Tuesday, July 3, 2012

မြန်မာ ပြက္ခဒိန် တွက်နည်း (၁)

အခြေခံ နက္ခတ္တဗေဒ


            မြန်မာပြက္ခဒိန်အကြောင်းနားလည်နိုင်ရန် ဦးစွာ နက္ခတ္တဗေဒအခြေခံကို နားလည်ထားရပါမည်။ မြန်မာပြက္ခဒိန်ကို ကောင်းကင်ရှိ ဂြိုဟ်၊ နက္ခတ်များ သွားလာပုံ၊ တည်နေပုံများနှင့် ညှိနှိုင်းတွက်ချက်ရခြင်း ဖြစ်သဖြင့် ကောင်းကင် နက္ခတ် ဂြိုဟ်နေများကို မသိပဲ မြန်မာပြက္ခဒိန်အကြောင်း နားလည်ရန် မလွယ်ပါ။ ထို့ကြောင့် မြန်မာပြက္ခဒိန်အကြောင်းမပြောမီ ဦးစွာ အခြေခံ နက္ခတ္တဗေဒအကြောင်း ပြောရန်လိုပါသည်။

၁၊ ၁။ ယူနစ်များ

            မြန်မာပြက္ခဒိန်တွက်တော့မည်ဆိုလျှင် တွက်ကိန်းများထဲမှ အခေါ်အဝေါ်များ၊ အတိုင်းအတာ ယူနစ်များကို  နားလည်ရပါမည်။ မြန်မာပြက္ခဒိန် တွက်ကိန်းများမှာ ရှေးဟောင်းကျမ်းစာဖြစ်သော သူရိယသိဒ္ဓန္တကျမ်းကို မူတည် တွက်ချက်သည် ဖြစ်ရာ ထိုကျမ်းကိုမြန်မာပြန်ထားသော မြန်မာသူရိယသိဒ္ဓန္တကျမ်းလာ အခေါ်အဝေါ်၊ အတိုင်းအတာများကို သိထားရပါမည်။ တွက်သည့်အခါတွင် ခေတ်သင်္ချာနည်းနှင့် ဖော်ပြမည်ဖြစ်သော်လည်း သူရိယသသိဒ္ဓန္တကျမ်းကိုမူ လက်လွှတ်၍မပါ။

 နက္ခတ် အသွားအလာ၊ တည်နေရာ အတိုင်းအတာများ


၆၀
အနုလိတ္တာ
=
ဝိလိတ္တာ
အံသာ
=
ဒီဂရီ
၆၀
ဝိလိတ္တာ
=
လိတ္တာ
ဘဂဏ
=
ပတ်
၆၀
လိတ္တာ
=
အံသာ
၁၂
ရာသီ
=
၃၆၀
ဒီဂရီ
၃၀
အံသာ
=
ရာသီ
ရာသီ
=
လခန့်
၁၂
ရာသီ
=
ဘဂဏ
၁၂
ရာသီ
=
နှစ်


ရှေးခေတ် မြန်မာနာရီ အတိုင်းအတာများ


၁၀
ခဏ
=
လယ
၁၀
လယ
=
ခရာ
၆၀
အနုခရာ
=
ဝိခရာ
၁၀
ခရာ
=
ပြန်
၆၀
ဝိခရာ
=
ခရာ
ပြန်
=
ဗီဇနာ
၆၀
ခရာ
=
ဗီဇနာ
၁၅
ဗီဇနာ
=
ပါဒ်
၆၀
ဗီဇနာ
=
နာရီ
ပါဒ်
=
နာရီ
၆၀
နာရီ
=
ရက်


ရှေးခေတ် မြန်မာနာရီတွက်ရာတွင် သုံးသော မြန်မာ အလျားအတိုင်းအတာများ


၆၀
ဆံခြည်
=
မုရော
၆၀
မုရော
=
ဘ၀ါး

  ရာသီအတိုင်းအတာများ

၆၀
အနုဃဋီ
=
ဝိဃဋီ
၆၀
ဝိဃဋီ
=
ဃဋီ
၁၅
ဃဋီ
=
ပါဒ်
ပါဒ်
=
နက္ခတ်
၆၀
ဃဋီ
=
နက္ခတ်
၂၇
နက္ခတ်
=
ရာသီ

    နာရီ အတိုင်းအတာများ                                                   တိထီ၊ ဃဋီ အတိုင်းအတာများ

၆၀
စက္ကန့်
=
မိနစ်
၆၀
အနုဃဋီ
=
ဝိဃဋီ
၆၀
မိနစ်
=
နာရီ
၆၀
ဝိဃဋီ
=
ဃဋီ
၂၄
နာရီ
=
ရက်
၆၀
ဃဋီ
=
တိထီ


၁၃၅၀
ကြမတ်မွှား
=
ကြမတ်
၈၀၀
ကြမတ်
=
သာဝနရက်
၁၅၀၀
အ၀မာန်မွှား
=
အ၀မာန်
၆၉၂
အ၀မာန်
=
တိထီရက်
၃၀
တိထီရက်
=
စန္ဒြမာသလ
၁၂
စန္ဒြမာသလ
=
တိထီနှစ်
=
စန္ဒြနှစ်
ဝ.၉၈၄၃၅
သာဝနရက်
=
တိထီရက်
၁.၀၁၅၉၀
တိထီရက်
=
သာဝနရက်


၁၊ ၂။ အခေါ်အဝေါ်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ


ကြန္တီ(Declination) ။
။ နေ၊ ဂြိုဟ်၊ နက္ခတ်များ၏ တည်နေရာကို အီကွေတာမှနေ၍ တောင်ဘက်၊ မြောက်ဘက် အရပ်များသို့ တိုင်းတာခြင်း (လတ္တီတွဒ်)၊ အံသာ သို့မဟုတ် ဒီဂရီဖြင့်ပြသည်။
ခရစ်နှစ်။
။ ခရစ်တော်မွေးဖွားသည့်နှစ်ကို အခြေပြုကာ ရေတွက်သော နှစ်များ
ခယရက်။
။ စန္ဒြမာသ တစ်လ၏ တိထီရက် နှင့် သာဝနရက် ကွာခြားချက်။ ၎င်းကို ဒိန္နက်သဲရက်ဟုလည်း ခေါ်သည်။ တန်ဘိုးအားဖြင့် ၀.၄၆၉၄၁၂ ရက် ဖြစ်သည်။
ဂရေဂေါရီယန်ပြက္ခဒိန်။
။ ပုပ်ရဟန်းမင်းကြီး ဂရေဂေါရီ ၁၃ က ၁၅၈၂ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အတည်ပြု သုံးစွဲခဲ့သော ပြက္ခဒိန်။ တစ်ကမ္ဘာလုံး လက်ခံသုံးစွဲနေသော ပြက္ခဒိန်လည်း ဖြစ်ပါသည်။
ဂျူလီယန်ပြက္ခဒိန်။
။ ဂျူလိယက်ဆီဇာက ရောမပြက္ခဒိန်ကို ပြုပြင်ကာ ဘီစီ ၄၆ တွင် သုံးစွဲခဲ့သော ပြက္ခဒိန်။ ထိုပြက္ခဒိန်ကို ၁၅၈၂ ခုနှစ်ထိ သုံးစွဲခဲ့သည်။
ဂြိုဟ်။
။ နေမိသားစုတွင်ပါဝင်သော ကြာသပတေးဂြိုဟ်၊ သောကြာဂြိုဟ် စသည်တို့ဖြစ်၏။ ကောင်းကင်တွင်ကြည့်လျှင် ဂြိုဟ်တို့၏အလင်းအားမှာ အခြားကြယ်များထက် ပိုလင်း၏။ ကြယ်များမှာ မှိတ်တုတ်မှိတ်တုတ်သော်လည်း ဂြိုဟ်တို့မှာမူ မှိတ်တုတ်မှိတ်တုတ်မနေ ဟုဆိုသည်။
ဃဋီ။
။ နက္ခတ်တစ်လုံး၏ အပုံ ၆၀ ပုံတစ်ပုံ (သို့မဟုတ်) တိထီတစ်လုံး၏ အပုံ ၆၀ ပုံတစ်ပုံ  
စန္ဒြမာသ။
။ ကမ္ဘာ၏ အရံဂြိုဟ်ဖြစ်သော ကောင်းကင်မှ လ သည် ကမ္ဘာကိုတစ်ပတ်ပတ်ရန် ကြာသောအချိန်။ စန္ဒြမာသတစ်လတွင် ရက် ၃၀ ရှိသည်။
စန်းယှဉ်နက္ခတ်။
။ လပြည့်နေ့၌ လနှင့်အတူယှဉ်တွဲနေသော နက္ခတ်၊ ဗေဒင်တွက်ရာ၌ ၎င်းကို စင်နက္ခတ် ဟုခေါ်သည်။
စန်း (စန္ဒြ)။
။ ကမ္ဘာ၏ အရံဂြိုဟ်ဖြစ်သော ကောင်းကင်မှ လ ဖြစ်၏။ ဗေဒင်တွက်ရာ၌ ၎င်းကို တနင်္လာဂြိုလ်အဖြစ် သတ်မှတ်ပြီး စန်း ဟု ခေါ်သည်။
စံတော်ချိန်။
။ ဒေသတစ်ခု၏ အချိန်တစ်ခု။ တိုင်းပြည်တစ်ခုအတွက် အချိန်တစ်ခု သတ်မှတ်သုံးကြသည်။ ဤသည်ကို ထိုတိုင်းပြည်၏ စံတော်ချိန်ဟု ခေါ်သည်။ ဥပမာ - မြန်မာစံတော်ချိန်
မြန်မာစံတော်ချိန်သည် မြန်မာတစ်နိုင်ငံလုံးအတွက် တစ်ခုသာရှိသည်မှန်သော်လည်း ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့အတွက် ဒေသစံတော်ချိန်များသည် မြန်မာစံတော်ချိန်ထက် ပို၊ လျော့ကြသည်။
ဒေသတစ်ခုအတွက် ဒေသစံတော်ချိန်အမှန်ကို တွက်လိုလျှင် ထိုဒေသ၏ တည်နေရာ လောင်ဂျီတွဒ်နှင့် တွက်နိုင်သည်။
စံတော်ချိန်မျဉ်း။
။ နိုင်ငံ သို့မဟုတ် ဒေသတစ်ခုအတွက် စံတော်ချိန်ထားရန် သတ်မှတ်ထားသော လောင်ဂျီတွဒ်မျဉ်း
စတုယုဂ်နှစ်များ။
သူရိယသိဒ္ဓန္တကျမ်းလာ ကပ်တစ်ကပ်တွင် ပါဝင်သော ယုဂ် လေးခုရှိ နှစ်များဖြစ်သည်။ ယုဂ်လေးခုမှာ ကတယုဂ်၊ တြေတာယုဂ်၊ ဒွါပရာယုဂ်၊ ကလိယုဂ် တို့ဖြစ်ကြသည်။
တာရာ။
။ နက္ခတ်များဘေးတွင် ခြံရံနေသော ကြယ်စုများဖြစ်၏။ အတွင်းတာရာ ၉ လုံး၊ အပြင်တာရာ ၂၈ လုံး ရှိသည်။ ၎င်းတို့အပြင် အလွတ်တာရာများလည်း ရှိသေးသည်။
တိထီ။
။ လ၀န်းပြည့်မှုကို တိုင်းသော အတိုင်းအတာ။ ရာနှုံးပြည့် လ၀န်းအပြည့်ကို ၁၅ တိထီဟု သတ်မှတ်သည်။
တိထီရက်။
။ နေနှင့်လ အကွာအဝေး၊ တည်နေရာကွာခြားချက်။ တိထီတစ်ရက် = ၀.၉၈၄၃၅၂၉ သာဝနရက်။ စန္ဒြမာသတစ်လတွင် တိထီရက် ၃၀ ရှိသည်။
တောင်ယဉ်စွန်းတန်း။

တော်တုလဲနှစ်။
။ (ဒက္ခိဏယာဉ်စွန်းတန်း) နေရောက်ရှိသော တောင်ဘက် အစွန်ဆုံးအမှတ် ။  တောင်လတ္တီတွဒ် ၂၃ ဒီဂရီ ၂၆ မိနစ် ၁၆ စက္ကန့် တွင်ရှိသည်။
။ အတာပြန်နှစ်၊ သင်္ကြန် ၂ ရက်ကြတ်သည်။
ဒေသစံတော်ချိန်။
။ ဒေသတစ်ခု၏ အချိန်။ ဥပမာ - ချင်းပြည်နယ် ကန်ပက်လက်မြို့သည် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၇ မိနစ်တွင်ရှိသည်ဖြစ်ရာ မြန်မာစံတော်ချိန် ၈ နာရီတိတိအချိန်၌ ကန်ပက်လက်၏ ဒေသစံတော်ချိန်နာရီမှာ ၇ နာရီ ၄၇ မိနစ်ဖြစ်ပေသည်။
ဒက္ခိဏယာဉ်။
။ အီကွေတာ၏ တောင်ဘက်တွင် နေသွားခြင်း။ မတ်လ ၂၁ ရက်မှ စက်တင်ဘာ ၂၃ ရက်နေ့ထိ ရက်များဖြစ်သည်။
ဒိန္နက်သဲရက်။
။ ခယရက်နှင့် အတူတူပင်ဖြစ်သည်။
နေလသွားပြက္ခဒိန်။
။ နေသွားနှုံးနှင့် လသွားနှုံး နှစ်မျိုးလုံးပေါ် အခြေခံထားသော ပြက္ခဒိန်။ အိန္ဒိယ၊ တရုတ်၊ မြန်မာ ပြက္ခဒိန်များသည် နေလသွားပြက္ခဒိန်များဖြစ်၏။
နက္ခတ်။
။ ကောင်းကင်ရှိ ကြယ်များကို စုဖွဲ့ကာ တစ်စုချင်းနာမည်ပေးထားသော အဿဝဏီ၊ ဘရဏီ စသော ကြယ်စုများဖြစ်၏။ ၁၂ရာသီစက်ဝန်းတစ်ခုတွင် စုစုပေါင်း နက္ခတ် ၂၇ လုံး ရှိသည်။
နက္ခတ်ရက်။
။ အဿဝဏီ စသော နက္ခတ်တစ်လုံးလုံးသည် ကမ္ဘာကို တစ်ပတ်တိတိလည်ရန် ကြာချိန် ။ စက်နာရီအားဖြင့် ၂၃ နာရီ၊ ၅၅ မိနစ်၊ ၅၉.၃၇၆ စက္ကန့် ရှိ၏။
နက္ခတ်နှစ်။
။ သာဝနရက် ၃၆၆.၂၅၈၇၅၆၅။ နေသွားသည့်ရက် တစ်နှစ်နှင့်တစ်ရက်သည် နက္ခတ်နှစ် တစ်နှစ်နှင့် ညီမျှသည်။
နက္ခတ်အံသာစီး။
။ နက္ခတ်တစ်လုံး၏ တည်နေရာကို အံသာဖြင့်ပြခြင်း။ ဥပမာ ကြတ္တိကာ နက္ခတ်သည် ရာသီစက်တွင် ၃၄ အံသာ ၁၆ လိတ္တာ၌ ရှိ၏။
နှစ်တို။
။ အင်းဝခေတ်၊ မိုးညှင်းမင်းသည် သက္ကရာဇ် ၇၉၈ ကို ဖြိုခဲ့သေးသော်လည်း မအောင်မြင်။ သို့ရာတွင် လွတ်လပ်ရေးရပြီး နှစ်အတန်ကြာထိ အချို့သော ဗေဒင်ဆရာတို့မှာ ထိုဖြိုထားသော သက္ကရာဇ်များသုံးပြီး တွက်ကြသေးသည်။ ထို မိုးညှင်းမင်းဖြိုပြီးသော သက္ကရာဇ်များကို နှစ်တို (ရဿနှစ်) ဟု ခေါ်သည်။
နှစ်ရှည်။
။ အင်းဝ မိုးညှင်းမင်းဖြိုသော သက္ကရာဇ်များကို အသိအမှတ်မပြု၊ မသုံးပဲ ယခင်သက္ကရာဇ်များ ကိုသာ ဆက်သုံးလျှင် ထိုနှစ်များကို နှစ်ရှည် (ဒီဃနှစ်) ဟု ခေါ်သည်။ ဤနှစ်များမှာ လက်ရှိ သုံးနေသော သက္ကရာဇ်နှစ်များဖြစ်သည်။
နှစ်ဆန်းတစ်ရက်နေ့။
။ မြန်မာသက္ကရာဇ် နှစ်တစ်နှစ်၏ အစနေ့ဖြစ်သည်။ သူရိယနေမင်းသည် မိန်ရာသီမှ သာယန မိဿရာသီသို့ ကူးပြောင်းဝင်ရောက်ပြီးသည်၏ နောက်တစ်ရက် ဖြစ်သည်။ ကူးပြောင်းဝင်ရောက်ချိန်မှာ သင်္ကြန် အတက်နေ့ ဖြစ်သည်။
နိရာယန။
။ နက္ခတ်စက်၏ ရွေ့လျားခြင်းကို ထည့်မတွက်ဘဲထားသော တစ်နည်းအားဖြင့် အာယနအံသာ မပါသော ပြက္ခဒိန်။ မြန်မာပြက္ခဒိန်သည် နိရာယနပြက္ခဒိန်ဖြစ်သည်။
နှောင်းတန်ခူး။
။ ၁၃၇၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် တန်ခူးလဆုတ် ၁၁ ရက်နေ့ဖြစ်၏။ ထိုအခါ တန်ခူးလဆန်း ၁ ရက်နေ့မှ တန်ခူးလဆုတ် ၁၀ ရက်နေ့ထိရက်များသည် နှစ်ဟောင်းဖြစ်သော ၁၃၇၃ ခုနှစ်မှရက်များဖြစ်ပြီး ထိုရက်များကို နှောင်းတန်ခူး ဟု ခေါ်သည်။ ဥပမာ - ၁၃၇၃ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၂ ရက်။
နေစကြာဝဠာ သို့မဟုတ် နေမိသားစု။
။ နေမင်းကို ဗဟိုပြုလှည့်လည်သွားလာနေသော ဂြိုဟ်နှင့် ၎င်းတို့၏ အရံဂြိုဟ်များ အစုအဝေး။ ထိုအစုအဝေးတွင် နေမင်းနှင့်တကွ ဂြိုဟ်ကြီး ၉ လုံး နှင့် သူတို့၏ အရံဂြိုဟ်များ ပါဝင်သည်။
ပက္ခ။
။ ကောင်းကင်ရှိ လ ၏ ဆန်းခြင်း၊ ဆုတ်ခြင်း။ လဆန်းပက္ခ၊ လဆုတ် ပက္ခ ဟု ခေါ်သည်။
ပြက္ခဒိန်။
။ ပြက္ခဒိန် = ပက္ခဒိန် = ပက္ခ + ဒိန = လ၏ ဆန်းခြင်းဆုတ်ခြင်းကို မူတည် တွက်ချက်ထား သော ရက်အစီအစဉ်
ဘီစီ(B.C - Before Christ)။
။ ခရစ်တော် မမွေးဖွားမီ နှစ်များ
ဖုဋဂြိုဟ်။
။ ဂြိုဟ်နေရာအတိအကျ၊ အစစ်အမှန်၊ အစင်အကြယ်
ဘဂဏ။
။ နေမင်း၊ ဂြိုဟ်၊ နက္ခတ်အစရှိသည်တို့ ရာသီစက်ဝန်းတစ်ပတ်လည်သွားလျှင် ၎င်းကို တစ်ဘဂဏ ဟုခေါ်သည်။
ဘုတ္တိတွက်ကိန်း။
။ ဂြိုဟ်သွားပြက္ခဒိန်များတွင် သန်းခေါင်အချိန်၌ရှိသော တည်နေရာများကိုသာ ပြထားရာ နေ့လည် ၁နာရီခွဲ အစရှိသည့် မိမိလိုသော အချိန်၌ရှိသော ဂြိုဟ်တည်နေရာအမှန်ကို ပြန်တွက်ယူခြင်းကို ဘုတ္တိဖြတ်သည်ဟု ခေါ်သည်။
ဗိုလ်။
။ ဂြိုဟ်တည်နေရာများကို တွက်ရန် ဆင်ထားသော သူရိယသိဒ္ဓန္တကျမ်းလာ ကိန်းများ
မဓျဂြိုဟ်။
။ ဂြိုလ်တစ်လုံး ပျမ်းမျှသွားနှုံးဖြင့် ရောက်နေသောနေရာ။
မဓျလေခမျဉ်း။
။ တောင်မြောက်သွယ်တန်းလျှက်ရှိသော လောင်ဂျီတွဒ်မျဉ်း။
မစ္ဇျေယာဉ်။
။ နေမင်းသည် အီကွေတာပေါ်ဖြတ်သွားစဉ် ၎င်းကို မဇ္စျေယာဉ်ဟု ခေါ်သည်။ မတ်လ ၂၁ ရက်နေ့ နှင့် စက်တင်ဘာ ၂၃ ရက်နေ့တို့ဖြစ်၏။
မန္ဒဥစ်။
မာတုလဲနှစ်။
။ ကမ္ဘာသည် နေမှ အဝေးဆုံးသို့ ရောက်ရှိသောနေရာ (Apogee)
။ ရိုးရိုးနှစ်၊ သင်္ကြန် ၁ ရက်ကြပ်သောနှစ်။
မုချစန်းယှဉ်နက္ခတ်။
။ အမှန်တကယ် လမင်းကြီးပြည့်ဝန်းနေသော လပြည့်ည၏ ကောင်းကင်ယံတွင် လ နှင့် ယှဉ်တွဲလျှက်နေသည့် နက္ခတ်။
မြောက်ယဉ်စွန်းတန်း။
။ (ဥတ္တရယဉ်စွန်းတန်း) နေရောက်ရှိသော မြောက်ဘက်အစွန်ဆုံးအမှတ်။ မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၂၆ မိနစ် ၁၆ စက္ကန့် တွင်ရှိပါသည်။
ရာသီ။
။ တစ်နှစ်ကို ၁၂ စိတ်စိတ်ပြီး တစ်စိတ်ကို တစ်ရာသီဟု ခေါ်သည်။ ကောင်းကင်မှ ကြယ်စုများကို ၃၆၀ ဒီဂရီတစ်ပတ်အတွင်း ၁၂စုခွဲပြီး တစ်စုကို တစ်ရာသီအဖြစ် သတ်မှတ်သည်။ ထို့ကြောင့် တစ်နှစ်တွင် ၁၂ ရာသီရှိသည်။ မိဿ၊ ပြိဿ၊ မေထုန်၊ ကြကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုမ်၊ မိန် တို့ ဖြစ်သည်။
ရက်ငင်။
။ စန္ဒြမာသများနှင့် ဝေါဟာရမာသများ ညီညွတ်စေရန် တစ်နည်းဆိုသော် ပြက္ခဒိန်ထဲမှ လပြည့်ရက်တွင် ကောင်းကင်မှ လမင်းကြီးပြည့်ဝန်းချိန်နှင့် ကိုက်ညီစေရန် ငင်ပေးရသော သို့မဟုတ် ထပ်ဖြည့်ပေးရသောရက်။
ရက်လွန်။
။ အဓျာဟ ရက်လွန်နှင့် အတူတူပင်ဖြစ်ပါသည်။
ရက်လွန်ပြို။
။ အဓျာဟရက်လွန်ပြိုခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။
ရက်စုံလ။
။ တစ်လတွင် လဆန်း ၁၅ ရက်၊ လဆုတ် ၁၅ ရက်။ စုစုပေါင်း ရက် ၃၀ ရှိသောလ။
ရက်မစုံလ။
။ တစ်လတွင် လဆန်း ၁၅ ရက်၊ လဆုတ် ၁၄ ရက်။ စုစုပေါင်း ၂၉ ရက် ရှိသောလ။
လပြည့်။
။ တိထီ ၁၅ လုံးပြည့်လျှင် လပြည့်သည်ဟု ခေါ်သည်။ မိုးကောင်းကင်မှလကြီး ပြည့်ဝန်းနေ သောနေ့ဟု အဓိပ္ပါယ်ရသည်။
လကွယ်။
။ ကောင်းကင်တွင် လမင်းကြီး လုံးဝ ကွယ်ပျောက်သွားသည့်နေ့။ ထိုနေ့တွင် တိထီ သုည ဖြစ်ရမည်။
လဆန်းပက္ခ။
။ လဆန်း ၁ ရက်နေ့မှ လပြည့်နေ့ထိ
လဆုတ်ပက္ခ။
။ လဆုတ် ၁ ရက်နေ့မှ လကွယ်နေ့ထိ
လထပ်။
။ လက ကမ္ဘာကိုပတ်ချိန်နှင့်တွက်ထားသည့်တစ်နှစ်မှာ ၃၅၄ရက်ဖြစ်ပြီး ကမ္ဘာကနေကို ပတ်သည့်တစ်နှစ်မှာ ၃၆၅ ရက်ဖြစ်သဖြင့် တစ်နှစ်လျှင် ၁၁ ရက်ခန့်ကွာသည်။ ထိုရက်များ စုပြီး တစ်လပြည့်သည့်အခါ တစ်လထပ်တိုးပေးရသည်။ ဤသို့တစ်လ ထပ်တိုးပေးခြင်းကို လထပ်သည်ဟု ခေါ်သည်။ ပုံမှန်အားဖြင့် လထပ်ခြင်းကို ၀ါဆိုလတွင် ဒုတိယ၀ါဆိုအနေနှင့် ပြုလုပ်ကြသည်။ သာဝနမာသများနှင့် ဝေါဟာရမာသများ ညီညွတ်စေရန် ညှိပေးရခြင်း ဖြစ်၏။
လတ္တီတွဒ်။
။ ကမ္ဘာလုံးပေါ်တွင် စိတ်မှန်းဖြင့်ဆွဲထားသော အရှေ့အနောက် ကန့်လန့်ဖြတ်မျဉ်းများ။ လတ္တီတွဒ် သုညဒီဂရီမျဉ်းကို အီကွေတာဟု ခေါ်သည်။ အီကွေတာမှ မြောက်ဘက်ရှိမျဉ်းများ ကို မြောက်လတ္တီတွဒ်၊ တောင်ဘက်မှ မျဉ်းများကို တောင်လတ္တီတွဒ်ဟု ခေါ်သည်။
လောင်ဂျီတွဒ်။
။ ကမ္ဘာလုံးပေါ်တွင် စိတ်မှန်းဖြင့်ဆွဲထားသော တောင်မြောက် ဒေါင်လိုက်မျဉ်းများ။ အင်္ဂလန်နိုင်ငံ ဂရင်းနစ်မြို့ကိုဖြတ်သွားသောမျဉ်းအား သုညဒီဂရီ လောင်ဂျီတွဒ်မျဉ်းဟု သတ်မှတ်သည်။ ထိုမျဉ်းမှစကာ လက်ယာရစ်အတိုင်း ၁ ဒီဂရီ၊ ၂ ဒီဂရီ စသဖြင့် ရေတွက်သွားလျှင် ထိုမျဉ်းများကို အနောက်လောင်ဂျီတွဒ်မျဉ်းများဟု ခေါ်၏။ လက်ဝဲရစ်အတိုင်း ရေတွက်သွားသော မျဉ်းများကို အရှေ့လောင်ဂျီတွဒ် ဟု ခေါ်သည်။ အရှေ့သို့လည်းကောင်း၊ အနောက်သို့လည်းကောင်း ၁၈၀ ဒီဂရီစီရှိသည်။
ဝါငယ်ထပ်နှစ်။
။ ရက်မစုံ ၆ လ၊ ရက်စုံ ၇ လရှိသောနှစ်။ ၀ါငယ်ထပ်နှစ်တွင် ရက်ပေါင်း ၃၈၄ ရက် ရှိသည်။
ဝါကြီးထပ်နှစ်။
။ ရက်မစုံ ၅ လ၊ ရက်စုံ ၈ လရှိသောနှစ်။ ၀ါကြီးထပ်နှစ်တွင် ရက်ပေါင်း ၃၈၅ ရက် ရှိသည်။
ဝေါဟာရ လပြည့်နေ့။
။ လူတို့သုံးနေသော ပြက္ခဒိန်မှ လပြည့်နေ့။
သံဒိဌဂြိုလ်သွားပြက္ခဒိန်။
။ ဂြိုဟ်တို့၏ တည်နေရာကို ဖော်ပြသော ပြက္ခဒိန်။ ညသန်းခေါင်အချိန်တွင်ရှိသော  ဂြိုဟ်တို့၏တည်နေရာကို ဖော်ပြပြီး ဗေဒင်တွက်ရာတွင်သုံးသည်။
သူရိယသိဒ္ဓန္တကျမ်း။
။ ကောင်းကင်ဂြိုဟ်နေတို့ကို တွက်ချက်ရန် ပြုစုထားသောကျမ်း။
သာယန။
။ နေသွားခြင်းကို မူတည်တွက်ချက်သော နှစ်လရက်၊ ပြက္ခဒိန်များ။ သာယနသည် နက္ခတ်စက် အရွေ့ကို ထည့်သွင်းတွက်ချက်သည်။ တစ်နည်းအားဖြင့် အာယနအံသာ ပါသည်။
သဘာဝ မုချလပြည့်နေ့။
။ မိုးကောင်းကင်မှ လ၀န်းကြီး လုံး၀၀ိုင်းဝန်းပြည့်စက်သောနေ့။ ၎င်းကို တိထီ ၁၅ လုံးပြည့်သည်ဟု ခေါ်သည်။
သက္ကရာဇ်။
။ အိန္ဒိယပြည်၊ သာကမင်းတို့သုံးစွဲသဖြင့် သက္ကရာဇ်ဟု ခေါ်သည်ဟု လည်းကောင်း၊ သိကြားမင်းစီရင်ပေးသော၊ သို့မဟုတ် စွမ်းနိုင်သောသူတို့၏ အစီအရင်ဖြစ်သဖြင့် သက္ကရာဇ် ဟုလည်းကောင်းဆိုကြသည်။ ဆရာတော် အရှင်တိက္ခပဏ္ဍိတ စီရင်သော ၀ါထပ်ရက်ငင်အဆုံးအဖြတ်ကျမ်းတွင် သက္ကရာဇ် ၀ိဂြိုဟ် ၈ မျိုးကို ပြဆိုထားသည်။
သက္ကရာဇ်ဖြိုခြင်း။
။ နှစ်ဆိုး၊ အချိန်အခါဆိုးနှင့်ကြုံတွေ့ရသဖြင့် ဗေဒင်ကိန်းခန်းအရ ယတြာပြုလို၍သော် လည်းကောင်း၊ ခုနှစ်များ အရေအတွက်များနေသဖြင့် ပြောရေးဆိုတာ လွယ်ကူစေရန်သော် လည်းကောင်း၊ လူတို့သုံးနေသော ပြက္ခဒိန်နှင့် ကောင်းကင်ရှိ ဂြိုဟ်တို့၏ အနေအထား မကိုက်ညီ၍သော်လည်းကောင်း၊ တိုင်းပြည်အုပ်ချုပ်သောမင်းများသည် မိမိတို့အစိုးရသော ခေတ်ကို ထင်ရှားစေလို၍သော်လည်းကောင်း လက်ရှိသက္ကရာဇ်နှစ်များကို မသုံးစေတော့ဘဲ အသစ်မှပြန်စခြင်းကို သက္ကရာဇ်ဖြိုသည်ဟု ခေါ်သည်။
သူရိယမာသ။
။ (သူရိယ = နေမင်း + မာသ = လ) နေသွားခြင်းကို မူတည်တွက်ချက်ထားသောလ။ သူရိယမာသတစ်နှစ်တွင် ၃၆၅.၂၅၈၇၅၆၄၈၁ ရက်ရှိသည်။
သာမန်နှစ်။
။ ရက်မစုံ ၆ လ၊ ရက်စုံ ၆ လရှိသောနှစ်။ သာမန်နှစ်တွင် ရက်ပေါင်း ၃၅၄ ရက် ရှိသည်။
သင်္ကြန်။
။ သင်္ကြန် = သင်္ကန္တ = ကူးပြောင်းခြင်း။ နေလနက္ခတ်တာရာတို့ တစ်နေရာမှ တစ်နေရာ၊ တစ်ရာသီမှ တစ်ရာသီသို့ ကူးပြောင်းခြင်းကိုခေါ်သည်။ မြန်မာတို့ ရိုးရာကျင်းပသော သင်္ကြန်မှာ တနင်္ဂနွေဂြိုဟ် (နေမင်း) သည် မိန်ရာသီအဆုံးမှ မိဿရာသီအစသို့ ကူးပြောင်း ၀င်ရောက်သည့် အချိန်ဖြစ်သည်။
သင်္ကြန်ကျခြင်း။
။ သင်္ကြန်ကျချိန်သည် တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန်ဖြစ်သည်။
သင်္ကြန်တက်ခြင်း။
။ သင်္ကြန်တက်ချိန်သည် တနင်္ဂနွေ မဓျဂြိုဟ် မိဿရာသီဝင်ချိန်ဖြစ်သည်။
သင်္ကြန်အကြတ်ရက်။
။ တနင်္ဂနွေ ဖုဋဂြိုဟ်စင် မိဿရာသီဝင်ချိန် မှ တနင်္ဂနွေ မဓျဂြိုဟ် မိဿရာသီဝင်ချိန်ထိ ကြားကာလမှာ သင်္ကြန်ကာလဖြစ်ြ၏။ ယနေ့လက်ခံထားသောထိုကာလမှာ ၂ ရက် ၄ နာရီ ၄ မိနစ် ၅၁ စက္ကန့် ဖြစ်၏။ (၂ ရက် ၄ နာရီ ၄ မိနစ် စက္ကန့် ၄၀ ဟုလည်း အချို့နေရာများတွင် ဖော်ပြထားသည်။)
သာဝနရက်။
။ ကမ္ဘာသည်မိမိဝင်ရိုးပေါ်တွင် တစ်ပတ်တိတိလည်ရန်ကြာချိန်။ မျက်မြင်တွင် နေသည်   ကမ္ဘာကို ပတ်နေသည်ထင်ရသဖြင့် ရှေးယခင်က နေသည် ကမ္ဘာကိုတစ်ပတ်တိတိပတ်ရန် ကြာသောအချိန် ဟု ခေါ်သည်။  နေသွားရက် သို့မဟုတ် နေထွက်ရက် ဟုလည်း ခေါ်ကြသည်။
သုဒ္ဓဒိန်ရက်။
။ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှ စတင်ရေတွက်သော ရက်များ၊ ဥပမာ - တန်ခူးလဆန်း ၁၀ ရက်နေ့သည် နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါက တန်ခူးလဆန်း ၁၁ ရက်၏ သုဒ္ဓဒိန်ရက်မှာ ၂ ဖြစ်ပြီး ကဆုန်လဆုတ် ၈ ရက်နေ့၏ သုဒ္ဓဒိန်ရက်မှာ ၄၃ ဖြစ်သည်။
အယာဉ်။
။ နေသွားလမ်းကြောင်းကို အယာဉ်ဟု ခေါ်သည်။ နေသည်တောင်ဘက်ပိုင်း၌သွားလျှင် ဒက္ခိဏယာဉ်၊ မြောက်ပိုင်း၌ သွားလျှင် ဥတ္တရယာဉ် ဟုခေါ်သည်။ ဒက္ခိဏဒိဂ်၊ ဥတ္တရဒိဂ် ဟုလည်း ခေါ်ကြသေးသည်။
အ၀မာန်။
။ ရက်ငင်တွက်ရာတွင် သုံးသောကိန်းဖြစ်၏။ ခယတစ်ရက်တွင် အ၀မာန် ၆၉၂ ရှိသည်။
အေဒီ (A.D - Anno Domini)။
။ ခရစ်တော် မွေးဖွားပြီးနောက်ပိုင်း နှစ်များကို အေဒီ ဟုခေါ်သည်။
အံသာ။
။ တစ်ရာသီ၏ ၃၀ ပုံပုံလျှင် တစ်ပုံ။ ခေတ်သင်္ချာမှ ဒီဂရီနှင့် အတူတူပင်ဖြစ်၏။
အာယနအံသာ။
(Precession of
Equinoxes)
(Ayanamsa)
။ မိဿရာသီအစသည် တဖြည်းဖြည်းရွေ့လျှက်ရှိရာ ထိုသို့ရွေ့သွားသော အကွာအဝေးကို အာယန ဟု ခေါ်သည်။ အာယနသည် တစ်နှစ်လျှင် ၅၄ အံသာခန့်ရှိသည်။ သာယန နှင့် နိရာယန ကွာခြားချက်သည် အာယနအံသာဖြစ်၏။ နိရာယနကိုလိုသော် သာယနထဲမှ အာယနအံသာကို နှုတ်ပေးရသည်။
အီကွေတာ (မဇ္စျေမျဉ်း)။
။ ကမ္ဘာအလည်တည့်တည့်တွင် အရှေ့အနောက် ပတ်၍စိတ်ကူးဖြင့် ဆွဲထားသောမျဉ်း။ ထိုမျဉ်းဖြင့် ကမ္ဘာတောင်ပိုင်းနှင့် မြောက်ပိုင်းကို ပိုင်းခြားထားသည်။ ထိုမျဉ်းကို သုညဒီဂရီ လတ္တီတွဒ်ဖြင့် ပြသည်။
အဓိမာသ်ပြို။
။ သူရိယမာသ တစ်နှစ်တွင် လသွားနှုံးက နေသွားနှုံးထက် ၁၁.၆၄၈၃၃၃၄ ပိုသည်။ သာဝနရက်ပေါင်း ၉၉၀၊ ၇ နာရီ၊ ၃၆ မိနစ်၊ ၅၁ စက္ကန့်တွင် စန္ဒြမာသတစ်လ (တီထီ ၃၀) ပြည့်သည်။ ထိုအခါတွင် ပိုလာသော ဤတစ်လကိုဖြိုရန် လတစ်လထပ်တိုးပေးရသည်။ ဤသည်ကို အဓိမာသ်ပြိုသည်ဟု ခေါ်သည်။
အဓျာဟရက်လွန်။
။ ဝေါဟာရလက တစ်လလျှင် ၂၉ ရက် သို့မဟုတ် ၃၀ ရက် စီရှိသည်။ စန္ဒြမာသ တစ်လက တစ်လလျှင် ရက် ၃၀ ရှိသည်။ ထိုသို့ ဝေါဟာရ နှင့် စန္ဒြမာသတို့ မညီညွတ်မှုကြောင့် ပြက္ခဒိန် မှ လပြည့်၊ လကွယ်ရက်များနှင့် ကောင်းကင်မှ လမင်းကြီးပြည့်ဝန်းချိန်၊ ကွယ်ပျောက်ချိန်တို့ မတူညီ၊ ကွဲလွဲလေ့ရှိသည်။ ဤကဲ့သို့ စန္ဒြမာသက ဝေါဟာရမာသထက် ပိုလွန်နေသောရက် များကို အဓျာဟရက်လွန် ဟု ခေါ်သည်။
အတာဗိုလ်။
။ သင်္ကြန်ကျချိန်၊ တက်ချိန်များတွက်ရန် ဆင်ထားသောကိန်းများကို ခေါ်သည်။
ဥတု။
။ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့ထိ - ဟေမန္တ၊ ဆောင်းဥတု။
တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှ ၀ါဆိုလပြည့်နေ့ထိ - ဂိမှာန၊ နွေဥတု။
ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့ထိ - ၀သန္တ၊ မိုးဥတု။
ဥတ္တရယာဉ်။
။ အီကွေတာ၏ မြောက်ဘက်တွင် နေသွားခြင်း။ စက်တင်ဘာ ၂၃ ရက်နေ့မှ မတ်လ ၂၁ ရက်နေ့ထိ ရက်များဖြစ်သည်။
ဥပုသ်နေ့။
။ မြန်မာလများမှ လဆန်း ၈ ရက်၊ လပြည့်၊ လဆုတ် ၈ ရက်၊ လကွယ် နေ့များမှာ ဥပုသ်နေ့ များဖြစ်သည်။
ဦးတန်ခူး။
။ ၁၃၇၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် တန်ခူးလဆုတ် ၁၁ ရက်နေ့ဖြစ်၏။ ထိုအခါ တန်ခူးလဆုတ် ၁၁ ရက်နေ့မှ တန်ခူးလကွယ် နေ့ထိရက်များသည် နှစ်သစ်ဖြစ်သော ၁၃၇၄ ခုနှစ်မှရက်များဖြစ်ပြီး ထိုရက်များကို ဦးတန်ခူး ဟု ခေါ်သည်။ ဥပမာ - ၁၃၇၄ ခုနှစ် ဦးတန်ခူးလဆုတ် ၁၃ ရက်။
ဥဂျိန်းမြို့ (Ujjain)။
။ သူရိယသိန္တကျမ်းတွင် လင်္ကာ ဟု ပြသည်။ အိန္ဒိယနိုင်ငံ၊ မဒယာဘာရပ်နယ်တွင်ရှိ၏။ သူရိယသိန္တကျမ်းတွက်ကိန်းများသည် ဥဂျိန်းမြို့ကိုမူတည်တွက်သည်။ တည်နေရာမှာ အရှေ့လောင်ဂျီတွဒ် ၇၅.၇၇၇ ဒီဂရီ ဖြစ်သည်။ မြန်မာပြည်ဗေဒင်တွက်ကိန်း၊ ပြက္ခဒိန်တွက်ကိန်းများအတွက် မြန်မာစံတော်ချိန်ကို ပြန်ပြောင်းယူရသည်။ မြန်မာစံတော်ချိန်မျဉ်းမှာ အရှေ့လောင်ဂျီတွဒ် ၉၇.၅ ဒီဂရီ ဖြစ်၏။


2 comments:

yan naing aye said...

မာတုလဲ နှစ်နဲ့ တော်တုလဲနှစ်က ပြက္ခဒိန်တွက်နည်း ၁၅ မှာပြောထားတာနဲ့ မတူဘူးဖြစ်နေတယ်။ ဥပမာ ဒီမှာ တော်တုလဲနှစ်က အကြတ်နှစ်ရက်ရှိသောနှစ်လို့ပြောထားပေမယ့် ၊ တွက်နည်း ၁၅ မှာက ၁၃၆၂ ခု အကြတ်တစ်ရက်ထဲ ရှိပေမယ့် တော်တုလဲ ၃၆၆ ရက်လို့ ပြောထားတယ်။ အကြတ်နေ့နဲ့ ကြည့်တာနဲ့ နှစ်ဆန်းတစ်ရက်နေ့ အချင်းချင်းကြား စုစုပေါင်းရက် နဲ့ပဲကြည့် တာနဲ့ မတူဘူးဖြစ်နေတယ်။ အဲဒါလေး ကြည့်ပေးပါဦး။

အေးငြိမ်း said...

ကျေးဇူးပါ ကိုရန်နိုင်အေး။ ကျွန်တော်ပြန်ကြည့်လိုက်ပါဦးမယ်။