Friday, October 13, 2023

ISO 45001 အကြောင်း

ISO 45001 ဟူသည် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး၊ ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်အတွက် ရေးဆွဲပြဌာန်းပေးထားသည့် အပြည်ပြည်ဆိုင်ရာ စံနှုန်းတစ်ခု ဖြစ်၏။

 

အပြည်ပြည်ဆိုင်ရာစံနှုန်းဖြစ်သည့်အတွက် စံနှုန်းစတင်းဒတ်နှင့် ကိုက်ညီအောင် စကားလုံးကြီးကြီးကျယ်ကျယ်များ သုံးနှုန်းရေးသားထား၏။ ထို့အတွက် တော်ရုံတန်ရုံလူ ဖတ်၍နားမလည်နိုင်။ မယုံရင် ဖတ်ကြည့်ပါ။ ဟောဒီမှာ download link.

 

https://insighttoinfluence.com/website/brochures/ISO%20FDIS%2045001_E%20OH&S%20Management%20Systems.pdf

 

ထိုစံနှုန်းကို လက်တွေ့ အသုံးချဘို့မပြောပါနှင့်။ သေသေချာချာရှင်းမပြဘဲ ဘာတွေရေးထားတယ်ဆိုတာတောင် နားမလည်နိုင်။ နားလည်ဘို့မလွယ်ကူ။

 

ထိုစံနှုန်းအကြောင်း နားလည်ဘို့ဆို တတ်ကျွမ်းနားလည်သည့်ဆရာက သေချာစွာ ရှင်းလင်းပြောပြပေးမှ ဖြစ်နိုင်မည်။ 

 

ထိုစံနှုန်းအကြောင်း နားလည်သွားသည့်တိုင်လည်း လက်တွေ့ အသုံးချဘို့ မလွယ်လှသေးပါ။

ဤစာအုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရေး၊ ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်အတွက် လိုအပ်ချက်များကိုသာ ပြထားရုံ ဖြစ်၏။ 

 

ဤစံနှုန်းက အလွန် ပြုပြင်ပြောင်းလဲရလွယ်၏။ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်အရပ်ဒေသ၊ မည်သည့် လုပ်ငန်း၊​ မည်သည့်ကုမ္ပဏီမဆို သုံးလို့ရသည် ဆိုတော့ သုံးလို့ရအောင်လည်း လုပ်ထား၏။ 

 

သည့်အတွက် အသေးစိတ်အချက်များ တစ်ခုမှမပါ။

ဆိုလိုသည်မှာ ဤစာအုပ်ကို တိုက်ရိုက်အသုံးချလို့မရ။ ဤစာအုပ်ပါ ညွှန်ပြချက်များအတိုင်း မိမိကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် ကိုက်ညီအောင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေး၊ ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်ကို မိမိတို့ကိုယ်တိုင် ရေးဆွဲရမည် ဖြစ်၏။

 

မိမိကုမ္ပဏီ၏ တည်နေရာ၊ ကုမ္ပဏီအရွယ်အစား၊​ လုပ်ကိုင်သည့် လုပ်ငန်းသဘာဝ အစရှိသည်တို့အပေါ် မူတည်၍ မိမိတို့၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်ကို မိမိတို့ကိုယ်တိုင် ရေးဆွဲရမည်။

မိမိတို့ကိုယ်တိုင် မရေးနိုင်လျှင် ရေးတတ်သူများကို ငှားရမ်း ရေးဆွဲနိုင်၏။

(ကျွန်ုပ်ကိုငှားပါ။ အဟိစ်)

 

သို့သော် သူများလုပ်ထားတာ ဟိုကကူး၊ ဒီကကူးတော့ မလုပ်သင့်။ 

အဘယ်ကြောင့်ဆိုသော် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်မှာ ကုမ္ပဏီတစ်ခုနှင့်တစ်ခု မတူနိုင်။ အပေါ်မှာပြောခဲ့သည့် အချက်အလက်များအတိုင်း ကုမ္ပဏီတစ်ခုနှင့် အခြားတစ်ခု ပြောင်းလဲနိုင်၏။ တခြားသူတွေ ရေးထားတာကို နမူနာယူနိုင်၏။ သို့သော် ကူးမချရ။

 

အခု ကျွန်ုပ်က ISO 45001 စာအုပ်ကို လူအများနားလည်စေရန် ရည်ရွယ်၍ ရှင်းလင်းတင်ပြထားပါသည်။ သို့တိုင် Safety နှင့်ပတ်သက်၍ အခြေခံမရှိသူများ နားလည်ဘို့ရာ မလွယ်လှပါ။

 

ထို့ပြင်တဝ ဤစာအုပ်ကို မိမိတို့လုပ်ငန်းအတွက် တိုက်ရိုက်အသုံးချလို့မရ။

အထက်တွင် ဖော်ပြခဲ့သလို မိမိတို့ကုမ္ပဏီ၊ လုပ်ငန်းသဘာဝနှင့် ကိုက်ညီအောင် “လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ်” ကို မိမိတို့ဘာသာ ရေးဆွဲရမည်ဖြစ်၏။ 

 

ကျွန်ုပ်၏ ရှင်းလင်းချက်စာအုပ်သည် မြန်မာနိုင်ငံသား လူအများတို့အတွက် တစုံတရာ အကျိုးရှိသွားမည်ဆိုလျှင်ပင် ကျွန်ုပ် အားထုတ်ရေးသားရကျိုး နပ်ပြီ ဖြစ်ကြောင်း။

 

ကျေးဇူးတင်ပါသည်။

 

 

ISO 45001 လက်မှတ်

 

နောက်တစ်ခုက ISO 45001 လက်မှတ် ဖြစ်၏။

ISO 45001 စံနှုန်းက သူတို့လက်မှတ်လိုချင်လျင် ဘာတွေနှင့် ကိုက်ညီရမယ်ဆိုတာကို ပြဌာန်းထားတာလည်း ဖြစ်၏။ ဆိုတော့ အဲသည်လက်မှတ်ရဘို့ အဲသဟာတွေနဲ့ ကိုက်ညီရမည်။

 

ကုမ္ပဏီများသည် ISO 45001 လက်မှတ် ယူကြ၏။

လက်မှတ်ယူတာလဲ ယူကြတာပေါ့။

ဒါပေမက်စ် . . . 

 

ရင်နာစရာကောင်းသည်မှာ ISO 45001 လက်မှတ်ကို ခုတုံးလုပ်ပြီး လုပ်စားနေသူ ပွဲစားများ ဖြစ်သတည်း။

 

ပွဲစား (ပွဲစားပဲဆိုကြပါစို့) များသည် ISO 45001 လက်မှတ်ရရေးအတွက် လုပ်ပေးကြ၏။

အမှန်က လက်မှတ်ရဘို့ဆိုသည်မှာ လက်တွေ့ ဘာတွေလုပ်ထားထား မထားထား၊ စာရွက်စာတမ်း အထောက်အထား များပြလျင် ရနိုင်လေ၏။ ဤလက်မှတ်ယူထားသည့် ဗလွတ်ရွှတ်တ ကုမ္ပဏီများကိုလည်း ကျွန်ုပ် မျက်မြင်ကိုယ်တွေ့ တွေ့ဖူးပါ၏။

 

ISO 45001 လက်မှတ်ရရေးအတွက်ပြင်ဆင်ရသည့် ထိုစာရွက်စာတမ်းများအားလုံး ထိုကိုရွှေပွဲစားများတွင် အကုန်ရှိ၏။

၎င်းတို့အတွက် ထိုစာရွက်စာတမ်းများတစ်စုံရှိလျှင်ပင် ၎င်းကို ရေလဲသုံးကာ ဟင်းမျိုးစုံချက် (ဟုတ်ပေါင်) ကုမ္ပဏီ နာမည်လေးပြောင်းတပ်၊ ဟိုဟာဒီဟာလေး ကျုပ်ကျက်လိပြီး အောဒစ်လေး လုပ်လိုက်ရုံမျှဖြင့် ကုမ္ပဏီများထံက ပိုက်ဆံများကို သဲ့ယူသလို ရ၏။

 

အသင်တို့သည် ငါက ISO 45001 ဆာတီဖိုင်းကွ ဟု လက်မ မထောင်ပါလေနှင့်။

ISO 45001 လက်မှတ်ဟူသည် အိမ်ရှေ့ခန်းမှာ ဘွဲ့လက်မှတ်ကြီးချိတ်ပြီး ကြွားထားသလို ကြွားစရာလက်မှတ်တစ်ခု မဟုတ်။ 

အင်ဂျင်၂၀၀ ဘွဲ့ရပြီး ယူနစ်ကွန်ဗားရှင်းကလေးတောင် မလုပ်တတ်လျှင် အသင်တို့သည် အင်ဂျင်၂၀၀ ဖြစ်ကြောင်း မည်ကဲ့သို့ ကြွားနိုင်ပါအံ့နည်း။ 

(ကျွန်ုပ်ပြောတာ လွန်သည်မထင်ပါနှင့်။ ကျွန်ုပ် ပင်နင်ဆူလာတွင် Piping Engineering ကို ပညာဒါန သင်ပေးစဉ်က လက်တွေ့မျက်တွေ့ တွေ့ခဲ့ရပါ၏။)

 

သည်ကဲ့သို့ပင် ISO 45001 လက်မှတ်ဟူသည် ငါတို့က ISO 45001 ဆာတီဖိုင်းကွ ဟု လက်မထောင်ဘို့ ထားတာမဟုတ်။ ထိုလက်မှတ်ကိုယူထားသည့်တိုင် လုပ်သားများ၏ အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးအတွက် ဘာမှ လုပ်မပေးဆိုလျှင် ထိုလက်မှတ်သည် စက္ကူတစ်ရွက်ထက် ပို တန်ဘိုးမရှိပါချေ။

 

အဓိကက 45001 လက်မှတ်ထက် (အဲလေ၊ လက်မှတ်ရှိဘို့လည်း အရေးကြီးသပေါ့။ သဟာမှ လူပုံအလယ် မျက်နှာပန်းလှမှာကိုးလို့စ်။) တကယ်လုပ်ဖို့ ပိုအရေးကြီးပါသည်။

 

ISO 45001 ကို တကယ်လက်တွေ့အသုံးချခြင်းသည် အသင်တို့ လော်ကြီး အလုံး (၂၀) လောက်ဆင်ပြီး အသံမစဲ (ဘာတဲ့) ကို နေ့မနား ညမနား ခုနစ်ရက်သားသမီးတွေ နားမခံသာအောင် ဘာမှန်းညာမှန်းမသိ စွပ်အော်နေတာထက် ပို ကုသိုလ်ရပါ၏။ (ကျွန်ုပ်ကို ဒိဋ္ဌိဆိုပြီး ဝိုင်းပြီးဆဲကြပါကုန်။)

 

ထို့ကြောင့် . . . 

(ဒါလောက်ဆို ဘာလုပ်ရမယ်ဆိုတာ သိပြီဟု ယူဆပါ၏။)

 

အေးငြိမ်း

 

၁၃ အောက်တိုဘာ၊ ၂၀၂၃

No comments: