Sunday, November 4, 2012
တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ
တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ(Personal Protective Equipment - PPE) 
(26-10-12)
လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုများမှ ကာကွယ်ရန် ဖြည့်ဆည်းပေးရမည့် လိုအပ်ချက်တစ်ခုမှာ တစ်ကိုယ်ရေ ကာကွယ်ရေး ပစ္စည်းများ(Personal Protective Equipment - PPE) ဖြစ်ပါသည်။ ပထမဦးစွာ လုပ်ငန်းခွင်အတွင်းမှ ဘေးအန္တရာယ်များကို လုံးဝကင်းရှင်းအောင် သို့မဟုတ် အတတ်နိုင်ဆုံး လျော့နည်းအောင် ဆောင်ရွက်ရမည်။ ထို့နောက်မှ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများကို နောက်ထပ်အကာအကွယ်အနေနှင့် ပံ့ပိုးပေးရမည်။ ဆိုလိုသည်မှာ လုပ်ငန်းခွင် အန္တရာယ်မှန်သမျှကို တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများဖြင့် ရာနှုန်းပြည့်ကာကွယ်နိုင်သည်ဟု မယူဆမိစေရန် ဖြစ်ပါသည်။
လုပ်ငန်းခွင်အတွင်း တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများသုံးစွဲမှုကို နည်းဥပဒေများပြဌာန်းဆောင်ရွက်ရပါမည်။ ဤဥပဒေထဲ၌ တစ်ကိုယ်ရေကာကွယ်ရေး ပစ္စည်းများတွင်ရှိရမည့် စံနှုံးများ၊ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများအား အလုပ်သမားများကို ပံ့ပိုးပေးရန် အလုပ်ရှင်၏ တာဝန်၊ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများအား စနစ်တကျဝတ်ဆင်ရန်၊ ထိန်းသိမ်းရန် အလုပ်သမား၏တာဝန်၊ အကယ်၍ မလိုက်နာလျှင် ချမှတ်ရမည့် ပြစ်ဒဏ်၊ ဒဏ်ကြေး၊ တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းများအား ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းလမ်း စသည်အားလုံးပါဝင်ပါသည်။
အမေရိကန်၊ သြစတေးလျ၊ (စင်ကာပူ)စသည့်နိုင်ငံများမှ ထုတ်ပြန်ထားသည့် နည်းလမ်း၊ ဥပဒေများ ရှိပြီးဖြစ်သည့် အတွက် ဤသည်တို့ကို နမူနာယူကာ မြန်မာနိုင်ငံနှင့်သင့်တော်အောင် ပြုပြင်ရေးဆွဲနိုင်ပါသည်။
၁။ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း (Personal Protective Equipment - PPE) ဆိုတာ ဘာလဲ
တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း ဆိုသည်မှာ လုပ်ငန်းခွင်အတွင်း လူတစ်ဦးတစ်ယောက်၏ ကျန်းမာရေး သို့မဟုတ် ဘေးအန္တရာယ်မှ အကာအကွယ်ပေးရေးအတွက် ၀တ်ဆင်ရန် ရည်ရွယ်ထုတ်လုပ်ထားသော အ၀တ်အထည် အပါအ၀င် ပစ္စည်းကိရိယာအားလုံးကို ခေါ်သည်။
နေပူ သို့မဟုတ် မိုးရွာထဲတွင် အလုပ်လုပ်ရသော အလုပ်သမားများအတွက် မိုးကာ၊ နေကာ အ၀တ်အထည်များ၊ ဓါတ်ရောင်ခြည်ဌာနတွင် လုပ်ရသူများအတွက် ဓါတ်ရောင်ခြည်ကာ အ၀တ်အစားများလည်း ပါဝင်ပါသည်။
တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများတွင်-
 v ဦးခေါင်းကာကွယ်ရေးပစ္စည်း - ခမောက်အမာ (Helmet, Hard Hat)
 v လက်ရှည်အင်္ကျီ (Long Sleeve Shirt)
 v ဘောင်းဘီရှည် (Long Pant)
 v အင်္ကျီနှင့် ဘောင်းဘီကို တွဲထားသော ဘွိုင်လာစွပ် (Coverall or Boiler Suit)
 v ခြေထောက်ကာကွယ်ရေးပစ္စည်း - ဘွတ်ဖိနပ် (Safety Boots, Safety Shoe, Safety Footwear)
 v လက်အိတ် (Hand Gloves, Safety Gloves)
v မျက်လုံးကာကွယ်ရေးပစ္စည်း - မျက်မှန် (Safety Glasses, Goggles)
v မျက်နှာအကာ (Face Shield)
 v အကြားအာရုံကာကွယ်ရေးပစ္စည်း - နားကြပ်များ (Ear Plug, Ear Muffs)
 v အသက်ကယ်အင်္ကျီ (Lift Jacket)
v နှာခေါင်းစွပ် (Dust Mask)
v ခါးပတ် (Safety Belts)
v အသက်ကယ် ကိုယ်သိုင်းကြိုး (Safety Harness, Full Body Harness)
v အသက်ရှူလမ်းကြောင်း ကာကွယ်ရေးပစ္စည်း - အသက်ရှူအထောက်အကူပြုကိရိယာ(Respirator)
v ရောင်ပြန်အင်္ကျီ (High Visibility Waistcoat)
- စသည်တို့ပါဝင်ပါသည်။
ဤပစ္စည်းများအကြောင်း အသေးစိတ်မှာ အလွန်များပြားလှသဖြင့် ဤဆောင်းပါးတွင် မဖော်ပြတော့ဘဲ သီးသန့် ရေးသားပါမည်။
၂။ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း အတွက် ဥပဒေပြဌာန်းခြင်း
စင်ကာပူ Workplace Safety and Health Act (WSH Act) အပိုဒ် (၁၂) တွင် အလုပ်ရှင်သည် အလုပ်သမား၏ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးနှင့် ကာကွယ် ထောက်ပံ့ပေး ရမည်ဟု ဖော်ပြထားပါသည်။ သို့ဆိုလျှင် ဖြစ်နိုင်သမျှနည်းလမ်းအားလုံး ဆိုသည်မှာ အဘယ်နည်း။ အပိုဒ်ခွဲ (၃) တွင် ဆက်လက်ဖော်ပြထား၏။
၁။ အလုပ်လုပ်နေသည့် လုပ်ငန်းခွင်သည် အလုပ်လုပ်နေသူများ၏ ကျန်းမာရေးကို မထိခိုက်စေမည့်၊ ဘေးအန္တရာယ် ကင်းသည့် လုပ်ငန်းခွင် ဖြစ်နေစေရမည်။ (သောက်ရေ၊ အိမ်သာ၊ နားနေရာ စသည်တို့အပါအ၀င်ဖြစ်ပါသည်။)
၂။ အသုံးပြုသော ယန္တရား၊ စက်ပစ္စည်း၊ လက်သုံးကိရိယာ၊ လုပ်ငန်းအားလုံးသည် အလုပ်လုပ်သူများအတွက် ဘေးကင်းလုံခြုံမှု ရှိစေရမည်။
၃။ ပစ္စည်းများအသုံးပြုခြင်း၊ စွန့်ပစ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း စသည်တို့ကြောင့် အလုပ်သမားများ အား အန္တရာယ်မကင်းသည့် အနေအထားသို့ မရောက်စေရ။
            သို့ဖြစ်လေရာ အလုပ်သမားများ ဘေးကင်းရန်ကင်း အလုပ်လုပ်နိုင်ရန်၊ ကျန်းမာရေး မထိခိုက်စေရန် တစ်ကိုယ်ရေ ကာကွယ်ရေးအသုံးအဆောင်များ အလုံအလောက် ထောက်ပံ့ပေးရန် လိုလာပါသည်။
            ဥပမာ - ကျောက်စက်တိုက်ရာတွင် မျက်လုံးကို သံစများ မစူးစေရန် မျက်မှန်လိုအပ်ခြင်း။
            ဥပဒေတွင် အလုပ်ရှင်သာမက အလုပ်သမားအတွက်ပါ အောက်ပါအတိုင်း ပြဌာန်းထား၏။
            WSH Act, အပိုဒ် ၁၅။ လုပ်ငန်းခွင်၌ ရှိနေသူ၏တာဝန်
            (၁) လုပ်ငန်းခွင်၌ ရှိနေသူတိုင်းသည် သူကိုယ်တိုင်၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် (အလုပ်ရှင် မှ ထောက်ပံ့ပေးထားသော) တစ်ကိုယ်ရေကာကွယ်ရေးအသုံးအဆောင်၊ ကိရိယာများကို သေချာစွာဝတ်ဆင်ရန် တာဝန်ရှိ သည်။
            (၂) သိလျက်နှင့်ဖြစ်စေ၊ မသိဘဲလျက်ဖြစ်စေ မိမိအားပေးထားသော တစ်ကိုယ်ရေကာကွယ်ရေးအသုံးအဆောင်၊ ပစ္စည်း ကိရိယာများကို ဖျက်ဆီးပါက သို့မဟုတ် တလွဲမသုံးရ။
            ဤကဲ့သို့ အလွဲသုံးစားလုပ်ခဲ့လျှင် ဒဏ်ငွေ ပထမအကြိမ် ဒေါ်လာ ၁၀၀၀၊ နောက်အကြိမ် ဒေါ်လာ ၂၀၀၀ တပ်ရိုက် မည် ဖြစ်၏။
            ထိုမျှသာမက ဥပဒေတွင် လိုအပ်သော Code of Practice (CP) များ ရေးဆွဲရန် ပြဌာန်းထားရာ စင်ကာပူ၌ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများအတွက် ရေးဆွဲထားသော စီပီများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (SS ဟူသည် Singapore Standard ဖြစ်၏။ ယခင်က CP ဟုထုတ်ခဲ့ပြီး နောက်ပိုင်းတွင် SS ဟု ပြောင်းလဲသုံးစွဲခဲ့ပါသည်။)
စဉ်
CP / SS
အမည်
ပြဌာန်းသည့်ခုနှစ်
CP 76
Selection, Use, Care and Maintenance of Hearing Protectors
1999
SS98
Specification for Industrial Safety Helmets
2005
SS 473
Part 1
Specification for Personal Eye Protectors
1999
SS513
Part 1
Personal Protective Equipment – Footwear
Part 1 - Safety Footwear
2005
SS513
Part 2
Personal Protective Equipment – Footwear
Part 2 – Test Method for Footwear
2005
SS548
Selection, Use and Maintenance of Respiratory Protective Devices
2009
SS549
Selection, Use, Care and Maintenance of Hearing Protectors
2009
            (တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းဟုရေးရ၊ ဖတ်ရသည်မှာ ရှည်လှသည်။ သို့အတွက် ဤမှရှေ့ကို ပီပီအီးဟုသာ အင်္ဂလိပ်စကားလုံးကို အသံလှယ်၍ အတိုကောက်သုံးပါမည်။ ဤကား စကားချပ်။)
စီပီများ၌ ပီပီအီးများထုတ်လုပ်ရာတွင် လိုက်နာရမည့်စံနှုန်းများ၊ စမ်းသပ်နည်းများ၊ ပီပီအီးများကို မည်ကဲ့သို့ ရွေးချယ်ရမည်။ မည်ကဲ့သို့ထိန်းသိမ်းရမည် စသည်တို့ကို ဖော်ပြထားပါသည်။ ပီပီအီးတစ်ခုချင်းအလိုက် စာအုပ်တစ်အုပ်စီ ထုတ်ထားရာ ထိုအကြောင်းအရာများကို ဤနေရာတွင် ဖော်ပြရန်မဖြစ်နိုင်ပါ။ ပီပီအီးတစ်ခုချင်းအလိုက်ရေးသော ဆောင်းပါး များတွင် ဖော်ပြပါမည်။
အမေရိကန် နှင့် စကော့တလန်တို့တွင် ပီပီအီးနှင့်ပတ်သက်သည့် နည်းဥပဒေများရှိသည်။ သို့သော် နိုင်ငံတော်တော် များများတွင်တော့ ပြဌာန်းထားတာမတွေ့ရပါ။ စင်ကာပူတွင်လည်း ပီပီအီးနှင့်ပတ်သက်သည့် နည်းဥပဒေမရှိပါ။
ပီပီအီးများသုံးစွဲရေးအတွက် စီမံချက်ရေးဆွဲထားရပါမည်။ ဤစီမံချက်တွင် လုပ်ငန်းအတွင်းရှိ အန္တရာယ်များ၊ ထိုအန္တရာယ်များအလိုက် လိုအပ်မည့် ပီပီအီးများ၊ ထိုပီပီအီးများကိုဝယ်ယူရေး၊ ထုတ်ပေးရေးတို့တွင်ပြုလုပ်ရမည့် အစီအစဉ်၊ ပီပီအီးစစ်ဆေးမည့်အစီအစဉ်၊ ပီပီအီးများကို သိုလှောင်ရန်နှင့် သန့်ရှင်းရေးပြုလုပ်မည့် အစီအစဉ် စသည်တို့ကို ထည့်သွင်း ရေးဆွဲထားရပါမည်။
            အလုပ်သမားများအား ပီပီအီးများ ထုတ်ပေးဘို့ဆိုသည်မှာ အပိုပိုက်ဆံကုန်သောအလုပ်ဖြစ်၏။ အလွန်သဘော မနောကောင်းသည့် အလုပ်ရှင်မှလွဲ၍ ( ဒါလုပ်ပေးရင်ပေး၊ မပေးရင် အရေးယူမည်ဟု ဥပဒေဖြင့် ပြဌာန်းမထားလျှင်) အဘယ် အလုပ်ရှင်သည် အလုပ်သမားများအတွက် ပိုက်ဆံအပိုအကုန်ခံပါမည်နည်း။ အလုပ်ရှင်က ပီပီအီးများ ထုတ်မပေးလျှင်ရော အလုပ်သမားများအနေနှင့် ဘာလုပ်လို့ရပါမည်နည်း။ သို့ဖြစ်လေရာ အလုပ်သမားများအား ပီပီအီးများ ထောက်ပံ့ပေးဘို့ရာ ဥပဒေဖြင့်ပြဌာန်းမှ ဖြစ်နိုင်မည်။
အလုပ်ရှင်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မည်သည့်အလုပ်မျိုးကိုမဆို လုပ်နေသူအား အောက်ပါကာကွယ်ခြင်း များအတွက် လုံလောက်သော တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ ထုတ်ပေးရမည်။
က) မျက်လုံး ကာကွယ်ရေး
ခ) အမြင့်မှ လိမ့်ကျခြင်းမှကာကွယ်ရေး
ဂ) ခြေထောက် ကာကွယ်ရေး
ဃ) လက် ကာကွယ်ရေး
င) ဦးခေါင်း ကာကွယ်ရေး
စ) အကြားအာရုံ ကာကွယ်ရေး
ဆ) အသက်ရှုလမ်းကြောင်း ကာကွယ်ရေး
ထို့ပြင်တ၀ ထိုပစ္စည်းများမှာ ထိခိုက်ရှနာမှုများမှကာကွယ်ရန် ထုတ်လုပ်ထားသည်ဖြစ်ရာ သာမန်အ၀တ်အစားများ ထက် ပိုမိုလေးလံတင်းကျပ်သည်။ သက်တောင့်သက်သာ မရှိလှ။ ထို့အတွက် အန္တရာယ်မကင်းသည်ပင်ဖြစ်စေ၊ ထိုပစ္စည်းများ ၀တ်ပါက အမှန်တကယ် အန္တရာယ်ကင်းသည်ဟု သိရက်သားနှင့်ပင် အလုပ်သမားအများစုမှာ ထိုပစ္စည်းကိရိယာများကို မ၀တ်လိုကြ။ ထို့ကြောင့် အလုပ်သမားများ ပီပီအီးများ ၀တ်ရေးကိုလည်း ဥပဒေဖြင့် ပြဌာန်းပေးရသည်။
ဥပမာအားဖြင့် - ကျွန်မသေချင်သေပါစေဆရာရယ်၊ ဖင်လှန်ပြီးတော့ အပ်ကြီးနှင့်တော့ အထိုးမခံပြစေနဲ့၊ ရှက်လွန်း လို့ပါ ဟု ဆိုသည်ကို မရဘူး မမ၊ ရှက်တာကနောက်၊ ခင်ဗျားသေမှာက အရင်။ ခင်ဗျားသေရင် ကုပေးတဲ့ ကျုပ်နာမည်ပျက် တယ်။ ဒီတော့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ထိုးရမှာပဲ (အပ်နဲ့) ဟု ဟိုအမျိုးသမီး မသေအောင် ဆေးအတင်းထိုးပေးရသော ဒေါက်တာကဲ့သို့ ဖြစ်လေ၏။
အလုပ်သမားများသို့ ပီပီအီးထုတ်ပေးသည့်အခါတွင်လည်း ပြီးပြီးရောထုတ်ပေးလိုက်ခြင်းမျိုး မဟုတ်ဘဲ အလုပ်သမား နှင့် သင့်တော်သည့်အရွယ်အစားရှိသည့် ပီပီအီးကို ရွေးချယ်ထုတ်ပေးဘို့ လိုပါသည်။ သို့မဟုတ်ပါက ခမောက်၊ ဖိနပ်တို့ ၀တ်ဆင်ရာတွင် ချောင်လွန်းခြင်း၊ ကြပ်လွန်းခြင်း စသဖြင့် အဆင်ပြေမည်မဟုတ်ပါ။ အင်္ကျီကိုပင်လျှင် လူခန္ဓာအရွယ်အစားကို လိုက်၍ အသေး၊ အလတ်၊ အကြီး ခွဲခြားမှာယူ၊ ထုတ်ပေးရန်လိုပါသည်။ ကျပ်လွန်းသည့်အင်္ကျီသည် ၀တ်ရ သက်တောင့် သက်သာမရှိ။ ပွလွန်းသောအ၀တ်ကိုဝတ်လျှင် လည်ပတ်နေသော စက်ယန္တရားများနှင့် အလုပ်လုပ်သည့်အခါ စက်ညပ်မည့် အန္တရာယ်ရှိနိုင်ပါသည်။ သို့အတွက် ပီပီအီးမှာတော့မည်ဆိုလျှင် မမှာမီကတည်းက မည်သူမည်ဝါသည် ဖိနပ်အရွယ်မည်မျှ၊ အင်္ကျီအရွယ်မည်မျှ၊ ဘောင်းဘီမှာလျှင် ခါးအရွယ်အစားမည်မျှ စသည်ကို သေသေချာချာစာရင်းပြုစုမှာယူပြီး ထုတ်ပေးသည့် အခါတွင်လည်း ထိုစာရင်းအတိုင်း ထုတ်ပေးရပါမည်။
ထို့ပြင် ပီပီအီး အရေးကြီးပုံ၊ မည်ကဲ့သို့ စနစ်တကျဝတ်ဆင်ရမည် ဆိုသည့်အကြောင်း၊ မည်ကဲ့သို့ ထိန်းသိမ်းရမည် ဆိုသည်များကိုလည်း သေသေချာချာရှင်းပြရပါမည်။ ဤကဲ့သို့ ထုတ်ပေးလိုက်ကြောင်း၊ ရှင်းပြထားကြောင်းကိုလည်း မှတ်တမ်းထားရပါမည်။ အလုပ်သမား၏နာမည်၊ မှတ်ပုံတင်နံပါတ်၊ ၀ပ်ပါမစ်နံပါတ် (Work Permit No.)၊ ဖင်နံပါတ် (FIN No. - Foreign Identification No.)၊ ထုတ်ပေးနေ့စွဲ၊ မည်သည့်ပီပီအီးများ ထုတ်ပေးလိုက်သည် စသည်တို့ကို စာရင်းပြုစုထားရပါ မည်။ ဤပုံစံကို နောက်ဆက်တွဲ (က) ပီပီအီးထုတ်ပေး ပုံစံ ဖြင့်ဖော်ပြထားပါသည်။    
ထိုမျှသာမက ထုတ်ပေးလိုက်သော ပီပီအီးများ ကောင်းမကောင်းကိုလည်း စူပါဗိုက်ဆာများမှ လစဉ်စစ်ဆေးနေရန် လိုပါသည်။ ဤကဲ့သို့စစ်ဆေးကြောင်းကိုလည်း အလုပ်သမားနာမည်၊ စစ်ဆေးသည့်နေ့ရက်၊ မည်သည့်ပစ္စည်းများကို စစ်ဆေး သည်၊ ပီပီအီး၏မျက်မြင်အခြေအနေ စသည်တို့ကို မှတ်တမ်းတင်ထားရမည်။
ဤပုံစံကို နောက်ဆက်တွဲ (ခ) လစဉ်ပီပီအီးစစ်ဆေးချက်မှတ်တမ်း ပုံစံ ဖြင့်ဖော်ပြထားပါသည်။  
ဆေးရုံဆေးခန်း၊ ဓါတ်ခွဲခန်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုနေရာဌာနများသည် ရောဂါပေါင်းစုံတို့ လာရောက် စုဆုံရာ အရပ်ဌာနဖြစ်၏။ ထို့ကြောင့် ထိုဌာနများမှ ၀န်ထမ်းများအား ရောဂါမကူးစက်နိုင်စေရန် လိုအပ်သည့် အကာအကွယ် အပြည့်ပေးထားရန်၊ ထုတ်ပေးထားသည့် အကာအကာအကွယ်ပစ္စည်းများကို အချိန်မှန် လဲပေးရန်၊ ၀န်ထမ်းများအားလည်း ထို ပီပီအီးများနှင့်ပတ်သက်သည့် အသိပညာဗဟုသုတ အပြည့်အ၀ရစေရေးအတွက် သင်တန်းများပေးရန် အလုပ်ရှင်များ၌ အပြည့်အ၀တာဝန်ရှိပါသည်။  
၃။ တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း အတွက် တာဝန်ဝတ္တရား
 စီမံခန့်ခွဲရေးအဖွဲ့အနေနှင့် -
၁) မိမိတို့လုပ်ငန်းခွင်၌ မည်သည့်အန္တရာယ်များရှိသည်ကို သေချာကျနစွာစစ်ဆေးပြီး ထိုအန္တရာယ်များအတွက်
    လိုအပ်မည့် ပီပီအီးအားလုံးကို ဂဃနဏ သိရှိထားရပါမည်။ အထူးသဖြင့် ဓါတုဗေဒပစ္စည်းများအတွက် ဓါတုဗေဒ 
    ပစ္စည်းကိုလိုက်၍ ပီပီအီးအမျိုးအစားကွဲပြားနိုင်ပေရာ မိမိတို့လုပ်ငန်းခွင်ရှိဓါတုဗေဒပစ္စည်းအတွက် သင့်တော်သည့်
    ပီပီအီးကို မှာယူသုံးစွဲရန် အရေးကြီးပါသည်။ ထို့အတူ ဆူညံသောလုပ်ငန်းခွင်အတွက် ထွက်နိုင်သော ဆူညံမှု
    ပမာဏ၊ ထိုဆူညံမှုကို သေသေချာချာကာကွယ်ပေးနိုင်မည့် နားအကာအကွယ်ကိရိယာ စသည်တို့ကို နားလည်
    ထားရပါမည်။
၂) ပီပီအီးများမှာသည့်အခါ ပီပီအီးအကြောင်းကောင်းစွာနားလည်သူကိုသာ မှာယူစေရပါမည်။
၃) အကယ်၍ မိမိတို့အနေနှင့် မည်သည့်ပစ္စည်းကို သုံးရမည်မှန်း မသေချာပါက ပစ္စည်း ထုတ်လုပ်သူ /  
    ရောင်းချသူအား စုံစမ်းမေးမြန်းကာ အကြံဉာဏ်တောင်းခံရပါမည်။
    ဥပမာ - respirator အမျိုးအစား။
၎) လိုအပ်ပါက ထုတ်လုပ်သူ / ရောင်းချသူအားဖိတ်ခေါ်ကာ ပီပီအီးဝတ်ပုံဝတ်နည်း၊ သုံးပုံသုံးနည်း၊  
    သန့်ရှင်းရေးပြုလုပ်နည်း၊  ပြုပြင်ထိန်းသိမ်းနည်းစသည်တို့ကို သင်တန်းပေးရပါမည်။
    ဥပမာ - full body harness ၀တ်နည်း၊ ထိန်းသိမ်းနည်း၊ respirator ၀တ်ရာတွင်လိုသည့်စမ်းသပ်ချက် Fit Test ။
၅) လစဉ် ပီပီအီးစစ်ဆေးခြင်းကို စူပါဗိုက်ဆာများအား မဖြစ်မနေလုပ်ဆောင်ရန် တွန်းအားပေးရမည်။
၆) အလုပ်သမားတစ်ဦးဦးသည် ပီပီအီးမကောင်းတော့၍ အသစ်လဲရန် လိုအပ်လာလျှင် လိုအပ်သည့်အချိန်တွင်
    ထုတ်ပေးနိုင်ရန် အမြဲအဆင်သင့်ဖြစ်နေရပါမည်။ လိုအပ်သည့်အခါမှ ပစ္စည်းကို ထပ်မှာတာမျိုး မဖြစ်စေရပါ။
၇) လိုအပ်ပါက ထောက်ပံ့ပေးထားသော ပီပီအီးသည် ထိတွေ့နေရသည့် ဘေးအန္တရာယ်မှ ကောင်းကောင်းကာကွယ်
    ပေးနိုင် / မပေးနိုင်ကို လေ့လာ၊ စစ်ဆေးရန် လိုပါသည်။
    ဥပမာ - ဖိုက်ဘာဂလပ်ပိုက်ကို လာမနိတ်လုပ်ရာမှ ထွက်လာသော စတိုင်ရင်းဓါတ်ငွေ့ကို အလုပ်သမား
    မည်မျှကြာကြာ စစ်ပေးနိုင်သည်။ မည်မျှကြာလျှင် တစ်ကြိမ်လဲရမည် စသည်။
၈) မိမိတို့မှာယူထားသော ပီပီအီးသည် စီပီတွင်ပြဌာန်းထားသော စံချိန်များနှင့် ကိုက်ညီမညီ။ (မည်သို့စစ်ဆေးရမည်
    ဆိုသည့်အကြောင်း အသေးစိတ်ကို ပီပီအီးတစ်ခုချင်းအကြောင်း ရေးသားရာတွင်ထည့်သွင်းဖော်ပြပါမည်။)
အလုပ်သမားများအနေနှင့် -
၁) ထုတ်ပေးထားသော ပီပီအီးကို လိုအပ်သည့်အခါတိုင်း ၀တ်ဆင်ရန်တာဝန်ရှိသည်။
၂) ပီပီအီးကို ၀တ်ဆင်သည့်အခါ ထုတ်လုပ်သူ ညွှန်ကြားထားသည့်အတိုင်း စနစ်တကျ ၀တ်ဆင်ရမည်။
၃) ပီပီအီးအား အသုံးမပြုမီ စစ်ဆေးရမည်။
၎) ထုတ်ပေးထားသော ပီပီအီးကို စနစ်တကျ သိမ်းဆည်းရမည်။ အမြဲသန့်ရှင်းရေးလုပ်ရမည်။
၅) ပီပီအီးကို သင့်တော်သည့်နေရာတွင်သာသုံးရမည်။ အလွဲသုံးစားမပြုရ။ (ဥပမာ - safety harness မှ lanyard
    ကြိုးကို ပစ္စည်းအတင်အချလုပ်ရာတွင် ကြိုးအဖြစ်သုံးခြင်းမျိုး)
၆) အောက်ပါတို့အနက်မှ တစ်ခုခုကိုတွေ့လျှင် စူပါဗိုက်ဆာ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့သို့ ချက်ချင်း အကြောင်းကြား
    ရမည်။
က) ပီပီအီးသည် ပျက်စီးနေလျှင်
ခ) ပီပီအီးသည် ကောင်းကောင်းအလုပ်မလုပ်တော့လျှင် (ဥပမာ - safety harness မှ ချိတ်သည်
    အလုပ်မလုပ်တော့လျှင်)
ဂ) ပီပီအီးသည်အလွန်ညစ်ပတ်နေသဖြင့် သန့်ရှင်းရန်လိုသည့်အခါ (ဓါတုဆေးရည်စိမ်ကာသန့်ရှင်းခြင်းမျိုး)
၇) ပီပီအီး ပျက်စီးပျောက်ဆုံးသွားလျှင် ပီပီအီးအသစ်မရသေးမီစပ်ကြား အလုပ်ကို ရပ်နားထားရမည်။
    ပီပီအီးမရှိဘဲ အလုပ်မလုပ်ရ။
၈) အလုပ်သမားအသစ်တစ်ဦးစီတိုင်းအတွက် အလုပ်ရှင်သည် ပီပီအီးတစ်စုံစီထုတ်ပေးရန် တာဝန်ရှိသကဲ့သို့  
   ထိုကုမ္ပဏီမှ ထွက်သွားသည့်အခါတွင် မိမိအားထုတ်ပေးထားသော ပီပီအီးများကို ပြန်လည်အပ်ခဲ့ရန်
   အလုပ်သမားတွင် တာဝန်ရှိပါသည်။ အကယ်၍ ပီပီအီးများကို ပြန်မအပ်ခဲ့လျှင် ထိုပီပီအီးများ၏ တန်ဘိုးကို
   အလုပ်ရှင်သည် အလုပ်သမား၏နောက်ဆုံးထုတ်လစာမှ ဖြတ်တောက်ခွင့် ရှိပါသည်။
၎။ ပီပီအီးရွေးချယ်ခြင်း
            ပီပီအီးရွေးချယ်ရာတွင် အရေးကြီးသော အချက်တစ်ခုမှာ ဒီဇိုင်းထုတ်ထားသော ကာကွယ်ရေးအဆင့် (level of protection) ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သောပစ္စည်းသည် ဈေးပိုကြီးမည်မှန်သော်လည်း ဈေးကြီးတိုင်း ကောင်းသည့်ပစ္စည်း ဖြစ်သည်ဟုတော့ တရားသေ မှတ်လို့မရပါ။ ပီပီအီးထုတ်လုပ်ထားသော စံချိန်စံညွန်းနှင့် မည်သည့်အန္တရာယ်ကို မည်မျှ ကာကွယ်နိုင်သည်ဟူသော သတ်မှတ်ချက်ပေါ်မူတည်ပြီးသာ ရွေးရပါမည်။
             ရွေးချယ်လိုက်သော ပီပီအီးသည် -
ü  လုပ်မည့်လုပ်ငန်းအမျိုးအစားနှင့်သင့်တော်ရမည်။ ထိုလုပ်ငန်းကြောင့်ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်ကို ကောင်းစွာ ကာကွယ်ပေးနိုင်ရမည်။
ü  သုံးသည့်သူအတွက် လုံလောက်သောအကာအကွယ်ကို ပေးနိုင်ရမည်။
ü  ဤပီပီအီးဝတ်လိုက်ခြင်းဖြင့် ပိုပြီးအန္တရာယ်များမလာစေရ။
ü  အခြားပီပီအီးများဝတ်ဆင်လျှင်လည်း အဆင်ပြေနေစေရမည်။ (ဥပမာ - နားကြပ်တပ်၍ရသည့်ခမောက်)
ü  ၀တ်ရာတွင် သက်တောင့်သက်သာ ရှိစေရမည်။
ü  ပီပီအီးသည် အသုံးပြုသူ၏ အခြားကျန်းမာရေးအခြေအနေများအား အနှောင့်အယှက်မဖြစ်စေရ။
ü  အလွယ်တကူ ၀တ်နိုင်၊ ချွတ်နိုင်ရမည်။ ၀တ်ဆင်သူ၏ အရွယ်အစားအလိုက် အလျှော့အတင်းလုပ်နိုင်စေရမည်။
ခမောက်ဆိုတိုင်း ပြီးပြီးရော ခမောက်ကို ကောက်ဝတ်လို့မရပါ။ သတ်မှတ်ထားသော စံနှုံးများအရ ထုတ်လုပ် ထားသော ခမောက်ဖြစ်ရပါမည်။ မော်တော်ဆိုင်ကယ်စီးရာတွင် ဆောင်းသောခမောက်ကို လုပ်ငန်းခွင်အတွင်း ဆောင်း၍ မရသကဲ့သို့ လုပ်ငန်းခွင်သုံးခမောက်ကိုလည်း ဆိုင်ကယ်စီးရာတွင် မသုံးရပါ။
၅။ အသက်ရှူအထောက်အကူပြုကိရိယာ (Respirator) ၀တ်ဆင်ခြင်းအတွက် လုံမလုံစမ်းသပ်မှု ပြုခြင်း (Fit Test)
            အသက်ရှူအထောက်အကူပြုကိရိယာ ၀တ်ဆင်ခြင်းရမှာ ပြင်ပလေထုရှိ အနံ့အသက်များ၊ အန္တရာယ်ရှိသော ဓါတ်ငွေ့များ၊ အဆိပ်ငွေ့များ ခန္ဓာကိုယ်အတွင်း ၀င်ရောက်မလာစေခြင်းငှာ ၀တ်ဆင်သူအား အကာအကွယ်ပေးရန် ဖြစ်ပေသည်။  ထို့ကြောင့် အသက်ရှူကိရိယာ ၀တ်ဆင်ရာတွင် လုံမလုံစမ်းသပ်ရန် လိုပါသည်။
ဤသို့လုံမလုံစမ်းသပ်ခြင်းကို အသက်ရှူကိရိယာရောင်းချပေးသည့် ကုမ္ပဏီမှလာရောက်ပြုလုပ်ပေးပါသည်။ Fit Test လုပ်ရင်း တစ်ပါတည်း အသက်ရှူကိရိယာကို မည်ကဲ့သို့ဝတ်ဆင်ရမည်။ မည်ကဲ့သို့ဆေးကြောရမည်။ မည်ကဲ့သို့ သိမ်းဆည်းရ မည် အစရှိသည်တို့ကိုပါ သင်ပေးပါသည်။
ဤကဲ့သို့သင်ကြားပေးခြင်းမှာ ကောင်း၏။ အလွန်အသုံးတည့်ပါသည်။ နောင် အလုပ်ခွင်အတွင်း၌ အလုပ်သမားများ မှာ အသက်ရှူကိရိယာဝတ်သည့်အခါတိုင်း သူတို့ဘာသာ စမ်းသပ်ခြင်း၊ ဆေးကြောသုတ်သင်ခြင်းများကို တွေ့ရပါသည်။
            Fit Test ကို လူသစ်များရောက်လာတိုင်း ပစ္စည်းအသစ်လဲတိုင်း ပြုလုပ်ပေးရန် လိုပါသည်။ ဤကဲ့သို့ပြုလုပ်ပေးရန်မှာ အသက်ရှူကိရိယာရောင်းချပေးသူ၏ တာဝန်ဖြစ်လေသည်။
၆။ ပီပီအီးဝတ်ဆင်ခြင်း
            လူတစ်ဦးချင်းစီအတွက် ပီပီအီးတစ်စုံစီ ကိုယ်စီရှိရပါမည်။ မိမိအားထုတ်ပေးထားသော ပီပီအီးကို အခြားသူနှင့် လဲလှယ်ဝတ်ဆင်ခြင်းမပြုရပါ။ 
ü  ထုတ်လုပ်သူညွှန်ကြားထားသည့်အတိုင်း သေချာစွာ ၀တ်ဆင်ပါ။
ü  ၀တ်ဆင်ရာတွင် သေချာစွာ အထိုင်ကျပါစေ။
ü  ၀တ်ဆင်မည့် အလုပ်သမားများအား ပီပီအီးအကြောင်း သေသေချာချာရှင်းပြကာ အသုံးပြုပုံပြုနည်း၊ သန့်ရှင်းရေး လုပ်နည်း၊ ပြုပြင်ထိန်းသိမ်းနည်း၊ သိမ်းဆည်းထားနည်းတို့ကို သင်ကြားပေးပါ။
ü  လုပ်ငန်းခွင်အတွင်း၌ မည်သည့်နေရာတွင် မည်သည့်ပီပီအီးဝတ်ဆင်ရမည်ကို ဆိုင်းဘုတ်များဖြင့် ပြသထားပါ။
ပီပီအီးအကြောင်း သင်တန်းပေးရာတွင် -
ü  အလုပ်သမားအသစ်များ ရောက်လာသည့်အခါတိုင်း
ü  ပီပီအီးအသစ်များ ရောက်လာသည့်အခါတိုင်း
ü  အလုပ်သမားများ ပီပီအီးအကြောင်း မေ့လောက်ပျောက်လောက်ရှိသည့်အခါတိုင်း
-       သင်တန်းပေးပါ။ သင်တန်းပေးပြီးလျှင်လည်း သင်တန်းမှတ်တမ်းကို သိမ်းဆည်းထားပါ။
၇။ ပီပီအီးကို စနစ်တကျ သိမ်းဆည်းခြင်း
            ပီပီအီးကို အမြဲသန့်ရှင်းစွာထားပါ။ ၀တ်ပြီးသည့်အခါတိုင်း သန့်ရှင်းရေးလုပ်ပါ။ မသန့်ရှင်းသောပီပီအီးသည် သင့်ကို ကောင်းစွာကာကွယ်ပေးနိုင်မည် မဟုတ်ပါ။ ထို့ပြင် ပီပီအီးကို လက်လှမ်းတမီတွင် အမြဲထားပါ။ ပီပီအီးများ ကောင်း၊ မကောင်း နေ့စဉ် စစ်ဆေးပါ။ မကောင်းလျှင် အသစ်လဲပါ။
            ပီပီအီးများကို သိမ်းဆည်းထားမည့်နေရာအား စနစ်တကျလုပ်ပေးထားပါ။ ထားသည့်နေရာသည် အလွယ်တကူ ထားသိုနိုင်၊ ၀င်ထွက်နိုင်သည့်နေရာဖြစ်ရမည်။ နေရောင်ခြည်တိုက်ရိုက်ကျသောနေရာ၊ စိုထိုင်းဆများသောနေရာ၊ မိုးပက်သည့်နေရာ၊ အလွန်ပူသည့်နေရာ၊ အလွန်ပူသည့်နေရာ စသည်တို့မဖြစ်စေရ။ ထားသည့်နေရာကို အလုပ်သမား တစ်ဦးစီအတွက် သေတ္တာတစ်ခုလုပ်ပေးထားပြီး သေတ္တာပေါ်တွင် အလုပ်သမား၏နံပါတ်ကို ရေးသားထားပါ။ ပီပီအီးကို မသန့်ရှင်းသောပစ္စည်း၊ ဓါတုဗေဒပစ္စည်း စသည်တို့နှင့် တွဲမထားရ။ များသောအားဖြင့် အလုပ်သမားများကို တစ်နေရာတည်း တွင် စုထားတတ်ကြရာ အ၀တ်လှန်းသည့်နေရာမှာလည်း တစ်နေရာတည်းဖြစ်တတ်သည်။ ထိုအခါ အ၀တ်ဟောင်းများ ထားသည့်နေရာမှာ စိုထိုင်းထိုင်းနှင့် အလွန်ညစ်ပတ်နံစော် နေတတ်သည်။ ထို့ကြောင့် ပီပီအီးများကို မည်သည့်အခါမှ အ၀တ် ဟောင်းများနှင့် အတူ တွဲမထားပါနှင့်။
ပီပီအီးထားသည့်နေရာသည် အနံ့အသက် ကင်းဝေးနေရမည်။ စိုထိုင်းဆများသောနေရာသည် ပစ္စည်းများကို အလွယ်တကူ မှိုတက်စေသည်။ ခမောက် နှင့် ကိုယ်သိုင်းကြိုးများတွင် ချွေးများစုပ်ယူထားသဖြင့် အစိုဓါတ်နှင့်တွေ့ပါက လျှင်မြန်စွာ မှိုတက်မည်ဖြစ်ပါသည်။
အသက်ရှုကိရိယာထားရန် သီးသန့်ပလတ်စတစ်အိတ် လိုပါသည်။ အသက်ရှုကိရိယာရှိလေစစ်ကိရိယာသည် ၎င်းနှင့် ထိတွေ့လာသည့် အနံ့အသက်မှန်သမျှကို စုပ်ယူသည်။ ထို့ကြောင့် အသက်ရှုကိရိယာကို ဓါတုဗေဒဆေးရည်များ၊ မီးခိုးများ၊ မီးဖိုဆောင်ကဲ့သို့ အနံ့အသက်ထွက်သောနေရာများတွင်ထားလျှင် ထို လေစစ်ကိရိယာ၏ သက်တမ်းလျှင်မြန်စွာကျဆင်းသွား မည်ဖြစ်၏။ ထို့ကြောင့် မည်သည့်အနံ့အသက်မှ မရစေရန် အသုံးမပြုသည့်အခါများတွင် အသက်ရှုကိရိယာကို ဇစ်ပါသည့် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားရပါမည်။ 
            ပီပီအီးစစ်ဆေးမှု၊ ပြုပြင်ထိန်းသိမ်းမှုကို မှတ်တမ်းထားပါ။ ပီပီအီးကို မည်သည့်နေ့က ထုတ်ပေးလိုက်သည်။ မည်သည့်နေ့ရက်က ပြုပြင်ထိန်းသိမ်းမှုလုပ်သည်။ မည်သည့်နေ့ရက်က စစ်ဆေးသည် စသည်တို့ကို မှတ်တမ်းတင်ထားရ ပါမည်။
ထို့ပြင် ပီပီအီးအား မည်ကဲ့သို့ သိမ်းဆည်းရမည်ကို လည်းကောင်း၊ မည်ကဲ့သို့ သန့်ရှင်းရေးလုပ်ရမည်ကို လည်းကောင်း၊ မည်ကဲ့သို့ စစ်ဆေးရမည်ကိုလည်းကောင်း ပီပီအီးအသုံးပြုသူသည် သေချာစွာ သိနေပါစေ။ ထို့ပြင် ပီပီအီးတစ်ခု၏ သက်တမ်းကိုလည်း သိရပါမည်။ ဥပမာ - အန္တရာယ်ကင်းခမောက်၏ သက်တမ်းမှာ ၃ နှစ်ဖြစ်သည်။ သို့သော် ခမောက်အတွင်းပိုင်းမှ ကူရှင်များ၏ သက်တမ်းမှာမူ ၂ နှစ်သာဖြစ်သည်။ သက်တမ်းစေ့လျှင် အသစ်လဲပါ။
၈။ ပီပီအီးအကြောင်း ရှင်းလင်းပြောပြခြင်း
            ပီပီအီးအကြောင်းကို အလုပ်သမားအားလုံးအား ကောင်းစွာ သဘောပေါက်နားလည်စေရန် ရှင်းလင်းပြသရပါမည်။
ပီပီအီးအကြောင်းပြောပြရာတွင် အောက်ပါအချက်များ ပါဝင်စေရမည်။
၁) မည်ကဲ့သို့သော အန္တရာယ်များအတွက် မည်သည့်ပီပီအီးများ လိုအပ်သနည်း။
၂) ဤပီပီအီးသည် မည်ကဲ့သို့သော အန္တရာယ်ကို မည်မျှအထိကာကွယ်ပေးနိုင်သနည်း။ မည်သည့်အန္တရာယ်တို့ကို
    အကာအကွယ်မပေးနိုင်သနည်း။
၃) ဤပီပီအီးကို မည်ကဲ့သို့ စနစ်တကျဝတ်ဆင်ရမည်နည်း။ မိမိနှင့်အဆင်ပြေအောင် မည်ကဲ့သို့ အလျှော့အတင်း
    လုပ်ရမည်နည်း။
၎) ပီပီအီးကို မည်ကဲ့သို့ သိမ်းဆည်းရမည်နည်း။ မည်ကဲ့သို့ဆေးကြောရမည်နည်း။ မည်ကဲ့သို့
    ပြုပြင်ထိန်းသိမ်းရမည်နည်း။
၅) အသုံးမပြုမီ စမ်းသပ်စစ်ဆေးရန် လိုပါသလား။ လိုပါက မည်ကဲ့သို့ စမ်းသပ်စစ်ဆေးရမည်နည်း။
၆) ပီပီအီး ချွတ်ယွင်းနေသည်ကို၊ ကောင်းစွာ အလုပ်မလုပ်တော့သည်ကို မည်ကဲ့သို့သိနိုင်သနည်း။ ထိုအခါ ရုံးသို့
    မည်ကဲ့သို့ သတင်းပို့၊ အကြောင်းကြားရမည်နည်း။
၇) ပီပီအီး၏ သက်တမ်းသည်မည်မျှ ရှိသနည်း။ ပြုပြင်ထိန်းသိမ်းရန် မည်သည့်နေရာသို့ ဆက်သွယ်ရမည်နည်း။
၈) ပီပီအီးကို သို့မဟုတ် ပီပီအီးမှ အပိုပစ္စည်းများကို မည်သည့်နေရာတွင် ရနိုင်သနည်း။
၉။ ပီပီအီးအတွက် စံနှုန်းများ
            ဤစံနှုန်းများမှာ အထက်ဖော်ပြပါ စင်ကာပူ CP/SSများမှ ရည်ညွှန်းထားသောစံနှုန်းများ ဖြစ်ပါသည်။
စဉ်
တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း
စံနှုန်း (အမေရိကန်၊ ဗြိတိသျှ၊ သြစတေးလျ၊ နယူးဇီလန် စသည်)
အန္တရာယ်ကင်းခမောက်
ANSI Z89.1, AS/NZS 1800, BS EN 397, BS EN 960, ISO 3873
အန္တရာယ်ကင်းမျက်မှန်
BS EN 166, BS EN 169, BS EN 170, BS EN 171: 1992
အန္တရာယ်ကင်းဖိနပ်
EN ISO 20345: 2004, EN ISO 20344: 2004
အန္တရာယ်ကင်းနားကြပ်
EN 352-1, EN 352-2, EN 457, EN 24869-1, ISO/DIS 4869-2
အသက်ရှုထောက်ကူပြုကိရိယာ
AS/NZS 1715, AS/NZS 2243.3, BS EN 529, OSHA 1910.134
၁၀။ ပီပီအီးပုံစံများ
၁၀၊ ၁။ ဦးခေါင်းအန္တရာယ်ကာကွယ်ရေး ပစ္စည်းများ
၁၀၊ ၂။ ခြေထောက်အန္တရာယ်ကာကွယ်ရေး ပစ္စည်းများ
၁၀၊ ၃။ လက်အန္တရာယ်ကာကွယ်ရေး ပစ္စည်းများ
၁၀၊ ၄။ အသက်ရှူလမ်းကြောင်း အန္တရာယ်ကာကွယ်ရေး ပစ္စည်းများ
၁၀၊ ၅။ မျက်လုံးအကာအကွယ်ပစ္စည်းများ
၁၀၊ ၆။ နားအကာအကွယ်ပစ္စည်းများ
၁၀၊ ၇။ ခန္ဓာကိုယ် အကာအကွယ်အ၀တ်အစားများ
၁၀၊ ၈။ အမြင့်မှလိမ့်မကျစေရန် ကာကွယ်ပေးသည့်ပစ္စည်းများ
နိဂုံး
            ဤသည်မှာ အန္တရာယ်ကင်းအ၀တ်အစားများအကြောင်း ဖြစ်ပါသည်။ ပစ္စည်းတစ်ခုချင်းအကြောင်းကိုမူ သီးသန့် ဆောင်းပါးများ ရေးသားဖော်ပြပါမည်။
ရည်ညွှန်းစာအုပ်စာတမ်း နှင့် အင်တာနက် web site များ
http://www.healthyworkinglives.com
http://www.safety.uwa.edu.au/policies/personal_protective_equipment_guidelines
http://en.wikipedia.org/wiki/Personal_protective_equipment
http://www.osha.gov/SLTC/personalprotectiveequipment/index.html
http://www.ppe.org/
http://www.deir.qld.gov.au/workplace/subjects/ppe/whatisppe/index.htm
အေးငြိမ်း (လေးမျက်နှာ)
၎ - ၁၁ - ၂၀၁၂ ည သန်းခေါင်တိတိ
No comments: