Friday, April 5, 2013

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်း မှတ်စု (ဆောက်လုပ်ရေး) (၁)


နိဒါန်း

ဤလက်စွဲစာအုပ်ကို စီးပွားရေးနှင့် ငွေကြေးအမြတ်အစွန်းရလိုမှုအတွက် ရေးသားခြင်းမဟုတ်။ စင်ကာပူနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော ၀ပ်ပါမစ်လုပ်သားများ နှင့် မြန်မာနိုင်ငံမှ စင်ကာပူသို့ ၀ပ်ပါမစ်ဖြင့် လာရောက်လုပ်ကိုင်လိုသူ မြန်မာများအတွက် အထောက်အကူရစေရန် ရေးပါသည်။
ယခင်က စင်ကာပူဆောက်လုပ်ရေးလုပ်ငန်း၌ လုပ်ကိုင်မည့်သူများသည် CSOC (Construction Safety Orientaion Course) သင်တန်းအား တစ်ရက်သာတက်ရသည်။ စာမေးပွဲမှာလည်း မှားမှန်ရောထွေး၊ အမှန်ရွေး (MCQ – Multiple Choice Question) သာဖြစ်ပြီး ယခုမူ ၁- ၅- ၂၀၁၃ နေ့မှစကာ နှစ်ရက်သင်တန်းကို တက်ရပါလိမ့်မည်။ စာမေးပွဲမှာလည်း စာတွေ့ရော လက်တွေ့ပါ ဖြေဆိုရပါမည်။
ယခင်က CSOC လက်မှတ်ရှိပြီး လက်ရှိအလုပ်လုပ်နေသူများသည် လက်ရှိ CSOC လက်မှတ်သက်တမ်းကုန်သည်ထိ ဆက်လက်လုပ်ကိုင်နိုင်ပြီး ထိုလက်မှတ်သက်တမ်းကုန်သည့်အခါတွင်မူ CSOC နှစ်ရက်သင်တန်းကို တက်ရပါလိမ့်မည်။ သို့သော် မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချသူများအနေနှင့်မူ သင်တန်းမတက်ဘဲ စာမေးပွဲဝင်ဖြေနိုင်ပါသည်။ သို့သော် စာမေးပွဲ မအောင်လျှင်မူ သင်တန်းတက်ရန် လိုပါသည်။
ထိုသင်တန်း၌ WAH (Working At Height) ကိုပါ သင်ကြားပေးပါလိမ့်မည်။ ထို့ကြောင့် ထိုသင်တန်းစာမေးပွဲ အောင်မြင်ပြီးသူများအဖို့ WAH Safety သင်တန်းကို သီးသန့်တက်စရာမလိုတော့ပါ။ လက်ရှိ BCSS (Building Construction Supervisor Safety Course) လက်မှတ်ရှိသူများလည်း WAH (Supervisor) သင်တန်းထပ်တက်ရန် လိုပါသည်။

            ယခု ရေးသားဖော်ပြထားသည်များမှာ ယခုအသစ်ပြဌာန်းလိုက်သည့် Enhanced CSOC သင်တန်းစာအုပ်ကို ဘာသာပြန်ထားခြင်းမဟုတ်။ ဤစာအုပ်တွင်ရေးသားထားသည်များအားလုံး ထို Enhanced CSOC သင်တန်း၌ သင်ကြားပေး မည်ဟု မဆိုလိုပါ။ ယခုရေးသားသည်မှာ ကျွန်ုပ်လေ့လာထားသမျှ ဆောက်လုပ်ရေးလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (CSOC) နှင့် အမြင့်တွင်အလုပ်လုပ်ခြင်း (WAH) များကို စုဆောင်းဖော်ပြထားခြင်းမျှ ဖြစ်ပါသည်။
သို့အတွက် သင်တန်းတွင် ပို့ချသည်များမှာ ဤစာအုပ်ထက်ပိုချင်ပိုမည်။ လိုချင်လိုပါမည်။ သို့သော် သဘောတရား အားလုံးမှာ အတူတူပင်ဖြစ်သဖြင့် Enhanced CSOC သင်တန်းအတွက် အထောက်အကူဖြစ်ပါလိမ့်မည်။
ဤစာအုပ်ဖတ်ပြီး Enhanced CSOC သင်တန်းကို အခက်အခဲတစ်စုံတစ်ရာမရှိ လွယ်လင့်တကူ အောင်မြင်သွားကြ ပြီဆိုလျှင် ကျွန်ုပ်ရေးရကျိုးနပ်ပါပြီ။
စီးပွားဖြစ် ထုတ်လုပ်ရောင်းချခြင်းမှလွဲလျှင် ဤစာအုပ်ကို မည်သူမဆို မည်သည့်ပုံစံဖြင့်မဆို လွတ်လပ်စွာ ဖြန့်ဝေနိုင် ပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၁။ အမြင့်၌ အလုပ်လုပ်ခြင်းအတွက် ပြဌာန်းထားသော ဥပဒေ

စင်ကာပူတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် ပြဌာန်းထားသည့် ဥပဒေမှာ WSH Act (Workplace Safety and Health Act) ဖြစ်၏။ ၎င်းမှာ ယခင်က စက်ရုံများဥပဒေ (Factory Act) ဖြစ်၏။
အမြင့်တွင်အလုပ်လုပ်ခြင်းအတွက် ဥပဒေမှာ WSH (WAH) Regulation ဖြစ်သည်။ အရှည်မှာ Workplace Safety and Health (Working At Height) Regulation ဖြစ်၏။ အမြင့်တွင်အလုပ်လုပ်ခြင်းအတွက် လိုက်နာရမည့် စည်းကမ်း၊ နည်းလမ်း၊ လုပ်ထုံးလုပ်နည်းများမှာ CP for WAH (Code of Practice for Working At Height) ဖြစ်သည်။
သို့သော် အလုပ်သမားများအနေနှင့်မူ သည်စာအုပ်ကြီးများကို ဖတ်ရှုနားလည်ရန် မလိုအပ်ပါ။ အခြေခံစည်းမျဉ်း၊ စည်းကမ်းများကို သိထားလျှင် လုံလောက်ပါသည်။

၂။ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ အသုံးပြုခြင်း



အလုပ်လုပ်ခြင်းအတွက်လိုအပ်သော တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ PPE (Personal Protection Equipment) တွင်အောက်ပါတို့ ပါဝင်ပါသည်။

v  ခမောက်အမာ (Helmet, Hard Hat)
v  ဘွတ်ဖိနပ် (Safety Boots, Safety Shoes)
v  လက်အိတ် (Hand Gloves, Safety Gloves)
v  မျက်မှန် (Safety Glasses, Goggles)၊ မျက်နှာအကာ (Face Shield)
v  နားအဆို့၊ နားကြပ်များ (Ear Plug, Ear Muffs)
v  နှာခေါင်းအကာ (Dust Mask)
v  အသက်ကယ် ကိုယ်သိုင်းကြိုး (Safety Harness, Full Body Harness)
v  အသက်ရှူ အထောက်အကူပြုကိရိယာ (Respirator)
v  ရောင်ပြန်အင်္ကျီ (High Visibility Waistcoat)

ထိုပစ္စည်းများကို မိမိလုပ်မည့်လုပ်ငန်းအမျိုးအစားအလိုက် သင့်တော်သလို အသုံးပြုသွားရမည်။ လုပ်ငန်းခွင်အတွင်း ၀င်လိုက်သည်နှင့် သတ်မှတ်ထားသည့် ပီပီအီးများဝတ်ဆင်ရပါမည်။ အနည်းဆုံးလိုအပ်ချက်မှာ ခမောက်အမာ (helmet) နှင့် ဘွတ်ဖိနပ် (safety shoes) ဖြစ်ပါသည်။

၂၊ ၁။ ခမောက်အမာ (Helmet, Hard Hat)

            လုပ်ငန်းခွင်အတွင်းဝင်သည်နှင့် မဖြစ်မနေ၀တ်ဆင်ရမည်မှာ ဦးခေါင်းကို အန္တရာယ်များမှ ကာကွယ်ပေးသည့် ခမောက်အမာ ဖြစ်ပါသည်။ ရာထူးအဆင့်နှင့် လုပ်ငန်းကိုလိုက်၍ ခမောက်များကို အရောင်ဖြင့် ခွဲထားပါသည်။ 



၂၊ ၂။ ဘွတ်ဖိနပ် (Safety Boots, Safety Shoe, Safety Footwear)

လုပ်ငန်းခွင်အတွင်း၌ မဖြစ်မနေ၀တ်ဆင်ရမည့် နောက်ပစ္စည်းတစ်မျိုးမှာ ခြေထောက်ကို အန္တရာယ်များမှ ကာကွယ်ပေးမည့် ဘွတ်ဖိနပ် ဖြစ်ပါသည်။ လုပ်ငန်းအမျိုးအစားကိုလိုက်၍ သင့်တော်သည့် ဘွတ်ဖိနပ်ကို ၀တ်ဆင်ရမည်။



၂၊၃။ လက်အိတ် (Hand Gloves, Safety Gloves)

ပစ္စည်းများကိုင်တွယ်သည့်အခါ၊ ဂဟေဆော်သည့်အခါ၊ ဓါတုဗေဒပစ္စည်းများ ကိုင်တွယ်သည့်အခါများတွင် သင့်တော် သည့် လက်အိတ်များ ၀တ်ဆင်ရမည်။


၂၊ ၄။ အန္တရာယ်ကင်း မျက်မှန် (Safety Glasses, Goggles), မျက်နှာအကာ (Face Shield)

မျက်မှန်အမျိုးအစား အမျိုးမျိုးရှိသော်လည်း အများဆုံးသုံးသည့်မျက်မှန်နှင့် မျက်နှာအကာများမှာ အောက်ပါတို့ ဖြစ်ပါသည်။ 



၂၊ ၅။ နားကြပ်များ (Ear Plug, Ear Muffs)

ဆူညံသည့်နေရာများ၌ အလုပ်လုပ်လျှင် နားအကြားအာရုံကို ကာကွယ်ပေးရန်အတွက် နားအဆို့ (Ear plug) နားကြပ် (Ear Muffs) စသည်တို့ ၀တ်ဆင်ရမည်။ နားအဆို့၊ နားကြပ်အမျိုးအစား အမျိုးမျိုးရှိသည့်အနက် အောက်ပါ အမျိုးအစားများကို အသုံးများပါသည်။


အီးယားပလပ် စနစ်တကျ ၀တ်ဆင်နည်း

အီးယားပလပ်ကို ကျုံ့သွားအောင် လက်မ၊ လက်ညှိုးဖြင့် လှိမ့်လိုက်ပါ။ ထို့နောက် လက်ယာလက်ဖြင့် ဘယ်နားရွက်ကိုဆွဲ၍ လည်းကောင်း၊ လက်ဝဲလက်ဖြင့် ယာနားရွက်ကိုဆွဲ၍ လည်းကောင်း အီးယားပလပ်ကို နားအတွင်းသို့ ထိုးထည့်ပါ။ ထို့နောက် နားအတွင်းဝင်သွားသည့် အီးယားပလပ်ကို အသာအယာဖိသွင်းလိုက်ပါ။



၂ ၊၆။ နှာခေါင်းအကာ (Dust Mask)

ဖုံများ၊ အမှုန်များနှာခေါင်းအတွင်း ၀င်ရောက်ခြင်းမှ ကာကွယ်ရန် နှာခေါင်းအကာများ ၀တ်ဆင်ရပါမည်။ ဥပမာ - ကွန်ကရစ်ဖျော်ရန် ဘိလပ်မြေအိတ်ကို ဖောက်ထည့်သည့်အခါ ဘိလပ်မြေအမှုန်များ နှာခေါင်းတွင်းမ၀င်နိုင်ရန် နှာခေါင်းအကာ များ ၀တ်ဆင်ရသည်။



၂၊ ၇။ အသက်ကယ် ကိုယ်သိုင်းကြိုး (Safety Harness, Full Body Harness)

စင်ကာပူ၌ ၂ မီတာထက်မြင့်သောနေရာများ၌ အလုပ်လုပ်လျှင် အန္တရာယ်ကင်း အသက်ကယ် ကိုယ်သိုင်းကြိုး (Safety Harness) ၀တ်ဆင်ရပါမည်။ ယခင်ကမူ အမြင့်၌ အလုပ်လုပ်မည့်သူများသည် အမြင့်တွင်အလုပ်လုပ်ရန် အန္တရာယ် ကင်းရေးသင်တန်း (Working At Height Safety Course) ကို တက်ရပါသည်။ ယခု အသစ်ပြဌာန်းလိုက်သည့် ဆောက်လုပ် ရေးလုပ်သားများအတွက် အန္တရာယ်ကင်းရေးသင်တန်း (CSOC – Construction Safety Orientation Course for workers) တက်ပြီးလျှင်မူ ထို Working At Height Safety Course ကို တက်ရန် မလိုတော့ပါ။
ထိုသင်တန်း၌ အန္တရာယ်ကင်း အသက်ကယ်ကိုယ်သိုင်းကြိုးအကြောင်း၊ ထိုကိုယ်သိုင်းကြိုး ၀တ်ပုံဝတ်နည်း စသည်တို့ကို သင်ပေးပါသည်။ 


  ၂၊ ၈။ အသက်ရှူအထောက်အကူပြုကိရိယာ (Respirator)

ကွန်ဖိုင်းစပေ့စ် (Confined Space) များဖြစ်သည့် တိုင်ကီ၊ မြေအောက်လိုဏ်ခေါင်း၊ ကတုတ်ကျင်း၊ ဆိုင်လို အစရှိသည့်နေရာများ၌ အန္တရာယ်ရှိသော ဓါတ်ငွေ့များရှိနေတတ်သည်။ ထိုနေရာများသို့ဝင်ရောက်လိုလျှင် အသက်ရှူ အထောက်အကူပြုကိရိယာ (Respirator) များဝတ်ဆင်ရသည်။
ဓါတုဗေဒပစ္စည်းများ၊ ဆေးရည်များမှ ဓါတ်ငွေ့များထွက်တတ်သဖြင့် ထိုဆေးငွေ့များအား ကာကွယ်ရန်အတွက်လည်း အသက်ရှူအထောက်အကူပြုကိရိယာ (Respirator) များဝတ်ဆင်ရပါသည်။


၂၊ ၉။ ပီပီအီးများကို မှန်ကန်စွာ ၀တ်ဆင်ခြင်း (Correct Use of PPE)

မိမိအလုပ်အတွက် မှန်ကန်သည့် ပီပီအီးများ ရွေးချယ်ဝတ်ဆင်ရပါမည်။
ဥပမာ - ဂဟေဆော်သူတစ်ဦးဝတ်ဆင်ရမည့် ပီပီအီးများမှာ အောက်ပါတို့ ဖြစ်သည်။


ဓါတုဗေဒပစ္စည်းများ ကိုင်တွယ်သည့်အခါ အောက်ပါ ပီပီအီးများ ၀တ်ဆင်ရမည်။


၂၊ ၁၀။ ပီပီအီးများကို ထိန်းသိမ်းခြင်း (Maintenance and Store of PPE)

မိမိနေ့တိုင်းဝတ်ဆင်နေသည့် ပီပီအီးများကို အမြဲသန့်ရှင်းရေးပြုလုပ်ရပါမည်။ ဥပမာ - အီးယားပလပ် (နားအဆို့) ကို မသန့်ရှင်းဘဲထားပါက နားအတွင်းထည့်လိုက်သည့်အခါ ယားယံတတ်ပါသည်။ မျက်မှန်များကို မဆေးကြော၊ မသုတ်သင်ပါက ကောင်းစွာမြင်ရမည်မဟုတ်ပါ။
ထို့ပြင် ပီပီအီးများကို အေး၍ခြောက်သွေ့သောနေရာတွင် စနစ်တကျ ထားသိုရပါမည်။
မိမိတို့၏ ပီပီအီးများကို နေ့စဉ် စစ်ဆေးနေပြီး ပျက်စီးချို့ယွင်းနေပါက ချက်ချင်းလဲလှယ်ရန် လိုပါသည်။


ဆက်ပါဦးမည်။

အေးငြိမ်း
၅၊ ဧပြီ၊ ၂၀၁၃









No comments: