ကျွန်ုပ် ခုနင်က အိပ်မက် မက်၏။ ခုနင်ကဟုဆိုရခြင်းမှာ အိပ်မက်မက်အပြီး နိုးလာ၍၊ အိပ်ရေးလည်း ဝ,နေပြီဖြစ်၍ ပြန်မအိပ်တော့ပဲ ထလာပြီး မမေ့ခင် ချက်ချင်း ကောက်ရေးလိုက်သောကြောင့် ဖြစ်သတည်း။ အနို့ စာဆိုတာ ရေးချင်နေသည့်အချိန် ရေးလိုက်ရမှ စာကောင်းတစ်ပုဒ် ဖြစ်တတ်သည်ကိုး။
အိပ်မက်ဆိုတော့ ခပ်ဝါးဝါး။ မေးသူမှာ ခင်မောင်ဆွေလိုလို ဖြစ်ပြီး ဘာသာတွဲ အရွေးရခက်နေသူမှာ ကိုမင်းမင်းဦး လိုလို ဖြစ်၏။ ကိုရေးချမ်းကိုတောင် ရိပ်ခနဲ တွေ့မိသလိုလို ဖြစ်၏။ (ခင်မောင်ဆွေမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၌ ညွှန်ကြားရေးမှူးလားမသိ၊ ထိ ဖြစ်သည်ဟု သတင်းသဲ့သဲ့ကြားမိ။ ၂၀၁၇ ခုနှစ်လောက်က မန်းလေးသွားစဉ် ကိုမင်းမင်းဦးနှင့် တွေ့ခဲ့၊ ကိုရေချမ်းကတော့ အော်ဇီမှာ)
အိပ်မက်ထဲတွင် ဘာသာတွဲရွေးရခက်နေပုံနှင့် ပတ်သက်၍ စကားပြောမိကြ၏။
ဘယ်သာကို ယူမည်နည်း။
ကိုယ်စိတ်ဝင်စားသည့် ဘာသာကိုယူပါ။
ထိုဘာသာရပ်တွင် ဆရာကြီးတစ်ဆူဖြစ်သည်ထိ လေ့လာပါ။ သင်ယူပါ။
ကိုယ်စိတ်ဝင်စားသည့် ဘာသာရပ် ဖြစ်သည့်အတွက်လည်း ထိုဘာသာရပ်ကို လေ့လာခြင်း၌ အသင် ပျော်မွေ့နေပါလိမ့်မည်။
ထိုအလုပ်ကို လုပ်နေခြင်းသည်ပင်လျင် အသင်၍ အပန်းဖြေမှုတစ်ခု ဖြစ်နေပါလိမ့်မည်။
(ကိုယ်စိတ်မဝင်စားသည့် အလုပ်ကိုလုပ်နေရခြင်းသည်ကား ခက်ခဲပင်ပန်းလှ၏။)
အသင်သည် ဂဏန်းသင်္ချာ၊ အတွက်အချက်များ၌ မမွေ့လျော်တတ်သူဖြစ်အံ့။ အင်ဂျင်နီယာဘာသာရပ်ကို စိတ်မဝင်စားသူ ဖြစ်အံ့။ အင်ဂျင်နီယာကျောင်း တက်ဘို့ မကြိုးစားပါနှင့်။
အသင်သည် လူ့ခန္ဓာကိုယ် တည်ဆောက်ပုံကို စိတ်မဝင်စားသူဖြစ်အံ့။ အင်မတန်ခက်ခဲလှသည့် ဆေးပညာ အခေါ်အဝေါ် များကို စိတ်မဝင်စားသူ ဖြစ်အံ့။ ဆေးကျောင်းတက်ဘို့ မကြိုးစားပါနှင့်။
အများယောင်လို့ယောင်၊ အမောင် တောင်မှန်း မြောက်မှန်းမသိ။ အမှတ်ကောင်းတာနှင့်ပဲ မိဘတွေက တိုက်တွန်းလို့။ သူများစကားနားယောင်ပြီး အင်ဂျင်နီယာကျောင်း သွားတက်သည်၊ ဆေးကျောင်းသွားတက်သည် ဆိုပါစို့။ ဤသည်မှာ အသင့်ကိုယ်အသင် နှိပ်စက်ရာ ရောက်၏။
ကိုယ်စိတ်မဝင်စားသည့် အတွက်အချက်များ၊ စကားလုံးများ၊ ဝေါဟာရများကို ကျက်မှတ်နေရခြင်းဖြင့် အသင်သည် ကောင်းကောင်း စိတ်ညစ်ရမည်။
အသင်သည် လယ်သမား ဖြစ်နေပါသလား။ လယ်သမားဘဝကို ဘာမှ အားငယ် စိတ်ပျက်နေစရာမလို။
အကောင်းဆုံး လယ်သမားဖြစ်အောင် ကြိုးစားပါ။
ငါ့လယ်က မြေကြီးဟာ ဘယ်လို မြေကြီးမျိုး ဖြစ်သလဲ။ ဘယ်ဓာတ်တွေ ဘယ်လောက်ပါပြီး ဘယ်ဓာတ်တွေ ထပ်ဖြည့်ဘို့ လိုနေသလဲ။ ဘယ်စပါးမျိုးနဲ့ သင့်တော်သလဲ။
စပါးပင်မှာ ကျတတ်တဲ့ ရောဂါတွေက ဘာလဲ။ အဲဒီရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။ ရောဂါတွေ ကျလာရင် ဘယ်လိုလုပ်ရမလဲ။
စပါးရဲ့ ဖျက်ပိုးတွေက ဘာကောင်တွေလဲ။ အဲဒီအကောင်တွေကို ဘယ်လိုကာကွယ်ရမလဲ။
ရေကို ဘယ်အချိန်မှာ သွင်းပြီး ဘယ်အချိန်မှာ ထုတ်ရမလဲ။
စပါးကို အထွက်နည်းစေတဲ့ အကြောင်းတွေက ဘာတွေလဲ။
စပါးကို အထွက်တိုးအောင် ဘယ်လိုလုပ်ရမလဲ။
ဘယ်စပါးမျိုးဟာဖြင့် စားလို့ကောင်းတဲ့မျိုး ဖြစ်သလဲ။
ဒီစပါးမျိုးကို ဘယ်အချိန်မှာရိတ်ရင် အကောင်းဆုံးလဲ။
အလေအလွင့်နည်းအောင် ဘယ်လိုလုပ်ရမလဲ။
အများကြီးပါ။ ပညာရပ်ဟူသည် လေ့လာသင်ယူလို့ ကုန်သွားသည့်အရာ မဟုတ်။ ကိုယ်မသိတာတွေ အများကြီးရှိသည်။ မသိချင်သေးလို့သာ ဘာမှ သိစရာမရှိတာဖြစ်၏။
အာ - ငါတို့က စိုက်ပျိုးရေးတက္ကသိုလ်မှ မတက်ခဲ့ရတာကိုးကွ ဟု မပြောပါနှင့်။
အသင်တို့ လေ့လာချင်သပဆို လေ့လာလို့ရ၏။ တက္ကသိုလ်တက်ရမှ မဟုတ်။ ကိုယ့်လေ့လာသင်ယူချင်စိတ်ကသာ အရေးကြီး၏။ မသင်ယူချင်လျင် ဘာမှမရ။ သင်ယူချင်ပါက အကုန်ရ၏။
လယ်သမားကောင်းတစ်ယောက် ဖြစ်ဘို့ရာ စိုက်ပျိုးရေးဘွဲ့ရစရာ မလို။ လယ်သမားကောင်းတစ်ယောက် ဖြစ်ချင်စိတ်သာ လို၏။
ကျွန်ုပ်တို့မှာ ရွေးချယ်ခွင့် အလွန်နည်းပါးလှ၏။ ဘယ်မိဘရဲ့ သားသမီး ဖြစ်ချင်ပါတယ်လို့ ရွေးခွင့်မရှိ။ ဘာလူမျိုး ဖြစ်ချင်လိုက်တာ လို့ ရွေးခွင့်မရှိ။ အသားဖြူချင်လိုက်တာ၊ ရုပ်လှချင်လိုက်တာလို့ ရွေးခွင့်မရှိ။ ဖြစ်လာသည့်ဘဝကို လက်ခံနိုင်ပါစေ။ ဖြစ်လာသည့် ဘဝမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲ အရေးကြီး၏။
ကျွန်ုပ်အသက် ၁၄-၅-၆ နှစ်ခန့်က စန္ဒာမဂ္ဂဇင်းပါ သက်လုံ၏ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့ဖူး၏။ ဆောင်းပါးနာမည်ကို မမှတ်မိတော့ပါ။ တောက်တယ်ကျင်းထဲကလိုလို ထင်ပါသည်။ သို့သော် ကျွန်ုပ်လက်ထဲ၌ ရှိသော စေ့ထားသည့် တံခါးများ စာအုပ်ထဲ၌ ထိုစာကြောင်းလေးကို မတွေ့မိဟု ထင်ပါသည်။ နောက်မှ သေသေချာချာ ပြန်ဖတ်ကြည့်ရဦးမည်။ (ဤတွင် စကားစပ်မိ၍ ပြောရလျှင် အသင်တို့သည် သက်လုံ ၏ ‘စေ့ထားသော တံခါးများ’ ကို မသေခင် တစ်ခေါက်လောက်တော့ ဖတ်ဖြစ်အောင် ဖတ်ပါဟု ကျွန်ုပ်က တိုက်တွန်းလိုက်ပါ၏။)
ထိုဆောင်းပါးထဲ၌ အောက်ပါအတိုင်း ပါ၏။
“ခြေထောက်ရယ်လို့ ဖြစ်လာရတဲ့အစိတ်အပိုင်းဟာ ငါဟာ သူများခေါင်းပေါ်မှာ ခေါင်းပေါင်းစ တလူလူနဲ့ ဦးခေါင်း မဖြစ်ရပါလားလို့ တွေးပြီး ဘာမှ စိတ်ပျက် အားငယ်နေစရာ မလိုဘူး၊ မီးဟဲ့ဆိုရင် ရေကို အမြန်ဆုံးပြေးသယ်နိုင်ဘို့ပဲ လိုတယ်။”
ဤသည်မှာ အသင်တို့ ဘဝတလျှောက်လုံး လိုက်နာကျင့်သုံးရမည့် နီတိ ဖြစ်၏။
သားကတော့ ပြတ်သားလှ၏။
ဖေရီး၊ လူ့ဘဝဆိုတာ တစ်ခါပဲ ရတာ။
တစ်ခါပဲရတဲ့ ဘဝမှာ ကိုယ်စိတ်မဝင်စားတာကြီးလုပ်ပြီး သားကတော့ အသက်ရှင်မနေနိုင်ဘူး။
ကိုယ်စိတ်ဝင်စားတာလုပ်ရင်းနဲ့ပဲ ပျော်မွေ့နေမယ်။
ပိုက်ဆံ အရေးကြီးတာမှန်ပေမယ့် ငွေပုံပေါ်ထိုင်ပြီး မပျော်တဲ့ဘဝဖြစ်နေရင် အလကားပဲ။
(ဤအကြောင်းများကို ကိုစံပွင့်၏ ဖိတ်ကြားမှုဖြင့် တနင်္သာရီတိုင်း၊ ကံပေါက်ကို ရောက်စဉ် အထက်တန်းကျောင်းများ၌ (ကျောင်း ၃ ကျောင်း ထင်ပါသည်။ ကောင်းကောင်း မမှတ်မိ) ကျောင်းသားကလေးများကို ပြောပြခဲ့ပါ၏။ ဘာတွေ ပြောခဲ့၊ မေးခဲ့ဖြေခဲ့သည်များကို ကျွန်ုပ်၏ shwenyein blog ၌ ဖတ်နိုင်ပါသည်။ ဤကား စကားချပ်)
မိမိလက်ရှိဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားကြပါဟု တိုက်တွန်းလိုက်ပါ၏။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၇ ဇွန်လ၊ ၂၀၂၅
နံနက် ၇း၀၈ နာရီ