Tuesday, October 10, 2023

အများပြည်သူသုံးယာဉ်များနှင့် ခရီးသွားရခြင်းကို ကျွန်ုပ်နှစ်သက်သည် ဆိုခြင်းအကြောင်း

(၁) ကျွန်ုပ် ကားမဝယ်ချင်ရခြင်းအကြောင်းရင်း

 

အများပြည်သူသုံးယာဉ်များနှင့် ခရီးသွားရခြင်းကို ကျွန်ုပ် အလွန် နှစ်သက်လှ၏။

 

ဘတ်စကားတစ်စီးတွင် ခရီးသည် ၁၀၀ ခန့် ဆန့်၏။ အကယ်၍သာ ထို ခရီးသည်တို့ ကိုယ်ပိုင်ကားစီးသွားကြမည်ဆိုသော် လမ်းပေါ်တွင် ကား အစီး ၁၀၀ ခန့်ရှိပေမည်။ ထိုခရီးသည်တို့သည် ကားစီးမည့်အစား ဘတ်စ်ကားကိုသာ စီးကြမည် ဆိုပါမူ လမ်းပေါ်တွင် ကား ၉၉ စီး လျော့သွားပေမည်။ ကား ၉၉ စီးကိုမောင်းရမည့် ဓာတ်ဆီကိုလည်း ချွေတာနိုင်မည် ဖြစ်သလို ကား ၉၉ စီးမှ ထွက်လာမည့် ကာဘွန်ဒိုင်အောက်ဆိုဒ်ကိုလည်း လျှော့ချလိုက်နိုင်မည် ဖြစ်၏။

 

ရေနံတစ်စည်ဖြစ်လာဘို့ နှစ် သန်းပေါင်းများစွာ စောင့်ရ၏။ ရေနံဟူသည် အသွင်းမရှိ။ အထုတ်များချည်းဖြစ်၏။ ကျွန်ုပ် ကားဝယ်စီးလိုက်သဖြင့် ကုန်ဆုံးသွားရမည့် ရေနံများကို ကျွန်ုပ် အလွန်နှမြောလှချေ၏။ ပိုအရေးကြီးသည့် နောက် တစ်ချက်ကား ကျွန်ုပ်ကြောင့် လေထုညစ်ညမ်းမှုဖြစ်သွားမှာ အလွန်စိုးရိမ်မိခြင်းဖြစ်၏။ ကျွန်ုပ် ကားဝယ်စီးခြင်းကြောင့် ကျွန်ုပ်ကားမှ​ ထွက်လာသည့် ကာဘွန်ဒိုင်အောက်ဆိုဒ်များ လေထုအတွင်း ရောက်သွားမှာကို ကျွန်ုပ် မလိုလား။ 

 

ဤသည်ကား ကားဝယ်ဘို့ရန် ကျွန်ုပ် နည်းနည်းမှ စိတ်မဝင်စားရခြင်း အကြောင်းရင်းပင် ဖြစ်တော့သတည်း။

 

(သည်မျှလောက်ဆိုလျှင်ပင် ကျွန်ုပ်သည် အလွန် အူကြောင်ကြောင်နိုင်သူတစ်ဦးဖြစ်ကြောင်း အသင်တို့ ရိပ်မိလောက် ပါပြီ။ ဤကား စကားချပ်)

 

ဤတွင် စကားစပ်မိ၍ ပြောရလျှင် ရန်ကုန်၌ ခရီးသွားရခြင်းကို စိတ်ပျက်မိသည့်အကြောင်း နည်းနည်းလောက် ဖောက်သည်ချပါရစေဦး။ (ဤပြဿနာနှင့် နိစ္စဒူဝရင်ဆိုင်နေရသူ မိတ်ဆွေများကိုတော့ အားနာပါ၏။)

 

ကျွန်ုပ်ရန်ကုန်ပြန်စဉ်က တိုင်စီလေးနှင့် ခရီးသွား၏။ 

မြန်ချင်၍ တိုင်စီစီးသည့်တိုင် ကျွန်ုပ်မြန်ချင်တိုင်း မြန်လို့မရ။ 

အလွန်ချမ်းသာလှသော မြန်မာနိုင်ငံသားတို့မှာ (ကျွန်ုပ်မှလွဲ၍) လူတစ်ဦးလျှင် ကားတစ်စီးကျ ပိုင်ဆိုင်လေရကား မဟာရန်ကုန်မြို့တော်ရှိ လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့မှာ အဖိုးတန် ကားကြီးကားကောင်းများဖြင့် ပြည့်နှက်လျက် ရှိ၏။

 

သည်လမ်းကသွားလျှင် ထောင်ပေါင်းများစွာသော ကားများအလယ်၌ ပိတ်မိနေ၏။ သည်လမ်းပိတ်၍ ဟိုလမ်းက သွား၏။ ဟိုလမ်းတွင်လည်း အခြား ထောင်ပေါင်းများစွာသော ကားများအလယ်၌ ပိတ်မိနေပြန်၏။ 

ရန်ကုန်ကလူများ တစ်နေ့တစ်နေ့ ကားပေါ်၌ ဖြုန်းလိုက်ရသော အချိန်များကို တွက်ဆကာ ဆုံးရှုံးလိုက်ရသော လုပ်အား တန်ဘိုးများကို ကျွန်ုပ်သည် အလွန် နှမြောမိလေ၏။

 

သို့သော်စ် . . . သို့သော်ပေါ့ ခင်ဗျား -

ကျွန်တော်တို့အိမ်သည် နာနတ်တောလမ်း၊ ပြည်ရိပ်မွန်အိမ်ယာ၌ ရှိ၏။ 

ဘတ်စ်ကားကို မည်သည့်လမ်းများမှ ပြေးဆွဲမည်ဟု နေရာချထားသည့် အစိုးရ အရာရှိမင်းများက ကျွန်ုပ်တို့ နာနတ်တော ၌ နေထိုင်သူများအားလုံးကို သထိမ်းများချည်း အောက်မေ့လေရကား နာနတ်တောလမ်းကို ဖြတ်၍ ဘတ်စ်ကား ပြေးဆွဲ ပေးမည်ကို အိပ်မက်ကလေးမျှပင် မက်ဖော်မရချေ။

 

ထို့ပြင် ထိုအရာရှိမင်းများက ကျွန်ုပ်တို့ နာနတ်တောသူ၊ နာနတ်တောသားများ၏ ကျန်းမာရေးအတွက် အထူး စိုးရိမ်တော် မူအံ့ထင့်။

 

ကျွန်ုပ်တို့ရပ်ကွက်တွင် (အဲလေ၊ ဗမာပြည်ရှိ မြို့တိုင်း) လမ်းလျှောက်စရာ နေရာမရှိသောကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘောဖြင့် ခရီးလည်းသွားရင်း လမ်းလည်းလျှောက်ပြီး ဖြစ်စေရန် ဘတ်စ်ကားမှတ်တိုင်ကို စိုက်ပျိုးရေး မှတ်တိုင်တွင် တစ်ခု၊ လှည်းတန်းတွင်တစ်ခု ထားပေးလေ၏။ ကျွန်ုပ်တို့မှာ ဘတ်စ်ကားစီးရန် ကိစ္စပေါ်လာသည့် အခါတိုင်း ပါးစပ်မှ လျှာအလျားလိုက်ထွက်အောင် လျှောက်ရလေ၏။ နေအလွန်ပူသော နေ့လယ်ခင်း၌ အထုပ်အပိုးများ ဆွဲကာပြန်လာရသည့် ကျွန်ုပ်တို့၏ နာနတ်တောသားများ၏ ဒွတ်ခကို အသင်တို့ တွေးကြည့်ရုံဖြင့် ချွေးပြိုက်ပြိုက် ကျနိုင် ပါ၏။ ဤဒွတ်ခကို ရှောင်လို၍ ကားဝယ်ချင်သည့်တိုင် ဘယ်နားသွား ကားရပ်ရမည်မသိသဖြင့် ဝယ်ဘို့စိတ်မကူးရဲ။ 

 

(တခါတခါတော့ ဤဒွတ်ခများကို ရှောင်ကွင်းနိုင်ရန် ထီးကို ခေါက်ထီးမျိုးတီထွင်ကာ ချုံ့သကဲ့သို့ ကားကိုလည်း ခေါက်ကားအဖြစ်တီထွင်၊ ၆ ထပ်ကို လက်ဆွဲအိတ်ထဲထည့်သယ်ရန် စိတ်ကူးမိ၏။ သို့သော် “ဘုရားကြီးက တိမ်တွေပေါ် လွင့်နေသလိုပဲ၊ ကြည်ညိုစရာကောင်းလိုက်တာ” ဆိုပြီး ဓာတ်ပုံများရိုက် ကုသိုလ်ဆိုတာကြီးကို တကယ်ရမည်ထင်ပြီး ယူနေသူများအား လိုက်ရှာလျက် unfriend လုပ်ခြင်း၊ block လုပ်ခြင်းများဖြင့် အလုပ်ရှုပ်လျက်ရှိသောကြောင့် အကောင် အထည် မဖော်နိုင်သေး။ ဟိုမေဘေးအားလုံး မသာပေါ်ကာမှ ကျွန်ုပ်၏ ခေါက်ကားတီထွင်ရေးစီမံကိန်းကို အကောင် အထည်ဖော်ပါမည်။ မည်သို့မည်ပုံ ခေါက်ကားလုပ်ရမည်ကို ကျွန်ုပ်စိတ်ကူးပြီး ဖြစ်ပါသည်။ အလိုရှိသူများ Pre-order မှာ နိုင်ပါပြီ။ Early bird special.  ဤကား စကားချပ်) 

 

(၂) စလုံး အမြန်ရထား

 

စလုံးတွင် အမြန်ရထားကို MRT (Mass Rapid Transit) ဟု အနွတ္ထသညာ ပေးထား၏။ နာမည်အတိုင်းပင် အနှီရထား သည် လူအများကြီးကို အချိန်တိုအတွင်း လိုရာခရီးရောက်အောင် ပို့ဆောင်ပေး၏။ ဘာထလပ်ဖစ်ဂျန့်၊ ဘာမီးပွိုင့်မှ မရှိသော ရထားကို ကျွန်ုပ် အလွန်သဘောကျ၏။ ရထားသာ မပျက်ခဲ့ဘူးဆိုပါက ရထားနှင့် ခရီးသွားရန်ကြာချိန်ကို အနီးစပ်ဆုံးမိနစ်ထိ တွက်ဆလို့ရ၏။ 

 

အစိမ်းရောင်လိုင်းက ရထားများမှာ တစ်ဘူတာလျှင် ရပ်ချိန်၊ သွားချိန်အားလုံး စုစုပေါင်း ၂ မိနစ်ခန့်ကြာ၏။ ထို့ကြောင့် ၁၀ ဘူတာဆို မိနစ် ၂၀ ဟု တွက်နိုင်၏။ အနီရောင်လိုင်းက ရထားဘူတာ များမှာမူ နည်းနည်း ပိုကျဲ၏။ တချို့ဘူတာ တွေဆို ၄ မိနစ်၊ ၅ မိနစ်လောက် သွားရ၏။ နောက်ပြီး ဘယ်ဘူတာသွားရင် ဘယ်လောက်ကြာမယ် ဆိုတာကိုလည်း ဘူတာများ၌ ဖတ်ကြည့်နိုင်၏။

 

စင်ကာပူ အများပြည်သူ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများအနက် တစ်ခုဖြစ်သော ရထားလိုင်း (MRT) ကို ၁၉၈၇ ခုနှစ်၌ တောင်မြောက်လိုင်း (NSL – North-South Line) ဖြင့် စခဲ့၏။ စဦးပိုင်းတွင် ယိုချူးကန်မှ တိုပါးရိုးထိ ၅ ဘူတာ မျှသာ ပြေးဆွဲနိုင်ခဲ့၏။

 

ထို့နောက် ရထားလမ်းပိုင်းများကို တဖြည်းဖြည်း တိုးချဲ့လာခဲ့ရာ ယခုအခါ စင်ကာပူတလွှားတွင် ရထားလမ်းအရှည် ၂၃၁ ကီလိုမီတာ၊ ဘူတာပေါင်း ၁၄၀ ကျော်ဖြင့် တစ်နေ့လျှင် ခရီးသည် ၃ သန်းခွဲလောက်ကို သယ်ယူပို့ဆောင်ပေးလျက် ရှိ၏။ ထိုရထားလမ်းများကို တိုးချဲ့ဖောက်လုပ်သွားမည်ဖြစ်ရာ ၂၀၄၀ ခုနှစ်ရောက်လျှင် အရှည် ကီလိုမီတာ ၄၅၀ ထိ ဖြစ်လာ မည်။  

 

ပျမ်းမျှခြင်းအားဖြင့် ရထားလိုင်း ပြေးဆွဲချိန်များမှာ မနက် ၅ နာရီခွဲလောက်ကနေ ည သန်းခေါင်ထိ ဖြစ်၏။ ပထမဆုံးရထားနှင့် နောက်ဆုံးရထားချိန်များကို ဘူတာများ၌ ဖော်ပြထားပါ၏။  

 

ယနေ့ စင်ကာပူ ရထားလိုင်းများမှာ အောက်ပါအတိုင်းဖြစ်၏။

 

အနီလိုင်း - NSL – North – South Line - ၂၈ ဘူတာ (၄၅ ကီလိုမီတာ)

အစိမ်းလိုင်း - EWL – East – West Line - ၃၃ ဘူတာ (၅၇.၂ ကီလိုမီတာ)

ခရမ်းလိုင်း - NEL – North East Line - ၁၇ ဘူတာ (၁၉.၂ ကီလိုမီတာ)

လိမ္မော်လိုင်း - CCL – Circle Line - ၂၉ ဘူတာ (၃၅.၅ ကီလိုမီတာ)

အပြာလိုင်း - DTL – Downtown Line - ၃၅ ဘူတာ (၄၁.၉ ကီလိုမီတာ)

နီညိုလိုင်း - TEL – Thomson – East Coast Line - ၂၂ ဘူတာ (၃၀.၄ ကီလိုမီတာ)




 

ရထားလမ်းများကို တိုးချဲ့ ဖောက်လုပ်လျက်ရှိရာ ကျွန်ုပ်တို့ အိမ်နားရှိ ဘွန်လေးဘူတာကို အင်တာချိန်းလုပ်လျက် Jurong Region Line (JRL) ဖောက်လုပ်နေပြီး ၂၀၂၇ တွင် စတင်ပြေးဆွဲမည်ဖြစ်၏။ ထိုလိုင်းတွင် ၂၄ ဘူတာ ပါမည်။ ကျွန်ုပ်တို့ Jurong Point နားတွင်ပိုစည်ကားလာမည်။ ကျွန်ုပ်တို့အိမ်ဈေးများ တက်လာမည်။ တူနယ်တဲ့နယ်

 

ဟိုနားဒီနား အိမ်အကြိုအကြားများ ပြေးဆွဲပေးသည့် LRT (Light Rapid Transit) လမ်းငယ်လေးများလည်း ရှိရာ စုစုပေါင်း ၃ လိုင်းရှိ၏။

 

BP LRT – Bukit Panjang LRT - ၁၃ ဘူတာ ( ကီလိုမီတာ)

SK LRT – Sengkang LRT - ၁၃ ဘူတာ ( ကီလိုမီတာ)

PG LRT – Punggol LRT - ၁၄ ဘူတာ ( ကီလိုမီတာ)

 

ကျွန်ုပ်တို့ရောက်ခါစက ကား၊ ရထားခ၊​ တိုင်စီခများမှာ အလွန်သက်သာပါသည်။ တစ်ဘူတာ/တစ်မှတ်တိုင်ကို ၆၅ ပြား။ တိုင်စီပေါ်တက် ၂ ကျပ် ၄၀။ ဆိုတော့ ဟိုနားဒီနားကို သူငယ်ချင်း ၄ ယောက်လောက် သွားတော့မည်ဆိုလျှင် တိုင်စီ ငှားစီးတာနှင့် ဘတ်စ်ကားစီတာ အတူတူပင် ဖြစ်၏။ သို့သော် ဤသည်တို့မှာ ပုံပြင်ကလေးများ ဖြစ်သွားပါပြီ။

 

အခုတော့ ရထား တစ်ဘူတာစီး ၉၉ ပြား၊ အောင်မငီး။

သို့သော်လည်း ပေါ့လေ။ 

တစ်ဘူတာကို ၁ ကျပ် ဆိုတော့ ဘူတာ ၂၀ စီးရင် ဒေါ်လှ ၂၀ လား ဟု မျက်ဆန်မပြဲပါနှင့်။

ဟို့ စင်ကာပူ အနောက်ဘက်အစွန်ဆုံး Tuas Link ဘူတာမှသည် ဟို့ စင်ကာပူ အရှေ့ဘက် အစွန်ဆုံး ချန်ဂီလေဆိပ် ဘူတာထိ ၃၃ ဘူတာ၊ ၄၇.၇ ကီလိုမီတာကို S$2.26 ပဲ ပေးရပါသည်ခညာ။

 

နောက်ပြီးတော့ ဒီရထားကနေ ဟိုရထားပြောင်းစီး၊ ကားကနေ ရထားပြောင်းစီး၊ ရထားကနေ ကားပြောင်းစီးလျှင် ပြား ၄၀ ဒစ်စ်ကောင့် ပေးသေး၏။ 

 

နောက်ပြီး ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းသားများအတွက် အထူးလျှော့ဈေးပေးရာ ထိုကတ်များကို concession pass ဟု ခေါ်၏။ ရိုးရိုးကတ်နှင့် လျှော့ဈေးကတ် ဘာကွာသလဲဆိုလျှင် ဘတ်စကားတွင် ကတ်ကိုစက်၌ ပြ လိုက်ပါက ရိုးရိုးကတ်က တီ ဟု တစ်ချက်သာမည်၏။ လျှော့ဈေးကတ်က တီတီ ဟု နှစ်ချက်မည်၏။  မူလတန်း/ အထက်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသား၊ အချိန်ပြည့်စစ်သားများ လစဉ်ကြေးနှင့် လျှော့ဈေးကတ် ဝယ်လို့ရ၏။

 

(၃) စလုံးဘတ်စ်ကား

 

စင်ကာပူတွင် ပြည်သူအများ သွားလာရေး အဆင်ပြေစေရန် စီစဉ်ထားသည်များအနက် ဘတ်စ်ကားလိုင်းများ၏ အခန်း ကဏ္ဍသည်လည်း အလွန်အရေးပါလှ၏။

 

လူတို့သည် နေ့တိုင်း အလုပ်သွားကြရ၏။ အလုပ်နှင့်အိမ် ကပ်လျက်မရှိသူ များ၏။ များသောအားဖြင့် ကား၊ ရထားစီးကာ သွားကြရ၏။ ကံကောင်းသူ ကျွန်ုပ်မှာကား အလုပ်ကို ၁၀ မိနစ်မျှ (အဲလေ) ၈ မိနစ်မျှ စက်ဘီးစီးလျှင် ရောက်၏။ ကျွန်ုပ်စာသင်နေသည့် သင်တန်းကျောင်းများမှာ အိမ်နှင့် မလှမ်းမကမ်းတွင် ရှိ၍ စက်ဘီးစီးသွားလို့ ရ၏။ (ကား၊ ရထား ခလည်း မကုန်တော့ဘူးပေါ့၊ အဟိစ်)

 

ပိုင်အိုးနီးယား - ၅ မိနစ်

စွန်းလီ - ၈ မိနစ်

ဝမ်းလီ - ၅ မိနစ်

နေသယ်လမ်း - ၇ မိနစ်

ဂျူကွန်း - မိနစ် ၂၀

 

မနက် ၇ နာရီခွဲ မှ ၈ နာရီခွဲအကြား အလုပ်သွားချိန်၊ ညနေ ၅ နာရီခွဲ မှ ၆ နာရီခွဲအကြား အလုပ်ပြန်ချိန်များတွင် ကားဂိတ် နှင့် ရထားဘူတာများတွင် လူများ ကြပ်သိပ်လျက်ရှိနေတတ်၏။

 

ဘတ်စ်ကားစီး ခရီးသည်များမှာ တစ်နေ့လျှင် ၃.၆ သန်းထိ ရှိ၏။ 

ဘတ်စ်ကားလိုင်းပေါင်း ၃၅၂ လိုင်းထိရှိပြီး ဘတ်စ်ကားမှတ်တိုင်ပေါင်း ၄၆၈၄ ခု ရှိ၏။

စင်ကာပူက ဘတ်စ်ကားများကို SBS Transit, SMRT Buses, Tower Transit Singapore, Go-Ahead Singapore ဟု မထသ (ဟုတ်ပေါင်) ကုမ္ပဏီကြီး လေးခုက ဘတ်စ်ကားစီးရေ ၅၈၀၀ ခန့်ဖြင့် ပြေးဆွဲလျက်ရှိ၏။

ကိုရေချမ်းကတော့ စင်ကာပူမှာ ဘတ်စ်ကားမရောက်တဲ့နေရာ ဘယ်နေရာရှိသလဲဗျာ၊ ဟဲဟဲဟဲဟဲ ဟု ဆို၏။

 

ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းရန် ၂၀၂၀ ခုနှစ်မှစကာ လျှပ်စစ်ဘတ်စ်ကားများကိုပါ အသုံးပြု ပြေးဆွဲလျက် ရှိ၏။

နို့ပြီးတော့ ၂၀၂၀ ဒီဇင်ဘာလ ၁ ရက်နေ့မှစကာ စင်ကာပူ ဘတ်စ်ကားအားလုံး၌ Wheel chair သမားများပါ လိုက်ပါ စီးနင်းနိုင်လေသည်။ 

 

ဘတ်စ်ကားလိုင်းများကိုလည်း စီးသူများ အဆင်ပြေစေရန် မြို့တွင်းတိုက်ရိုက်၊ မြို့တစ်မြို့မှတစ်မြို့အကြား၊ အမြန်၊ ဒေသတွင်း စသဖြင့် ထပ်မံခွဲထားသေး၏။ ဆိုလိုသည်မှာ ခရီးဝေးပြေးဆွဲပေးသည့် နံပတ် 43e, 174e ကဲ့သို့ အမြန် ဘတ်စ်ကားများမှာ အဝေးပြေးလမ်းမကြီးများမှ ပြေးဆွဲ၏။ မှတ်တိုင်ကျဲ၏။ ထို့ကြောင့် လိုရာခရီးကို မြန်မြန် ရောက်၏။ ဒေသတွင်းပြေးဆွဲသည့် ဘတ်စ်ကားများက ဤအနီးတဝိုက်တွင်သာ လှည့်ပတ်ပြေးဆွဲပေးသဖြင့် မိမိတို့ မြို့အတွင်း ဈေးများ ကျောင်းများသွားလိုလျှင် အလွယ်တကူ သွားနိုင်၏။  

 

(၄) ကျွန်ုပ် ဘတ်စ်ကား/ရထားစီးရခြင်းအကြောင်း

 

ကျွန်ုပ်မူကား ဘတ်စ်ကား/ရထားစီးရတာကို အလွန် သဘောကျလေ၏။

 

အကြောင်းမူကား -

 

(၁) ကားမောင်းပြီးခရီးသွားရတာနှင့်စာလျင် ဘတ်စ်ကားခ၊ ရထားခမှာ အလွန်အင်မတန် ဈေးသက်သာ၏။

(၂) ကားမောင်းသည့်အခါ ဘေးဘီဝဲယာ အလွန်ဂရုစိုက်မောင်းရ၏။ ဘတ်စ်ကား/ရထားစီးသွားလျှင် စာဖတ်နိုင်၏။ ဖေ့စ်ဘုတ်ပွတ်ကာ ပေါက်တတ်ကရ ကွန်မင့်များ ပေးနိုင်၏။ ကောင်မလေး ချောချောလေးများတွေ့လျင် အသည်းပုံ လေး ပေးနိုင်၏။ ဘေးဘီဝဲယာ ကြည့်နိုင်၏။ မျက်စိညောင်းလာလျင် အိပ်လိုက်နိုင်သေး၏။

(၃) ကားပျက်လျင် ပြင်ရသည့် ဒွတ်ခ၊ ကားကို ပြုပြင်ထိန်းသိမ်းရသည့် ဒွတ်ခ၊ ကားပါကင်ကြေး ပေးရသည့် ဒွတ်ခ စသည်တို့မှ ကင်းဝေး၏။

 

(ခညားတို့ပေးလိုက်ရတဲ့ ERP ကြေးတွေသာ စုလိုက်ရင် ကျော့်အနေနဲ့ တစ်လကို စက်ဘီးအသစ်တစ်စီး ဝယ်စီးလို့ ရသဗျ။)

 

(ရန်ကုန်ကလူတွေဆို ကားကို အောက်မှာရပ်ထားရင်း မီးခွက်ဖြုတ်ခိုးခံရသည့် ဒွတ်ခပါ ပါသေး။)(အဲလေ မီးပွိုင့်မိလို့ ရပ်နေတုံး နောက်က ဝင်ကြုံးခံရတာကတော့ အဆစ်ပေါ့လေ။ အဟက်စ်)

 

ကားခ/ရထားခကို EZ Link ကတ်နှင့် ပေးနိုင်၏။ EZ link ကတ်ကို ဘူတာ၌ ဝယ်လို့ရ၏။ EZ link ကတ်ထဲ ပိုက်ဆံနည်း ပြီ၊ ထပ်ထည့်ချင်သည်ဆိုလျှင် ဘူတာရှိစက်၌ ထည့်လို့ရ၏။ ပိုက်ဆံအကြွေနှင့် ထည့်လို့ရသလို ဘဏ်ကတ်နှင့်လည်း ထည့်နိုင်၏။ အသင့်မှာ YouTrip ကတ်ရှိပါက ထိုကတ်နှင့်လည်း ပေးနိုင်သေး၏။

 

လိုပါဘူးဗျာ။

အခု နည်းပေါင်းစုံနှင့် ပေးလို့ရ၏။ ကိုယ့်ဘဏ်ကတ်က credit card/ debit card ဖြစ်လျှင် ဘဏ်ကတ်နှင့် ပေးနိုင်၏။ နောက်ပြီး စင်ကာပူမှာ အင်တာနက်က လိုင်းလည်းကောင်း၊ ဈေးကလည်းသက်သာတော့ မိုဘိုင်းဒေတာကို အချိန်ပြည့် ချိတ်ထားနိုင်၏။ သို့အတွက် digital banking ဖြင့်လည်း ပေးနိုင်၏။ ဆိုလိုသည်မှာ ကိုယ့်ဖုန်းထဲတွင် digital banking ဖွင့်ထားပြီး ဖုန်းလေးနှင့် တီ ဆိုပြီး scan လုပ်ပေးနိုင်၏။ နာရီမှာ digital banking ရှိလျှင် နာရီလေးကို ကပ်လိုက်ရုံ ဖြစ်၏။ 

 

ဘတ်စ်ကားပေါ်တွင် ဖန်သားပြင်ပေါ်၌ ယခုဆိုက်မည့် မှတ်တိုင်နှင့် နောက်ရပ်မည့် လေးမှတ်တိုင်, စုစုပေါင်း ၅ မှတ်တိုင် နာမည်များကို ဖော်ပြထားလေရာ ကိုယ်ဆင်းမည့် မှတ်တိုင်ကို ကြည့်နိုင်၏။ 

 

လိုပါဘူးဗျာ။

အိပ်ချင်လျှင် အိပ်နေပါ။ ဘယ်မှတ်တိုင်ရောက်ပြီ။ နောက်မှတ်တိုင်က ဘာ ဆိုတာကို စပီကာဖြင့် ကြေငြာပေးနေပါ၏။ ကြေငြာသံနားထောင်ပြီး ဘူတာရောက်မှ အသာလေး ဆင်းသွားလိုက်ရုံ ဖြစ်၏။ (ကျွန်ုပ်မူ ဤကဲ့သို့ အသာလေး ဆင်းသွားလိုက်သဖြင့် ကားပေါ်၌ ထီးမေ့ကျန်ခဲ့ပေါင်း များလှပါပြီ။ ဟိုတစ်ပတ်ကတော့ ခေါင်းအုံးဝယ်လာပြီး ရထားပေါ် မေ့ထားခဲ့၏။ ယခွမ်း)

 

ဘတ်စ်ကားမှတ်တိုင်များ၌လည်း မည်သည့်ဘတ်စ်ကားဆိုက်ရန် ဘယ်နှစ်မိနစ်လိုသေးသည်ကို ဖော်ပြထားလေသေး၏။ ယခုချိန်ထိ ဘတ်စ်ကားမှတ်တိုင် ၃၀၀ ကျော်တွင် ဖော်ပြပြီးဖြစ်ရာ ကျန်မှတ်တိုင်များတွင်ပါ ဆက်လက်တိုးချဲ့ ဖော်ပြပေး သွားမည် ဖြစ်၏။ 






Wifi as well.

Yes, ဘူကစ်မယ်ရာဒေသရှိ ဘတ်စ်ကားလိုင်း ၁၄ လိုင်း၊ ဘတ်စ်ကားစီးရေ ၃၀၀ ကျော်ပေါ်တွင် ဝိုင်ဖိုင်ရ၏။ ထို့ပြင် ဘူတာအားလုံး၊ အင်တာချိန်းအားလုံးတွင်လည်း ဖရီးဝိုင်ဖိုင်ရ၏။

 

တခါတလေ အကြောင်းကြောင်းကြောင့် ရထားပျက်တတ်၏။ 

ထိုအခါ လုပ်ပေးထားပုံကလေးလည်း ကြည့်လိုက်ပါအုံး။

ရထားပျက်ပြီဆိုသည်နှင့် ဘယ်နေရာမှာ ရထားပျက်နေသည်၊ ဘယ်လိုင်းကနေ ဘယ်လိုသွားလျင် အဆင်ပြေမည် စသည်ဖြင့် (မြန်မာပြည်တွင် သဘာဝဘေးအန္တရာယ်ကြုံလာတိုင်း သတင်းပလင်းများကို ကြေငြာမပေး၊ ဖုံးထားသကဲ့သို့) ဘူတာတိုင်းတွင် ကြေငြာပေးထား၏။

နောက်ပြီး ရထားပျက်တာကို လိုင်းတခုလုံး ပိတ်ထားတာမဟုတ်ဘဲ ပျက်သည့် ဘူတာလောက်သာ ကွက် ပိတ်ထားခြင်း ဖြစ်ပြီး သည်ဘက်ဘူတာနှင့် ဟိုဘက်ဘူတာကို free shuttle ဘတ်စ်ကားများဖြင့် ပြေးဆွဲပေး၏။ ထိုဘတ်စ်ကားစီးခြင်း အတွက် ပိုက်ပိုက်မပေးရ။ Wow

 

ကျွန်ုပ် သည်လိုရေးပြလိုက်တော့ အသင်တို့တောင် ရှိသည့်ကားရောင်းပစ်ပြီး ဘတ်စ်ကား/ရထားစီးချင်စိတ် ပေါက်လာ လိမ့်မည်။

 

သို့သော် ဤသည်မှာ စင်ကာပူတွင်ဖြစ်ပြီး မြန်မာပြည်မှ ဘတ်စ်ကား/ရထားများမူ အဘယ်ကဲ့သို့ ရှိသည် မသိရ။

ကျွန်ုပ်တို့ရွှေပြည်ကြီး၏ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်မှာမူ အတော်ကြီး ချာတူးလန်သေးသည်ဟု ဆိုရမည်။ ပြည်သူအများ အဆင်ပြေပြေ၊ သက်တောင့်သက်သာ ခရီးသွားနိုင်စေရန် ထည့်စဉ်းစားဖော်မရ။ စဉ်းစားရလောက်အောင် လည်း ဉာဏ်မမီဟု ထင်ပါသည်။

 

အများပြည်သူ သွားလာရေး အဆင်ပြေစေရန် ဟိုခွားသဒေါင်းဇေးများ အကုန် မျိုးပြုတ်ကုန်မှ ဖြစ်မည်။

ထို့ကြောင့် ထိုနှမလွှားများ အမြန် မသာပေါ်ရေးကို အထူး အားစိုက်ကြပါကုန်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၀ အောက်တိုဘာ၊ ၂၀၂၃

No comments: