Friday, December 13, 2019

အမှတ်မရှိသော ကျွန်ုပ်


ဟောပြောပွဲများ ဖြစ်မြောက်အောင် စီစဉ်ပေးသည့် မိတ်ဆွေများကို အားနာသောအားဖြင့် ကျွန်ုပ်၏ “သတ်ပုံမှားသောနေ့” ပို့စ်ကို ဖြုတ်လိုက်ပါသည်။

အမှန်က ဤသည်မှာ ကျွန်ုပ်၏ အမှတ်သည်းခြေမရှိမှုဖြစ်၏။ Seminar များနှင့် ပတ်သက်၍ ကျွန်ုပ်မှာ ပညာပေး ခံခဲ့ရဖူးပေါင်း များလှပါပြီ။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျွန်တော်၊ ကိုဝင်းမောင်၊ ကိုသန့်ဇော်အောင်တို့ အဆိုပါ အသင်းဂျီးတွင် seminar လုပ်ကြ၏။ အခန်းကိုယ့်ဘာသာကိုယ်ငှား၊ အကျွေးအမွေး ကိုယ့်ဘာသာစီစဉ်၊ ကိုယ့်ဘာသာ ကြော်ြငာ။
သို့တိုင် ကျွန်တော်တို့မှာ ကိုယ့်ဘာသာလုပ်ချင်လို့လုပ်တာဖြစ်၍ ဤသည်တို့အတွက် ဘာမှ ပြဿနာမရှိပါ။ သို့သော် ထို seminar အကြောင်းကို ထိုအသင်းဂျီးမှ ကြော်ြငာသည့်အခါတွင်မူ ဘာအသင်းကြီးမှ ကြီးမှူးကျင်းပသော ဘာပွဲကြီးသို့ တက်ရောက်ပါရန် ဟု ရေးထားသည့်အခါ ကျွန်ုပ်မှာ အတော် ဒေါသထွက်မိလေ၏။

အခန်းလည်း ကိုယ့်ဘာသာငှား၊ ကျွေးတာမွေးတာလည်း ကိုယ့်ဘာသာစီစဉ် အစစကိုယ်ချည်းလုပ်ရပြီး သူတို့က ကြီးမှူးကျင်းပပါသည်ဆိုတော့ . . . .
နောက်ပြီး ကျွန်ုပ်တို့ ဟောပြောပွဲကိုလည်း အနှီအသင်းကြီးမှ လူဂျီးမင်းတို့ တစ်ယောက်မှ မလာပါလေ။ နောက်ဆုံး အခန်းခပိုက်ဆံရှင်းတာတောင်မှ ကျွန်ုပ်မှာ ဟိုလူ့လိုက်မေး၊ ဒီလူ့လိုက်မေးနှင့် မနည်းမေးကာ ပေးရတာ ဖြစ်၏။

နောက် ပညာပေးအစီအစဉ်တစ်ခုကတော့ အတော်လေး သင်းလှ၏။

၂၀၁၅ ခုနှစ်၊ မြန်မာပြည်သို့ပြန်စဉ် ကျွန်ုပ်မိတ်ဆွေကြီး၏ စီစဉ်ပေးမှုဖြင့် နေပြည်တော် စိုက်ပျိုးရေး ဝန်ကြီးဌာနတွင် Farm Safety အကြောင်း ပြောဘို့လုပ်၏။ မိတ်ဆွေက ဟောပြောပွဲမှာ confirm ဖြစ်ပါသည် ဆိုသဖြင့် တစ်ရက် ငါးသောင်းနှင့် ကားငှားကာ နေပြည်တော်သို့ ကျွန်ုပ်တို့မိသားစုလိုက် ချီတက်သွားကြ၏။

ပြောမည့်နေ့က တနင်္လာ၊ ပေးထားတာက ရုံးဖုန်းနံပါတ်။ ဆိုတော့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များမှာ ဘယ့်နှာလုပ် ဆက်ပါမတုံး။ ပြောမှာက တနင်္လာနေ့မနက် ၉ နာရီ။

ကျွန်ုပ်လည်း တိုက်ပိုင်တွေဘာတွေ အကျအနဝတ်ကာ ဥပ္ပာတသန္တိစေတီတော်၌ သားနှင့် ထွေရာလေးပါးပြောလျှက် ပေးထားသော ရုံးဖုန်းကို မကြာခဏဆက်၏။ ၈ နာရီ - မရ။ ၉ နာရီ - မရသေး။ ၉ နာရီခွဲခါနီးလောက်မှ ဖုန်းအဆက် အသွယ်ရ၏။

ဟုတ်ကဲ့ဆင့်၊ အဲဒီ ဟောပြောပွဲကလေ ဝန်ကြီးခွင့်ပြုချက်မရလို့ မလုပ်ဖြစ်ပါဘူးဆင့် . .
ဟိုက်ရော . . . သမ္ဗုဒ္ဓေဂါထာလာ ငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ကယ်တော်မူပါ . . .

ကျွန်ုပ်လည်း အကျအနဝတ်ထားသည့် တိုက်ပိုင်ကြီးကို ပြန်ချွတ်ပြီးသကာလ သားရေ့ - seminar မရှိဘူးပြောတယ်။​ လာကွာ ဖေဖေတို့ တိရစ္ဆာန်ဥယျာဉ် သွားကြည့်ကြစို့ရဲ့ . . . ဟု သားအမိသားအဖ သုံးယောက်၊ တိရစ္ဆာန်ဥယျာဉ်ကို လှည့်ပတ်ကြည့်ကာ ပြန်ခဲ့ရဖူးလေပြီ။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ပိုပြီးလိမ္မာပါးနပ်၏။ ကျွန်ုပ်အား seminar လုပ်ခွင့်ကို မပြုပါလေ။ ကျွန်ုပ်မှာ ၎င်းတို့ကို ကျေးဇူးတင်မိ၏။ အနို့ လုပ်ဖြစ်ပါတယ်ဆိုပြီး အနားကပ်ကျမှ​ မလုပ်ဖြစ်ပါဘူး ဆိုတာထက် နဂိုကတည်းက မလုပ်ဖြစ်ပါဘူးဆိုတာ ပိုမကောင်းပါသလော။ အမှတ်သည်းချေနည်းလှသည့် ကျွန်ုပ်မှာ မလုပ်ဖြစ်ပါဘူးဆိုတာတောင် ဆောက်လုပ်ရေးသို့သွားကာ safety handbook စာအုပ်ကလေးများ လက်ဆောင်ပေးခဲ့လေသော ဟူသတတ်။

ဒေါ်သိန်းနုက အားနာလှစွာပင် မင်းလှတံတားစီမံကိန်းဆိုလား သို့ ဖုန်းဆက်မေးသော် ဟိုဘက်က ဝမ်းသာအားရပင် လာခဲ့ပါ။ အခုလုပ်လို့ရပါတယ် ဆို၍ ကျွန်ုပ်လည်း ထိုတံတားစီမံကိန်းသို့သွားကာ ဆောက်လုပ်ရေးတွင် ပြောမည်ဟု စီစဉ်ထားသည်များကို ပြောလိုက်ပါသည်။

ဟောပြောပွဲပြီးတော့ သူတို့က မေတ္တာလက်ဆောင် အိတ်ကလေး ပေးလိုက်၏။ အပြန်လမ်းတွင် ဖွင့်ကြည့်သော် အဘားလေး၊ ပိုက်ဆံ ဆယ်သိန်းနှင့် ပုဆိုးတစ်ကွင်းတွေ့လေ၏။ ကျွန်ုပ် seminar များ လုပ်ခဲ့ပေါင်း များပါပြီ။ ရွှေစည်းခုံဘုရား စူးရပါစေ့။ မည်သည့်ပွဲတွင်မှ​ ဤလောက် ပိုက်ဆံမရခဲ့စဖူးပါ။ ဤဟောပြောပွဲကား ကျွန်ုပ်ဘဝတွင် ပိုက်ဆံအများဆုံးရခဲ့သော ဟောပြောပွဲတစ်ခုအဖြစ် အမှတ်တရရှိနေမည် ဖြစ်ပါသတည်း။ မောင်မင်းကြီးသားများ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ လမ်ဘိုဂီနီ နှင့် ဖာရာရီကို ထည်လဲစီးနိုင်ကြပါစေ။

ကျွန်တော် အမှတ်အရဆုံးပညာပေးအစီအစဉ်မှာမူ ကျွန်ုပ် (၇) နှစ်ခွဲလုပ်ခဲ့သည့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် ဖြစ်၏။

စကတည်းက ယဉ်သကို ဆိုသလို စိုက်/တက္ကသိုလ်တွင်ပြောရန် ကျွန်တော် အီးမေးဖြင့် အခါခါ ဆက်သွယ်ပါသည်။ ဘာမှ အကြောင်းမပြန်။ နောက်ဆုံး မြန်မာပြည်ပြန်ခါနီးကျမှ လုပ်ဖြစ်ရင်လည်း လုပ်ဖြစ်တယ်၊ မလုပ်ဖြစ်ဘူးဆိုရင်လည်း မလုပ်ဖြစ်ဘူး အကြောင်းပြန်စေလိုပါတယ် ဆိုခါမှ လုပ်ဖြစ်ပါတယ် ဟု စာလေးတစ်ကြောင်း ပြန်ဖော်ရလေသည်။

၆ မှတ်မရှိသော ကျွန်ုပ်မှာ စိုက်/တက္ကသိုလ်သို့ သွား၏။ နေပြည်တော်မှ သွားရတာဆိုတော့ အတော်လေး နောက်ကျပြီးမှ ရောက်သွား၏။

စည်းဝေးပွဲခန်းမအတွင်း၌ ဆရာဆရာမများ အစုံအလင်နှင့် စောင့်နေကြ၏။ ကျွန်တော်က laptop လေးထုတ်။ နောက်ကျသည့်အတွက် တောင်းပန်ပါကြောင်း ပြောလို့မှ မဆုံးခင် . . .

ခင်ဗျားတို့က နိုင်ငံခြားမှာနေပြီး ဒီကအကြောင်းတွေ ဘာမှ​မသိဘဲ ဟိုပြော ဒီပြော . . .
(ဟိုက် ရှားဘားစ်၊ ယေရှုသခင် ကယ်တော်မူပါ။)
ဆရာမဘယ်သူ ထပြောလိုက်စမ်း၊ ဒီမှာ ဘာတွေလုပ်ထားတယ် ဆိုတာ . .
ဟုတ်ကဲ့ဆင့် . . x x x x x
ဆရာဘယ်သူ ထပြောလိုက်စမ်း၊ ခင်ဗျား ဘာတွေလုပ်ထားသလဲ ဆိုတာ . .
ဟုတ်ကဲ့ခည . . x x x x x

ကျွန်ုပ်မှာ ထို ဆရာ၊ ဆရာမ လေးငါးဦး၏ ဩဝါဒများကို ခံယူအပြီး နောက်ဆုံးပိတ် အနှီဆရာကြီး၏ ဩဝါဒကို နာရီဝက်ကျော်ကြာအောင် နာခံရလေသော ဟူ၏။

အားလုံးပြီးသွားသော် ကျွန်ုပ်လည်း ကောင်းပါတယ်ဗျာ။ အခုလိုသိရတဲ့အတွက် အများကြီးဝမ်းသာပါတယ်ဆိုလျက် laptop ကလေးကို ခေါက်သိမ်းကာ နှုတ်ဆက်ထွက်ခွာခဲ့ရ၏။

နောက်မှ မိတ်ဆွေဆရာက ခင်ဗျားပေးထားတဲ့ ခေါင်းစဉ်နဲ့ မပြောတော့ဘူးလား ဟု မေးလှာ၏။ ကျွန်တော်ပြောစရာမလို လောက်အောင်ကို အရမ်းကောင်းလွန်းနေပါပြီ ဆရာရယ် ဟု ထမင်း (၇) ရက်မစားရသော လူနာ၏ ညောင်နာနာလေသံ ဖြင့် ပြန်ပြောခဲ့ရလေသော ဟူသတတ်။

ကျွန်ုပ်ကို မင်းဘူးမှ ပညာပေးလိုက်ပုံကလေးကိုသာ ခရေစေ့တွင်းကျ ပြန်ပြောပြရလျှင် မိတ်ဆွေတို့ မျက်ရည် (၇) ပေါက်လောက် တောက်ကနဲ၊ တောက်ကနဲ ကျကုန်လိမ့်မည်။ သည့်အတွက် မျက်ရည်သုတ်ရန် တစ်သျှုးအဆင်သင့် မရှိသေးသော မိတ်ဆွေတို့ကို အားနာသောအားဖြင့် မပြောလိုတော့ပါပြီ။

ဤဖြစ်ခဲ့သမျှကိစ္စအားလုံးအတွက် မည်သူ့ကိုမှ​ အပြစ်တင်ရန် မရှိပါ။
အဘယ်ကြောင့်ဆိုသော် ထို seminar ဆိုတာကြီးလုပ်ဖို့ ကျွန်ုပ်ကို မည်သူကမှ ဖိတ်တာမဟုတ်။ ကျွန်ုပ်ကပင် စတင် ဆတ်ဆော့တာ ဖြစ်ပါသည်။

သည်မျှ အကြိမ်ကြိမ်အခါခါ ရှုံးလည်း၊ ယုံကြည်ရာတွေ မစွန့်လွှတ် . . . (ဟုတ်ပေါင်၊ မှားကုန်ပြီ) အကြိမ်ကြိမ်အခါခါ ပညာပေးခံထားရတာတောင် ၆ မှတ်မရှိသော ကျွန်ုပ်မှာ ယခုနောက်ဆုံး ၄ သိန်းခွဲဘိုး ပညာပေးလိုက်တော့မှ သတိပြန်လည်လာလေ၏။

နောက်နောင်တွင် အကျွန်ုပ်သည် . . .
နေပူတော်မှ လူကြီးမင်းများကိုသော်လည်းကောင်း၊ တက္ကသိုလ်မှန်လျှင် မည်သည့်တက္ကသိုလ် တစ်ခုကိုမျှသော် လည်းကောင်း၊ လှိုင်တက္ကသိုလ်နယ်မြေကိုသော်လည်းကောင်း ဝေါင်ဝေါင်ရှေး၍ ဝေးဝေးရှောင်ပါတော့မည်။

နောင်လာနောက်သားတို့ ကျွန်ုပ်ကဲ့သို့ အလွန်မိုက်မဲသော အမှုကို မပြုမိကြစေရန် . .
စေတနာအပေါင်းဖြင့် ကြေငြာမောင်း ခတ်လိုက်ရပါကြောင်း။

အင်ဂျင်နှစ်ယာအချင်းချင်း၊ ဂျင်းထည့်ခြင်း။ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၃ ဒီဇင်ဘာလ၊ ၂၀၁၉။ ဝဝ:၁၀ နာရီ

No comments: