Saturday, July 21, 2012

မြန်မာ ပြက္ခဒိန် တွက်နည်း (၇)

၁၊ ၁၁။ နေ့ နှင့် ရက် များ

 
            မည်သည့်ပြက္ခဒိန်တွင်မဆို နေ့များသည် မရှိမဖြစ်ပါရ၏။ သို့သော် ဘီစီ ၄၅ခု၊ ဂျူလီယန်ပြက္ခဒိန်ကို စတင် အသုံး ပြုစဉ်ကာလက နေ့များမပေါ်သေးဟု မှတ်သားရပါသည်။ ရာဇ၀င်မှတ်တမ်းများအရ ယင်းနေ့အမည်များကို အေဒီ ၃၂၁ မှ စတင်ကာ တီထွင်အသုံးပြုခဲ့သည်ဆို၏။ ရောမဘုရင် ကွန်စတင်တိုင်၏ ဘုန်းတော်ကြီးတစ်ပါးက  နေ့အမည်များကို တီထွင် ခဲ့သည်ဟုလည်း ဆိုပါသည်။ ယခင်က တစ်ပတ်တွင် ရှစ်နေ့ရှိသည်ကို ရိုမန်အင်ပါယာက ၁ ရာစုမှ ၃ ရာစုအတွင်း ခုနစ်နေ့ အစီအစဉ်ဖြစ်အောင် ပြောင်းလဲယူလိုက်သည်။ နေ့အမည်များမှာ Sun, Moon, Ares, Hermes, Zeus, Aphrodite, Cronos တို့ဖြစ်၏။ ဤနာမည်များမှာ နေ့တစ်နေ့၏ အစကိုအစိုးရသော နတ်ဘုရားများ၏ အမည်အား မှည့်ခေါ်ထားခြင်း ဖြစ်ပါသည်။ ထိုနေ့အစီအစဉ်များသည် ဂရိမှသည်ရောမ၊ လက်တင်မှသည် တောင်ပိုင်းနှင့် အနောက်ပိုင်း ဥရောပ၊ ထိုမှတစ်ဆင့် အခြား နိုင်ငံများသို့ ရောက်ရှိသွားခဲ့သည်။ အိန္ဒိယက ထိုနေ့များကို အေဒီ ၂ ရာစုတွင် ယူငင်သုံးစွဲခဲ့သည် ဆိုပါသည်။ ဤသည်မှာ ၀ီကီပိဒိယ၌ ဖော်ပြချက်ဖြစ်၏။

ကျွန်ုပ်အလိုအရမူ ဘုရားရှင်သည် မဟာသက္ကရာဇ် ၆၇ ခုနှစ် ၀ါဆိုလပြည့်၊ ကြာသပတေးနေ့တွင် သန္ဓေယူတော် မူသည် ဆိုသဖြင့် ဘုရားရှင်မပွင့်မီကာလကတည်းက အိန္ဒိယပြက္ခဒိန်တွင် နေ့နှင့်တကွ စနစ်ကျသော ပြက္ခဒိန်တစ်ခု အခိုင် အမာရှိနေပြီဟု ယူဆပါသည်။ ဘုရားရှင်ပွင့်သောကာလမှာ ဘီစီ ၅၉၀ မှ ဘီစီ ၅၄၅ အတွင်းဖြစ်လေရာ ၀ီကီ၌ ဖော်ပြထား သည့် အနောက်တိုင်း ပြက္ခဒိန်များထက် အိန္ဒိယပြက္ခဒိန်က များစွာစောပါသည်။           

အနောက်တိုင်းဖြစ်စေ၊ အရှေ့တိုင်းဖြစ်စေ နေ့အစီအစဉ်များမှာ များစွာမကွာလှ။ အားလုံးတူပါသည်။ ထိုမျှသာ မကသေး။ နေ့အမည်များနှင့် အဓိပ္ပါယ်များပါ နီးနီးစပ်စပ်တူကြပါသည်။ ဥပမာ Sunday ဟူသည် အင်္ဂလိပ်ပြက္ခဒိန်တွင် နေကို ကိုယ်စားပြုသကဲ့သို့ မြန်မာပြက္ခဒိန်တွင်လည်း တနင်္ဂနွေဟူသည် နေမင်း ပင်ဖြစ်ပါသည်။ အင်္ဂလိပ်ပြက္ခဒိန်မှ Saturday သည် Saturn ကိုကိုယ်စားပြုသည်။ စေတန်ဟူသည် နတ်ဆိုးဖြစ်၏။ မြန်မာပြက္ခဒိန်မှ စနေကိုလည်း ကောင်းကျိုးမပေးသော ဂြိုဟ်ဆိုးဟု သတ်မှတ်ထားပါသည်။ 

            နေ့အမည်များမှာ စကြာဝဠာအတွင်းမှ ဂြိုဟ်အမည်များကို ယူငင်မှည့်ခေါ်ထားသလား ဆိုသည်နှင့်ပတ်သက်၍ မရှင်း လင်းပါ။ သို့သော် တနင်္ဂနွေ၊ တနင်္လာစသော နေ့အမည်များမှာ နေစကြာဝဠာအတွင်းမှ ဂြိုဟ်များနှင့်မသက်ဆိုင် ဟု စာရေး ဆရာကြီး ဒဗလျူ-အက်စ်-ဘီ-၀ူးဟောက် W.S.B. Wool House က အင်ဆိုက်ကလိုပီးဒီးယား ဘရစ်တန်နီးကား ခေါ် ဗြိတိသျှ စွယ်စုံကျမ်းကြီး၌ ဖော်ပြထားသည်။

            တစ်ပတ်လျှင် ၇ ရက် ရှိရခြင်းမှာ ရှေးခေတ်လူတို့သည် ကောင်းကင်မှလမင်းကြီး ပေါ်ထွက်လာ၊ ကွယ်ပျောက်သွား ချိန်အလိုက် လ များကို သတ်မှတ်အသုံးပြုခဲ့ကြပြီး တစ်လကို လေးစိတ်စိတ်ကာ အနီးစပ်ဆုံးအဖြစ် တစ်ပတကို ၇ ရက်ဟု ယူထားခြင်းဖြစ်သည်ဟု ဆိုပါသည်။ သို့သော် ရှေးက ပြင်သစ်ပြက္ခဒိန်တွင် ရက် ၃၀ ရှိသောတစ်လကို သုံးစိတ်စိတ်ကာ တစ်ပါတ်လျှင် ၁၀ ရက် သတ်မှတ်ခဲ့ကြသည်။ မာယာပြက္ခဒိန်တွင်မူ တစ်ပါတ်ကို ၁၃ ရက် သို့မဟုတ် ၂၀ ရက် သတ်မှတ် သုံးစွဲခဲ့ကြသည် ဟု မှတ်သားရပါသည်။ 

မည်သို့ပင်ဆိုစေကာမူ ကူးလူးယှက်နွယ်နေသော ယဉ်ကျေးမှုများအရ နေ့ရက်များကိုလည်း တစ်ဦးဦးက စတင် တီထွင်လိုက်ပြီး အခြားသူများက အလွယ်တကူ ယူငင်သုံးစွဲလိုက်သည်မှာ ယုံမှားစရာမလိုပါ။ နေ့များ၏ အဓိပ္ပါယ်ကို အောက်ပါအတိုင်းဖော်ပြကြပါသည်။


မြန်မာ

အင်္ဂလိပ်

အဓိပ္ပါယ်

တနင်္ဂနွေ

Sunday

နေနတ်သားကို အစွဲပြု၍ခေါ်သောနေ့။

တနင်္လာ

Monday

လနတ်သမီးကို အစွဲပြု၍ခေါ်သောနေ့။

အင်္ဂါ

Tuesday

စစ်ကိုအစိုးရသော Jupiter ဂျူပီတာနတ်မင်းကို အစွဲပြု၍ခေါ်သောနေ့။





ဂရိတို့က ဇီးယုဇ်နတ်မင်းကြီး (Zeus) ဟုခေါ်ပြီး မူရင်းပုဒ်မှာ Tiw ဖြစ်သည်။

ဗုဒ္ဓဟူး

Wednesday

လေမုန်တိုင်းကို အစိုးရသော ၀ိုဒင် (Woden) နတ်မင်းကို အစွဲပြု၍ ခေါ်သောနေ့။

ကြာသပတေး

Thursday

ဝိုဒင်၏ သားတော်ဖြစ်သော သောရ် (Thor) အမည်ရှိ မိုးကြိုးနတ်မင်းကို အစွဲပြု၍ ခေါ်သောနေ့။

သောကြာ

Friday

ဝိုဒင်၏ မိဖုရား ဖရစ်ဂါ (Frigga) နတ်သမီးကို အစွဲပြု၍ ခေါ်သောနေ့။

စနေ

Saturday

မျိုးစေ့ကိုအစိုးရသော ဆက်တန် (Saturn) နတ်မင်းကို အစွဲပြု၍ ခေါ်သောနေ့။

            ရာဇမတ္တဏ်ကျမ်း၌ တနင်္ဂနွေဟူသော အမည်သည် တနင်္ဂနွေဂြိုဟ်ကို စွဲ၍မှည့်ခေါ်သောအမည်ဖြစ်သည်။ တနင်္ဂနွေ ဂြိုဟ်သည် အင်္ဂတိုင်းသား ကဿပရသေ့၏ ဇနီး၊ အဒိတိတွင်မြင်သော သားဖြစ်သည်။ ဒိနင်္ကရ ဟူသောပါဠိမှ ပုဒ်ပျက်၍ တနင်္ဂနွေ ဖြစ်လာသည်။ အလားတူပင် တနင်္လာဟူသော အမည်မှာ ပါဠိလို သသလဉ္စနောမှ အဆင့်ဆင့် ပုဒ်ပျက်၍ ယ၀နတိုင်းရှိ ခီရောဒခေါ် နို့ရည်သမုဒ္ဒရာမှ ဖြစ်ထွန်းသော တနင်္လာဂြိုဟ်ကို အစွဲပြု၍ ခေါ်သောအမည်ဖြစ်၏ ဟု ဆိုပါသည်။   ဦးဖိုးလတ်ကမူ ပုဂံကျောက်စာ အရေးအသား၌ “တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊ တန်နှင်ကနွေ” ဟု ရှိသည်။ “တန်နှင်” ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်းဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ “နေ့” ဟု အဓိပ္ပါယ် ရသည်။ “ကုနုယ်၊ ကုနွေ၊ ကနွေ” ဟူသည်ကား “နေ” ကို ဟောသည်။ ထို့ကြောင့် “တန်နှင်ကုနုယ်” မှာ “နေနေ့” ဟု အဓိပ္ပါယ်ရသည်။ နေမင်းကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။

            တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး “တန်နှင်လာ” မှ လာသည်။ “လာ” ဟူသောပုဒ်မှာ အလွန်ရှေးကျသော “လ” ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် “တနင်္လာ” ဆိုသည်မှာ “နေ့လ” သို့မဟုတ် “လမင်းနေ့” ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင်တည်း။

            ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ်မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ၀န်ခံပါသည်။ ရှေးကျောက်စာတို့၌ “အင်္ကာ၊ အင်ကာ၊ အင်္ဂါ” ဟူ၍တွေ့ရသည်။ “အင်္ဂါရ” ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ “မီးကျီးမီးခဲ” ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် “အင်္ဂါ” ဟူသည်မှာ “မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်” ဟု အဓိပ္ပါယ်ရသည်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆို၏။

            ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် “ဗုဒ္ဓဒိန” ဟူ၍လည်းကောင်း၊ “ဗုဒ္ဓ၀ါရ” ဟူ၍လည်းကောင်း ခေါ်သည်။ ဗုဒ္ဓ၏ အနက်မှာ “နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား” ဟူင၍ဖြစ်၏။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေ၀ီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ “ဒိန” နှင့် “၀ါရ” တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က “ဗုဒ္ဓ၀ါရ” တွင် “ရ” ကိုချေ၍

“ဗုဒ္ဓ၀ါ” ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟု ခေါ်သည်။

            ကျောက်စာတို့၌ “ပုတ္တ” ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကိုလှီးလွှဲပြီး “ပုတ္တ” ဟုရေးကြသည်ဟု သိနိုင် ပါသည်။ ထို့ကြောင့် “ပုတ္တ” မှာ “ဗုဒ္ဓ” ပင်ဖြစ်၏။ “ဟူ” သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် “ပုတ္တဟူ” “ဗုဒ္ဓဟူး” သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပါယ်ကောက်သည်။

            ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ “ကျာသပတေး” ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏။ ပုဂံကျောက်စာတို့၌ “ကြာသပတိယ်” နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် “ဗြိဟသွတိ” မှ သော် လည်းကောင်း၊ ယင်းနှင့်အနက်တူ “၀စသံပတိ (၀ါ) ၀ကျသံပတိ” မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုသည်။ ယင်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ “၀စသာ = စကား + ပတိ = အရှင်” = စကား၏အရှင် ဖြစ်သည်။ မြန်မာ     ကျောက်စာ၌ ရေးသော “ပတိယ်” သည် ခေတ်အရေးအသားနှင့်ဆိုသော် “ပတိ” နှင့် အတူတူပင်ဖြစ်၏။

            တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ ဘ၀ုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော “သောကြာ” ကို အစွဲပြု၍

“သောကြာ” ဟုခေါ်ကြောင်း ရာဇမတ္တဏ်ကျမ်းတွင် ပြဆိုသည်။ “သုကြာ” ဟူသောအရေးအသားကို ပုဂံကျောက်စာများတွင် တွေ့ရသည်။ “သုကြာ” ဟူသောပုဒ်မှာ သက္ကတဘာသာ “သုကြ” မှ ဆင်းသက်လာသော ပုဒ်ဖြစ်သည်ကို မငြင်းသာချေ။

“သုကြာ” မှ သောကြာဖြစ်လာပုံကို ဦးဖိုးလတ်က အဆင့်ဆင့်ရှင်းပြထားသည်။ သုကြာ၏ အဓိပ္ပါယ်မှာ “ဖြူစင်တောက်ထွန်း ခြင်း” ဖြစ်၏။

            ရာဇမတ္တဏ်ကျမ်း၌ “စနေ” ကို “သနေ” ဟုပြသည်။ သောရဌတိုင်း၊ ကာရအနွယ်၊ တနင်္ဂနွေဂြိုဟ်မင်း၏မယား၊ ယသိဆာယာတွင် ဖွားမြင်သောသား “ဇပ္ပ” ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည်။ ပုဂံကျောက်စာတို့၌ စနေကို “စနိဟ်” ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ “ဂနိ” (ရှနိ ဟု ဖတ်ပါ) မှ ဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပါယ်မှာ “ဖြည်းညင်းစွာသွားခြင်း” ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ “သနေစရ” ဖြည်းဖြည်းသွားသည် ဟု ဆိုကြသည်နှင့်လည်း နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

            ဤနေ့အမည်ရှင်းလင်းချက်များမှာ “မောင်ထင်” ၏ “မြန်မာ့ဆယ့်နှစ်လအကြောင်း” စာအုပ်မှ ထုတ်နုတ်ဖော်ပြ ထားခြင်း ဖြစ်ပါသည်။

မြန်မာဗေဒင်လောကတွင် သက်ဆိုင်ရာနေ့အလိုက်၊ နာရီအလိုက်အစိုးရသော ဂြိုဟ်များရှိ၏။ နေ့တစ်နေ့၏ ပထမဆုံး နာရီကို ထိုနေ့နှင့် သက်ဆိုင်သောဂြိုဟ် အစိုးရသည်။ ဆိုလိုသည်မှာ တနင်္ဂနွေနေ့၏ ပထမဦးဆုံးနာရီကို တနင်္ဂနွေဂြိုဟ် အစိုးရ သည်။ ကျန်နာရီများကို အစိုးရသောဂြိုလ်များမှာ နေစကြာဝဠာအတွင်းရှိ ဂြိုဟ်များ၏ အစီအစဉ်အလိုက်ဖြစ်ပါသည်။

                ၂၄ နာရီတွင် နာရီအလိုက် အစိုးရသော ဂြိုဟ်များ



စက်နာရီ

တနင်္ဂနွေ

တနင်္လာ

အင်္ဂါ

ဗုဒ္ဓဟူး

ကြာသပတေး

သောကြာ

စနေ

ပထမနာရီ









































နေထွက်

































၁၀








၁၁








မွန်းတည့်

၁၂
















































နေ၀င်

































၁၀








၁၁








သန်းခေါင်

၁၂








အမှန်မှာ ထိုနာရီများကို အစိုးရသောဂြိုဟ်များနှင့် ပြက္ခဒိန်၊ ဆက်စပ်မှုမရှိပါ။ ဗဟုသုတအနေနှင့် သိစေရန် ဖော်ပြခြင်းသာ ဖြစ်ပါသည်။
ရှေးယခင်ကာလများက နေစကြာဝဠာကို ယူဆပုံမှာ နေနှင့်တကွသော အခြားဂြိုဟ်များသည် ကမ္ဘာကို ပတ်နေကြ သည် ဟူ၍ဖြစ်၏။ ဤအယူအဆကို ကမ္ဘာဗဟိုပြုအယူအဆ (Geocentric System) ဟု ခေါ်သည်။ အောက်တွင် ကမ္ဘာ ဗဟိုပြု နေစကြာဝဠာပုံကို ပြထားပါသည်။ ဂြိုဟ်များကိုစီစဉ်ရာတွင် ကမ္ဘာနေရာ၌ တနင်္လာဂြိုဟ် (လ) ကို ထည့်သွင်းရေတွက် ၏။ ထို့ကြောင့် ဂြိုဟ်အစီအစဉ်မှာ ၀ - ၅ - ၃ - ၁ - ၆ - ၄ - ၂ ဖြစ်ပါသည်။ ဗေဒင်အခေါ်အဝေါ်နှင့် ဆိုရလျှင် သောရီ - ဂုရု - ဘောမ - ရ၀ိ - သောကြ - ဗုဓ - စနြေ္ဒာ ဟု ဖြစ်၏။

မြန်မာနေ့ရက်များ ရေးသားပုံ

မြန်မာရက်စွဲကို ဖော်ပြရာတွင် ၁၃၇၃ ခုနှစ် ပြာသိုလဆန်း ၁၂ ရက်၊ ၁၃၇၃ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၃ ရက်၊ တနင်္လာနေ့၊ ၁၃၇၄ ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ စသဖြင့် ဖော်ပြရပါသည်။ မြန်မာနှစ်ဆန်းရက်သည် တစ်ခါတစ်ရံ တန်ခူးလ၊ တစ်ခါတစ်ရံ ကဆုန်လတွင် ကျတတ်သည်ဖြစ်ရာ ထိုအခါများတွင် ထိုတန်ခူး၊ ကဆုန်လများသည် နှစ်ဟောင်း၊ နှစ်သစ် နှစ်မျိုးတွင် ခွနေ၏။ သို့အတွက် ကွဲကွဲပြားပြား သိသာနိုင်စေရန် ဦးတန်းခူး၊ နှောင်းတန်ခူး စသဖြင့် ဖော်ပြရခြင်း ဖြစ်ပါသည်။


1 comment:

အေးငြိမ်း said...

ယခင်တင်ခဲ့သော ပို့စ် တွင် နေ့များကို ဘီစီ ၃၂၁ မှစတင်အသုံးပြုခဲ့သည်ဟု မှားယွင်းဖော်ပြခဲ့မိပါသည်။ အမှန်မှာ အေဒီ ၃၂၁ ဖြစ်ပါသည်။
ယခင် ဘီစီ ၃၂၁ ဟုမှတ်သားခဲ့မိသောသူများ အေဒီ ၃၂၁ ဟု ပြင်ဆင်မှတ်သားပေးပါရန် မေတ္တာရပ်ခံပါသည်။
အမှားကိုထောက်ပြပြင်ဆင်ပေးသော ကိုအောင်ဟိန်းအေးအား ကျေးဇူးအထူးတင်ပါသည်။
နောက်ထပ်အမှားများတွေ့ခဲ့လျှင်လည်း မည်သူမဆိုထောက်ပြ ပြင်ဆင်ပေးနိုင်ပါသည်။ ဤသို့ထောက်ပြပေးခဲ့လျှင် အလွန်ကျေးဇူးတင်မည်ဖြစ်ပါသည် ခင်ဗျား။