Monday, July 31, 2023

Safety အရေးကြီးသည် ဆိုခြင်း အကြောင်း

Safety သည် အမှန်တကယ်ပင် ကျွန်ုပ်တို့ဘဝအတွက် အရေးကြီးလှ၏။

(အစိုးရဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးက Safety ကို လုံခြုံရေးဟု ဘာသာပြန်ခြင်းကိုမူ ကျွန်ုပ် အလွန် နားခါးလှ၊ သောက်မြင်ကပ်လှ၊ မုန်းလှကြောင်း ဤနေရာကနေ ကြေငြာပါရစေခင်ဗျား။)

 

No job is so important that it can’t be done safely. ဟူသော စကားသည်ရှိ၏။

 

မြန်မာလို -

 

“အန္တရာယ်ကင်းအောင် မလုပ်နိုင်သရွေ့ကာလပတ်လုံး ဘယ်အလုပ်ကမှ သေလောင်းပျောက်ဝ အရေးကြီးတယ်ဆိုတာ မရှိ။” 

 

- ဟု ဖြစ်၏။ 

 

(၁) လုပ်ငန်းခွင်၌ သေခြင်းသည် ကိုယ်လော်မာခြင်းကြောင့် ဖြစ်၏။

 

စင်ကာပူ၌ ၂၀၂၃ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့က ဘဒုတ်ကွန်ဒို ၄ လွှာမှနေ၍ အသက် (၃၇) နှစ်ရှိ မြန်မာအလုပ်သမား တစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ခဲ့၏။ 

 

https://www.channelnewsasia.com/singapore/workplace-death-fatality-myanmar-worker-dies-fall-four-storeys-bedok-condominium-painting-3206166

 

၎င်းက ဂွန်ဒိုလာကို အသုံးပြုလျက် ဆေးသုတ်နေခဲ့ရာ မမီသည့်နေရာကို ဆေးသုတ်ရန် ဂွန်ဒိုလာမှ အဆောက်အဦပေါ် သို့ တက်။​ နံရံနိမ့် (parapet wall) ကို ကျော်ခွလျက် ၃ ထပ်မှ ၄ ထပ်သို့တက်။ ၄ ထပ်ရှိ အကာအရံမရှိသော ကြမ်းခင်း အစွန်းမှနေ၍ ပြုတ်ကျသေဆုံးခြင်း ဖြစ်၏။ (WSC Council ကပုံကို ပူးတွဲဖော်ပြထားပါသည်။)



ဂွန်ဒိုလာကို အသုံးပြုလျှင် - 

(၁) ဂွန်ဒိုလာထဲမှာပဲ နေရမည်။ 

(၂) ကိုယ်သိုင်းကြိုးကို အသက်ကယ်ကြိုးတွင် အမြဲချိတ်ထားရမည်။ 

 

သေဆုံးသူသည် - 

(၁) ဂွန်ဒိုလာထဲမှ မထွက်ရဆိုသည့် စည်းကမ်းကို ချိုးဖောက်သည်။ 

(၂) ကိုယ်သိုင်းကြိုးကို အသက်ကယ်ကြိုးတွင် အမြဲချိတ်ထားရမည် ဟူသည့် စည်းကမ်းကို ချိုးဖောက်သည်။

 

စည်းကမ်းကိုချိုးဖောက်တော့ ဘာဖြစ်သတုံး။

သေသပေါ့။

 

မတော်တဆမှု အများစုမှာ အခြားသူကြောင့်ဖြစ်တာမဟုတ်။ မိမိကြောင့် ဖြစ်တာဖြစ်၏။ ကိုယ်လော်မာလို့ ကိုယ်သေသည်။ ဘယ်သူမှ​ တွန်းချတာမဟုတ်။ သူ့ကို အပြင်ထွက်လုပ်ပါလို့ ဘယ်သူကမှ ခိုင်းတာမဟုတ်။ သူအပြင်ထွက်လုပ်လို့ အလုပ်ပိုပြီးသွားတော့လည်း သူဌေးက သူ့ကို တစ်လစာ အပိုဆောင်းပေးမှာ မဟုတ်။ သူ ဂွန်ဒိုလာ အပြင်ထွက်လုပ်လို့ အလုပ်ပြီးသွားလျှင်လည်း ဘယ်သူကမှ ချီးမွမ်းထောပနာ ပြုနေမှာမဟုတ်။

 

အကယ်၍ ဆေးသုတ်ဘို့ လက်လှမ်းမမီလျှင် ကြီးကြပ်သူကို ပြောရမည်။ သူတို့စီစဉ်ပေးလိမ့်မည်။ ကိုယ့်အထင်နှင့်ကိုယ် ရမ်းမတုတ်ပါနှင့်။ သေတတ်သည်။

 

(၂) လေထုအန္တရာယ်

 

ယခု ၂၀၂၃ ခုနှစ် ဧပြီလက ယုဇနဥယျာဉ်မြို့တော်၌ အိပ်နေစဉ် လူသုံးဦး သေဆုံးခဲ့၏။ ဤသည်မှာ တစ်မိသားစုလုံး လည်း ဖြစ်နိုင်၏။ ဤဖြစ်ရပ်ကို အသေးအဖွဲကိစ္စတစ်ရပ်ဟု မထင်ပါနှင့်။ တစ်အိမ်သားလုံး သေတာဖြစ်၏။ 



ဖြစ်ပုံမှာ ပူသဖြင့် လေအေးပေးစက်ဖွင့် အိပ်၏။ မီးမလာတော့ လေအေးစက်ကို မီးစက်မောင်းပြီး ဖွင့်၏။ အခင်းဖြစ်ပွားရာသို့ ကိုယ်တိုင်ကိုယ်ကျ သွားမကြည့်နိုင်သဖြင့် သေဆုံးရခြင်းအကြောင်းကို အတိအကျ မပြောနိုင်သော် လည်း ကာဘွန်မိုနောက်ဆိုဒ် အဆိပ်သင့် သေဆုံးခြင်းဖြစ်ဖို့ များပါသည်။ သတင်းထဲ၌ “တိုက်ခန်းအတွင်း မီးစက်နှိုး၍” ဟု ရေးထားရာ အကယ်၍သာ မီးစက်ကို တိုက်ခန်းအတွင်း နှိုးထားပြီး အိပ်တာဆိုလျှင် ကာဘွန်မိုနောက်ဆိုဒ်ကြောင့် သေကြတာ သေချာပါသည်။ 

 

ကာဘွန်မိုနောက်ဆိုဒ်သည် မပြည့်ဝသော လောင်ကျွမ်းခြင်း (inplete combustion) ကြောင့် ဖြစ်၏။ အရာဝတ္ထုများကို မီးလောင်သည့်အခါ အရာတိုင်းကို အပြည့်အဝ လောင်ကျွမ်းသွားခြင်း (complete combustion) မဟုတ်။ အချို့အရာ များကို တစိတ်တပိုင်းသာ လောင်၏။ အပြည့်အဝလောင်လျှင် ထွက်လာသည့် မီးခိုးမှာ ကာဘွန်ဒိုင်အောက်ဆိုဒ် (CO2) ဖြစ်၏။ တစိတ်တပိုင်းလောင်လျှင် ထွက်လာသည့် မီးခိုးမှာ ကာဘွန်မိုနောက်ဆိုဒ် (CO) ဖြစ်၏။

 

မည်သည့်မီးလောင်ခြင်းမှ အပြည့်အဝလောင်ကျွမ်းခြင်း မဟုတ်။ မီးလောင်သည့်အခါတိုင်း၌ တစိတ်တပိုင်း လောင်ကျွမ်းမှု ရောပါနေမြဲဖြစ်၏။ ထို့ကြောင့် မီးခိုးတိုင်း၌ ကာဘွန်မိုနောက်ဆိုဒ်ပါသည်ဟု မှတ်ယူထားကြရမည်။ ထို့ကြောင့် ထင်းမီး၊ ထမင်းချက်သည့်မီး၊ အမှိုက်ရှို့သည့်မီး၊ ကား၊ ရထား၊ ဆိုင်ကယ်၊ မီးစက်စသည့် အင်ဂျင်များ စသည့် မီးခိုးထွက်သည့် နေရာတိုင်း၌ ကာဘွန်မိုနောက်ဆိုဒ် ရှိနေနိုင်၏။

 

ဆိုးသည်မှာ ကာဘွန်မိုနောက်ဆိုဒ်သည် အရောင်မရှိ၊ အနံ့အရသာ မရှိ။ ထို့ကြောင့် ဓာတ်ငွေ့တိုင်းသည့်မီတာ မရှိဘဲ ကာဘွန်မိုနောက်ဆိုဒ်ရှိနေကြောင်း မသိနိုင်။ 

 

လွန်ခဲ့သည့် ၂၀၁၅ ကလည်း တာမွေမြို့နယ် ၁၅၇ လမ်းတွင် လေအေးစက်တပ်ထားသည့် အိမ်ခန်းအတွင်း၌ အိပ်ပျော်နေ စဉ် မိသားစုဝင် ၄ ဦး သေဆုံးခဲ့၏။ 

 

၂၀၁၂ ခုနှစ်က မိတ္ထီလာမြို့နယ်၊ အုံတုံကျေးရွာတွင် အိမ်သာကျင်းဆင်းဆယ်ရာမှ လူ (၅) ဦး တပြိုင်နက် သေခဲ့၏။ ထိုနှစ် နိုဝင်ဘာလက မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကမ္မကျေးရွာတွင် အိမ်သာကျင်းအတွင်း လူ (၃) ဦး သေခဲ့၏။

 

လေထုအန္တရာယ်တွင် နှစ်မျိုးရှိ၏။

တစ်မျိုးမှာ အောက်ဆီဂျင်ပြတ်ခြင်း ဖြစ်ပြီး နောက်တစ်မျိုးမှာ အဆိပ်ငွေ့များ ရှိနေခြင်း ဖြစ်၏။ 

အောက်ဆီဂျင် အလုံအလောက်မရလျှင်လည်း သေတတ်သည်။

အဆိပ်ငွေ့များကို ရှူမိလျှင်လည်း သေတတ်သည်။

လေထဲ၌ အောက်ဆီဂျင်မည်မျှရှိသည်ကို နှာခေါင်းဖြင့် ရှူရုံမျှနှင့် မသိနိုင်သကဲ့သို့ လေထဲတွင် မည်သည့် အဆိပ်ငွေ့များ ရှိနေသည်ကိုလည်း နှာခေါင်းဖြင့် ရှူကြည့်ရုံမျှဖြင့် မသိနိုင်။ မီတာဖြင့် တိုင်းတာကြည့်မှသာ သိနိုင်၏။

အကယ်၍ ဘာမီတာမှ မရှိဆိုလျှင် အကောင်းဆုံးနည်းလမ်းမှာ လေမှုတ်သွင်းပေးခြင်းဖြစ်၏။ 

လေမှုတ်သွင်းလျှင် လေကောင်းလေသန့်ရ၏။ လေကောင်းလေသန့်ဆိုသည်မှာ အောက်ဆီဂျင်ဖြစ်၏။ လေမှုတ်သွင်း ပေးလိုက်ခြင်းအားဖြင့် မကောင်းသည့် အဆိပ်ငွေ့များကိုပါ မှုတ်ထုတ်ပစ်လိုက်နိုင်၏။

 

 (၃) မသိတာ အခက်ဆုံး

 

များမကြာသေးမီက လားရှိုးတွင် 33kV ဓာတ်အားလိုင်းမှ ဓာတ်ကြိုးကို တက်ဖြတ်ရာ ဓာတ်လိုက်သေကြောင်း ဖတ်ရ၏။ ဤသည်မှာ မရှိတာထက် မသိတာခက်ခြင်းတည်း။ ဗို့အား သုံးသောင်းကျော်ရှိသည့် ဓာတ်ကြိုးကို ကိုင်ဘို့ မဆိုထားဘိ။ အနီးသို့သွားလျင်ပင် ဓာတ်လိုက်သေတတ်သည် ဆိုတာ သိထားပါက ထိုလူသည် ဤမျှအမိုက်ခံကာ ဓာတ်ကြိုးကို တက် ဖြတ်ပါမည်လော။



နောက်ပြီး ရွှေပြည်သာမှာ ဓာတ်တိုင်ပေါ် သတိလစ်နေသည့် EPC ဝန်ထမ်းကို ဝါးလုံးနှင့် ထိုးချရသည် ဆို၏။ ဓာတ်တိုင်ပေါ် ဓာတ်လိုက်သေသည့် မသာများမှာ မနည်းလှ။ သို့တိုင် မည်သူမှလည်း အရေးမစိုက်ကြ။ ဓာတ်လိုက်လျှင် သေတတ်သည်ကို ၎င်းတို့သိ၏။ သို့တိုင် လူကြီးဆိုသူများကလည်း ဓာတ်လိုက်မသေအောင်လုပ်ဖို့ ဂရုစိုက်ဖော်မရ။ အင်ဂျင်၂၀၀ များကလည်း ငါ့အလုပ်မဟုတ်ပါဘူးကွာ ဟု သဘောထားသလား မပြောတတ်။ ဓာတ်တိုင်ပေါ်တက်သူများ ကလည်း အိုကွာ၊ ငါ ဒါမျိုးတက်လုပ်လာတာ အံခွနေပြီ။ ဘာဆန်းသတုံး ဆိုကာ တက်လုပ်သည် ထင်ပါ၏။





လူသေသည့်တိုင် မြန်မာပြည်၌ကား သိပ် အဆန်းတကြယ် လုပ်မနေပါ။

‘ဝေါင်မယ်လေး ကိုဟိုဒင်းရဲ့ - အသေစောလို့ နှမြောလှချည်ရဲ့’ ဟု ဝတ်ကြေတန်းကြေ ခုနစ်အိမ်ကြား အော်ငိုပြလိုက်၊ နောက်ပြီး ဘုန်းကြီးပင့်၊ အမျှ အမျှ အမျှ လုပ်လိုက်လျှင် ကိစ္စပြီးပြီ။

 

နောက်ပြီး ဖွဘုတ်မှာ မိတ်ဆွေတို့ တွေ့လိုက်ပါလိမ့်မည်။

ပင်းတယမြို့နယ်၊ ပွေးလှမြို့၊ ရေဂနိုင်ကျောင်း ထီးတင်ပွဲ ဟူ၏။ ဘုန်းကြီးမှာ ပန်းရထားပေါ်ကနေ ဂျွမ်းထိုးမှောက်ခုံ ဈာန်ပျံပြသည့် ဗီဒီယိုကို တွေ့ရတော့ ကျွန်ုပ်မှာ ဆရာဇော်ဂျီ၏ “သူလည်းလေ လောကီသားပေမို့၊ ကြွားချင်လှ ပေလိမ့်မယ်” ဟူသည့် ကဗျာကို ပြေး သတိရမိသော ဟူသတတ်။

https://www.youtube.com/watch?v=bS7E0xfB24I




ထို့ပြင်လည်း နောက်ဘုန်းကြီးတစ်ပါးက မင်းလောက်တော့ ငါလည်း အပျော့ပေါ့လကွ ဟု အားကျမခံ မြေတူးစက် မြေတူးခွက်ပေါ် တက်လျက် လူအများကို ပိုက်ဆံများ ကြဲပြလိုက်၏။ စူ့ထွက်စူ လူဇွမ်းဂေါင်း ကြီးများပါပေတကား။



EPC က လူများမှာ အလွန် အမြော်အမြင်ကြီးလှပေ၏။ အကယ်၍ EPC ကနေ အလုပ်ပြုတ်သွားလျှင် စားဝတ်နေရေး အတွက် ပူပန်စရာမလို။ ဆပ်ကပ်ပြစားလို့ရအောင် အလုပ်လုပ်ရင်းလေ့ကျင့်၊ ဆပ်ကပ်လေ့ကျင့်ရင်း အလုပ်လုပ်ကြ လေ၏။






သို့သော် ကျွန်ုပ်က အဝေးကနေ ဓာတ်ပုံကြည့်ပြောရတာ ဖြစ်သဖြင့် သိလျက်နှင့် လုပ်တာလား။ မသိလို့ လုပ်တာလား ဆိုတာကို ကံသေကံမ မပြောနိုင်။ သူတို့ကိုယ်တိုင်မှ သိပေလိမ့်မည်။ 

 

(၄) အသက်ကို ပြန်ဝယ်ချင်လို့မရ

 

ဤဒွန္နယာကြီးတွင် အသင်တို့သည် အခြားအရာများကိုသာ ဝယ်ချင်ဝယ်လို့ ရပေမည်။ အသက်ကိုတော့ အမေရိကန် ဒေါ်လာ သန်းပေါင်း ငါးသောင်းလောက် ပေးသည့်တိုင် ပြန်ဝယ်ချင်လို့ မရနိုင်ပါ။ တစ်နည်းအားဖြင့်လည်း အသက် ဆိုတာ ထွက်သွားပြီဆိုလျှင် ဘယ်နည်းနှင့်မှ ပြန်သွင်းလို့ မရတော့ ဆိုသည်ကိုလည်း သတိချပ်စေချင်ပါသည်။

 

ထို့ကြောင့် အသင်တို့သည် အမေမွေးတုံးက ပါလာသည့် အသက်ကလေးကို မည်သည့်နည်းနှင့်မှ ထွက်မသွားစေရန် အထူး ဂရုစိုက်ကြရလိမ့်မည်။

 

အဲလေ အသက်မှသာ မဟုတ်ပါ။ မအေမွေးတုံးက ပါလာသည့် အရာများကို မည်သည်နှင့် အစားထိုးလို့ ရပါသနည်း။ 

သွားကျိုးလျှင် သွားစိုက်လို့ရ၏။ သို့တိုင် မအေမွေးတုံးက ပါလာသည့် သွားကို မမီနိုင်။

ခြေကျိုးလျှင် ခြေတုတပ်နိုင်၏။ သို့သော် ခြေတုသည် မွေးရာပါ ခြေထောက်ကို မီပါမည်လား။

 

ဘုန်းကြီးများသည်လည်း ငါတို့ သင်္ကန်းဝတ်ထားသဖြင့် ဘာမှ မဖြစ်နိုင်ဟု မတွက်ပါနှင့်။ ပြုတ်ကျလျှင်တော့ သေမည်သာဖြစ်ကြောင်း ကျွန်ုပ်က ကောင်းကောင်းကြီး သတိပေးလိုက်ပါ၏။

 

သို့တိုင် အချို့သော အသက်များမှာ မြန်မြန်ထွက်မှ (၇) ရက်သားသမီးတို့ စိတ်ချမ်းသာမှာလည်း ရှိသေး၏။ 

ဤသည်ကို အသင်တို့ သိပါသည်။ ဒဲ့ပြောရလျှင် ဟိုမေဘေး ခွေးအောင်လှိုင်နှင့် ခွေးကောင်စီအပေါင်းတို့၏ အသက်များမှာမူ မြန်မြန် ထွက်လေ၊ ကောင်းလေ ဖြစ်၏။ ထို့ကြောင့် ၎င်းတို့အသက်ကလေးများ အမြန် ထွက်ရအောင် ကျွန်ုပ်တို့ နည်းပေါင်းစုံနှင့် ကြိုးပမ်းကြရမည်။

 

သဗ္ဗေသတ္တာ၊ သတ္တဝါ။ ချမ်းသာ သုခ မြဲပါစေ။

(ဟို ဂန်းမသားတွေ မပါ။)

 

အေးငြိမ်း

၃၁ ဇူလိုင်လ၊ ၂၀၂၃



No comments: