Friday, July 7, 2023

စိတ်ပျက်စရာကောင်းလိုက်ပါတဲ့ ကောင်တွေရဲ့ အကြောင်း

အတော်စိတ်ပျက်စရာကောင်းတဲ့ကောင်တွေ။

သောက်ဆံသာလိုချင်တာ။

ဘာမှလဲ မသိဘူး။ ဘာမှလဲ မလေ့လာဘူး။ 

လေ့လာချင်စိတ်လဲ မရှိဘူး။ လေ့လာချင်စိတ် မရှိတာ အဆိုးဆုံးပဲ။

မြန်မာစကားမှာ “မရှိတာထက်၊ မသိတာခက်” ဆိုတာရှိတယ်။

မသိတာကို သိအောင်သင်ပေးလို့ရတယ်။ မသိချင်တာကို ဘာမှ လုပ်လို့မရဘူး။

ပြဿနာတက်တော့မှ အောင်မယ်လေး၊​ ဘလေးနဲ့။

 

ခုနက ကောင်လေးတစ်ယောက်လာတယ်။

သူ့ accident report တင်ထားတဲ့အကြောင်း သိချင်လို့ လာမေးတာ။

 

သူ accident ဖြစ်တာကို သူတို့ကုမ္ပဏီက MOM ကို အကြောင်းမကြားဘူး။ သူ့ကို အကျိုးအကြောင်းမေး၊ ကိုယ်ပဲ စာရေးပေးလိုက်ပြီး MOM ကို report လုပ်ခိုင်းထားတာ။

 

အမှန်က လူကိုယ်တိုင်လာစရာတောင် မလိုဘူး။ သူ့ SingPass နဲ့ ဝင်ကြည့်လို့ရတယ်။

ဒါပေမဲ့ SingPass က စလုံးရောက်စက လုပ်ထားတာဆိုတော့ သူ့ password ကို ပြန်ပြောင်းခိုင်းနေတယ်။

Password ကလည်း လွယ်လွယ်နဲ့ ပြောင်းလို့ရတာ မဟုတ်ဘူး။

ကင်မရာရှေ့မှာ လူကိုယ်တိုင် လာထိုင်ပြီး အခွက်ကြီးကို ပြရသေးတာ။

အဲဒါကြောင့် သူ့ကို လာခိုင်းရတာ။

 

ဆိုပါတော့။

သူရောက်တော့ သူ့ Singpass ကို ပြန်ပြောင်းဘို့ ကြိုးစားကြည့်တယ်။ 

 

စင်ကာပူမှာက သူခိုးတွေများတော့ password ကို နှစ်ဆင့်ခံလေ့ရှိတယ်။

2FA လို့ ခေါ်တယ်။ Two-factor Authentification. 

ပထမ password နဲ့ ဝင်ရတယ်။ ဝင်ပြီး နောက်တစ်ဆင့် ဖုန်း message ထဲဝင်လာတဲ့ OTP (One Time Password) နဲ့ ထပ်ဝင်ရတယ်။ အဲဒါကြောင့် ကိုယ့်ဖုန်းဟာ အမြဲ update ဖြစ်နေဘို့ လိုတယ်။

 

Password အသစ်ပြောင်းပြီး သူ့မျက်နှာကြီး ကင်မရာရှေ့ပြလိုက်တော့ သူ့ဖုန်းထဲကို sms OTP ပို့တယ်။ 

Message ရောက်မလာလို့ ဖုန်းနံပတ်ကြည့်လိုက်တော့မှ ဖုန်းက ဟို့အရင် စလုံးရောက်စက ဖုန်းနံပတ်ကြီး ဖြစ်နေတယ်။ 

အဲဒီနံပတ်ကြီးက သေနေတာ ကြာလှပြီတဲ့။ အနို့ ဖုန်းနံပတ်အသစ်ရလာရင် ၅ ရက်အတွင်း update လုပ်ရမယ်လို့ မင်းတို့ကို ငါ သင်တန်းတုံးက မပြောလိုက်ဘူးလား ဆိုတော့ ရီဖြဲဖြဲလုပ်နေတယ်။

 

ကိုယ်က စိတ်က အတော်တိုတတ်တဲ့ကောင် ဆိုတော့ စိတ်တိုလာပြီ။

 

အဲဒါနဲ့ FWMOMCare ကို ဖွင့်ခိုင်းတယ်။ မရှိဘူး။

ဟဲ့ကောင်၊ ဘာတွေလုပ်ရမယ်ဆိုတာကို ငါ သင်တန်းတုံးမှာတုံးက အဲဒါတွေ ဗီဒီယိုဖွင့်ပြပြီး အကုန်လုံးရှင်းပြ ထားတယ်လေကွာ၊ ဘာတစ်ခုမှ​ လုပ်မထားဘူးလား ဆိုတော့လဲ စပ်ဖြဲဖြဲနဲ့။

ကျော့်ဖုန်းက စုတ်နေလို့ အဲဒါတွေ လုပ်လို့မရဘူး . . . ဆိုပါလား။

ကြည့်လိုက်တော့ ဖုန်းထဲမှာ တခြား apps တွေ အပြည့်။

 

ဘာပြောတယ်ကွ၊ ဟေ့ကောင် မင်း ဟောဒီ SingPass တို့၊ SGWorkPass တို့၊ POSB Apps တို့တောင် install လုပ်လို့ ရသေးတာ။ ဘာဖြစ်လို့ FWMOMCare လုပ်လို့ မရရမလဲ၊ ငါ့ကိုပေးဆိုပြီး download လုပ်။ Install လုပ်ပေးလိုက်တယ်။

နောက်ပြီး register လုပ်ဖို့ အချက်အလက်တွေဖြည့်တော့ လိပ်စာပါ ဖြည့်ရတယ်။

မင်း အခုနေတဲ့ နေရပ်လိပ်စာပြော ဆိုတော့ ငမ် - သိပု။

 

သေလိုက်ပါလားကွ။ မင်းတို့အဆောင်မှာနေတဲ့ တစ်ကောင်ကို လှမ်းဖုန်းဆက်မေးဆိုတော့ . . . FB Messenger ကနေ ဆက်တယ်။ ကြားတချက်၊ မကြားတချက်။ Message ကနေ ရိုက်ပို့လိုက်ကွ လို့ အော်လိုက်တယ်။

ပို့လို့မရဘူး တဲ့။

 

ဘာကွ။ ဗီဒီယိုကောတော့ ခေါ်လို့ရတယ်။ မင်းဂျီးဒေါ်ကြောင့် message က ပို့လို့မရရမှာလား ဆိုတော့မှ အဆောင်ထဲ ဝင်တဲ့ pass card ကို ဓာတ်ပုံရိုက်ပို့လိုက်တယ်။ ကတ်ပေါ်မှာလဲ T&C ကလွဲလို့ ဘာမှ မပါဘူး။

စိတ်ပျက်ချက်တော့။

 

ကိုင်း - ကိုယ့်လူ ကိုယ်လုပ်ပေးနိုင်တာကတော့ အဲသလောက်ပဲ။ လမ်းကုန်နေပြီ။ ဘာမှ​ ဆက်လုပ်လို့မရတော့ဘူး။

မင်း MOM ကို သွားပြီး SingPass အတွက် ဖုန်းနံပတ် သွားပြောင်းချေ လို့ပဲ ပြန်လွှတ်လိုက်ရတော့တယ်။

 

အမှန်ဆို ဒီအကြောင်းတွေ SIP သင်တန်းမှာတုံးက အကုန် ကိုယ်ရှင်းပြပြီးသား။

တစ်ယောက်ကမှ သေသေချာချာ နားထောင်တာမရှိဘူး။

မနေ့ကသင်တဲ့အတန်းဆို စုစုပေါင်း ၂၄ ယောက်။

အကုန်လုံး ကင်မရာနဲ့ ဝေးတဲ့ ဘယ်/ညာ အခန်းနံရံတွေရယ်၊ ဟို့နောက်ဘက်က ခုံတန်းတွေရယ်မှာပဲ သွား ထိုင်နေတာ။ ကိုယ်နဲ့နီးတဲ့ ကင်မရာရှေ့မှာ တစ်ယောက်မှ မရှိဘူး။

 

ဒီမှာပြောတဲ့အကြောင်းအရာတွေဟာ အရေးကြီးတယ်။ သေသေချာချာ ဂရုစိုက်နားထောင်ပါလို့ မင်းတို့ကို ပြောပြီးသား။ 

ငါကတော့ ပိုက်ဆံယူထားတဲ့အတွက် အဲဒီပိုက်ဆံနဲ့တန်အောင် အပြည့်ပြောမှာပဲ။ နားထောင်တာ မထောင်တာ မင်းတို့အပိုင်း ဆိုပြီး ပြောလိုက်တယ်။ 

 

တခြားတိုင်းပြည်တွေမှာ စင်ကာပူမှာလို “စင်ကာပူမှာ ဟောသလိုနေရထိုင်ရမယ်၊ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေ ရှိတယ်၊ အလုပ်လုပ်နေတဲ့ သူတွေအနေနဲ့ ကိုယ့်ရပိုင်ခွင့်တွေ ဘာတွေရှိတယ်” စတာတွေကို သင်ပေးတဲ့ သင်တန်းတွေ ရှိပါသလား။

ရော့ဟဲ့၊ ယူဟဲ့ ပေးနေတာတောင် မယူချင်ဘူးဆိုတော့လဲ မင်းတို့ သဘောပဲပေါ့ကွာ။

နောက် ကိုယ့်ဆီလာ အကူအညီ မတောင်းပါနဲ့။

တစ်ပြားမရ နှစ်ပြားမရ။ ဘယ်ခွေးမသားကိုမှ အကူအညီ မပေးတော့ဘူး။

 

မကြိုက်တဲ့လူ ဆဲသာသွားပေရော့။

 

အေးငြိမ်း

၇ ဇူလိုင်၊ ၂၀၂၃




No comments: