Thursday, November 3, 2011

မြန်မာပြည် မှ တိုင်းတာရေးစနစ် စံနှုန်းများ (၃)

မြန်မာအတိုင်းအတာများအကြောင်း ဆိုသည်နှင့် ပထမဦးဆုံးသတိရမိသူမှာ သာလွန်မင်းတရားကြီး ဖြစ်ပါ၏။ မြန်မာပြည် စတင်တည်စမှ ယနေ့ထိတိုင် မြန်မာ့သမိုင်းတလျှောက်၌ အလေးချိန်ခွင်၊ တင်းတောင်းစသော အတိုင်းအတာများကို စနစ်ကျအောင် အရေးတယူ ပြုခဲ့သူဟူ၍ သာလွန်မင်းတရားကြီးတစ်ဦးသာ ရှိသေးကြောင်းမှတ်သားမိပါသည်။ ၂၀ ရာစု ခေတ်မှာရော၊ ယခု ၂၁ ရာစု ခေတ်ကို အတန်စွန်းလာသည်ထိ မြန်မာနိုင်ငံတွင် မည်သူတစ်ဦးတစ်ယောက်ကမှ အတိုင်းအတာ များကို စနစ်တကျ လုပ်ရကောင်းမှန်း မသိသေးပါ။ မသိသဖြင့် လုပ်လည်း မလုပ်ကြပါ။ ယခု မြန်မာပြည်၌ မည်သည့်စနစ်ကို သုံးနေပါသလဲဟု မေးလာလျှင်ပင် ဖြေရန်စကားမရှိပါ။ သည်လို အဆင်ပြေသလို လုပ်နေကြတာပဲဟုသာ ပြောရပါမည်။

 

သည်အကြောင်းကို ကျွန်တော့်ဦးဏှောက် တစ်မိုက်လောက်နှင့် ကျွန်တော်သိသမျှ၊ တွေးမိသမျှကလေး ယခုရေးပါမည်။

ယခင်က မလုပ်ခဲ့သည်များကို ယခုလုပ်ကြရန် အချိန်တန်ပြီ။ မြန်မာအင်ဂျင်နီယာများ ဝိုင်းကြ၊ ဝန်းကြ၊ လုပ်ကြပါဟု ကျွန်တော်က ဤနေရာမှနေ၍ နှိုးဆော်လိုက်ပါ၏။

 

ဘယ်စနစ်ကို စံထားသလဲ

 

သူငယ်ချင်းဖြစ်သူ Civil Engineer ကိုသောင်းတန်ကို မေးကြည့်၏။ ခင်ဗျားတို့ မြန်မာပြည်မှာလုပ်ခဲ့တုံးက ဆောက်လုပ်ရေး မှာ ဘယ်အတိုင်းအတာယူနစ်တွေ သုံးခဲ့သလဲ ဆိုတော့ ပေ၊ လက်မပေါ့ဗျာ ဟု ဖြေ၏။ ဒါဖြင့် ကွန်ကရိမှာတော့ ဘယ်လို မှာသလဲဗျာ ဟု မေးလိုက်သောအခါ ကုဗမီတာနှင့်မှာသည် ဆို၏။ ကျွန်တော်က တစ်ဆင့်တက်ပြီး နေပါဦးဗျာ၊ ကွန်ကရိ မှာတော့ ကုဗမီတာ နဲ့မှာတယ်။ ဒါဖြင့် သဲတို့ ကျောက်တို့မှာရင်ကော ဟု မေးသောအခါ ကျင်းနဲ့မှာတယ် ဟု ဖြေ၏။ ဒါဖြင့်ကျင်းကိုကျ ဘာနဲ့ တွက်သလဲ ကုဗမီတာနဲ့လား ကုဗပေနဲ့လားဟုမေးသော် ကုဗပေနဲ့ဟု ဆိုသတည်း။ သစ်သား တွေတွက်တော့ရော ဟု မေးသောအခါတွင်မူ အတောင်နဲ့တွက်တာများတယ် ဟု ပြော၏။

 

ဒါဆို ခင်ဗျားတို့ ဆောက်လုပ်ရေးမှာ သုံးနေတာ Metric စနစ်လား၊ British စနစ်လားဆိုရင် ဘယ်လိုဖြေမလဲ ဟု မေးသော အခါ တွင်မူ အင်း၊ အဲ နှင့် မဖြေတတ်တော့ပါ။ စပ်ဖြီးဖြီးလုပ်နေပါသည်။ အမှန်ကိုပြောရလျှင် ကျွန်တော့်မှာ အင်ဂျင်နီယာ ဟုသာ ဆိုရသော်လည်း မြန်မာပြည်တွင်ရှိစဉ် အင်ဂျင်နီယာလုပ်ငန်းများနှင့် မနီးစပ်ခဲ့ပါ။ သို့အတွက် ကုန်ထုတ်လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ စသည်တို့တွင် မည်သည့်အတိုင်းအတာများ သုံးနေကြောင်း သေသေချာချာမသိပါ။

 

ဖြစ်နိုင်သည်မှာတော့ British System ကို အဓိကထား သုံးပြီးတစ်ခါတစ်ရံတွင် metric system နှင့် မြန်မာ့ရိုးရာ အတိုင်း အတာ များကို တွဲသုံးတာ ဖြစ်ဖို့များပါသည်။

 

မိတ်ဆွေများခင်ဗျား -

 

သို့ဆိုလျှင် မြန်မာပြည်၌ မည်သည့်စနစ်သုံးပါသလဲ ဟု မေးလျှင် မည်သို့ဖြေပါမည်နည်း။ ကျွန်တော့်အထင်ပြောရလျှင် စုပေါင်းစပ်ပေါင်းစနစ် (combination system) ဟု ဖြေရမည်ထင်ပါသည်။

 

တောပိုင်းတွင် သစ်လုံးများတိုင်းတာရာတွင် ပေ၊ လက်မ နှင့် အတောင်ကို ရောသုံးသည်။ အထည်များရောင်းဝယ်ရာတွင်လည်း ကိုက် နှင့် တောင် ကိုရောသုံးသည်။

 

စပါး၊ ပဲ စသော လယ်ယာထွက်ကုန်ပစ္စည်းများ ချင်တွယ်သည့်နေရာတွင် တင်းတောင်းကို သုံးသည်။ သို့သော် ဒိုင်သို့ သွားရောင်း သောအခါ စပါးတစ်တင်း ၄၆ ပေါင်ဆိုပြီး ချိန်တွယ်ကာ ဝယ်ယူသည်။ စပါးအထွက်ကို ပြတော့ တစ်ဧက စပါး ဘယ်နှတင်းဟု ပြသည်။

 

ဆန် ရောင်းဝယ်သောအခါတွင်လည်း နို့ဆီဗူး ၃ လုံး၊ ၅ ပြည်၊ ၄ တင်း၊ ၇ အိတ် စသဖြင့် မြန်မာအချင်အတွယ်များဖြင့်သာ ရောင်းဝယ်ကြသည်။ အလုပ်မဖြစ်ဖူးလားဆိုတော့ ဖြစ်ပါသည်။

 

ဆီ၊ ငရုပ်သီး၊ ကြက်သွန် စသည်တို့ရောင်းဝယ်သောအခါတွင်လည်း ပိဿာ၊ ကျပ်သား နှင့် ရောင်းဝယ်ကြသည်။ လက်ကား ရောင်းဝယ်ကြလျှင်တော့ ကြက်သွန်ဘယ်နှအိတ် ဟု အိတ်များနှင့်ရောင်းဝယ်ကြသည်။ တစ်အိတ်လျှင် ဘယ်နှပိဿာ ဟု ရှိပြီး သား။

 

ရွှေကျတော့ ရွေးကလေး၊ ရွေးကြီး၊ ၆ မူး၊ တစ်ပဲ၊ ငါးမူးသား၊ ၁ကျပ်ခွဲသား စသဖြင့် မြန်မာအလေးချိန်များဖြင့်သာ ယနေ့ထိတိုင် ချင်တွယ် ရောင်းဝယ်ကြပါသည်။

 

ဤတွင် မေးစရာတစ်ခုရှိပါသည်။

 

တောလက်ကျေးရွာများတွင် စပါးများရောင်းကြ ဝယ်ကြရာ၌ သုံးသော တင်းတောင်းများသည် တစ်တင်းအပြည့်ရှိပါသည်ဟု မည်သူက အာမခံထားပါသနည်း။ ဤတင်းတောင်းများသည် နို့ဆီဗူး ၄ လုံးလောက်လျော့နေလျှင် စပါးရောင်းသော လယ်သမားများ သိနိုင်ပါမည်လော။ တင်းတောင်းတစ်ခုသည် ထိပ်ဝအကျယ်မည်မျှ၊ အစောက်မည်မှ၊ အခြေအတိုင်းအတာ မည်မျှ ရှိရမည် ဟု သတ်မှတ်ပေးထားပါသလော။ တင်းတောင်းတစ်ခုနှင့် ချင်တွယ်၍ရသည့် စပါး၊ ပဲ၊ ဆန်၊ စသည်တို့၏ ထုထည်ကို ကုဗပေ၊ ကုဗမီတာ စသည်တို့ဖြင့် ပြန်လည်ချိန်ကိုက်ရန် သတ်မှတ်ထားသည်များရှိပါသလား။

 

ဈေးဆိုင်များ၌ ကြက်သွန်နီ ၅၀ သားလောက် ပေးစမ်းပါ ဟု သွားဝယ်သောအခါ ဆိုင်မှ ချိန်ပေးလိုက်သော ကြက်သွန်နီသည် ၅၀ သားပြည့်မပြည့် မည်ကဲ့သို့သိနိုင်ပါမည်နည်း။ ထို့ထက် ထိုဆိုင်မှ အလေးများသည် အပြည့်ဟုတ်မဟုတ် သိနိုင်ပါ မည်လား။ မည်သူက သည်အလေးများ တစ်ပိဿာ၊ ငါးဆယ်သား တင်းပြည့်ကျပ်ပြည့် ရှိသည်ဟု အာမခံပေးထားပါသနည်း။

 

ကျွန်တော်တို့ဘက်တွင် ဆီရောင်းသောအခါ (စားဆီဖြစ်စေ၊ ရေနံဆီဖြစ်စေ) သံဖြူဆရာလုပ်ပေးထားသော ဆီချင်ခွက်များဖြင့် ခပ်ရောင်းကြသည်။ အနှီသံဖြူဆရာသည် မည်သည့်စံနှုန်းဖြင့် ဤဆီချင်ခွက်ကို လုပ်ထားတာပါနည်း။ ၁၀ သားတည်းဟူသော ဆီချင်ခွက်သည် အချင်းမည်မျှ၊ အစောက်မည်မျှရှိရမည်ဟု သတ်မှတ်ပေးရန် မည်သူစိတ်ဝင်စားပါသနည်း။

 

ဤသို့ကျွန်တော်ပြောလိုက်သော် -

 

ဟေ့၊ ငါ ဆီချင်ခွက်လုပ်လာတာ ဟောဒီမှာကြည့်စမ်း၊ အံခွနေပြီ၊ ငါတို့အဖိုးအေ လက်ထက်ကတည်းက လုပ်လာတာ၊ ဘယ်သူကမှလာပြီး စံတွေစက်တွေ ပြောသံမကြားရဘူး။ မင်းကျမှ လာပြီးကြီးကျယ်မနေနဲ့ ဟု ရန်ထောင်မှာ မြင်ယောင်မိ ပါသေးတော့၏။

 

ရလဒ်မှာ ဈေးထဲ၌ အလေးမပြည့်သဖြင့် မကြာခဏ ဖြန်ဖြေကြရသော ရန်ပွဲများ၊ စပါးရောင်းလျှင် ပြည့်ပြည့်ကလေး ချိန်ပေးရန် တာလီစာရေးကို လာဘ်ထိုးရသော ကိစ္စများ စသည်တို့ ပေါ်လာတော့သည်။

 

Calibration ဆိုတာ ချိုနဲ့လား -

 

Calibration ကို ကျွန်တော်မည်သို့ဘာသာပြန်ရမှန်းမသိ။ အနီးစပ်ဆုံးအားဖြင့် ချိန်ကိုက်ခြင်း ဟု ခေါ်လျှင် ရမည်ထင်ပါသည်။

 

စင်ကာပူတွင်တော့ မီတာများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ ချိန်ခွင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး လက်နက်များကို calibrate လုပ်ရသည်။ calibrate လုပ်သည်ဆိုခြင်းကို မသိသေးသူများ နားလည်အောင်ရှင်းပြပါမည်။

 

ဥပမာ - ကုန်ပစ္စည်းရောင်းရာတွင် ချိန်တွယ်သော ကတ္တား ဆိုကြပါစို့။

 

ဤကတ္တားသည် ၅ ကီလိုရှိသောပစ္စည်းကို ချိန်လိုက်လျှင် ၅ ကီလို ကွက်တိရှိမရှိ စစ်ကြည့်သည်။ အကယ်၍ ၅ ကီလိုထက် များနေ၊ နည်းနေလျှင် ၅ ကီလို အတိအကျရအောင် ပြန်လည်ချိန်ညှိပေးပြီး ဤကဲ့သို့ ချိန်ညှိပြီးပါကြောင်း လက်မှတ် ထုတ်ပေးခြင်းကိုခေါ်သည်။ ဤလက်မှတ်ကို Calibration Certificate ဟု ခေါ်၏။ သည်လက်မှတ်မှာ သက်တမ်းရှိသည်။ အချို့လက်မှတ်များမှာ တစ်နှစ်၊ အချို့မှာ ၂ နှစ် စသဖြင့် ဖြစ်၏။ ဆိုလိုသည်မှာ သက်တမ်းကုန်သွားလျှင် ပြန်လည်ချိန်ညှိပြီး လက်မှတ်အသစ်ထပ်ယူရန် လိုသည်။

 

Calibration ကို လူတိုင်းလုပ်၍မရ။ လက်မှတ်ရ (သို့မဟုတ် လိုင်စင်ရ) အဖွဲ့အစည်းတစ်ခုခုကသာ လုပ်ခွင့်ရှိသည်။ သူ့တွင် လုပ်ထုံးလုပ်နည်းများရှိသည်။ ASME, ASTM စသော အဖွဲ့များ၏ standard များအတိုင်းလုပ်တာဖြစ်ပါလိမ့်မည်။ ကျွန်တော် သေသေချာချာမသိပါ။

 

မြန်မာပြည်မှ ပိဿာလေး၊ ငါးဆယ်သား၊ အစိတ်သား၊ ၂၀ သား၊ ၁၀ သား၊ ၅ ကျပ်သားလေးများကို မည်သူသည် calibrate လုပ်ပါသနည်း။ ဤ  ၅၀ သားလေးသည် ၅၀ သားအပြည့်အဝရှိပါသည်ဟု မည်သူအာမခံထားပါသနည်း။ ဤဆီချင်ခွက်သည် ၁၀ သားအပြည့်ရှိပါသည်ဟု မည်ကဲ့သို့ယုံကြည် စိတ်ချရပါမည်နည်း။

 

ရန်ကုန်မှ ဈေးများတွင်တော့ ဘာတဲ့။ သမာဓိ ချိန်ခွင်ဆိုလား ကြားဖူးပါသည်။ ဤသည်မှာ calibration လုပ်ခြင်းပင်ဖြစ်၏။ သို့သော် သူက မဝယ်ခင်လုပ်လို့မရ။ ဝယ်ပြီးမှ စိတ်မချလို့သွားလုပ်တာ ဖြစ်ပါသည်။ ဝယ်ပြီးချိန်ကြည့်လို့မှ မပြည့်ဘူးဆိုလျှင် ငါးသည်မနှင့် ရန်ဖြစ်ပေတော့။ သည်ကမ္ဘာတွင် သမာဓိချိန်ခွင်ထားတာ မြန်မာတစ်နိုင်ငံပဲ ရှိမည်ထင်ပါ၏။ သည် သမာဓိ ချိန်ခွင် သည်ရော တကယ် သမာဓိပါရဲ့လား။ မည်သူသည် တာဝန်ယူပြီး စစ်ဆေးပေးပါသနည်း။

 

မြန်မာပြည်မှ စက်ရုံ၊ အလုပ်ရုံများတွင် သုံးနေသော ဖိအားပြမီတာခွက်များ၊ အပူချိန်ပြမီတာများ၊ safety valve များ၊ control valve များသည် calbricate လုပ်ထားပါသလား။ (calibration certificate ရှိလျှင်သော်မှ အစစ်အမှန်လုပ်ထားသော လက်မှတ်လား၊ အင်ထုထားတာလား)။ ကျွန်တော်မသိပါ။ အခြားဟာတွေမလုပ်ချင်နေ။ safety valve ကို calibrate လုပ်မထားဆိုလျှင် တော့ သေမင်းနှင့်ကစားနေခြင်းဖြစ်သည် ဟု ပြောလိုပါသည်။

 

အခြားသူများမလုပ်လျှင်သော်မှ ရွှေဆိုင်များကတော့ ဂရုတစိုက်လုပ်လိမ့်မည်ဟု ယူဆပါသည်။ သို့သော် သူတို့မည်ကဲ့သို့ လုပ်ပါသနည်း။ သည်ရွှေချိန်သော အလေး၊ ချိန်ခွင်များမှန်၊ မမှန် စစ်ဆေးသောအဖဲ့ွ ရှိပါသလော။ ရှိသည်ဆိုလျှင်တောင် မှန်မှန် ကန်ကန် စစ်ဆေးသူများ ဖြစ်ပါသလော။ ဒါတွေ ဘာမှကျွန်တော်မသိပါ။ ကျွန်တော်နှင့် အလွန် အလှမ်းဝေးလှပါသည်။

 

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းသို့ -

 

အခြားသူများတင်မဟုတ်။ ကျွန်တော်လည်း တာဝန်မကင်းပါ။ ယနေ့ထိတိုင် ကျွန်တော် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းသို့ မဝင်ရသေးပါ။ ဘာမှလည်း လုပ်မပေးရသေးပါ။ ဤသည့်အတွက်လည်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းသို့ တောင်းပန်ပါ သည်။

 

သည်တော့ ကျွန်တော်က အဝေးမှနေပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းကြီးကို အောက်ပါအချက်များ ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံလိုပါသည်။

 

၁။ အင်ဂျင်နီယာအသင်းက ကမကထပြုပြီး စံနှုန်းအဖွဲ့ (Standardization Committee) ဖွဲ့ကာ မြန်မာပြည်မှ အတိုင်းအတာ၊ စံနှုန်းများကို စနစ်တကျ သတ်မှတ်ပေးရန်။

 

ရှေးကမြန်မာများသုံးခဲ့သော အချင်အတွယ်၊ အတိုင်းအတာသမိုင်းကြောင်းကို သုတေသနပြုကာ ၎င်းတို့၏ ဇစ်မြစ်ကိုလိုက်ပြီး မည်သည်ကိုအခြေခံ၍ တစ်ပိဿာသတ်မှတ်သည် စသည်ကိုသိရေး အားထုတ်ရန်။

 

ထိုအဖွဲ့သည် မြန်မာပြည်တွင် သုံးစွဲနေသော စနစ်မှန်သမျှ စာရင်းပြုစုကာ မြန်မာ့ရိုးရာအတိုင်းအတာ၊ အချင်အတွယ်များကို နိုင်ငံတကာ စံနှုန်းများနှင့် ချိန်ကိုက်ဖော်ပြရန်။ ဥပမာ ၁ တောင် = ၁၈ လက်မ။ ၁ ပိဿာ = ကီလိုဂရမ်မည်မျှ၊ ပေါင် မည်မျှ။ တစ်တင်း = ကုဗမီတာမည်မျှ၊ ကုဗပေမည်မျှ။

 

(မြန်မာ ၁ ကျပ်သား = ၁၆.၃၃ ဂရမ်၊ ၁ ကီလိုဂရမ် = ဝ.၆၁၂၃၇ ပိဿာ၊ ၁ ပိဿာ = ၃.၅၉၂၆ ပေါင်)

 

§  မြန်မာနိုင်ငံစံနှုန်းဥပဒေတစ်ခု ဖြစ်လာစေရေး ကြိုးပမ်းအားထုတ်ရန်။

§  မြန်မာနိုင်ငံသား လူအများနားလည်နိုင်စေရန် ထုတ်ပြန်သမျှအားလုံးကို မြန်မာဘာသာဖြင့်သာ ပြုစုရန်။

§  တစ်ချိန်တည်းမှာပင် နိုင်ငံတကာက မြန်မာနိုင်ငံ၏စံနှုန်းများကို သိနိုင်စေရန် အင်္ဂလိပ်ဘာသာဖြင့်လည်း ပြုစုထုတ်ဝေရန်။

§  ထိုသို့ပြုစုရာ၌ လိုအပ်ပါက နိုင်ငံခြားရောက် အတွေ့အကြုံရင့် မြန်မာအင်ဂျင်နီယာကြီးများ၊ နိုင်ငံတကာပညာရှင်များကို ဖိတ်ခေါ်ပြီး အကြံဉာဏ်များရယူရန်။

 

၂။ အားလုံးသော စားသောက်ကုန်ပစ္စည်းများအတွက် စံနှုန်းသတ်မှတ်ချက်များ တွက်ချက်၊ ပြုစု၊ ထုတ်ပြန်ရန်။

 

§  ထိုအထဲတွင် ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီ၊ နေကြာဆီ စသော ဆီများ၏ viscosity, density, specific gravity ကို တိုင်းတာ တွက်ချက်ပြီး ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ စသည်တို့၏ ၁၀သား၊ ၁ ပိဿာ စသည့် အချင်အတွယ်များသည် လီတာမည်မျှ၊ ကုဗပေမည်မျှနှင့် ညီမျှသည်။

§  ဆန်၊ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည်တို့၏ density/specific gravity/ kg per cubic meter/ lb per cu. Ft /

§  ၁ ကုဗတောင် (၁တောင် ၁တောင် ၁တောင်) လျှင် ပိဿာချိန် မည်မျှရှိသည်။ ဆန်/ စပါး/ ပဲ/ ပြောင်း/ နှမ်း/ ဝါ - - - တစ်တင်းသည် ကုဗမီတာမည်မျှ၊ ကုဗပေမည်မျှနှင့် ညီသည်။

§  ဆန် (သို့မဟုတ်) စပါးသည်ပင်လျှင် ပေါ်ဆန်းစပါး၏ သိပ်သည်းကိန်း၊ မနော်ဟရီ၊ ရွှေဝါထွန်း၊ ကောက်ညှင်းစပါး တို့၏ သိပ်သည်းကိန်း စသည်ဖြင့် အမျိုးအစားအမျိုးမျိုးအလိုက် ပြုစုရန်။

§  နှမ်းတွင်လည်း နှမ်းနက်၊ နှမ်းဖြူ၊ မကွေးဘက်မှနှမ်း၊ ဟင်္သာတဘက်မှထွက်သောနှမ်း၊ မော်လမြိုင်ဘက်မှ ထွက်သောနှမ်း စသဖြင့် ဒေသအလိုက် ကွင်းဆင်းလေ့လာကာ ချင်တွယ်၊ တိုင်းတာရန်။

§  ထို့အတူပင် ပဲအမျိုးမျိုး၊ ဖူးစားပြောင်း၊ နှံစားပြောင်း၊ နေကြာစေ့၊ ပန်းနှမ်း၊ ငရုပ်အမျိုးမျိုး အစို၊ အခြောက်၊ ကြက်သွန်ဖြူ၊ နီ၊ နံနံစေ့၊ ငြုပ်ကောင်း၊ နနွင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ မျောက်ဥ၊ ခရမ်းချဉ်သီး၊ စသော မြန်မာနိုင်ငံ ဈေးကွက်အတွင်း ရှိနေသော စားသောက်ကုန်အားလုံးတို့၏ -

§  Specific gravity / density / viscosity စသည်များကို စနစ်တကျ စာရင်းပြုစုရန်။

 

ထိုကဲ့သို့ ပြုစုရာတွင် စိုက်ပျိုးရေးပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုပါလိမ့်မည်။ အထူးသဖြင့် ရေဆင်း စိုက်ပျိုးရေး သုတေသနဌာနမှ ပညာရှင်များ၏ အကူအညီ အများကြီး ရနိုင်ပါသည်။ အထက်ပါအချက်များမှာ သူတို့တွင် ရှိပြီး ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ မျိုးစေ့ဘဏ်တွင် သုတေသနပြုထားသော၊ စုဆောင်းထားသော၊ (လူမသိသူမသိ စာအုပ်ပုံထဲတွင် အိပ်ပျော်နေသည့်) အချက်အလက် များစွာရှိပါသည်။ သူတို့လုပ်နေသည်ကို သူတို့သာသိပြီး လူထုကဘာမှမသိရပါ။   

 

၃။ တစ်ပိသာ၊ ၅၀ သား၊ အစိတ်သား၊ ၂၀ သား၊ ၁၀ သား၊ ၅ ကျပ်သား၊ ၁ ကျပ်သား စသည်တို့အတွက် စံအလေးများ ထုတ်လုပ်ရန် (သံမဏိ၊ သို့မဟုတ် ကြေးဝါ စသည့် သင့်တော်သော သတ္တုဖြင့်)။ ထိုစံအလေးများပြုလုပ်ရာတွင် ပေါင်းစပ်ပါဝင် သော သတ္တုစပ်နှုန်း (Chemical composition) အတိအကျကို သတ်မှတ်ထားရန်။ အပူချိန်အလိုက် အလေးချိန် အတိုးအလျော့ ကိုလည်း လက်တွေ့စမ်းသပ် မှတ်တမ်းတင်ထားရန်။ ထို စံအလေးများကို မြို့နယ်အလိုက် ထားရှိသော စံနှုန်းချိန်ညှိရေးအဖွဲ့ (Calibrication Team) များသို့ ထုတ်ပေးရန်။ ထို စံအလေးတုံးများကိုလည်း တစ်နှစ်တစ်ခါ စသဖြင့် အခါအားလျော်စွာ ပြန်လည်စစ်ဆေးရန်။

 

၄။ တင်းတောင်း၊ ခွဲတောင်း၊ စိတ်တောင်း၊ ပြည်တောင်း၊ စလယ်တောင်း စသည်တို့အတွက် စံ တောင်း များကို သံ၊ သံဖြူ၊ သွပ် စသည်တို့နှင့် ဆလင်ဒါပုံထုတ်လုပ်ရန်။ ထို စံ ချင်ခွက်များ၏ အတိုင်းအတာကိုလည်း သတ်မှတ်ပေးရန်။ ထို စံချင်ခွက်များကို မြို့နယ်အလိုက် ထားရှိသော စံနှုန်းချိန်ညှိရေးအဖွဲ့ (Calibrication Team) များသို့ ထုတ်ပေးရန်။ ထို စံချင်ခွက်များကိုလည်း တစ်နှစ်တစ်ခါ စသဖြင့် အခါအားလျော်စွာ ပြန်လည်စစ်ဆေးရန်။

 

၅။ စပါး၊ ပဲ စသည်ချင်သည့် တောင်းများ၏ အရွယ်ကို ထိပ်ဝအကျယ်မည်မျှ၊ အစောက်မည်မျှ၊ အောက်ခြေ မည်မျှ စသဖြင့် သတ်မှတ်ပေးရန်။ (တင်းတောင်း၊ ခွဲတောင်း၊ စိတ်တောင်း၊ ပြည်တောင်း အားလုံးအတွက်)

 

၆။ ဆီရောင်းဝယ်ရာ၌သုံးသော ဆီချင်ခွက်များအတွက် တစ်ပိသာ၊ ၅၀ သား၊ အစိတ်သား၊ ၂၀ သား၊ အဝက်သား၊ ၁၀ သား၊ ၅ ကျပ်သား၊ နှစ်ကျပ်ခွဲသား၊ ၁ ကျပ်သား စသည့် စံဆီခွက်များကို သံ၊ သံဖြူ၊ သွပ် စသည်တို့နှင့် ဆလင်ဒါပုံထုတ်လုပ်ရန်။ ထို ချင်ခွက်များ၏ အတိုင်းအတာကိုလည်း သတ်မှတ်ပေးရန်။ ထို စံချင်ခွက်များကို မြို့နယ်အလိုက်ထားရှိသော စံနှုန်းချိန်ညှိရေးအဖွဲ့ (Calibrication Team) များသို့ ထုတ်ပေးရန်။ ထို စံချင်ခွက်များကိုလည်း တစ်နှစ်တစ်ခါစသဖြင့် အခါအားလျော်စွာ ပြန်လည်စစ်ဆေးရန်။

 

၇။ ရွှေငွေအရောင်းအဝယ်များတွင် သုံးသည့် ရွေးကလေး၊ ရွေးကြီး၊ မူးစေ့၊ မတ်စေ့၊ ကျပ်သား စသည့်အလေးများအတွက်လည်း စံအလေးများထုတ်လုပ်ရန်။ ထိုအလေးများကို နိုင်ငံတကာသုံး ဂရမ်၊ အောင်စ စသည်တို့နှင့် ချိန်ကိုက်ထားရန်။ ထို စံအလေးများကို မြို့နယ်အလိုက်ထားရှိသော စံနှုန်းချိန်ညှိရေးအဖွဲ့ (Calibrication Team) များသို့ ထုတ်ပေးရန်။ ထို စံအလေးတုံးများကိုလည်း အခါအားလျော်စွာ ပြန်လည်စစ်ဆေးရန်။

 

၈။ အားလုံးသော အချင်အတွယ်အတိုင်းအတာ၊ မီတာများကို မှန်မမှန် ပြန်လည်စစ်ဆေးမည့် calibration နည်းစနစ်များ ရေးဆွဲချမှတ်ရန်။ ပြန်လည်စစ်ဆေးရမည့်ကာလကို သတ်မှတ်ပေးရန်။

 

၉။ ထိုနည်းစနစ်များအတိုင်း စစ်ဆေးနိုင်မည့် အဖွဲ့များဖွဲ့ကာ ထိုအဖွဲ့တွင်ပါဝင်မည့် သူများကို ကျွမ်းကျင်သူပညာရှင်များ ဖြစ်လာအောင် လေ့ကျင့်ပေးရန်။

 

၁၀။ အထက်တွင် ကျွန်တော်ပြောခဲ့သော စံချိန်စံညွှန်းစာအုပ်များ (Code of Practice) ပြုစုရန်။

 

၁၁။ ဆောက်လုပ်ရေးလုပ်ငန်း၊ အတိုင်းအတာ၊ စံချိန်စံညွှန်းများကို ဥပဒေပြဌာန်းရေး (အကယ်၍ မရှိသေးလျှင်) လွှတ်တော် သို့တင်ပြရေး ကြိုးပမ်းရန် - - 

 

(အလွန်အကြံအဖန်များလှသော ကျွန်တော်တို့တိုင်းပြည်ကြီးတွင် ဤကဲ့သိ့ု အလေးချိန်ခွင် တင်းတောင်းများကို စစ်ဆေးရမည်။ စစ်ဆေးချက်လက်မှတ်ပါမှ သုံးခွင့်ပြုမည် ဟု လုပ်လိုက်ခြင်းမှာ စစ်ဆေးမည့်အရာရှိ အင်စပိတ်တော်မင်းများအား စားပေါက် ထွင်ပေးလိုက်သလိုလည်း ဖြစ်သွားနိုင်ပါသည်။ ချိန်ခွင်လက်မှတ်တစ်စောင်ကို ငါးသောင်း၊ အလေးလက်မှတ်တစ်ခုကို ငါးထောင် ဟု ရောင်းစားမှာ မြင်ယောင်မိပါသေးတော့၏။)

 

မြန်မာ အတိုင်းအတာများ

 

ဤတွင်ဖော်ပြထားသော အချို့အချက်များကို http://words.myanmarsar.org နှင့် http://en.wikipedia.org/wiki/Burmese_units_of_measurement  မှ ရယူထားပါသည်။

 

မြန်မာတို့တွင် စနစ်ကျသော ကိုယ်ပိုင်အတိုင်းအတာ ရှိ၏။ ယခုတိုင် ကျေးလက်တောရွာများတွင် သုံးနေသေးသည်။ မြို့ပြ  နှင့် အင်ဂျင်နီယာလုပ်ငန်းများတွင်တော့ မသုံးတော့ဟု ထင်ပါသည်။ သို့သော် အင်ဂျင်နီယာမဟုတ်သူ လက်သမား၊ ပန်းရံ များမှာ အချို့နေရာများ၌ မြန်မာအတိုင်းအထွာများကိုပင် သုံးနေသေးသည်ဟု ယူဆရပါသည်။

 

မြန်မာ့ရိုးရာ အတိုင်းအထွာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

၁၀ ဆံခြည် = ၁ နှမ်း

၆ နှမ်း = ၁ မုယော

၄ မုယော = ၁ လက်သစ်

၈ လက်သစ် = ၁ မိုက်

၃ မိုက် = ၁ တောင် (၁၈ လက်မ)

၄ တောင် = ၁ လံ

၇ တောင် = ၁ တာ

၂၀ တာ = ၁ ဥဿဘ

၂၀ ဥဿဘ = ၁ ကောသ

၄ ကောသ = ၁ ဂါဝုတ်

၄ ဂါဝုတ် = ၁ ယူဇနာ

၁၀၀၀ တာ = ၁ တိုင်

 

 

 

 

ဆံခြည်

=

၀.၀၀၃ လက်မ

=

၀.၀၈ မီလီမီတာ

၁၀

ဆံခြည်

=

နှမ်း

=

၀.၀၃၁ လက်မ

=

၀.၇၉ မီလီမီတာ

နှမ်း

=

မုရော

=

၀.၁၈၇ လက်မ

=

၄.၇၆ မီလီမီတာ

မုရော

=

လက်သစ်

=

၀.၇၅ လက်မ

=

၁၉ မီလီမီတာ

လက်သစ်

=

မိုက်

=

၆ လက်မ

=

၁၅၂ မီလီမီတာ

မိုက်

=

တောင်

=

၁၈ လက်မ

=

၀.၄၆ မီတာ

တောင်

=

တာ

=

၁၀.၅ ပေ

=

၃.၂ မီတာ

၂၀

တာ

=

ဥသဘ

=

၂၁၀ ပေ

=

၆၄ မီတာ

၂၀

ဥသဘ

=

ကောသ

=

၄၂၀၀ ပေ

=

၁.၂၈ ကီလိုမီတာ

ကောသ

=

ဂါဝုတ်

=

၃.၁၈ မိုင်

=

၅.၁၂ ကီလိုမီတာ

ဂါဝုတ်

=

ယူဇနာ

=

၁၂.၇၃ မိုင်

=

၂၀.၄၈ ကီလိုမီတာ

၁၀၀၀

တာ

=

တိုင်

=

၁.၉၈၈၆ မိုင်

=

၃.၂ ကီလိုမီတာ

 

မြန်မာအတိုင်းအတာများကို ကြည့်ပြီး ကျွန်တော် http://en.wikipedia.org/wiki/Hair တွင် ဆံခြည်မျှင်၏ အချင်း မည်မျှ ရှိသည် ကို ရှာကြည့်ရာ ၁၇ မှ ၁၈၀ မိုက်ခရိုမီတာ။ သို့မဟုတ် ဝ.၀၀၀၆၇ မှ ဝ.၀၀၇၁ လက်မရှိသည်ဟု ဖော်ပြထားသည်။  ၎င်းကို ပျမ်းမျှ ယူလိုက်လျှင် ဝ.၀၉ မီလီမီတာ သို့မဟုတ် ဝ.၀၀၃၉ လက်မ ဟု ရပါသည်။ ရှေးမြန်မာတို့ သုံးစွဲခဲ့သော အတိုင်း အတာများနှင့် မနီးစပ်ပါသလော။ ထို့ကြောင့် မြန်မာတို့၏ အတိုင်းအတာပညာကို အထင်မသေးပါနှင့်ဟု ဆိုချင်ပါသည်။

 

(အကယ်၍ သင်သည် ပေမီ၊ ကိုက်မီ ယောက်ျားတစ်ဦးဖြစ်အံ့။ အသင်၏ တံတောင်ဆစ်ဘေးအတွင်းပိုင်း မှ ငေါထွက်နေသည့် အရိုးမှ လက်ခလယ်ထိပ်ထိ ပေတံနှင့်တိုင်းကြည့်ပါ။ ၁၈ လက်မရှိကြောင်း တွေ့ရမည်။ ဤသည်မှာ တစ်တောင် အတိုင်း အတာ ဖြစ်၏။ ပေတံကို အပြားလိုက်ချကာ သင့်လက်မ ကို တင်ကြည့်လိုက်ပါ။ တစ်လက်မ ကွက်တိရှိကြောင်းတွေ့ရမည်။ ကျွန်တော်မူ ကား ဤနေရာတို့တွင် ပေမီကိုက်မီ ဖြစ်သော်ငြားလည်း ခြေထောက်ကို တိုင်းကြည့်လိုက်သောအခါ 1 foot မရှိဘဲ ၉ လက်မခွဲ သာ ရှိကြောင်း တွေ့ရပါ၏။ ဤကား စကားချပ်)

 

မန္တလေးမြို့တည်သောအခါ မြို့ရိုး၊ ပဉ္စင်၊ ရင်တား၊ နန်းတော် စသည်တို့ဆောက်ရာတွင် မြန်မာအတိုင်းအတာများကိုသာ သုံးခဲ့ပေသည်။ (Google earth မှနေပြီး မန္တလေးမြို့ရိုးကို ကျွန်တော်တိုင်းကြည့်သောအခါ တစ်ဖက်လျှင် ၂၀၄၅ မီတာခန့် ရှိကြောင်း တွေ့ရ၏။ ၎င်းကိုတာဖွဲ့လိုက်သောအခါ ၆၃၈ တာရသည်။)

 

ကျွန်တော်တို့ရွာများဘက်တွင် သစ်အရောင်းအဝယ်ပြုကြရာ၌ မြန်မာအတိုင်းအတာဖြစ်သော တောင်၊ ထွာ၊ မိုက် များကို ယခုထက်တိုင် သုံးကြပါသေးသည်။ သို့သော် အတောင်၊အထွာသီးသီး သုံးခြင်းမဟုတ်။ ပေ၊ လက်မ နှင့် တောင်၊ ထွာ ကို ရောသုံးခြင်းဖြစ်၏။ ဥပမာအားဖြင့် -

 

ထုပ်ယောက်များ၏ အရွယ်ကို ဖော်ပြရာတွင် ၃ ၂ ၁၂ တောင်။ ခြောက်ခြောက်မူး ၁၀ တောင်။ ၆ ပတ်လည် ၁၂ တောင်။ စသဖြင့် သုံးပါသည်။

 

ဤတွင် ၃ ၂ ၁၂ တောင် ဟူသည် ဗျက် ၃ လက်မ၊ အထူ ၂ လက်မ၊ အရှည် ၁၂ တောင်ရှိသော ထုပ်တန်းကို ဆိုလိုခြင်း ဖြစ်၏။ ခြောက်ခြောက်မူး ၁၀ တောင် ဟူသည် ဗျက် ၆ လက်မ၊ အထူ ၆ မူး၊ အရှည် ၁၀ တောင်ရှိသော ပျဉ်ချပ်ကို ဆိုလိုသည်။ ၆ ပတ်လည် ၁၂ တောင် ဟူသည် ၁၂ တောင်ရှည်သည့် ၆ လက်မပတ်လည် တိုင်ကို ခေါ်သည်။ သုံးနေကျ ဆိုတော့ အတိအကျ ဖော်ပြနေစရာမလို။ ၁၂ တောင်၊ ခြောက်ခြောက်မူး အချပ် ၅၀ ဟေ့ဆိုလျှင် ဘာကိုဆိုလိုမှန်း အားလုံး နားလည်ကြသည်။

 

ထို့အတူ အင်္ကျီဖျင်စ ဝယ်ရာ၌လည်း ၂ တောင့်ထွာ၊ ၃ တောင်မိုက်လျော့ စသဖြင့် ပြောကာ ရောင်းဝယ်ကြ၏။ ဟင်္သာတမှ ဈေးကြီးများတွင်လည်း သည်အတိုင်းပြောကာ ရောင်းဝယ်ကြပါသည်။ အပ်ချုပ်ဆိုင်များတွင် ပေကြိုးသုံးကာ တိုင်းကြသော် လည်း ချုပ်ရန် ပိတ်စလက်ခံသောအခါ အတောင်၊ အထွာများဖြင့် လက်ခံပါသည်။ အမျိုးသား၊ အမျိုးသမီးများ၏ လုံချည်များ ကိုလည်း ၃ တောင်၊ ၃ တောင်ထွာ စသဖြင့် သုံးကြသည်။ သို့သော် တောင်၊ ထွာ၊ မိုက် ချည်းလဲမဟုတ်။ ကိုက် (၃ ပေ) နှင့် လည်း တွဲသုံးသည်ကို တွေ့ရပါသည်။

 

ထရံ၊ ဖျာ စသည်တို့၏ အတိုင်းအတာကိုလည်း အတောင်၊ အထွာနှင့်ပင် သုံးကြသည်။ ကြိုးအရှည်တိုင်းရာတွင်မူ အတောင် ကိုသာမက တစ်ခါတရံ ကိုက် ကိုလည်း သုံးတတ်ကြသည်။ ရေတွင်းအနက်၊ သစ်ပင်အမြင့်စသည်တို့ကိုလည်း အတောင်နှင့် ပင် သုံးသည်။

 

အညာဘက်တွင်မတော့ ဘယ်နှစ်တိုင်လောက် ဝေးမှာပေ့ါ။ သုံးပြလောက်ဝေးတယ် စသဖြင့် ယခုတိုင် သုံးကြတာ တွေ့ရပါ သည်။

ထိုမျှသာမက မြွေ၊ ကျား စသည်တို့၏ အရွယ်အစားကိုလည်း ကိုးတောင်ပြည့်ကျား၊ လေးတောင့်ထွာလောက်ရှည်တဲ့ စပါးကြီး မြွေကြီး စသဖြင့် သုံးကြ၏။ 

ခြုံ၍ပြောရလျှင် တောအရပ်များ၌ ယခုတိုင် မြန်မာအတိုင်းအထွာများကို တွင်ကျယ်စွာ သုံးနှုန်းကြဆဲဖြစ်ပါသည်။

 

စပါး၊ ပဲ၊ ပြောင်း စသည့် လယ်ယာထွက်ကုန်ပစ္စည်းများအတွက် အချင်အတွယ် အတိုင်းအတာများ

 

စင်ကာပူတွင် ဆန်ကို ကီလိုနှင့်ရောင်းပါသည်။ မလေ့လာမိသဖြင့် အခြားတိုင်းပြည်များ၌ (ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ စသည်)  မည်ကဲ့သို့ရောင်းဝယ်ကြသည်ကို မသိပါ။ သို့သော် နိုင်ငံတကာဈေးကွက်တွင်မူ မက်ထရစ်တန် ဖြစ်စေ၊ အင်္ဂလိပ်တန်ဖြစ်စေ တန် ဖြင့် ရောင်းဝယ်တာ တွေ့ရပါသည်။

 

စပါး၊ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း စသည်တို့၏ အလေးချိန်များကို သိလိုသဖြင့် အင်တာနက်တွင် မွှေနှောက်ရှာဖွေရာ အသုံးတည့်သော အောက်ပါ website လေးခုကို တွေ့ပါ၏။

 

၁။ http://www.aqua-calc.com

၂။ http://www.reade.com   

၃။ http://hypertextbook.com  

၄။ http://www.engineeringtoolbox.com

 

ထို့ပြင်လည်း မြန်မာဘာသာဖြင့် ရေးထားသော Wikipedia ၌ တွေ့ရပါသေး၏။ စိတ်မကောင်းစရာမှာ မြန်မာနာရီတုံးကကဲ့သို့ပင် ဇယားအမှားကြီး ဖြစ်နေပြန်ပါသည်။ မှားတာမှ ယူနစ်များကို လီတာ၊ ဂါလံတို့နှင့်ဖော်ပြတာလည်း မှား၏။ လီတာ၊ ဂါလံ တန်ဖိုး များလည်းမှား၏။ လီတာနှင့် ဂါလံကို အရည်များတိုင်းတာရာတွင်သာသုံးသည်။ ဆန်သည် အရည်မဟုတ်။ သို့အတွက် ပြည်၊ စိတ်၊ ခွဲ၊ တင်းများကို လီတာ၊ ဂါလံတို့နှင့် ပြရမည့်အစား ကုဗမီတာ၊ ကုဗပေတို့ဖြင့်ပြခြင်းသာ သဘာဝကျ၊ မှန်ကန်ပေမည်။

http://en.wikipedia.org/wiki/Burmese_units_of_measurement


ကျွန်တော့်လက်ထဲ၌ရှိသော နို့ဆီဗူးကိုယူ၊ ဆန်အပြည့်ထည့်ကာ ချင်ကြည့်လိုက်သောအခါ ၂၈၀ ဂရမ်ရှိကြောင်း တွေ့ရပါ သည်။ နို့ဆီဗူး၏ အတွင်းဘက်အချင်းမှာ ၇.၂ စင်တီမီတာ၊ အမြင့်မှာ ၇.၇ စင်တီမီတာရှိသည်။ တွက်လိုက်သော် နို့ဆီဗူး အတွင်းထုထည် ၃၁၃.၅ ကုဗစင်တီမီတာ ရသည်။ အမှန်ဆို ၎င်းကို အမှန်ယူပါက နို့ဆီတစ်ဗူးကို ဝ.၃၁၃၅ လီတာ ဟု ပြောလို့ရသည်။ သို့ပေမင့် လီတာဆိုတာကို အရည်များအတွက်ပဲသုံးသည်။ ဆန်ဘယ်နှလီတာပေးပါဟု မည်သူမျှမသုံး။ နို့ဆီဗူးကို လီတာနှင့် ပြောလို့ရအောင် ကျွန်တော်က စီစီအတိုင်းအတာများဖော်ပြထားသော ဆေးထိုးအပ်ကိုရေထည့်ကာ နို့ဆီဗူးအပြည့်တိုင်းကြည့်သည်။ သည်တော့ နို့ဆီတစ်ဗူးအပြည့်ဆိုလျှင် ၃၂၅ စီစီ ရှိကြောင်း တွေ့ရသည်။ ၃၁၃ နှင့် ၃၂၅ မကွာပါလော။ ကွာ၏။ အဘယ်ကြောင့်နည်း။ ရေဖြစ်သည့်အတွက် ကွာပါသည်။




သို့သော် အင်တာနက်မှရသော တန်ဘိုးများကို အခြေခံတွက်လျှင် ဆန်တစ်တင်း = ဝ.၀၄၇၆ ကုဗမီတာ = ၁. ၆၈ ကုဗပေ ဟု ရပါသည်။ သို့အတွက် ကျွန်တော်တိုင်းတာတွက်ချက်၍ရသော ကိန်းဂဏန်းများနှင့် ကွဲလွဲနေပါသည်။ မည်သည်က မှန်သည်ကို ကျွန်တော် တပ်အပ်သေချာမသိပါ။ မြန်မာပြည်သို့မေးထားသော အဖြေများရမှသာ ဆုံးဖြတ်နိုင်ပါလိမ့်မည်။

 

ဝီကီပီဒိယ ဇယားတွင် ပြည်၊ စိတ်၊ ခွဲ၊ တင်း စသည်တို့ကို လီတာနှင့်ဖော်ပြထားသည်ကား မယ်သီလရင်ကို သနပ်ခါး အဖွေး သား နှင့် မြင်ရသကဲ့သို့ ဖြစ်၏။ သို့သော် အဘယ်ကြောင့် ကျွန်တော်က နို့ဆီခွက်ကို လီတာနှင့်ချိန်ကြည့်ပါသနည်းဟူမူ ဆီများ၏ အလေးချိန်ကို သိလို၍ဖြစ်ပါသည်။ မြန်မာများက ဆီအရောင်းအဝယ်လုပ်ရာတွင် သံဖြူဆရာလုပ်ပေးထားသော တစ်ဆယ်သား၊ ၂၀ သား ခွက်များသုံးပြီး ရောင်းဝယ်ကြသောကြောင့် ဖြစ်၏။

 

အင်တာနက်မှရသော ကိန်းဂဏန်းများကို ကိုယ့်ဟာကိုယ် ပေါင်းနှုတ်မြှောက်စား လုပ်လိုက်တော့ အောက်ပါဇယားများ ရလာပါသည်။

 

ဆန်အချင်အတွယ် နှင့် အလေးချိန်များ



အခြားသီးနှံများ (ကီလို)


 

အခြားသီးနှံများ (ပေါင်)



အခြားသီးနှံများ (ပိဿာ)


ဆီများ၏ အချင်အတွယ် အလေးချိန်

မြန်မာပြည်တွင် နို့ဆီတစ်ဗူး၊ သို့မဟုတ် တစ်တင်းကို မည်သို့သတ်မှတ်ထားမှန်း ကျွန်တော်မသိပါ။ ထို့ပြင် အင်တာနက်မှ ရသော ကိန်းဂဏန်းများသည် မြန်မာပြည်မှ သီးနှံများအတွက် မှန်၊ မမှန်ကိုလည်း မသိပါ။ စိုက်ပျိုးရေးသုတေသနဌာနမှ မိတ်ဆွေကို မေးထားပါသည်။ သူ့ဆီမှ ပြန်စာရမှ ကျွန်တော့်ဇယားများကို အတည်ပြုနိုင်ပါမည်။

 

သို့အတွက် အထက်တွင်ဖော်ပြခဲ့သော ကျွန်တော့်ဇယားများကို အတည်မယူပါနှင့်ဦး။ အနီးစပ်ဆုံးမှန်နိုင်သည်ဟုသာ ယူဆပါ။

မြန်မာပြည်တွင် လက်ရှိသုံးနေသော စနစ်များကိုသိရမှ ထပ်မံအတည်ပြုပါမည်ခင်ဗျား။

 

အားလုံးကို ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

3/11/201111:35 pm

Blk 663D, Jurong West St. 65

#15-233

Singapore 644663

Tel: 97303027

Email: aye475@gmail.com; y_nyein@yahoo.com.sg


1 comment:

Lun Lunn said...

ဦးအေးငြိမ်း

တိုင်းပြည်အတွက် ကောင်းမွန်သော လုပ်ဆောင်ချက်များအတွက် အင်မတန်မှ ဂုဏ်ယူ လေးစားမိပါတယ်။

ဦးအေးငြိမ်း ဖြစ်စေချင်သော ဆန္ဒများ အမြန်ဆုံး ပြည့်ဝစေဖို့ ဆန္ဒပြုပါတယ်။


လေးစားစွာဖြင့်

စိုးထွန်း