Saturday, October 29, 2011

မြန်မာပြက္ခဒိန် (၁)

ပထမဆောင်းပါးအတွက် မှတ်ချက်။



၁။ တစ်နှစ်အတိအကျမှာ ၃၆၅ ရက် ၅ နာရီ ၄၉ မိနစ် ၄၆ စက္ကန့် ဖြစ်သဖြင့် ၄ နှစ်မှာ တစ်ရက်တိုး ဟု ရက်ထပ်နှစ် လုပ်လိုက်သော် အစွန်းထွက်နာရီကို တစ်နှစ်လျှင် ၆ နာရီ ဟု သတ်မှတ်သကဲ့သို့ ဖြစ်သွား၏။ သို့ဆိုလျှင် တစ်နှစ်တိုင်းအတွက် ပြက္ခဒိန်ရက်နှင့် အမှန်နေသွားရက် အလွဲမှာ (၆ နာရီ - ၅ နာရီ ၄၉ မိနစ် ၄၆ စက္ကန့်) = ၁၀ မိနစ် ၁၄ စက္ကန့် ဖြစ်နေလေ၏။ ပြက္ခဒိန်ရက်က နေသွားရက်ထက် ၁၀ မိနစ် ၁၄ စက္ကန့် ပိုနေသည်။ သို့အတွက် ပြန်လည်ချိန်ညှိရမည့်နှစ်မှာ နှစ် ၁၄၀ ပြည့်တိုင်း တစ်ရက် ပြန်နှုတ်ရမည် ဖြစ်လေသည်။ ထို့ကြောင့် ၁၅၈၂ အေဒီတွင် ရက်များလွဲနေရခြင်း ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက ၄၀၀ နှင့်စား၍ မပြတ်သော ရာစုနှစ် (၁၇၀၀၊ ၁၈၀၀၊ ၁၉၀၀ ပြည့်နှစ်များ) ကို ၄ နှင့်စား၍ ပြတ်သည့်တိုင် ရက်မထပ်ပဲ လျှော်လိုက်ခြင်းဖြင့် ထို ပိုသွားသော ရက်များကို ပြန်နှုတ်လိုက်သည်။ သို့အတွက် နှစ် ၁၀၀ ပြည့်တိုင်း တစ်ရက် လျှော့သကဲ့သို့ဖြစ်သွားပြန်၏။ ၎င်းကို ထေမိစေရန် နှစ် ၄၀၀ ပြည့်တိုင်း တစ်ရက် ထပ်ဆောင်းပေးသည်။ သို့အတွက် လက်ရှိ သုံးနေသော ပြက္ခဒိန်နှင့် တကဲ့နေသွားနှုံးမှာ ထပ်တူမကျသည်ဆိုစေ အရမ်းမလွဲတော့။ ပုပ်ရဟန်းမင်းကြီးက ဤကဲ့သို့ ဆုံးဖြတ်ပေးလိုက်ခြင်းအတွက် တွက်ရလည်းလွယ်သည်။ လက်တွေ့နှင့်လည်း အရမ်းမလွဲတော့ ဆိုသဖြင့် ဤကိစ္စ ပုပ်ရဟန်း မင်းကြီးကို အထူးကျေးဇူးတင်ရမည် ဖြစ်ပေသည်။

၂။ ကိုခင်မောင်ဇော် ပေးလိုက်သော ခရစ်နှစ်အတွက် နေ့တွက်လင်္ကာကို ကျွန်တော်က ၂၀၀၀ ပြည့်နှစ်နှင့် ၎င်းနောက်ပိုင်း   နှစ်များအတွက် တွက်ကြည့်သောအခါ တစ်ရက်လွဲနေသည်ကို တွေ့ရသည်။ ထိုအခါ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းအတွက် ကိုယ့်ဘာသာကိုယ် လင်္ကာအသစ်ထုတ်လိုက်သည်။ ထို့ကြောင့် -

၂၀၀၀ ပြည့်နှစ်လွန်နှစ်များအတွက် သုံးရမည့်လင်္ကာ ( ထက် စိုး စံ သန် အောင် လို့၊ သာ ကီ မျိုး တို့ ဆီ မှာ ) မှာ ကျွန်တော် တီထွင်လိုက်သော လင်္ကာဖြစ်သည့်အတွက် မည်သည့်ကျမ်းမှာမှ သွားမရှာပါလေနှင့်၊ တွေ့မည်မဟုတ်ပါကြောင်း အသိပေးလို ပါသည်။ ကျွန်တော်ထုတ်လိုက်တာ ဆိုပေမင့် စိတ်ချလက်ချ သုံးနိုင်ပါကြောင်း၊ လေးငါးဆယ်နှစ်ရှိ နှစ်များမှ ရက်တော်တော် များများကို ချိန်ကိုက်တွက်ချက်ပြီး ဖြစ်ပါကြောင်း၊ မိတ်ဆွေများလည်း ကိုယ့်ဟာကိုယ် ချိန်ကိုက်ကြည့်နိုင်ပါကြောင်း အသိပေး အပ်ပါသည်။

၃။ တွက်ရလွယ်စေရန် ခရစ်နှစ်က ၄ နှင့်စား၊ ၄၀၀ နှင့်စားကာ ရက်ထပ်နှစ်လုပ်သည်။ အနည်းအပါးလောက်လွဲတာကို သည်းခံ ခွင့်လွှတ်မည်ဟု သဘောထားဟန်တူပါသည်။ သိပ်လွဲသွားသည့်အခါကျမှ ပြန်ပြင်ချင် ပြင်လိမ့်မည်ပေါ့။ သို့သော် မြန်မာပြက္ခဒိန်ကတော့ အလွန်ခေါင်းမာသည်။ နည်းနည်းမှ အလွဲမခံ။ ထိုအခါ မြန်မာနှစ်တစ်နှစ်ကို မည်သည့်နေရာမှစမည်၊ မည်သည့်နှစ်များတွင် လထပ်၊ ရက်ထပ်ရမည်မှန်း ဗေဒင်ဆရာ (တော်ရိလျော်ရိဗေဒင်ဆရာမဟုတ်) များနှင့် နက္ခတ္တဗေဒ ပညာရှင်များ၊ ပြက္ခဒိန်ပညာရှင်များသာ နားလည်ကြ၊ တွက်တတ်ကြတော့သည်။

၎။ ရလဒ်မှာ ခရစ်ပြက္ခဒိန်ကို အနည်းအပါး စာတတ်လျှင်ပင် နားလည်၊ တွက်ချက်တတ်သော်လည်း မြန်မာပြက္ခဒိန်ကိုမူကား တမင်မလေ့လာဘဲ ပညာတတ်ပုဂ္ဂိုလ်ကြီးများပင်လျှင် မတွက်တတ်တော့ဟု ဖြစ်သွားပါသတည်း။ မည်သူကမှန်သည်၊ မည်သူမှားသည်ဟု ဝေဖန်ရန်မှာ ကျွန်ုပ်အလုပ်မဟုတ်။ ကျွန်တော်က သည်သို့ရှိသည်ဟုသာ အများသိစေရန် ပြောပြခြင်းမျှ ဖြစ်ပါသည်။

ယခု မြန်မာပြက္ခဒိန်အကြောင်း ဆက်ပါမည်။
 

၎။ မြန်မာပြက္ခဒိန်သမိုင်း
 

မြန်မာပြက္ခဒိန်မူလအစသည် အိန္ဒိယမှ ဆင်းသက်လာ၏။ ဆင်းတာတောင် ယခုမှ မဟုတ်။ ဟိုးနှစ်ပေါင်းအတီတေ၊ သူတို့ အဆိုအရ သမိုင်းမတင်မီခေတ်ကတည်းက ဖြစ်၏။ သမိုင်းမတင်မီခေတ်က ပြက္ခဒိန်ကို မည်ကဲ့သို့ သမိုင်းတင်ခဲ့သည်အား ကျွန်တော်မသိပါ။ ဤသည်ကို လေ့လာရန်လည်း မဟုတ်ပါ။ သူတို့ပြောသမျှ ပြန်ပြောလိုရင်းသာ ဖြစ်ပါသည်။

မြတ်စွာဘုရား၏ ဘိုးတော် အဉ္ဖနမင်းက လက်ရှိရောက်နေသော မဟာသက္ကရာဇ်မှ ၈၆၄၅ နှစ် ဖြိုလိုက်ကာ ၂ နှစ်မှ စတင် ရေတွက်ခဲ့သည်။ သူ့အရင်က မင်းများလည်း သက္ကရာဇ်ဖြိုခဲ့သေးသည်ဆို၏။ အာကာရဋ္ဌမင်း ၁၁၄၉၇၈၅ နှစ်၊ ကုသမင်း ၁၄၉၃၈၅၆၀ နှစ် ဟုဆို၏။ ထိုအချိန်များမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၄ - ၅ သန်းလောက်ကဖြစ်၍ သိပံ္ပတွေ့ရှိချက်များ အရသာဆိုလျှင် ကျောက်ခေတ်ဦး ပိုင်း နှစ်များဖြစ်သည်။ ပြက္ခဒိန်ထားလို့ လူများမှာ အ၀တ်ပင်မကပ်သေး။ တိရိစ္ဆာန် သာသာမျှသာ ရှိသေးသည်။ သို့သော် ဒါ ကျွန်တော့်အလုပ်မဟုတ်။ သည်ကိစ္စနှင့်ပတ်သက်ပြီး ဘာမှ စောဒကမတက်လို။

ဗုဒ္ဓမြတ်စွာသည် မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဖွားမြင်တော်မူခဲ့သည် ဆိုသော သက္ကရာဇ်မှာ ဘိုးတော် ဖြိုပြီး၊ အသစ်ရေတွက်ထားသော နှစ်များဖြစ်သည်။ မြတ်စွာဗုဒ္ဓသည် သက်တော် ၈၀ တွင် ပရိနိဗ္ဗာန်ပြုခဲ့သဖြင့် မဟာ သက္ကရာဇ်အားဖြင့် ၆၈ + ၈၀ = ၁၄၈ ခုနှစ် ဖြစ်သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် အဇာတသတ်မင်းက ဒါယကာခံကာ အရှင်မဟာကဿပက ဦစီးနာယက ပြုလျှက် ပထမသင်္ဂါယနာတင်ပွဲ ကျင်းပကြပါသည်။ ထိုအခါ အဇာတသတ်မင်းကြီးက လက်ရှိ မဟာသက္ကရာဇ် ၁၄၈ ကိုဖြိုလိုက်ကာ သာသနာနှင့် လူသက္ကရာဇ်အတူပြုလျှက် ၁ မှ စတင်ရေတွက်ခဲ့ပါသည်။ ထိုသက္ကရာဇ်မှာ ယခု ဗုဒ္ဓဘာသာဝင်အများသိကြသည့် သာသာနာ သက္ကရာဇ်ပင် ဖြစ်ပါသည်။

ထိုသက္ကရာဇ်သည် မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာနှင့်အတူ ရောက်ရှိခဲ့ဟန်တူသည်။ ထိုစဉ်က ပုဂံတွင်လည်း ဤသက္ကရာဇ်ကို ပင် ဆက်လက်သုံးစွဲခဲ့သည်။ သာသနာနှစ် ၆၂၄ အရောက်တွင် သရေခေတ္တရာခေတ်၊ သုမုနြ္ဒီမင်းက ဗေဒင်ကိန်းခန်း အရ ဒေါဒေါရသကိန်း ကြုံသဖြင့် အကြွင်း ၂ နှစ်ထားကာ ၆၂၂ ကို ဖြိုလိုက်သည်။ (ဒေါ = ၂၊ ဒေါ = ၂၊ ရသ = ၆) ထိုမှစတင်ကာ နှစ်အသစ်ဖြင့် ရေတွက်သည်။ ထိုနှစ်ဖြင့်ဆက်လက်ရေတွက်ခဲ့ပြီး သက္ကရာဇ် ၅၆၂ ခုနှစ်အရောက်တွင် ပုဂံခေတ်၊ ပုပ္ပါး စောရဟန်းမင်း လက်ထက်၌လည်း ခန်းဆပဉ္စကိန်းကြုံသဖြင့် လက်ရှိသက္ကရာဇ်မှ အကြွင်း ၂ နှစ်ထားကာ နှစ်ပေါင်း ၅၆၀ ကို ဖြိုလိုက်သည်။ (ခန်း = သုည၊ ဆ = ၆၊ ပဉ္စ = ၅) ၎င်းဖြိုပြီးနောက် အင်းဝ၊ မိုးညှင်းမင်းက သက္ကရာဇ် ၇၉၈ ကို ဖြိုရန် ကြိုးစား သေးသည်။ သို့သော် မအောင်မြင်။ သို့အတွက် ယခု ကျွန်ုပ်တို့ သုံးနေသော သက္ကရာဇ်မှာ ပုဂံ ပုပ္ပါးစောရဟန်းမင်း ဖြိုပြီး ကြွင်းသော နှစ်များဖြစ်ပေသတည်း။

အင်းဝမိုးညှင်းမင်းဖြိုပြီးစက သက္ကရာဇ်နှစ်မျိုးသုံးသေးသည်။ မပြိုဘဲ ကျန်နေသောနှစ်အတိုင်းသုံးလျှင် ထိုနှစ်များကို နှစ်ရှည် ဟု ခေါ်၏။ မိုးညှင်းမင်းဖြိုထားသော သက္ကရာဇ်အတိုင်း သုံးလျှင် နှစ်တိုဟု ခေါ်သည်။ ၎င်းကို ဗေဒင်တွင် ဒီဃနှစ် နှင့် ရသနှစ် ဟု ခေါ်သည်။ (ဒီဃ = အရှည်) ( ရသ = အတို) ရသနှစ်တိုကို ကုန်းဘောင်ခေတ်နှောင်းပိုင်းထိ ဗေဒင်လောကတွင် သုံးကြပါသေးသည်။ လုံးဝပျောက်သွားသည်မှာ ကိုလိုနီခေတ်တွင် ဖြစ်၏။ (နှစ်ဟောင်းမှ ထန်းဖူးဇာတာများကိုလေ့လာလျှင် ဒီဃနှစ် နှင့် ရသနှစ် နှစ်မျိုးလုံးဖော်ပြထားသည်ကို တွေ့နိုင်ပါသည်။)

ထိုအခါ ကျွန်ုပ်တို့ လက်ရှိသုံးနေသော နှစ်များမှာ သာသနာနှစ်များမှ ဆင်းသက်လာသည်ဖြစ်၍ လက်ရှိနှစ်ကို သုမုနြ္ဒီနှင့် ပုပ္ပါး စောရဟန်းမင်းတို့ ဖြိုလိုက်သောနှစ်များကို ပေါင်းလိုက်လျှင် သာသနာနှစ် ရ၏။

၆၂၂ + ၅၆၀ = ၁၁၈၂

ယခုနှစ် ၁၃၇၃ ခုနှစ် + ၁၁၈၂ = သာသနာနှစ် ၂၅၅၅ ဖြစ်၏။

တဖန် မြန်မာနှစ်များကို ဖော်ပြရာတွင် ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ်ဟု ရေးသားလေ့ရှိသည်။ သို့ဆိုလျှင် ကောဇာသက္ကရာဇ် ဟူသည် အဘယ်နည်း။

ကောဇာ ဟူသည် ပါဠိစကား ဂေါစရ မှ ဆင်းသက်လာ၏။ ဂေါစရ = လှည့်လည်သွားလာခြင်း

ကောင်းကင်တွင် နေမင်းကြီး လှည့်လည် သွားလာရာမှ နှစ်များဖြစ်လာသောကြောင့် ကောဇာ ခေါ်သည်။ တစ်နည်းအားဖြင့် လည်း အစဉ်မပြတ်သွားနေသောကြောင့် ကောဇာ ခေါ်သည်။

သက္ကရာဇ် = သက္ကရာဇ = သာကီဝင်မင်းမျိုး

သာကီဝင်မင်းမျိုးတို့ သုံးစွဲသောနှစ်ဖြစ်၍ သက္ကရာဇ် ခေါ်သည်။ (အချို့က သိကြားပေးသောနှစ်၊ တစ်နည်းအားဖြင့် သိကြားမင်း က အဆုံးအဖြတ်ပြုပေးသော နှစ် ဖြစ်သဖြင့် သက္ကရာဇ် ခေါ်သည် ဆို၏။ သက္ကရာဇ = သိကြားမင်း)

မည်သို့ပင်ဆိုစေ သက္ကရာဇ်ဟူသည် မဟာသက္ကရာဇ်မှ ဆင်းသက်လာခြင်းဖြစ်၏။ ခရစ်နှစ်နှင့် ဘာမှ မပတ်သက်။ ထို့အတွက် ခရစ်နှစ်ကို ခရစ်သက္ကရာဇ် ဟု ရေးလျှင် မှားသည်။


၅။ မြန်မာပြက္ခဒိန်
 

အထက်တွင်ပြောခဲ့သလို မြန်မာလက လဆန်းည၊ လပြည့်ညများ၌ ကောင်းကင်တွင်မြင်ရသည့် လမင်းကြီး၏ သွားလာမှုပေါ် မူတည်ပြီးတွက်ချက်သည်။ လ က ကမ္ဘာကို တစ်ပတ်ပတ်ရန်ကြာချိန်မှာ ၂၉.၅၃၀၅၈၉ ရက် (၂၉ ရက် ၁၂ နာရီ ၄၄ မိနစ် ၂.၉ စက္ကန့်) ဖြစ်သည်။ ၂၉ ရက်ခွဲပဲ ဆိုကြပါစို့။ သည်တော့ ပထမဆုံးလ စထွက်ချိန်မှစတင်ရေတွက်ကာ နောက်ဆုံးလ လုံးဝ ကွယ်သွားသည်ထိ ရေတွက်သော မြန်မာတစ်လတွင် ၂၉ ရက်ခွဲသာ ရှိသည်။ သို့သော် နေ့တစ်ခုကို နှစ်ပိုင်းပိုင်းကာ မနက်ပိုင်း က တစ်ရက်၊ ညနေပိုင်းက တစ်ရက်လုပ်ရန်မှာ လက်တွေ့မဆန်လှရကား တစ်လတွင် ၂၉ ရက်ခွဲမထားတော့ပဲ ၂၉ ရက် တစ်လ၊ ၃၀ ရက် တစ်လဖြင့် တစ်လှည့်စီ သွားလိုက်သည်။

တစ်ရက်လျှင် လ တစ်စိတ်တိုးသွားခြင်းကို ၁ တိထီ ဟု ခေါ်သည်။ တစ်နည်းအားဖြင့်လည်း တစ်ရက်လျှင် တိထီတစ်လုံး တိုးသည်။ ထို့ကြောင့် လကလေးကွေးကွေးကို စတင်မြင်ရချိန်မှ နောက်ဆုံး လ၀န်းကြီးကို အပြည့်မြင်ရချိန်ထိ ၁၅ ရက် ကြာသည်။ တစ်နည်း တိထီ ၁၅ လုံးတွင် လ လုံးဝပြည့်သည်။ ထိုရက်များကား လဆန်းရက်များ ဖြစ်၏။ ထို့နောက် ပြန်ဆုတ် သွားသည်။ (လအသွားအလာပေါ်မူတည်ကာ တစ်ခါတစ်ရံ တိထီ ၁၅ လုံး ပြည့်ချိန်က လပြည့်ကျော် ၁ ရက်သို့ ကူးသွား တတ်သည်။ သို့အတွက် တစ်ခါတစ်ရံတွင် လ၀န်းကြီးမှာ လပြည့်နေ့ထက် လပြည့်ကျော် ၁ ရက်နေ့ကျမှ ပိုမို ပြည့်ဝန်းလာတာ တွေ့ရတတ်သည်။ သို့သော် မည်သည့်ရက်တွင် တိထီ ၁၅ လုံးပြည့်သည်ကို သည်အတိုင်းသိရန် မလွယ်။ ဗေဒင်ဆရာများ ဗေဒင်တွက်ရာတွင်သုံးသော သံဒိဌ ဂြိုဟ်သွား ပြက္ခဒိန်ကြည့်မှ သိနိုင်မည်။)

သည်တော့ မြန်မာပြက္ခဒိန် တစ်နှစ်တွင် ရှိသောလများမှာ အောက်ပါအတိုင်း မစုံ ၆ လ၊ စုံ ၆ လ ဖြစ်သွားသည်။

တန်ခူး ရက်မစုံ                 - ၂၉

ကဆုန် ရက်စုံ                   - ၃၀

နယုန် ရက်မစုံ                  - ၂၉

ဝါဆို ရက်စုံ                      - ၃၀

ဝါခေါင် ရက်မစုံ                 - ၂၉

တော်သလင်း ရက်စုံ           - ၃၀

သီတင်းကျွတ် ရက်မစုံ        - ၂၉

တန်ဆောင်မုန်း ရက်စုံ        - ၃၀

နတ်တော် ရက်မစုံ             - ၂၉

ပြာသို ရက်စုံ                    - ၃၀

တပို့တွဲ ရက်မစုံ                 - ၂၉

တပေါင်း ရက်စုံ                 - ၃၀
 

ရက်စုံ လ များတွင် လဆန်း ၁၄ ရက်၊ လပြည့် နှင့် လဆုတ် (လပြည့်ကျော်) ၁၄ ရက်၊ လကွယ် တို့ ရှိ၏။

ရက်မစုံ လ များတွင် လဆန်း ၁၄ ရက်၊ လပြည့် နှင့် လဆုတ် (လပြည့်ကျော်) ၁၃ ရက်၊ လကွယ် တို့ ရှိ၏။

ထိုအခါ တစ်နှစ် တွင်ရှိသောရက်ပေါင်းမှာ -

(ရက် ၃၀ x ၆ လ = ၁၈၀ ရက်) + ( ၂၉ ရက် x ၆ လ = ၁၇၄ ရက်) = ၃၅၄ ရက် ဖြစ်သည်။

သို့အတွက် ကမ္ဘာက နေကိုပတ်သော တစ်နှစ် = ၃၆၅ ရက် နှင့် စာလျှင် ၁၁ ရက် လျော့နည်းနေသည်။ ၎င်းကို ကာမိစေရန် ၀ါထပ် ရက်ငင် လုပ်ပေးရသည်။


ဝါထပ်သည် ဆိုခြင်းမှာ တစ်နှစ်တွင် ၁၂ လ အစား၊ တစ်လ ဆောင်းကာ ၁၃ လ လုပ်ပေးလိုက်ခြင်းကို ခေါ်သည်။ အပို ဆောင်းပေးသော လ ကို ၀ါဆိုလတွင် ထားသည်။ ထို့ကြောင့် ၀ါထပ်သောနှစ်တွင် ပထမ ၀ါဆို၊ ဒုတိယ၀ါဆို ဟု ၀ါဆို နှစ်လ ဖြစ်သွား၏။


ပြဿနာက လ ကလည်း ၂၉ ရက်ခွဲ အတိအကျသွားတာမဟုတ်၊ ကမ္ဘာကလည်း ၃၆၅ ရက် ၆ နာရီ အတိအကျ လည်နေတာ မဟုတ်။ နှစ်ခုလုံး နာရီစွန်း၊ မိနစ်စွန်း၊ စက္ကန့်စွန်းများ ရှိနေသည်။ ထိုအခါ လိုက်ညှိရတာ အင်မတန် ခေါင်းစားသည်။ ဤမျှ ခေါင်းစားသော တွက်ကိန်းများကို ခေတ်သိပ္ပံသင်္ချာ မပေါ်မီရှေးပဝေဏီကတည်းက ရှိနေခဲ့ခြင်းအပေါ် ကျွန်တော် အင်မတန် အံ့သြမိပါ၏။ ဗေဒင်ဆရာကြီးများကတော့ သည် သူရိယ သိဒ္ဓန္တကျမ်း သည် လူသာမန်တို့ ရေးခဲ့တာမဟုတ်။ အဘိဉာဉ်ရ ရသေ့ကြီးများ စီရင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မယုံမရှိပါနှင့်။ သူရိယ သိဒ္ဓန္တကျမ်းတွင် ခေတ်သစ်နက္ခတ္တဗေဒပညာတွင် သုံးသည့် space geometry များ အပြည့်အစုံ၊ အသေးစိတ်ပါသည်။

(ဖတ်လိုသူများ ကျွန်တော့်တွင် သူရိယ သိဒ္ဓန္တကျမ်း အင်္ဂလိပ်လို တစ်အုပ်ရှိပါသည်။ သို့သော် ရန်ကုန်တွင် ကျန်ခဲ့၏။ ရန်ကုန်ပြန်ရောက်မှ ငှားဖတ်ပါလေ။ သို့သော် မဖတ်ပါလေနှင့်။ တစ်လုံးမှ နားလည်နိုင်စရာမရှိပါ။ အင်္ဂလိပ်လိုထားလို့ မြန်မာလိုတောင် ဆရာနှင့် ကျကျနန မသင်လျှင် မတတ်နိုင်ပါ။ ဆရာတော် ဦးကုသလ ဘာသာပြန်ထားသော လိပိဒီပိကာကျမ်းကို ကျွန်တော်ကြိုးစားဖတ်ကြည့်၊ သင်ယူလေ့လာကြည့်သည်။ တစ်အုပ်လုံး မပြောနှင့်၊ ဆယ်မျက်နှာ ပြည့်အောင်တောင် မဖတ်နိုင်ပါ။ နောက်တော့ လက်လျှော့လိုက်ရပါသည်။)


မြန်မာပြက္ခဒိန်တွင် အဓိက ပြဿနာတက်တာ ၀ါထပ် မှာ ဖြစ်၏။ ထို့ထက် ရက်ငင်မှာ ပိုလို့ဆိုးသေးသည်။ မည်သည့်နှစ်တွင် ၀ါထပ်မည်နည်း။ မည်သည့်နှစ်တွင် ရက်ငင်မည်နည်း။ အမှန်မှာ ဘာမှ ပြဿနာ တက်စရာမလို။ သူရိယ သိဒ္ဓန္တကျမ်း တွက်ရိုး များအတိုင်း အတိအကျ တွက်လျှင် ရပါသည်။ သို့သော် မရပါ။ အယူအဆ ကွဲလွဲမှုများ ရှိနေပါသေးသည်။  

ဝါထပ်ရက်ငင်နှင့် ပတ်သက်၍ မြန်မာဗေဒင်ဆရာ အကျော်အမော်ကြီးများအကြား အကြီးအကျယ် ပြဿနာ တက်ခဲ့ဖူး လေသည်။ နှစ်ဖက်စလုံးက တကယ့် ဒိတ်ဒိတ်ကြဲ ပညာတတ်ကြီးများဆိုတော့ မည်သူ့ကိုမှ မှားသည်ဟု မဆိုသာ။ သည်တော့ မည်သူကမှ အလျှော့မပေး။ နောက်ကျတော့ ၀ါထပ်မထပ် ဆိုသည်ကို သုဓမ္မာက ဆုံးဖြတ်သည်။ သုဓမ္မာ ဟူသည် ယခုခေတ် သံဃာ့မဟာနာယကအဖွဲ့ ပင် ဖြစ်သတည်း။

ယခုလည်း သံဃာ့မဟာနာယကအဖွဲ့ကပင် ၀ါထပ်ရက်ငင်ကို ဆုံးဖြတ်သည် ထင်ပါသည်။ ကျွန်တော် သေသေချာချာ မသိပါ။

ယခင်ကတော့ ပြက္ခဒိန်တွက်ရိုးတွင် မကာရန္တတွက်ရိုးကို သုံးခဲ့ပါသေးသည်။ သို့သော် ယခုမူ သုံးသူမရှိသလောက် ဖြစ်သွား ပါပြီ။ ကျွန်တော်လည်း ၁၉၈၉ ခုနှစ်လောက်က မကာရန္တတွက်နည်းများကို လေ့လာခဲ့ဖူးပါ၏။ ခုတော့ မေ့ကုန်ပြီ။ သူရိယ သိဒ္ဓန္တနှင့် ဘာကွာသနည်းဆိုတော့ ကပ်တစ်ခုရှိ နေထွက်ရက်ပေါင်း ကွာသည်။ ရှုပ်သည့်ကိစ္စများ ထားခဲ့ပါမည်။  

သူရိယသိဒ္ဓ န္တကျမ်းတွက်ရိုးက အလွန်ရှုပ်သည်။ သည့်အတွက် အနီးစပ်ဆုံးလည်းဖြစ်၊ လွယ်လည်းလွယ်သော နည်းကို ထွင်ကြသည်။ ဤတွင် ခုနှစ်သက္ကရာဇ်ကိုတည်၊ ၁၉ နှင့်စား။ ၂၊ ၅၊ ၇၊ ၁၀၊ ၁၃၊ ၁၅၊ ၁၈ ကြွင်းလျှင် ၀ါထပ်မည်ဟု သုံးခဲ့ကြ သည်။ သို့သော် ၁၂၁၈ ခုနှစ်တွင် ၂ ကြွင်းပြီး ၀ါထပ်ရမည်ဖြစ်သော်လည်း ၁၂၁၇ ခုနှစ်တွင် အဓိမာသ်ပြိုသဖြင့် ညောင်ကန် ဆရာတော်က ၁၂၁၇ ခုနှစ်ကို ၀ါထပ်ရန် ရွေးချယ်ခဲ့လေသည်။ ထိုကြောင့် ၁၂၁၈ မှစ၍ ၁၂၇၃ ခုနှစ်ထိ ၁၊ ၄၊ ၇၊ ၁၀၊ ၁၂၊ ၁၅၊ ၁၈ ကြွင်းသည့်နှစ်များ ကို ၀ါထပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် ၁၂၇၄ ခုနှစ်မှ ၁၃၁၁ ခုနှစ်ထိ စားကြွင်း ၁၊ ၄၊ ၇၊ ၉၊ ၁၂၊ ၁၅၊ ၁၈ ကြွင်းသောနှစ်များကို ၀ါထပ်ခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ်မှ စကာ ၁၊ ၄၊ ၆၊ ၉၊ ၁၂၊ ၁၅၊ ၁၇ ကြွင်းသော နှစ်များတွင် ၀ါထပ်ခဲ့ကြသည်။

အဘယ်ကြောင့် အကြွင်းကိန်းများ အမြဲပြောင်းနေရသနည်းဆိုသော် ၁၉ နှင့်စားသောနည်းမှာ အတိအကျမဟုတ်ဘဲ အလွန် ရှုပ်ထွေးသောတွက်နည်းများကို အနီးစပ်ဆုံးကိုက်ညီအောင် ယူထားရသောကြောင့် ဖြစ်၏။ အတိအကျလိုချင်လျှင် သူရိယသိဒ္ဓ န္တကျမ်းတွက်ရိုးအတိုင်း တွက်ယူရမည် ဖြစ်လေသည်။ သို့မဟုတ်ပါကလည်း ယခု တိုးတက်နေသော ခေတ်ကြီး တွင် ခေတ်သိပံ္ပသင်္ချာနည်းများဖြင့် တွက်ယူနိုင်ပါသည်။

ဝါထပ်ခြင်းက ကွာနေသောရက်များကို ညှိပေးခြင်းဖြစ်သည်။ သို့ဆိုလျှင် ကွာနေသော နာရီများကို ညှိပေးရန် လိုသေးသည်။ ၎င်းကို ရက်ငင် သည် ဟု ခေါ်၏။

သည့်အတွက် ၀ါထပ်ခြင်းတွင် နှစ်မျိုးကွဲသွားသည်။ ၀ါငယ်ထပ်နှင့် ၀ါကြီးထပ် ဟူ၏။

ဝါငယ်ထပ်က ဒုတိယ၀ါဆိုတစ်လ (ရက် ၃၀) ထပ်တိုးလိုက်သည်။

သို့သော် ၀ါကြီးထပ်တွင် ဒုတိယ၀ါဆို တစ်လအပြင် နောက်ထပ် တစ်ရက်လည်း အပိုဆောင်းပေးလိုက်သေး၏။

အပိုဆောင်းသောရက်ကို နယုန်လတွင် ထည့်လိုက်သည်။ ထိုအခါ ၀ါကြီးထပ်နှစ်တွင် နယုန်တွင် ရက် ၃၀ ဖြစ်ပြီး နယုန်ရက်စုံ ၃၀ ဖြစ်သွားတော့၏။ သာမန်နှစ်များကဲ့သို့ လပြည့်ကျော် ၁၄ ရက်နေ့တွင် လမကွယ်ဘဲ ၀ါကြီးထပ်နှစ်၌ နယုန် လပြည့်ကျော် ၁၅ ရက်နေ့၌ လကွယ်ပါ၏။

သည်တော့ မိတ်ဆွေများ တွက်ဖို့အသာထား။ ယခု ဖတ်တာနှင့်ပင် အတော်မျက်စိလည်သွားလောက်ပြီ။

ယခု နာရီပြန် ၂ ချက်တီးနေပြီမို့လို့ မနက်ဖြန်မှ ဆက်ပါမည်။

အေးငြိမ်း

29/10/2011, 2:05 am
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: 97303027

2 comments:

cool emerald said...

ဖတ်မှတ်သွားပါတယ်။ အသေးစိတ် သိမှတ်ရလို့ ကျေးဇူးတင်ပါတယ်။

Sayar said...

The best article.