Sunday, November 6, 2011

စင်ကာပူမှ မီးကာကွယ်ရေးစနစ်များ

နိဒါန်း





အလဟဿဆုံးရှုံးသွားရသော ဥစ္စာပစ္စည်းများအနက် ကျွန်တော်အနှမြောဆုံးမှာ မီးလောင်၍ဆုံးရှုံးသွားရသော ပစ္စည်းဥစ္စာများ ဖြစ်ပါသည်။ ရေကြီးတာ၊ မုန်တိုင်းတိုက်တာ၊ မြေငလျင်လှုပ်လို့မြေပြိုတာ၊ တိုက်တာတွေပြိုတာကို သဘာဝဘေးအန္တရာယ်ဟု ခေါ်နိုင်သော်လည်း မီးလောင်တာကတော့ သဘာဝဘေးအန္တရာယ်မဟုတ်ပါ။ အဲလေ၊ သြစတေးလျ တို့၊ အင်ဒိုနီးရှားတို့၊ အမေရိကားတို့မှာ သဘာဝအလျောက် တောမီးအကြီးအကျယ်လောင်တာ မပါပေါ့။

မြန်မာနိုင်ငံတွင် သည်လောက်မကြာခဏ မီးများအကြီးအကျယ်လောင်ကာ ပစ္စည်းဥစ္စာများ အကြီးအကျယ်ဆုံးရှုံးနေရသော် လည်း မီးကာကွယ်ရေးကိစ္စကို အရေးတကြီးကိစ္စတစ်ရပ်အနေဖြင့် မည်သူကမျှ ဂရုတစိုက်လုပ်တာ မတွေ့ရသေးပါ။

ဘာကြောင့် သည်မျှမီးတွေလောင်နေတာလဲ။ မီးလောင်မှုလျော့ကျအောင် ဘယ်လိုနည်းတွေနဲ့အဖြေရှာမလဲ၊ လုပ်ကြဘို့ သင့်ပါပြီ။

ရန်ကုန်မှ ကျွန်တော်တို့အိမ်တွင် မီးသတ်ဗူးလတ် ၀ယ်ထားသည်။ မီးသတ်ဗူးကို မည်ကဲ့သို့သုံးရမည်နည်းဟု ကျွန်တော်တို့ အိမ်ရှိလူကုန်နားလည်သည်။ မီးသတ်ဗူးကို မီးဖိုခန်းအ၀နား လက်လှမ်းတမီတွင်ထားသည်။ မီးသတ်ဗူးဝယ်လာသော ဆိုင်ကလည်း နှစ်စဉ်လာရောက် စစ်ဆေးပေးသည်။ ကျွန်တော်က ကိုယ်နှင့်နီးစပ်သော မိတ်ဆွေများအားလည်း မီးသတ်ဗူး ဆောင်ထားကြရန်တိုက်တွန်းသည်။ ကိုယ့်အိမ်မဟုတ်လျှင်သော်မှ မိမိနှင့်နီးစပ်သော တစ်နေရာရာတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါက အချိန်မီ ငြိမ်းသတ်နိုင်မည် မဟုတ်ပါလော။

သိပ်မကြာမီကာလများက အိမ်တိုင်းအိမ်တိုင်း အိမ်ရှေ့တွင်ဝါးလုံးနှင့်တန်းထိုးကာ ကြွပ်ကြွပ်အိတ်ကလေးများနှင့် သဲအိတ် ၇ အိတ်၊ ရေအိတ် ၇ အိတ် ဆွဲကြတာတွေ့ရပါသည်။ ဤသည့်သဲအိတ်၊ ရေအိတ်ကလေးများဖြင့် တကယ်မီးလောင်လျှင် ထိန်းနိုင်ပါ မည်လား။ ဟန်ပြမျှမဟုတ်ဘဲ တကယ်ထိထိရောက်ရောက်လုပ်ကြရန် အရေးကြီးပါသည်။

မီးအန္တရာယ်ကာကွယ်ရေးဟူသည်မှာ လူတစ်ဦးတစ်ယောက်က စိတ်ရတော့မှထလုပ်။ နောက်ပြီးတော့ ဘာမှဆက်မလုပ်ဘဲ သည်အတိုင်းထား။ ကောက်ရိုးမီးလို လုပ်လို့မရပါ။ အစိုးရ၏ ဦးစီးဦးဆောင်မှုဖြင့် အဆောက်အအုံများ စတင်ဆောက်လုပ်စဉ် ကတည်းက မီးကာကွယ်ရေး စနစ်များပါရှိစေရန် ဥပဒေဖြင့် ကြပ်ကြပ်မတ်မတ်လုပ်ရမည်။ သည်ဥပဒေမှာ လူအများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဘို့အတွက် လုပ်ပေးထားတာဖြစ်သဖြင့် ငါတို့လိုက်နာရန် လိုသည်ဆိုကာ အဆောက်အအုံကို ဆောက်လုပ်မည့် ကန်ထရိုက်တာ ဆိုသူများကလည်း သေသေချာချာ လိုက်နာကာ စနစ်တကျ လုပ်ပေးရန်လိုသည်။ ပိုအရေးကြီးသည်မှာ ထိုတပ်ဆင်ထားသော မီးကာကွယ်ရေးစနစ်များကို ပစ်မထားဘဲ အမြဲ ကောင်းမွန် အလုပ်လုပ်နေစေရန် ပြုပြင်ထိန်းသိမ်းရေးပင်ဖြစ်၏။

မီးကာကွယ်ရေးတွင် အဓိကအရေးကြီးဆုံးမှာကား အများပြည်သူ၏ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ မည်မျှကောင်းမွန်သော စနစ်ကြီး ရှိနေပါစေ။ အများပြည်သူက လက်လွတ်စပယ်၊ ဖြစ်ကတတ်ဆန်း လုပ်နေမည်ဆိုလျှင်လည်း မီးအန္တရာယ်ကို ကာကွယ် နိုင်သင့်သလောက် ကာကွယ်နိုင်မည် မဟုတ်ပါ။ ထို့အတွက် ပြည်သူအများကို မီးကာကွယ်ရေး အသိပညာများ ဖြန့်ဝေပေးဘို့၊ လေ့ကျင့်ပေးဘို့၊ ဟောပြောပေးဘို့၊ ကလေးသူငယ်များကို မီးအန္တရာယ်နှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်များ လုပ်ပေးဘို့၊ ဥပမာ - ဉာဏ်စမ်းပြိုင်ပွဲများ၊ မီးအန္တရာယ်တားဆီးရေးပြပွဲများ၊ မီးသတ်လေ့ကျင့်ခန်းများ၊ မီးသတ်ဗူးအသုံးပြုနည်း၊ မီးသတ်ဗူး အကြောင်း သိကောင်းစရာ စသည်တို့လုပ်ပေးရန် လိုပါသည်။

လူနေအိမ်ယာ၊ တိုက်တာများဆောက်လျှင်လည်း မီးကြိုးများ၊ ရေပိုက်များ၊ အရေးပေါ်ထွက်ပေါက်များ စသည်တို့ကို စနစ်တကျ တပ်ဆင်ပေးရန်လိုပါသည်။ ဈေး၊ ရုံး၊ စက်ရုံ စသည့်အဆောက်အဦများတွင် မီးသတ်စနစ် တပ်ဆင်ထားရပါမည်။

မီးလောင်နိုင်သည့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးကာကွယ်ရေးစနစ်ကို တပ်ဆင်ပေးရန်လိုသလို၊ ၀န်ထမ်းများကိုလည်း မီးအန္တရာယ် ပညာပေးကာ ကြပ်ကြပ်မတ်မတ် လိုက်နာရန်၊ မလိုက်နာက ထိထိရောက်ရောက် အရေးယူရန် ဥပဒေဖြင့် ပြဌာန်းရ ပါမည်။

ပညာပေးသည်ဆိုရာတွင်လည်း ဟိုနားမီးလောင်လိုက် ထိုအနီးအနားမှလူများကို မဖြစ်ညစ်ကျယ် ပညာလေးသွားပေးလိုက်၊ သည်နားလောင်လိုက် သည်နားလာ ကိုယ်ယောင်ပြလိုက် လုပ်ရုံမျှမဟုတ်ဘဲ ရန်ကုန်မြို့၊ မန္တလေး၊ မကွေး၊ ပဲခူး စသည့် မြို့ကြီးများတွင် မြို့အနှံ့၊ မြို့နယ်များ၊ ကျေးလက်တောရွာများပါမကျန် တကယ်အလုပ်ဖြစ်မည့် ပညာမျိုးပေးရပါမည်။

မီးလောင်၍ ဆုံးရှုံးသွားရသော ငွေပမာဏ၏ ဆယ်ပုံတစ်ပုံမျှ သုံးလိုက်လျှင်ပင် များစွာထိရောက် အကျိုးရှိနိုင်မည် ဖြစ်ပါသည်။ အရေးကြီးသည်မှာ လူကြားကောင်းရုံလောက်၊ နာမည်ကြီးရုံမျှ မဟုတ်ဘဲ တကယ်လုပ်ချင်စိတ်နှင့် စေတနာပါပါ ဆောင်ရွက်မှု ဖြစ်၏။



၁။ မြန်မာပြည်မှ မီးလောင်မှုသတင်းများ



၁။ မီးသတ်ဦးစီးဌာန၏ တရားဝင်ထုတ်ပြန်သည့် စာရင်းများအရ ၂၀၁၀ ခုနှစ် မေလအတွင်းက မြန်မာတစ်နိုင်လုံးတွင် မီးလောင်မှု စုစုပေါင်း ၈၁ ကြိမ် ၊ ဇွန်လတွင် အကြိမ် ၄၀၊ ဇူလိုင်လတွင် ၃၄ ကြိမ်၊ သြဂုတ်လတွင် ၃၈ ကြိမ်၊ စက်တင်ဘာလတွင် ၃၃ ကြိမ်၊ အောက်တိုဘာလတွင် အကြိမ် ၅၀၊ ၂၀၁၁ ခုနှစ် မေလတွင် မီးလောင်မှု ၆၉ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ရန်ကုန်၊ မန္တလေး၊ ပဲခူး နှင့် မကွေးတိုင်းတို့တွင် မီးအများဆုံးလောင်ကာ မီးလောင်ရခြင်း အကြောင်းရင်းမှာ ပေါ့ဆမီးကြောင့်ဖြစ်ပြီး လျှပ်စစ်ကြောင့်လောင်ရခြင်းမှာ တတိယနေရာတွင်ရှိသည်ဟု ဆိုပါသည်။

၂။ ၂၀၀၈ ခုနှစ်အတွင်းက မီးလောင်မှု ၇၁၉ ခု ရှိခဲ့ပြီး မီးလောင်မှုကြောင့် ၂၈ ဦး သေဆုံးခဲ့သည်ဟု အစိုးရထုတ်ပြန်ချက်များ ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

၃။ ၂၀၀၉ ဇွန်လ ၁၅ ရက်နေ့တွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးငယ်တဦး အသက် ဆုံးရှုံးခဲ့သည်ဟု ဆိုပါသည်။ မီးလောင်ရခြင်းအကြောင်းရင်းမှာ ဖယောင်းတိုင်မီးကြောင့်ဖြစ်ပြီး အိမ်ခြေ ၄၀ မီးထဲပါသွားခဲ့သည်။

၎။ ၂၀၁၀ မတ်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ လသာရှိ သိမ်ကြီးဈေး D ရုံတွင် မီးလောင်ခဲ့သည်။ ပထမထပ်ရှိ စားသောက်ဆိုင်တန်း များမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဆို၏။

၅။ ၂၀၁၀ အောက်တိုဘာ ၂၄ ရက်နေ့ ညသန်းခေါင်ကျော်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့ ဈေးကြီး မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ပြီး ဆိုင်ခန်းအားလုံး မီးလောင်ကျွမ်းခဲ့သည် မီးလောင်ကျွမ်းမှုကြောင့် ငွေပမာဏ သိန်း ၃၀,၀၀၀ ကျော် ဆုံးရှုံးခဲ့သည်။

၆။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ မြန်မာပြည်၌ မီးလောင်မှု ၆၈၄ ကြိမ် ဖြစ်ပွားခဲ့ပြီး လျှပ်စစ်ကြောင့် မီးလောင်မှု ၇၅ ကြိမ် ပါဝင်ခဲ့သည်ဟု ဆိုပါသည်။ ထိုသတင်းတွင် ဆက်လက်ဖော်ပြထားသည်မှာ လျှပ်စစ်ကြောင့် မီးလောင်မှုများတွင် အများစုမှာ ၀ါယာရှော့ဖြစ်ခြင်း၊ လျှပ်စစ်ဓါတ်အား မြင့်တက်ခြင်း၊ ချွတ်ယွင်းပျက်စီးနေသော လျှပ်စစ်ပစ္စည်းများသုံးခြင်း၊ မီးအားထိန်းကိရိယာ Safe Guard ပျက်စီးချို့ယွင်းခြင်း၊ ချို့ယွင်းပျက်စီးနေသည့် ၀ါယာကြိုးဟောင်းများ၊ လျှပ်စစ်ပစ္စည်းများ ကြောင့်  လောင်ကျွမ်းခြင်းဖြစ်သည်ဟု ဆိုပါသည်။

၇။ ၂၀၁၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၆ ရပ်ကွက်ရှိဆိုင်အမှတ် (၁ဝ/က) စက်သုံးဆီအရောင်းဆိုင်တွင် ဓာတ်ဆီတိုင်ကီအား ဂေါက်တံဖြင့် ရိုက်ဖွင့်ရာမှ မီးစထွက်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုနေ့မှာပင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၉ လမ်းနှင့် ၇၆ x ၇၇ လမ်းကြားရှိ လမ်းဘေး စက်သုံးဆီအရောင်းဆိုင်တွင် ပလတ်စတစ်ပုံးထဲထည့်ထားသော ဓာတ်ဆီအား ရေသန့်ဘူးထဲပြောင်းထည့်ရာမှ တည်ငြိမ်လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ သည်။

၈။ ၂၀၁၁ ဖေဖော်ဝါရီ ၂ ရက်နေ့၌ မကွေးတိုင်း၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ တပ်ကုန်းရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်၌ ပလတ်စတစ်ပုံးဟောင်းအတွင်း ဓာတ်ဆီထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

၉။ ၂၀၁၁ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ စံပြဈေးတွင် မီးလောင်ခဲ့ရာ ဆိုင်ခန်းပေါင်း ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ ၁၆ ရက်နေ့ကလည်း မန္တလေးမြို့အတွင်း နန်းတော်ရှေ့နှင့် ၄၂ လမ်း ခုံးကျော်တံတားအနီးတို့တွင်လည်း မီးလောင်ကျွမ်းခဲ့သည်။

၁၀။ မကွေးတိုင်း ၊ မကွေးမြို့နယ် ဆူးပစ်စမ်းကျေးရွာတွင် ၂၀၁၁၊ ဖေဖော်ဝါရီ ၁၂ ရက်က မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၁၀၀ ကျော် ဆုံးရှုံးခဲ့ပြီး လူဦးရေ ၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

၁၁။ ၂၀၁၁ ဖေဖော်ဝါရီ ၈ ရက်နေ့လယ်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက်၊ အပိုင်း လေး (၁၅/၄)၊ သီတာရေစင်လမ်း တွင်  မီးလောင်ခဲ့ရာ အိမ် ၁၄ လုံး ပြာကျသွားပြီး နောက်တစ်လုံးကို တစ်ခြမ်းလောင်သွားခဲ့သည်။

၁၂။ ၂၀၁၁ မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီမှ ၇ နာရီထိ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ထဟာ ကျေးရွာ၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပြာကျသွားသည်။ မတ်လ ၂ ရက်နေ့ကလည်း ထိုဒေသ၌ပင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နိုင်ငံတော်ပိုင် ဂိုဒေါင် ၆ လုံး မီးလောင်ကျွမ်းခဲ့သည်။

၁၃။ ၂၀၁၁ မတ် ၂၁ ရက်နေ့ ည ၈ နာရီတွင် မုံရွာမြို့၊ အောင်ဇေယျုံရပ်ကွက်၌ ဖယောင်းတိုင်မီးကြောင့် မီးလောင်ရာ အိမ်ထောင်စု ၇၅ စု နေထိုင်သော နေအိမ်တိုက်တာ ၆၄ လုံး မီးလောင်ကျွမ်းခံရပြီး ကျပ်သိန်း ၁၇၀ ကျော်ဖိုး ဆုံးရှုံးခဲ့သည်။

၁၄။ ၂၀၁၁ ဧပြီလ ၂၅ ရက်နေ့က မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် ၊ဘုရင့်နောင် ကားပစ္စည်းဈေးကြီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဈေးရုံ(စ)၊ ဆိုင်အမှတ် (၃၄/၃၅)ကြားရှိ ဘရိတ်ကာ အပူလွန်ကဲရာမှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၁၅။ ရွှေပြည်သာစက်မှုဇုန်(၁)ရှိ VeVe အချိုရည်စက်ရုံတွင် ဧပြီလ ၂၆ ရက်နေ့ နံနက် ၁ နာရီ ၃၅ မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့၏။ Ve Ve အချိုရည်စက်ရုံ ပင်မဂိုဒေါင်အတွင်းရှိ ပစ္စည်းသိုလှောင်ခန်းတွင် အဲယားကွန်းပလပ်ခုံ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ Ve Ve အချိုရည်စက်ရုံ ပြုပြင်ထန်းသိမ်းရေးတာဝန်ခံအား ပ-၃၇၅/၂၀၁၁ ပုဒ်မ ၂၈၅ ဖြင့် အရေးယူခဲ့သည်။

၁၆။ ၂၀၁၁ ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၌ အနှိပ်ခန်းတစ်ခု မီးလောင်ခဲ့ပြီး နောက်တစ်ရက် ဇွန်လ ၂၀ ရက်နေ့တွင် ၁၆ ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ အထည်ချုပ်စက်ရုံကို မီးလောင်ခဲ့သည်။

၁၇။ ၂၀၁၁ စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ဗဟိုဈေးအနီး၌ မီးလောင်ခဲ့သည်။ လူနေအိမ် ၁၃ လုံး အပါအ၀င် ရွှေဆိုင်ခန်း (၅) ခန်း၊ နိုင်ငံခြားဖြစ် အိတ်အရောင်းဆိုင် ၁ ဆိုင် ၊ ဖိနပ်ဆိုင် ၂  ဆိုင်နှင့် အခြား လူသုံးကုန် ပစ္စည်းဆိုင်များ ပါသွားသည်။ ဆိုင်မှ အမျိုးသမီးငယ်တစ်ဦးက မီးပျက်၍ မီးစက်နှိုးစဉ် ဆီတိုင်ကီထဲ ဆီရှိ၊ မရှိ သိရန် မီးခြစ်ဖြင့် ခြစ်၍ကြည့်ရာမှ မီးစတင်လောင်ကျွမ်းခဲ့သည်ဆို၏။

၁၈။ ၂၀၁၁ အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ အနောက်ကြို့ကုန်း၊ ငါးလုပ်ငန်း ဦးစီးဌာန၀င်းအတွင်းရှိ ငွေဗျိုင်းဖြူ စက်သုံးဆီဖြန့်ဖြူးရောင်းဝယ်ရေး စက်ရုံကုမ္ပဏီဝင်းအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။

၁၉။ ၂၀၁၁ အောက်တိုဘာ ၁၈ ရက်နေ့ ည ၁၂နာရီကျော်အချိန်၌ ဝါယာရှောခ့်ဖြစ်ကာ ရန်ကုန်၊ ဂွတ္တလစ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ၌ မီးလောင်မှုဖြစ်ပြီး ငွေကျပ်သိန်း ၉ဝ ကျော်ဖိုး ဆုံးရှုံးခဲ့သည်ဟု ဆိုပါသည်။

၂၀။ ၂၀၁၁ ဇူလိုင်လ ၅ ရက် နံနက် ၉နာရီ ခွဲခန့်တွင် မန္တလေးမြို့ ၃၅လမ်းနှင့် ၃၆လမ်းကြား၊ ၈၃လမ်းနှင့် ၈၄လမ်းအကြား ဦးကျားကြီးဝန်းအတွင်းရှိ စက်ဘီးနှင့်တာယာများ သိုလှောင်ရာ ဂိုဒေါင်တခုတွင် မီးလောင်ခဲ့ပြီး တိုက် ၃ လုံးနှင့် အိမ် ၄ အိမ် မီးလောင်ရာတွင် ပါသွားသည်။

၂၁။ ၂၀၁၀ မေလ ၂၄ ရက်နေ့ မင်္ဂလာဈေး ၀ါယာရှော့ခ်မီးကြောင့် ဆေးဝါးအရောင်းဆိုင် ၃၉၈ ဆိုင်၊ အလှကုန်ဆိုင် ၃၉၉ ဆိုင် နှင့် စားသောက်ဆိုင် ၄၈ ဆိုင် မီးလောင်ကာ ငွေကျပ်သိန်းပေါင်း ၂၀၉၂၆၃ သိန်း ဆုံးရှုံးခဲ့သည်။

၂၂။ ၂၀၁၀ ဇွန်လ ၃ ရက်နေ့ မုံရွာမြို့ ချင်းတွင်းရတနာဈေး မီးကြောင့် ဆိုင်ခန်း ၄၀၆ ခန်း မီးလောင်ပျက်စီးခဲ့သည်။

၂၃။ ၂၀၁၀ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရန်ကုန်၊ သင်္ဃန်းကျွန်းဈေးမီးကြောင့် ဆိုင်ခန်း ၆၅၁ ခန်း မီးလောင်ပျက်စီးခဲ့သည်။

၂၄။ ၂၀၀၈ ဒီဇင်ဘာလ မော်လမြိုင်မြို့ မြို့မဈေးမီးကြောင့် ဆိုင်ခန်း ၁၁၂၄ ခန်း မီးလောင်ပျက်စီးခဲ့သည်။

၂၅။ ၂၀၀၈ ဖေဖော်ဝါရီလ မန္တလေး ရတနာပုံဈေးမီးကြောင့်
ဆိုင်ခန်း ၁၅၂၁ ခန်း မီးလောင်ပျက်စီးခဲ့သည်။

၂၆။ မြန်မာနိုင်ငံတွင် မီးသတ်အင်အား ၃၀၀၀ ကျော်၊ မီးသတ်ယာဉ် ၁၅၄၅ စီး၊ မီးသတ်စခန်း ၃၉၄ ခု ရှိသည်ဟု ဆို၏။ မြန်မာ တစ်နိုင်ငံလုံးအတွက် ဤအင်အားမှာ အလွန်နည်းလှသည်ဟု ကျွန်တော်ကတော့ သည်လိုပဲယူဆမိပါသည်။ နောက်ပိုင်းတွင် အတွက်အချက်များဖြင့် သက်သေပြပါမည်။

၂၇။ မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် မီးသတ်ဦးစီးဌာနအနေနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ သတင်း၊ စာနယ်ဇင်း များနှင့် ပူးပေါင်းကာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ၊ မီးသုံးစွဲမှုစစ်ဆေးခြင်းများ ဆောင်ရွက်နေသော်လည်း ပြည်သူများအနေနှင့် လိုက်နာမှုအားနည်းနေသေးသည်ဟု မိုးမခသတင်း တွင် ဖော်ပြထားပါသည်။

သည်စာရင်းများကို အပင်ပန်းခံကာ အဘယ်ကြောင့်လိုက်လံရှာဖွေ၊ ရေးသားတင်ပြနေရပါသနည်းဟူမူ ကျွန်ုပ်တို့မြန်မာပြည်ကြီး၌ တစ်နှစ်တစ်နှစ် မီးလောင်မှုကြောင့် ပစ္စည်းဥစ္စာဓနများ မည်မျှဆုံးရှုံးနေရသည်ကို ရုပ်လုံးပေါ်လာစေရန် ဖြစ်ပါသည်။



၂။ စင်ကာပူ မီးကာကွယ်ရေး ဥပဒေ စည်းမျဉ်းများ


အောက်ဖော်ပြပါ အချက်အားလုံးကို http://www.scdf.gov.sg မှ ယူငင်ထားပါသည်။

စင်ကာပူတွင် မီးလောင်မှုကို ကာကွယ်ရန် ဥပဒေဖြင့် ပြဌာန်းထားသည်။ ပြဌာန်းထားသော ဥပဒေမှာ Fire Safety Act ဖြစ်၏။ ထိုဥပဒေကို အထောက်အကူပြုမည့် စည်းမျဉ်းဥပဒေများလည်း ရှိပါသေးသည်။ ၎င်းတို့မှာ -

a.         Fire Safety (Building Fire Safety) Regulations

b.         Fire Safety (Registered Inspector) Regulations

c.         Fire Safety (Fire Emergency Plan) Regulations

d.         Fire Safety (Fire Safety Manager) Regulations

e.         Fire Safety (Dangerous Trades or Purposes) Regulations

f.          Fire Safety (Petroleum) Regulations

g.         Fire Safety (Composition of Offences) Regulations

h.         Fire Safety (Exemption Order)

i.          Fire Safety (Designation of Premises Requiring Fire Emergency Plan) Notification

j        Fire Safety (Specification of Premises Requiring Fire Safety Managers) Notification

-       တို့ဖြစ်၏။

Fire Safety Act တွင် အပိုင်း ၇ ပိုင်းပါသည်။

အပိုင်း ၁။ နိဒါန်း

အပိုင်း ၂။ အဆောက်အအုံများအတွင်း မီးအန္တရာယ်

အပိုင်း ၃။ အဆောက်အအုံများတွင် မီးကာကွယ်ခြင်း

အပိုင်း ၄။ မီးနှင့်လုပ်ရသော လုပ်ငန်းများအား ကန့်သတ်ထိန်းချုပ်ခြင်း

အပိုင်း ၅။ အန္တရာယ်ရှိသော ပစ္စည်းများနှင့် လုပ်ကိုင်နေသော နေရာများ

အပိုင်း ၆။ မီးလောင်လွယ်သော ပစ္စည်းများနှင့် ရေနံကို ထိန်းချုပ်ခြင်း

အပိုင်း ၇။ အထွေထွေ

မီးကာကွယ်ရေးစနစ်တွင် အောက်ပါတို့ပါဝင်၏။

a.     အဆောက်အအုံများကို မိမိသဘောနှင့် ပြန်လည်ပြင်ဆင်ရာတွင် မီးအရေးပေါ်ထွက်ပေါက်ကို အဟန့်အတား ဖြစ်စေခြင်း။

b.     နေရာတစ်ခုတွင် ပွဲလမ်းသဘင်တစ်ခုခုကျင်းပသောအခါ လူအများဖြင့် ကျပ်သိပ်နေ၍ မီးအန္တရာယ်ဖြစ်လျှင် ထွက်ပေါက်မလုံ လောက်ခြင်း။

c.     အဆောက်အအုံများတွင် တပ်ဆင်ထားသော မီးကာကွယ်ရေးစနစ်များကို ခွင့်ပြုချက်မရဘဲ ဖြုတ်ခြင်း၊ ဖျက်ခြင်း။

d.     မီးကာကွယ်ရေးစနစ်များကို မပြုပြင်သဖြင့် ကောင်းကောင်းအလုပ်မလုပ်ခြင်း။

e.     မီးအရေးပေါ်ထွက်ပေါက်များမှာ ပစ္စည်းများဖြင့် ပိတ်ဆို့နေသဖြင့် ထွက်ရန် မလွယ်ခြင်း။

f.      မီးအန္တရာယ်တားဆီးရေးအတွက် အနှောက်အယှက်ဖြစ်စေမည့် မည်သည့်ပြုမူချက်မျိုးမဆို။

ဥပဒေပါ အချက်အလက်များကို လိုက်နာရန်ပျက်ကွက်သူအား မီးကာကွယ်ရေးမင်းကြီးမှ ထိုနေရာကို ၇၂ နာရီ ချိပ်ပိတ်ထား နိုင်သည်။ သို့မဟုတ် အများဆုံး ဒါဏ်ငွေ တစ်သောင်း၊ သို့မဟုတ် ထောင်ဒါဏ် ၆ လ သို့မဟုတ် နှစ်မျိုးလုံး ဒါဏ်တပ်ရိုက် နိုင်သည်။

၁၉၉၃ Fire Safety Act, ၁၉၉၄ Fire Safety (Fire Safety Manager) Regulation များအရ ရုံးအဆောက်အအုံကြီးများတွင် ကုမ္မဏီပိုင်ရှင်၊ သို့မဟုတ် လုပ်ငန်းပိုင်ရှင်သည် မီးကာကွယ်ရေးဆောင်ရွက်ချက်များအတွက် Fire Safety Manager - FSM (မီးလုံခြုံရေး မန်နေဂျာ) တစ်ဦး ခန့်ထားရသည်။

ကြမ်းပြင်အကျယ်အ၀န်း စတုရန်းမီတာ ၅၀၀၀ နှင့်အထက် သို့မဟုတ် ၀န်ထမ်းအင်အား ၁၀၀၀ ထက်ပိုလျှင် ထို အဆောက်အအုံတွင် FSM ခန့်ထားရသည်။ စူပါမားကက်ကြီးများ၊ ဆေးရုံများ၊ စက်ရုံများ၊ ဟိုတယ်များ၊ ဂိုဒေါင်ကြီးများတွင်လည်း FSM ခန့်ထားရန် လိုသည်။ ထိုမျှသာမကသေး၊ မီးလောင်နိုင်သည့် ဓါတုပစ္စည်းများ သိုလှောင်၊ ရောင်းဝယ်၊ ပို့ဆောင်သည့် ကုမ္မဏီများသည်လည်း FSM ခန့်ထားရန် လိုသည်။

FSM (မီးလုံခြုံရေးမန်နေဂျာ) လုပ်ရမည့်တာဝန်နှင့် ၀တ္တရားများကိုလည်း ဤဥပဒေထဲတွင် အတိအကျဖော်ပြထား၏။ ၎င်းတို့မှာ -

၁။ မီးအရေးပေါ် စီမံချက်တွင်ပါသည့် မီးကာကွယ်ရေးစည်းမျဉ်းများ ချမှတ် အကောင်အထည်ဖော်ရမည်။

၂။ ၎င်းကိုင်ရသော အဆောက်အဦများအတွင်းရှိ မီးကာကွယ်ရေးပစ္စည်းများအား ပြုပြင်ထိန်းသိမ်းမှုကို ကြီးကြပ်ဆောင်ရွက်ရမည်။

၃။ အရေးဟေ့ ဆိုလျှင် လူများကြပ်သိပ်မနေစေရန် နေရာတစ်နေရာစီ၌ မီးကာကွယ်ရေး ဥပဒေအတွင်း ပြဌာန်းထားသည့် လူဦးရေထက် မပိုရေးကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရန်။

၎။ အဆောက်အဦများအတွင်းရှိ မီးအန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများကို ရှာဖွေဖယ်ရှားပစ်ရမည်။

၅။ အဆောက်အဦအတွင်းရှိ လူအားလုံး မီးဟေ့ဆိုလျှင် အလွယ်တကူ ထွက်နိုင်၊ လွတ်မြောက်နိုင်ရန် အရေးပေါ်စီမံချက်များ ရေးဆွဲကာ ထိုစီမံချက်များနှင့် ရင်းနှီးကျွမ်းဝင်နေစေရန် အားလုံးကို လေ့ကျင့်ပေးထားရမည်။

၆။ ထိုအဆောက်အဦအတွက် မီးကာကွယ်ရေးလက်စွဲ စာအုပ် ပြုစုပြီး အားလုံးသို့ ဝေငှပေးထားရမည်။

၇။ အဆောက်အဦအတွင်းရှိ လူအားလုံးကို မီးသတ်ကိရိယာများသုံးစွဲနည်း သင်တန်းပေးရမည်။

၈။ မီးလောင်သည့်အခါ ထိုအဆောက်အဦအတွင်းရှိ လူအားလုံး ဘေးကင်းချောမွေ့စွာ လွတ်မြောက်အောင် ဦးဆောင်မှု ပေးရမည်။ မီးသတ်ရာတွင်လည်း ဦးဆောင်ညွှန်ကြားမှု ပေးရမည်။

၉။ အရေးပေါ်ကိစ္စများအားလုံးတွင် ဘာလုပ်ရမည်ကို တိကျသော ညွှန်ကြားချက်များ ပေးရမည်။

၁၀။ မိမိခွင့်သွားနေစဉ်ကာလများတွင် မိမိကိုယ်စား ဆောင်ရွက်နိုင်ရန် ကိုယ်စားလှယ်တစ်ဦးကို မိမိလုပ်ရမည့် တာဝန်ဝတ္တရား များအကြောင်း ကျကျနန သင်ပေးထားရမည်။

၁၁။ မိမိ အဆောက်အဦအတွင်းရှိလူများ မီးအန္တရာယ်ကာကွယ်ရေးကို စိတ်ဝင်စားလာစေရန် ဟောပြောပွဲများ၊ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ စသည် လုပ်ပေးရမည်။

၁၂။ အခြား မီးအန္တရာယ်ကာကွယ်ရေးနှင့် ပတ်သက်သမျှအားလုံး လုပ်ပေးရန် တာဝန်ရှိသည်။

အဆောက်အအုံပိုင်ရှင်သည် မီးအရေးပေါ်စီမံချက် (Fire Emergency Plan) ရေးဆွဲထားရန်လည်း လိုအပ်သည်။ ဤစီမံချက် တွင် အရေးပေါ်ဆက်သွယ်ရမည့် ဖုံးနံပါတ်အားလုံးပါသည်။ မီးလောင်လျှင် မည်ကဲ့သို့လုပ်ရမည်ကို အစီအစဉ်တကျ ရေးဆွဲထား သည်။ အဆောက်အအုံအတွင်းရှိ လူအားလုံးကို ဘေးကင်းအောင် မည်ကဲ့သို့ထုတ်သွားရမည်ကို အဆင့်လိုက်ဖော်ပြထားသည့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်လည်း ပါသည်။

အရေးဟေ့ဆိုလျှင် လူအားလုံး အထိတ်တလန့် ၀ရုံးသုံးကားဖြစ်ကာ ခြေဦးတည့်ရာ လျှောက်မပြေးရအောင် မီးလောင်သည့်အခါ မည်ကဲ့သို့လုပ်ရမည်ကို ကြိုတင်လေ့ကျင့်ပေးထားရမည်။

ဤအရာအားလုံးကို စူပါမားကက်ကြီးများ၊ ဆေးရုံများ၊ စက်ရုံများ၊ ဟိုတယ်များ၊ ဂိုဒေါင်ကြီးများစသည်တို့တွင် ဆောင်ရွက်ထားရှိ ရမည်။ (ကျွန်တော်ကတော့ ကျောင်းများတွင်ပါ လုပ်စေချင်ပါသည်။)

အဆောက်အအုံပိုင်ရှင် သို့မဟုတ် လုပ်ငန်းရှင်သည် လုပ်ငန်းစပြီး ၆ လအတွင်း မီးကာကွယ်ရေးစီမံချက်ကို တင်ပြရမည်။ ထိုစီမံချက်သည်လည်း မီးကာကွယ်ရေးမင်းကြီးမှ ချမှတ်ထားသော စည်းမျဉ်းများအတိုင်းဖြစ်ရမည်။ ဥပဒေတွင် ပြဌာန်းထား သည့်အတိုင်း မီးကာကွယ်ရေးအစီအမံများအားလုံး ဆောင်ရွက်ထားရှိရမည်။ မီးကာကွယ်ရေးစီမံချက်ကို အထောက်အကူပြုရန် အဆောက်အအုံအတွင်းရှိသူများ ပါဝင်ဖွဲ့စည်းထားသော မီးအန္တရာယ် ကာကွယ်ရေးကော်မတီ ဖွဲ့ထားကာ မီးကာကွယ်ရေး အစီအမံများ၊ လေ့ကျင့်မှုများ လုပ်ပေးရမည်။ မီးကာကွယ်ရေးစီမံချက်ကို တစ်နှစ်လျှင် တစ်ကြိမ် ပြန်လည်စစ်ဆေးကာ ပြုပြင်သင့်သည်များကို ပြုပြင်ရမည်။

၁။ လူ ၂၀၀ ထက်ပိုရှိသော အများပြည်သူပိုင် အဆောက်အအုံများ (ဥပမာ - ဟိုတယ်၊ စူပါမားကက်ကြီးများ၊ ရုံးကြီးများ)

၂။ လူ ၁၀၀၀ ထက်ပိုသော စီးပွားရေးလုပ်ငန်း အဆောက်အအုံများ၊ ကြမ်းခင်းဧရိယာ စုစုပေါင်း ၅၀၀၀ စတုရန်းမီတာနှင့် အထက်ရှိသော အဆောက်အအုံများ၊ ၈ ထပ်ထက်ပိုသော စီးပွားရေးအဆောက်အအုံများသည် မီးလက်မှတ် (Fire Certificate) ရှိထားရမည်။ ထို မီးလက်မှတ်ကို နှစ်စဉ်အသစ်ပြန်လဲရမည်။

၃။ ၈ ထပ်ထက်ပိုသော လူနေအဆောက်အအုံများတွင် i) wet riser system သို့မဟုတ် ii) automatic fire alarm system သို့မဟုတ် iii) sprinkler system တပ်ဆင်ထားရမည်။

မီးလက်မှတ် ဟူသည်ကား ဤအဆောက်အအုံတွင် တပ်ဆင်ထားသော မီးကာကွယ်ရေးစနစ်များ၊ နည်းလမ်းများသည် ကောင်းမွန်၊ မှန်ကန်စွာ အလုပ်လုပ်နေပါသည်ဟု ထုတ်ပေးထားသော လက်မှတ်ဖြစ်သည်။ ဤလက်မှတ်ရစေရန် ထို မီးကာကွယ်ရေးစနစ်ကို ပြဌာန်းထားသော စံနှုံး (Code of Practice) များအရ စမ်းသပ်စစ်ဆေးရသည်။ လက်မှတ်သက်တမ်းကို တစ်နှစ်သာပေးထားသည့်အတွက် ထိုလက်မှတ်ရရန် မီးကာကွယ်ရေးစနစ်များ ကောင်းမကောင်း နှစ်စဉ်စစ်ဆေးနေရပေမည်။ 

စစ်ဆေးသူမှာ PE (Professional Engineer) ဖြစ်၏။ PE ဆိုပေသိ PE တစ်ယောက်ထဲက အားလုံးကို တာဝန်ယူ စစ်လို့ရတာ မဟုတ်။ သူ့အပိုင်းနှင့်သူ ဖြစ်သည်။ ဥပမာ - Mechanical Ventilation & Air Conditioning (ACMV) လေပေး၊ လေအေးပေးစနစ်ကို စစ်သူမှာ Mechanical PE သို့မဟုတ် Electrical PE (up to 1311) စသည်။

သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်စနစ်များကို စစ်သနည်း။ နမူနာပြရလျှင် -

·         Emergency power supply

·         Sprinkler system

·         Fire alarm system

·         Wet riser

·         Dry riser

·         Lift

·         Pressurisation system

·         Atrium smoke control system

·         Mechanical ventilation for basement

·         Air-conditioning system

·         Voice communication system

·         Fire Command Centre  - - - - စသည်တို့ ဖြစ်ပါသည်။

ဤလက်မှတ်၌ လိမ်ညာဖြော်ပထားလျှင် ဤလက်မှတ် ပျက်ပြယ်သည်။

အဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ခဲ့ပါက မီးလက်မှတ်ပျက်ပြယ်သည်။ လိုအပ်သော မီးကာကွယ်ရေးစနစ်များကို ပြန်လည် တပ်ဆင်၊ စမ်းသပ်ပြီးမှ ထပ်မံထုတ်ပေးပါမည်။


ပြစ်ဒါဏ်

အထက်ဖော်ပြပါအချက်များကို မလိုက်နာ။ ပျက်ကွက်ခဲ့သည်ဖြစ်အံ့။ စင်ကာပူဒေါ်လာ တစ်သောင်းထက်မများသော ငွေဒါဏ်၊ သို့မဟုတ် ၆ လထက်မပိုသော ထောင်ဒါဏ်၊ သို့မဟုတ် ငွေဒါဏ်၊ ထောင်ဒါဏ်နှစ်ရပ်လုံး ကျခံစေရမည်။

မီးကာကွယ်ရေးစနစ်များကို မီးကာကွယ်ရေးမင်းကြီး၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်။ အကယ်၍ မလိုက်နာ၊ ပျက်ကွက်သော် ဒါဏ်ငွေ စင်းဒေါ်လာ ၅ သောင်း သို့မဟုတ် ထောင်ဒါဏ် ၁ နှစ် ကျခံစေရမည်။

အောက်ပါ အန္တရာယ်ရှိသောပစ္စည်း ၅ မျိုးကို သိုလှောင်လိုလျှင် SCDF (Singapore Civil Defence Force) (စင်ကာပူ အရပ်သား ကာကွယ်ရေးအဖွဲ့) (မြန်မာပြည်မှ မီးသတ်ဦးစီးဌာန နှင့် အလားတူ) မှ လိုင်စင်ရယူရမည်။

၁။ အက်ဆီတလင်း

၂။ ကယ်လ်ဆီယမ်ကာဘိုဒ်

၃။ ဆယ်လူလို့စ် အရည်

၎။ မီးခြစ်၊ မီးခြစ်ဆံ

၅။ မီးရှုး၊ မီးပန်း၊ ဗျောက်အိုး



ရေနံ၊ ဓါတ်ဆီ နှင့် မီးလောင်လွယ်သောပစ္စည်းများ ထိန်းချုပ်မှု
 

ဥပဒေတွင်ဖော်ပြထားသော အချက်အလက်များကို မလိုက်နာပါဘဲလျှက် မည်သူတစ်ဦးတစ်ယောက်မျှ မီးလောင်လွယ်သော ပစ္စည်း၊ ရေနံ၊ ဓါတ်ဆီ စသည်တို့ကို သိုလှောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သယ်ဆောင်ခြင်း မပြုရ။ အကယ်၍ ထိုပစ္စည်းများကို ရောင်းဝယ်၊ သိုလှောင်၊ သယ်ယူလိုသည်ဆိုပါက လိုင်စင်ယူရသည်။ ရေနံ၊ ဓါတ်ဆီ၊ မီးလောင်လွယ်သော ပစ္စည်းများအတွက် ပြဌာန်းထားသော နည်းဥပဒေထဲတွင် သိုလှောင်နိုင်သော ပမာဏ၊ သယ်ယူခွင့်ပြုသော ယာဉ်အမျိုးအစား၊ သိုလှောင်ခြင်းအတွက် လိုအပ်ချက်၊ သယ်ယူရာတွင်လိုက်နာရမည့် စည်းကမ်းများ စသည်တို့ကို အပြည့်အစုံဖော်ပြထားသည်။



အဆောက်အအုံများဆောက်လုပ်ရာတွင် လိုက်နာရမည့် မီးကာကွယ်ရေးစနစ်များ
 

အဆောက်အအုံများဆောက်လုပ်ရာတွင် မီးကာကွယ်ရေးစနစ်များ မည်ကဲ့သို့တပ်ဆင်ရမည်ကို Fire Code 2007 Master Version တွင် အလွန်ပြည့်စုံစွာ အသေးစိတ် ဖော်ပြထားသည်။ အခန်း ၉ ခန်း နှင့် နောက်ဆက်တွဲ အချပ်ပို ၁၃ ခု ပါ၏။ ဤအထဲ တွင် ဈေးများ၊ ရထားဘူတာ၊ ယာယီဆောက်လုပ်သော အဆောက်အအုံ၊ သိုလှောင်ရုံ၊ ကားရပ်နားရာနေရာများ၊ အထပ်မြင့် အဆောက်အအုံများ အားလုံးပါသည်။

မီးအရေးပေါ်ထွက်ပေါက်များကို မည်ကဲ့သို့ထားရမည်။ မီးသတ်ရေကို မည်ကဲ့သို့ယူရမည်။ မီးသတ်ကားရပ်ရန်နေရာ စသည်။

ရေနံစသော မီးလောင်လွယ်သော ပစ္စည်းများထားမည့် ဂိုဒေါင်ကို မည်ကဲ့သို့ဆောက်ရမည်၊ အန္တရာယ်ရှိသော ဓါတုပစ္စည်းများကို မည်ကဲ့သို့သိုလှောင်ရမည်။ မည်ကဲ့သို့ကိုင်တွယ်ရမည် အားလုံးပါသည်။

မီးလောင်ခံဆောက်လုပ်ရေးပစ္စည်းများသုံးခြင်း၊ စမ်းသပ်ခြင်း၊ သုတ်ဆေးများကို မီးလောင်နိုင်မှု၊ မီးဒါဏ်ခံနိုင်မှု စမ်းသပ်ခြင်း၊ အလုံပိတ်အခန်းများ၊ ထွက်ပေါက်များ၊ လှေခါးများ၊ မျက်နှာကျက်၊ အိမ်နံရံ စသည်များကို မည်သည့်ပစ္စည်းများဖြင့် မည်ကဲ့သို့ ဆောက်ရမည် စသည်တို့ကို အပြည့်အစုံ ဖော်ပြထားသည်။

လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းပုံ၊ မီးလောင်လျှင် အလိုအလျှောက် ရေဖြန်းစနစ် (Sprinkler system) တပ်ဆင်ပုံ၊ မီးခိုး အထိန်းများတပ်ဆင်ပုံ၊ မီးသတ်ဗူးများထားရမည့်နေရာ၊ မီးသတ်ဗူးအရွယ်အစား ရွေးချယ်ပုံ စသည်တို့ကို လိုလေသေးမရှိ ဖော်ပြထားသည်။

စာအုပ်ကြီးတစ်အုပ်စာမျှရှိသည့် အလွန်ရှည်လျှား များပြားလှသော ဤမီးကာကွယ်ရေးစနစ်ကြီးတစ်ခုလုံး သည်ဆောင်းပါးထဲ ထည့်သွင်းဖော်ပြဘို့ မဖြစ်နိုင်ပါ။ သို့သော် အမြည်းအဖြစ် နမူနာ အနည်းငယ်ဖော်ပြပါမည်။



Appendix D: ကုန်သိုလှောင်ရုံကြီးများအတွက် မီးကာကွယ်ရေးလိုအပ်ချက် လမ်းညွှန်
 

ကုန်သိုလှောင်ရုံသည် 9000 m3 သို့မဟုတ် ကြမ်းခင်းဧရိယာ 1500 m2 ထိ ဆိုလျှင် အလိုအလျှောက် ရေဖြန်းစနစ် (Sprinkler System Protection) မလိုအပ်။ သို့သော် 18000 m3 သို့မဟုတ် ကြမ်းခင်းဧရိယာ 3000 m2 ထိ ဆိုလျှင် အလိုအလျှောက် ရေဖြန်းစနစ် (Sprinkler System Protection) တပ်ဆင်ပေးရမည်။ ဂိုဒေါင်တံခါးမှာ မီးခံ တံခါးလိပ် (fire rated roller shutter) တပ်ဆင်ထားရမည်။ ထိုတံခါးကို အလိုအလျောက် မီးအချက်ပေးစနစ် (automatic fire alarm system) ဖြင့် ဆက်သွယ်ထားရမည်။

မီးအရေးပေါ်ထွက်ပေါက် ထားပေးရမည်။ ထိုထွက်ပေါက်ကို သတ္တု၊ ကွန်ကရိများဖြင့် လုပ်ရမည်။ ကြောင်လိမ်လှေခါး ဖြစ်နိုင်သည်။ အကျယ် ၃မီတာ x ၂ မီတာ ရှိရမည်။ လက်ရမ်းပါရမည်။ အဆောက်အဦ အပြင်နံရံတွင် ခိုင်ခိုင်ခံ့ခံ့တပ်ဆင်ရမည်။

ကုန်ပစ္စည်း အတင်အချနေရာများ၊ ကားရပ်နားရာနေရာများ၊ စသည်တို့တွင် မီးသတ်ဗူးထားရမည်။ ဂိုဒေါင်ထဲတွင် အချင်း ၂၅ မီတာလျှင် မီးသတ်ဗူးတစ်ခု ထားရမည်။ မီးသတ်ဗူး အမျိုးအစားမှာ 50kg ABC dry powder ဖြစ်သည်။

မီးခိုးထွက်ပေါက်များကိုလည်း Code of Practice တွင် ဖော်ပြထားသည့်အတိုင်း တပ်ဆင်ပေးရမည်။

တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်သွယ်နိုင်သည့် ရေဒီယိုစနစ် ထားပေးရမည်။
 

နေရာအနှံ့အပြားတွင် တပ်ဆင်ထားသည့် မီးသတ်ရေပိုက်ခေါင်းများ


စင်ကာပူရှိ လမ်းမများ၊ လူနေအိမ်များအကြား၊ ဈေးများ၊ ကျောင်းများ စသည်တို့တွင် မီးသတ်ရေပိုက်ခေါင်းဆက်နိုင်သည့် ရေငုတ် များကို တွေ့နိုင်ပါသည်။




လူနေအိမ်အပါအ၀င် အဆောက်အအုံများတွင် မီးသတ်ကားမှ ရေခေါင်းဖြင့်ဆက်ပြီး မီးသတ်နိုင်ရန် ရေအ၀င်ခေါင်း၊ ဆေးမှုန့် အ၀င်ခေါင်းများ လုပ်ပေးထားသည်။



စင်ကာပူ မီးသတ်ဗဟို အဆောက်အအုံ



စင်ကာပူမှ မီးသတ်ကား






မီးအရေးပေါ်စီမံချက် အကြောင်း ဆက်လက်တင်ပြပါမည်။

အားလုံးကို ကျေးဇူးတင်ပါသည်။
 

အေးငြိမ်း

6/11/2011, 12:10 pm

Blk 663D, Jurong West St. 65

#15-233

Singapore 644663

Tel: 97303027







No comments: