
နတ်မော် ရှင်သာလျောင်းဘုရားကြီးမှာ အလျား ၇၆.၈ မီတာရှိပြီး မြန်မာပြည်တွင် အရပ်တော်အရှည်ဆုံး ရုပ်ပွားတော်မြတ်ကြီး ဖြစ်၏။







ဘုရားကြီးကို လှည့်ပတ်ဖူးမြော်ကာ ဟင်္သာတပြန်လာပြီး ကိုအေးသောင်းတို့အိမ်တွင် ထမင်းစားကြ၏။ ကိုအေးသောင်းကတော် မမနော်မှာ အလွန်ဟင်းချက်ကောင်း၏။ ကျောင်းသားဘ၀က ကျွန်တော်သူတို့အိမ်မှာ မကြာခဏ ထမင်းစားဖူးသည်။ ကျွန်တော်က မြေကြီးပေါ်တွင်ချထားသော ငြုပ်ဆုံ၊ ပန်းကန်ဆေးသည့် အင်တုံ၊ စဥ့်နှီးတုံး၊ သောက်ရေအိုး နှင့်အဖုံး၊ သောက်ရေခွက် စသည်တို့ကို သေသေချာချာဆေး၏။ အစားအသောက်ညစ်ပတ်လျှင် ကျွန်တော် အလွန် ရွံတတ်သည်။ မောင်အေးငြိမ်းလာမှ အကုန်ပြောင်တော့တယ်ဟေ့ဟု မနော်က ကောင်းချီးပေး၏။ ထိုမျှမက အိမ်အနီး ပတ်ဝန်းကျင်မှ ရှုပ်ပွနေသော အမှိုက်သရိုက်များကိုပင်ရှင်းကာ မီးရှို့ပေးခဲ့ဖူးသေးသည်။
            စားသောက်ပြီးတော့လည်း ပြောင်းဖူးပြုတ်၊ လဖက်စသော အချိုပွဲများဖြင့် ဧည့်ခံသေး၏။ အချိန်နှောင်းနေပြီ ဖြစ်သဖြင့် မူလကရည်ရွယ်ထားသည့် ငါးထပ်ကြီး၊ ဆယ်ထပ်ကြီး၊ ဦးဘရဲဘုရားစသည်များသို့ သွားရောက်ဖူးမြော်မည့် အစီအစဉ်ကို ဖျက်လိုက်ရသည်။ ကြုံတုံး ကြုံခိုက် မမက မိုင်ဒါဈေးထဲဝင်ကာ ကညွတ်ရိုးများ ၀ယ်ခဲ့သည်။ ဟင်္သာတက ထွက်လာတော့ ၂ နာရီကျော်နေပြီ။ နေကလည်း ပူလှ၏။
            လမ်းတွင် ဇလွန်ပြည်တော်ပြန်ဘုရားကြီးကို ၀င်ရောက် ဖူးမြော်ကြသည်။ ကိုစိုးသိန်း၊ အဖေကြီးနှင့် မောင်ဘုန်းတို့က ရွှေသင်္ကန်းများပင် တက်ကပ်လိုက်ပါသေး။ ထို့နောက် ဘုရားကို ၀တ်ပြု၊ လှည့်ပတ်ဖူးမြော်။ ပြန်ထွက်အလာတွင် သားက အိမ်သာသွားချင်သည် ဆိုသဖြင့်လိုက်ပို့ရာ အိမ်သာမှာ အသစ်မို့လားမသိ။ အတော်သန့်ရှင်းသည်ကိုတွေ့ရ၍ စိတ်ချမ်းသာ မိပါ၏။
ယခင်ကနှင့်စာလျှင် ယခုအခါ အိမ်သာများမှာ အတော်တိုးတက်လာတာကို သတိပြုမိသည်ပါသည်။ သို့သော် စားသောက်ဆိုင်နှင့် ချက်ပြုတ်သည့်နေရာများတွင်တော့ မသန့်ရှင်းသေး။ အစားအသောက်များကို မည်ကဲ့သို့ထားရမည် ဆိုတာ မသိကြသေး။ အထူးသဖြင့် ရေကို စနစ်တကျမသုံးတတ်၊ မဆေးကြောတတ်ကြသေး။ စားသောက်ဆိုင်များအတွက် သင်တန်းပေးမည့်သူ မရှိသေး။ ပေးရကောင်းမှန်းလည်း မသိသေး။ Personal hygiene ဆိုတာလည်း နားမလည်ကြသေး။ တော်ကြာ ဟိုငါးပိက မသန့်ဆိုကာ ပိတ်လိုက်။ တော်ကြာ ဟိုရေသန့်က မသန့်ဆိုကာ ပိတ်လိုက်။ နဂိုကတည်းက မသန့် တာတွေ ထွက်မလာအောင် ဘယ်လိုလုပ်ရမည် ဆိုတာလည်း နားမလည်သေး။ အများသူငါ ဗိုက်ထဲရောက်ကုန်မှ ဟဲ့၊ သောက်ကျိုးနဲဆိုကာ အလန့်တကြား ဟိုပိတ်၊ သည်ပိတ် လိုက်ပိတ်လေသည်။ အနှီ အရာရှိကြီးများ ဘာတွေလုပ်နေတယ် ဆိုတာ ကျွန်တော်လည်း ခုထိ နားမလည်နိုင်သေး။
            ကားဘက်သို့ပြန်လာတော့ ပစ္စည်းများသယ်ထား၍ စောင်းတန်းကို ကန့်လန့်ဖြတ်ကာ သဲကြောင်းကြီးထင်နေတာ တွေ့ရ၏။ အခြားသူများကိုစောင့်ရင်း ကျွန်တော်တို့သားအဖ အနီးအနားတွင် ယောင်လည်လည်လုပ်နေစဉ် ဂေါပကအဖွဲ့မှဟု ယူဆရသည့် လူနှစ်ဦးလာကာ ထိုဖုံသဲများကို သစ်သားတန်း အကာအရံများချလျက် ကာရံထားလိုက်တာ တွေ့ရ၏။ အလိုဗျာ၊ ကျွန်တော်သာဆို တံမြက်စည်းယူလာကာ ချက်ချင်းသိမ်းလိုက်မည် ဖြစ်သည်။ သစ်သားတန်း အကာအရံများ သယ်ယူ လာကာ ချနေသည့်အချိန်တွင် တံမြက်စည်းသာလှည်းလိုက်မည်ဆိုပါက ပြောင်သွားမည်မဟုတ်ပါလော။ ဒါမှမဟုတ်၊ ပစ္စည်းသယ်တာ မပြီးသေးလို့ မသိမ်းသေးတာလည်း ဖြစ်နိုင်ပါသည်။










            သုံးနာရီခွဲခန့်တွင် ဇလွန်မှ ဆက်ထွက်လာခဲ့ကြ၏။ ဇလွန်မှအထွက်လမ်းများမှာ ပြင်နေ၍ မကောင်း။ လမ်းအလွန် ကြမ်းသဖြင့် ဖြည်းဖြည်းချင်းသာ မောင်းနိုင်သည်။ ပြင်နေသောလမ်းပိုင်းမှာ ၂၅ မိုင်ခန့်ရှိသောကြောင့် အချိန်အလွန်ကုန်လှ သည်။ လမ်းတွင် ခရီးသည်တင်ဘတ်စ်ကားကြီးများတွေ့ရ၏။ ၎င်းတို့ကတော့ အရှိန်မလျှော့ဘဲ ဒုန်းဒိုင်းအုန်းဂွမ်းဖြင့် မောင်းချ သွားကြလေသည်။
            ညောင်တုံးတွင် ဒေါ်သီသီဝင်းကို သင်္ကန်းဘိုးပိုက်ဆံများ ရှင်းပေးရဦးမည်ဖြစ်၍ ၂၆ မိုင်ခွဲကို သတိထားကြည့်နေရ သည်။ မရောက်ခင် လှမ်းဖုံးဆက်ထား၍ သူက သဲဒိုင်မှာပင် စောင့်နေရန်နှင့် သူလာခဲ့မည်ဖြစ်ကြောင်း ပြော၏။ အလာတုံးက လွဲထား၍ စပယ်ယာလေးက ကျွန်တော်တို့ အလာတုံးက သေသေချာချာကြည့်ထားလို့ နေရာကို သိပါတယ်။ အကွေ့မှာ ဟု ဆိုသည်။ ဟုတ်၏။ အကွေ့တစ်ခုတွင် ဒေါ်သီ သဲဒိုင် ဟု ရေးထားတာတွေ့ရသည်။
            ကျွန်တော်တို့ အားလုံးလိုလို ဆင်းကြ၍ သူရို့သဲကွင်းထဲ သွားရောက် လေ့လာကြသည်။ ညနေစောင်းဖြစ်၍ မြစ်တွင်း မြင်ကွင်းမှာ သာသာယာယာရှိသည်။ မြစ်တွင်း၌ မော်တော်နှစ်စီး၊ သဲကျောက်တင် barge တစ်စီး ရပ်ထားတာတွေ့၍ ကျွန်တော်က ဒီမော်တော်တွေဆို ဘယ်လောက်တန်ကြေးရှိမတုံး ဟု စပ်စုလေ၏။ လူကြီးက ဒါတွေက ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် စပ်ထားတာတွေဆို၍ အံ့သြရ၏။ လှေဆိုလျှင်တော့ ဘာအံ့သြစရာရှိမတုံး။ ယခုမော်တော်ကြီးတွေက အတော်ကြီးသည်။ မော်တော်ကိုယ်ထည် သံပြားတွေကို ကိုယ့်ဘာသာဖြတ်၊ ကိုယ့်ဘာသာ ၀ဒိန်ဆော်ပြီး စပ်ထားတာဟု ထပ်ရှင်းပြပါသည်။ အရပ်သား ရေကြောင်းအင်ဂျင်နီယာများပါပေတည်း။
            အတန်ကြာတော့ ဒေါ်သီရောက်လာသည်။ ဟောဒါ အညာကဇီးဖျော်ရည် ဆိုကာ နီညိုရောင်ဖျော်ရည်များကို ပုလင်းထဲမှငှဲ့ပြီး တိုက်၏။ အတော် သောက်လို့ကောင်းလေသည်။ ဟောဒီပုလင်းတွေလည်း လက်ဆောင်ပေးလိုက်မယ်ဆိုကာ အခြားမုံ့များနှင့်အတူ ပေးလိုက်၏။ ထိုပစ္စည်းများကိုခဏချထားပြီး ရွာမှပြန်ပါလာသည့် သင်္ကန်းဘူးများကိုသွားယူကာ စာရင်းရှင်းကြ၊ ထွေရာလေးပါး ပြောကြဆိုကြသည်။
            အတော်မှောင်လာတော့ သူ့ကို နှုတ်ဆက်ကာ ပြန်ခဲ့သည်။ ကားထွက်လာမှ လက်ဆောင်ပေးလိုက်သော ဇီးဖျော်ရည် ပုလင်းများ မေ့ကျန်ခဲ့ကြောင်း သတိရတော့၏။ သူကြိုက်သော ဇီးဖျော်ရည်ပုလင်းများမေ့ကျန်ခဲ့၍ သမီးက ပွစိပွစိဖြင့် မကျေနပ်။
            လှိုင်သာယာဝင်လာတော့ ထုံးစံအတိုင်း ကားများမှာ ဟိုနားပိတ်၊ သည်နားပိတ်။ ဟိုဘက်ကကျော်၊ သည်ဘက်ကခွ။ ကားဆရာကြီးမှာ စိတ်မရှည်နိုင်ဘဲ စပယ်ယာလေးကို တစ်လမ်းလုံး ဆဲဆိုကြိမ်းမောင်း လာခဲ့လေသည်။ ယခုလိုက်လာသည့် စပယ်ယာလေးမှာ ပထမတစ်ခေါက်ကပါလာသည့် သူ့သားမဟုတ်။ ကျွန်တော့်မှာ မပြောမိအောင် (အဲလေ၊ ငါနဲ့ဘာဆိုင်လို့လဲ ဟု) မနိုင့်ရင်ကာ အောင့်အည်းချုပ်တည်းထားရ၏။ 
            သို့နှင့်ပင် ည ၇ နာရီခွဲခန့်၌ အိမ်သို့ပြန်ရောက်ခဲ့ရတော့သတည်း။





(၁၂) နိဂုံး

            စာရင်းချုပ်လိုက်တော့ ဧည့်ပရိသတ်များကို ကျွေးတာမွေးတာအတွက် စပါး တင်း ၄၀ ကြိတ် (ဆန် ၂၆ တင်း ၁ ခွဲ)။ (ရန်ကုန်မှပါလာသည့်သူများအတွက် စားသောက်ရန် သီးသန့် ဆန် ၂ အိတ်တင်လာခဲ့သည်။) ၀က်သား ၁၃၅ ပိသာ။ ငါး ၁၄၀ ပိသာ။ ကြက်သား ၁၀ ပိသာ။ ဆီ ၇ ပုံး စသဖြင့်။ အသေးစိတ်တော့ ဘယ်မှတ်နိုင်ပါတော့မတုံး။ ကျွန်တော်ကတော့ ပို့လိုက်သော ပိုက်ဆံကိုသာ မှတ်ထားလေသည်။ စုစုပေါင်း ၇၅ သိန်းလောက် ကုန်၏။ (စမှန်းတုံးက သိန်း ၄၀ လောက် မှန်းတာဖြစ်သည်။) ဒါတောင် ကိုစိုးသိန်းကို ဗီဒီယိုရိုက်ခ မပေးရသေး။ သူ့ဗီဒီယိုရိုက်စက် ပျက်သွားခြင်းအတွက် ကျွန်တော့်၌ တာဝန်ရှိသဖြင့် ကျွန်တော်က ဓာတ်ပုံ၊ ဗီဒီယိုရိုက်တာရော စက်ပြင်သည့်အခပါ ပေးမည်ဟု ပြောထားပါသည်။ ဘယ်လောက် ဆိုသည်ကို အခုထိ အကြောင်းမပြန်သေး။
            ဟဲ့၊ ဟိုကောင်မလေးတွေက သူတို့ဘို့မရသေးဘူးဆိုလို့ လုံချည်တွေ ထပ်ဝယ်ရသေးတယ်။ နောက်ပြီး ပုဆိုး ကလည်း အကွင်း ၂၀ လောက်ထပ်ဝယ်ရဦးမယ် ဟု မမက ပြောပါသည်။ ကျွန်တော်က ကိုရင်နှင့်ပဉ္စင်းများအတွက် အလှူဓာတ်ပုံများပါ ကူးပေးဘို့ပြောရာ မမက တော်ပြီဟေ့၊ သူတို့ဟာသူတို့ ကူးယူပစေ။ အဲသလိုသာဆို နင့်ဟာ အတောသတ်တော့မှာ မဟုတ်ဘူး ဟု အော်လေတော့၏။
            မှတ်မိသမျှကို စာရင်းချကြည့်တော့ အောက်ပါအတိုင်းရသည်။ သည်စာရင်းထဲမပါတာ အများကြီး ကျန်သေးတယ် ဟု မမက ဆို၏။


စဉ်
အမျိုးအမည်
အရေအတွက်
ကုန်ကျစရိတ်
တီးဝိုင်း

၉ သိန်းခွဲ
တီးဝိုင်းအတွက် သယ်ယူပို့ဆောင်ခ

၁ သိန်းခွဲ
သင်္ကန်းဝယ်
၁၇ စုံ
၂ သိန်း ၃ သောင်း ၈ ထောင်
မောင်းထောင်ချိုင့်

၁ သိန်း ၈ သောင်း ၈ ထောင်
မြင်းငှားခ
၁၇ ကောင်
၁ သိန်း ၇ သောင်း
ဖိတ်စာရိုက်ခ
၉၀၀
၁ သိန်း ၁ သောင်း ၂ ထောင်
သွားပြန် ကားငှားခ
၂ ခေါက်
၁၂ သိန်း
မဏ္ဍပ်ထိုး ၀ါးခ

၎ သောင်း
မီးစက်ငှားခ

၇ သောင်း
၁၀
မီးစက်ဆီဘိုး

၃ သောင်း ၈ ထောင်
၁၁
တီးဝိုင်းမီးဆင်

၁ သောင်း
၁၂
အသံချဲ့စက်ငှားခ

၇ သောင်း
၁၃
အခန်းအနားပြင်ခ

၆ သောင်း
၁၄
ဗီဒီယိုရိုက်ငှားခ (ကိုစိုးသိန်းကင်မရာပျက်၍ ဒုတိယလူခေါ်)
၃ သောင်း
၁၅
ရှင်လောင်းလှည့် လှည်း
၂ စီး
၁ သောင်း
၁၆
ဒိုးပတ်ဝိုင်း

၇ ထောင်
၁၇
ရွာမှ ဘုန်းကြီးများ ၀တ္ထုကပ်
၁၅ ပါး
၂ သိန်း ၂ သောင်း ၅ ထောင်
၁၈
အခြားနယ်မှ ဘုန်းကြီးများ ၀တ္ထုကပ်
၅ ပါး
၁ သိန်း
၁၉
သီလရှင်များ ၀တ္ထုကပ်
၁၂ ပါး
၁ သောင်း ၈ ထောင်

အသက် ၇၀ အထက် လူကြီးများအား လှူဒါန်း
၇၀ ယောက်
၃ သိန်း ၅ သောင်း
၂၀
ကြိုပို့လူငယ်များအတွက် ပုဆိုးဝယ်
၂၀
၅ သောင်း
၂၁
ချက်ပြုတ်/ကြိုပို့လူငယ်များအတွက် ပုဆိုးဝယ်
၆၀
၁ သိန်း ၆ သောင်း ၂ ထောင်
၂၂
ချက်ပြုတ်သူများအတွက် ထဘီ
၄၀
၈ သောင်း ၂ ထောင်
၂၃
ချက်ပြုတ်သူများအတွက် ထဘီ
၂၅
၅ သောင်း ၂ ထောင် ၅ ရာ
၂၄
ကျွေးမွေး။ ဆေးကြောသူများအတွက် သဘက်
၁၅၀
၎ သောင်း ၅ ထောင်
၂၅
သိမ်ဆင်းလောင်း သဘက်
၃၀
၁ သောင်း ၅ ထောင်
၂၆
လီတာ ၂၀ သောက်ရေသန့်ဘူးဝယ်ရန်
၂၀
၁ သောင်း
၂၇
သောက်ရေသန့်ဘူးသေး
၁၀ ဒါဇင်
၁ သောင်း ၃ ထောင်
၂၈
လာသူများအားဝေရန် တရားစာအုပ်
၅၀၀
၆ သောင်း ၅ ထောင်
၂၉
အချိုရည်ဘူး

၉ သောင်း
၃၀
ရေခဲမုန့်
ခွက် ၁၀၀၀
၃ သိန်း
၃၁
ကိတ်မုံ့

၁ သိန်း
၃၂
ပိုက်ဆံကြဲ

၂ သောင်း
၃၃
စပါးတင်း ၄၀ ကြိတ် (ဆန် ၂၆ တင်း ၁ ခွဲ)

၃ သိန်း ၆ သောင်း
၃၄
ဝက်သား
၁၃၅ ပိသာ
၆ သိန်း ၇ သောင်း ၅ ထောင်
၃၅
ငါး
၁၃၀ ပိသာ
၅ သိန်း ၇ သောင်း ၂ ထောင်
၃၆
ငါး
၁၀ ပိသာ
၅ သောင်း
၃၇
ကြက်သား
၁၀ ပိသာ
၃ သောင်း
၃၈
ဆီ၊ ကြာဇံ၊ ကြက်သွန်ဖြူ၊ နီ၊ လဖက်ခြောက် စသည်
ဟင်္သာတမှာဝယ်
၃ သိန်းခွဲ
၃၉
ထမင်းပေါင်းခပေး

၃ သောင်း
၄၀
ထင်းဘိုး (နောက်ထပ်)

၅၅၀၀
၄၁
ဆီ
၇ ပုံး

၄၂
တစ်ခါသုံးခွက်

၆၆၀၀
၄၃
တစ်ခါသုံးပန်းကန်


၄၄
ထမင်းထည့်ရန်ဖော့ဘူး


၄၅
တစ်ရှုး


၄၆
ပန်းကန်ဆေးဆပ်ပြာရည်ဘူး


၄၇
ယပ်တောင်



            ဘာပဲပြောပြော၊ တစ်ပွဲတော့ပြီးသွားလေပြီ။ သည်လို ကျွန်တော်တို့ရွာသားတွေကို တ၀ကြီးကျွေးလိုက်မွေးလိုက် ရခြင်းအတွက် ကျွန်တော် အလွန်ဝမ်းသာမိပါသည်။ ပိုက်ဆံဆိုတာ သည်အတိုင်းထားလဲ တစ်နည်းနည်းနှင့် ကုန်သွားမှာ ဖြစ်၏။ သည်လို အလှူမလုပ်လည်း ကျွန်တော့်လက်ထဲတွင် သိန်း ၇၀ လောက်စုမိမည်မထင်ပါ။ ယမန်နှစ်များကရသော ပိုက်ဆံများမှာ အလှူလည်းမလုပ်ရပါဘဲလျက် ဘယ်တွေရောက်ကုန်သည်မသိ။ ကျွန်တော့်လက်ထဲတွင် အထုပ် အထည်နှင့် ပြစရာ မရှိခဲ့ပါ။ သည်အလှူတွင်သုံးလိုက်သော ပိုက်ဆံများအတွက် ကျွန်တော့်တွင် ထူးပြီး အကြွေးတင်သွားခြင်း မရှိခဲ့ပါ။ ပိုက်ဆံတွေ ဘယ်ကထွက်လာပါလိမ့်ဟုပင် အံ့သြရမိသေး၏။ စေတနာ၏ တန်ခိုးတွေပင်ဖြစ်ပါလိမ့်မည်။
            အလှူလုပ်သည့်အတွက် ဆွေးမျိုးသင်္ဂဟများ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် တစုတစည်းတည်း ပြန်လည် တွေ့ဆုံကြရသည်။ သည်လိုမှမဟုတ်လျှင် အဘယ်ကဲ့သို့ တွေ့နိုင်ပါမည်နည်း။ အချို့မောင်နှစ်မ၀မ်းကွဲများမှာ ကွဲကွာသွားတာ အနှစ် ၄၀ ကျော်ပြီဖြစ်၏။ အဖေကြီး၏ အစ်ကိုအကြီးဆုံး၏သား ကိုခင်အောင်ဆိုလျှင် ကျွန်တော်တို့ ကလေးဘ၀ကတည်းက ကွဲသွာခဲ့တာ ယခုမှ ပြန်တွေ့ရတော့သည်။ မျက်နှာကိုတောင် မနည်းပြန်ဖမ်းယူရသည်။
သည်အလှူအတွက် ကျွန်တော်သာမက အဖေကြီးအပါအ၀င် ကျွန်တော်တို့မောင်နှမအားလုံး ၀မ်းသာ ကြည်နူးကြရ သည်။ ရွာမှ အဆွေအမျိုးများလည်း ၀မ်းသာကြည်နူးကြမှာ မလွဲ။ ရန်ကုန်မှလာသော ကျွန်တော်တို့တစ်သိုက်ကို ချက်ပြုတ် ကျွေးမွေးရခြင်းအတွက် သူတို့မှာ ပင်ပန်းသည့်တိုင် ပျော်တပြုံးပြုံး ဖြစ်နေကြတာ တွေ့ရပါသည်။
အလှူအတွက် ၀ိုင်းဝန်းလုပ်ကိုင်သူများလည်း ဝေယျာဝစ္စကုသိုလ်ရသည်။ သူများလုပ်သော ကောင်းမှုကို ၀မ်းသာရုံ မျှနှင့်၊ သာဓုခေါ်ရုံမျှနှင့်ပင် ပတ္တာနုမောဒနာကုသိုလ်များ ရနေပြီ။ ဆိုတော့ အလှူလုပ်ရတာ အရှုံးဟူ၍ တစ်ခုမှမရှိ။ အားလုံး အမြတ်ချည်းဖြစ်လေသည်။
မိတ်ဆွေများလည်း မိမိတို့တတ်နိုင်သည့်ဘောင်အတွင်းမှ လှူနိုင်တန်းနိုင်ကြပါစေကြောင်း ဆုမွန်တောင်းအပ်ပါ သတည်း။
အလှူအကြောင်း သည်မျှနှင့် ရပ်ပါမည်။
ဖတ်ရှုအားပေးသူမိတ်ဆွေအပေါင်းအား အထူးကျေးဇူးတင်ပါ၏။


သိမှတ်ဘွယ်ရာများ

     ရန်ကုန်မှ ၀ါးတောကွင်းခရီး အကွာအဝေး (Google Earth မှ တိုင်းထားခြင်းဖြစ်သဖြင့် လက်တွေ့နှင့် အနည်းငယ် ကွာနိုင်ပါသည်။)

ငါးသိုင်းချောင်းလမ်း
ဟင်္သာတလမ်း
မှ
သို့
ကီလိုမီတာ
မိုင်
မှ
သို့
ကီလိုမီတာ
မိုင်
ရန်ကုန်
လှိုင်သာယာတံတား
၆.၅
4.04
ရန်ကုန်
လှိုင်သာယာ
5.59
လှိုင်သာယာတံတား
စက္ကော့
၆၁
37.90
လှိုင်သာယာ
မယ်ဇလီ
၃၄
21.13
စက္ကော့
ပန်းတနော်
၁၁
6.84
မယ်ဇလီ
ဆားမလောက်
၁၀
6.21
ပန်းတနော်
ကျောင်းကုန်း
၃၃
20.51
ဆားမလောက်
စက္ကော့
၁၉
11.81
ကျောင်းကုန်း
အသုတ်
၁၆
9.94
စက္ကော့
ဓနုဖြူ
၂၄
14.91
အသုတ်
ရေကြည်
၁၆
9.94
ဓနုဖြူ
ဇလွန်
၂၆
16.16
ရေကြည်
ငါးသိုင်းချောင်း
၆.၅
4.04
ဇလွန်
ဟင်္သာတ
၂၂
13.67
ငါးသိုင်းချောင်း
ရေနံ့သာ
၁၀
6.21
ဟင်္သာတ
ကွင်းကောက်
၃၈
23.61
ရေနံ့သာ
လယ်တံငယ်
၂၇
16.78
ကွင်းကောက်
လယ်တံငယ်
၁၁.၃
7.02
လယ်တံငယ်
ဝါးတောကွင်း
3.73
လယ်တံငယ်
ဝါးတောကွင်း
3.73
စုစုပေါင်း
၁၉၃.
119.92
စုစုပေါင်း
၁၉၉.၃
123.84

ပရိက္ခရာ ၈-ပါး-

၁။ ပတ္တ= သပိတ်
၂။ သင်းပိုင်= အောက်ပိုင်းဝတ် သင်္ကန်း
၃။ ဧကသီ= အပေါ်ပိုင်းဝတ် သင်္ကန်း
၎။ ဒုကုဋ်= ၂-ထပ် သင်္ကန်းကြီး
၅။ ကာယဗန္ဓန= ခါးပန်းကြိုး
၆။ ၀ါသိက= ခေါင်းရိတ်ဓား
၇။ သူစိ= အပ်နှင့် အပ်ချီ
၈။ ပရိသာဝန= ရေစစ်



အေးငြိမ်း
၂၁ ဧပြီလ၊ ၂၀၁၅။ ည ၁၁ နာရီတိတိ

No comments: