Saturday, September 15, 2018

လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး


(၁) မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးလိုက်ရသည့် အသက်တစ်ချောင်း

များမကြာမီက ကျွန်တော့်ဆရာတစ်ယောက် ဆေးရုံတက်ရပါသည်။ သူဆေးရုံတက်နေစဉ် သူ့သားအကြီး လူနာစောင့်၏။ တစ်နေ့တွင် ထို လူနာစောင့်နေသည့် သားအကြီး ရေချိုးနေစဉ် ဓာတ်လိုက်ကာ လဲကျပါသည်။ ထိုဓာတ်လိုက်ခြင်းကြောင့်ပင် ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်း ထို သားအကြီး သေဆုံးရပါသည်။ (ဖေ့စ်ဘုတ်မှရသော အခြား အချက်အလက်များကို ထည့်မရေးတော့ပါ။)

ထိုအမှု၌ လူများ၏ မသိနားမလည်မှုကြောင့် မဆုံးရှုံးသင့်သော အသက်တစ်ချောင်း ဆုံးရှုံးရသည်။ ဓာတ်လိုက်နေစဉ် အနီး၌ ဆေးရုံဝန်ထမ်းများ ရှိနေသည်ဆို၏။ အချိန်မီ မိန်းကိုချလိုက်နိုင်လျှင် အသက်မဆုံးနိုင်ပါ။ သို့သော် ထိုဝန်ထမ်းများမှာ မိန်းကို ချရကောင်းမှန်း မသိခဲ့။ အလွန့်အလွန်ဝမ်းနည်းစရာ ကောင်းလှပါသည်။

(၂) လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး

ကျွန်တော်တို့မြန်မာနိုင်ငံတွင် လူသေမှုဖြစ်ရသည့် ကိစ္စရပ်များ၌ လျှပ်စစ်ကြောင့် သေဆုံးရမှုမှာ ထိပ်ဆုံးကပါဝင်နေ၏။ လမ်းလျှောက်ရင်း ဓာတ်လိုက်သေနိုင်သည်။ အမောဖြေရန် ခြံစည်းရိုးကို မှီထိုင်ရင်း ဓာတ်လိုက်သေနိုင်သည်။ ရေချိုးရင်း ဓာတ်လိုက်သေနိုင်သည်။

လုပ်ငန်းခွင်ထဲမှာ ဓာတ်လိုက်သေနိုင်သည်။ လမ်းပေါ်မှာဓာတ်လိုက်သေနိုင်သည်။ အိမ်မှာနေရင်းလည်း ဓာတ်လိုက်သေနိုင်သည်။ ယုတ်စွအဆုံး ဆေးရုံတက်နေရင်းပင် ဓာတ်လိုက်သေနိုင်သည်။ မည်သည့်နေရာမှ စိတ်မချရ။

ဓာတ်လိုက်သေရခြင်းမှာ ကံဆိုး၍မဟုတ်။ လူများ၏ ပေါ့လျော့မှု၊ အသုံးမကျမှုကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ဆီမှ လူအများတို့သည် သေခါမှသာ အော်ငိုတတ်ကြသည်။ လျှပ်စစ်အန္တရာယ်ကင်းရေးကိုမူ လုပ်ရကောင်းမှန်း မည်သူမှ မသိကြ။ မည်သူမှလည်း ဂရုမစိုက်ကြ။

သည်မျှ ပြည်သူအများ လျှပ်စစ်အန္တရာယ်နှင့် နေ့တဓူဝ ကြုံတွေ့နေကြရသည့်တိုင် တာဝန်ရှိသူများဘက်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာလည်း မတွေ့ရ။ အရေးယူဆောင်ရွက်ခြင်းဆိုသည်မှာ ထိုဒေသမှတာဝန်ရှိသူကို အရေးယူခြင်းကို မဆိုလို။ နောက်ထပ် ဤကဲ့သို့သော ဓာတ်လိုက်သေမှုများ မဖြစ်အောင် ကာကွယ်တားဆီးရေး အစီအမံများ ပြုလုပ်ခြင်းကို ဆိုလို၏။

လျှပ်စစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပြည်သူတစ်ရပ်လုံး သုံးနေကြသည်ဖြစ်ရာ လျှပ်စစ်အန္တရာယ်ကင်းရေးမှာ အလွန် ကျယ်ပြန့်လှသော အလုပ်ဖြစ်၏။ လက်ပူတိုက်ပြီး တစ်ပွဲထိုး လုပ်လို့ရတာမျိုးမဟုတ်။ အစိုးရက စီမံကိန်းချကာ သေသေချာချာ ကျကျနနလုပ်မှ ဖြစ်မည်။

ထိုအထဲတွင် ပထမဆုံးအရေးကြီးသည်မှာ ဥပဒေ၊ နည်းဥပဒေများ ဖြစ်ပါသည်။ ဒုတိယ အရေးကြီးသည်မှာ ထိုဥပဒေ၊ နည်းဥပဒေ များကို လုပ်ငန်းရှင်များ၊ အတတ်ပညာရှင်များနှင့် ပြည်သူအများ လိုက်နာလက်ခံကျင့်သုံးရေး။ မလိုက်နာ၊ မကျင့်သုံးသူများကို ထိထိရောက်ရောက် အပြစ်ပေး၊ အရေးယူရေး ဖြစ်၏။

တတိယအရေးကြီးသည်မှာ ပြည်သူများကို အသိပညာပေးရေးဖြစ်၏။ ထိုအသိပေးရေးလုပ်ငန်းသည်လည်း အလွန်ကျယ်ပြန့်လှ၏။ အကောင်းဆုံးမှာကား ကျောင်းမှာကတည်းက ကလေးငယ်များကို လျှပ်စစ်အန္တရာယ်ကို မည်ကဲ့သို့ကာကွယ်ရမည့်အကြောင်း ထည့်သွင်းသင်ကြားပေးလိုက်တာ ဖြစ်ပါသည်။

လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတွင် အပိုင်း (၃) ပိုင်းရှိ၏။ ၎င်းတို့မှာ -

၁။ လျှပ်စစ်ဆိုင်ရာ ပစ္စည်းများ၏ အရည်အသွေး
၂။ လျှပ်စစ်တပ်ဆင်ရေးဆိုင်ရာ အင်ဂျင်နီယာ/လုပ်သားများ၏ တတ်မြောက်ကျွမ်းကျင်မှု
၃။ တပ်ဆင်ထားသည့် မီးလိုင်းများ၏ အရည်အသွေး၊ စံချိန်မီမှု

စသည်တို့ ဖြစ်ပါသည်။

(၃) လျှပ်စစ်ဆိုင်ရာ ပစ္စည်းများ၏ အရည်အသွေး

လျှပ်စစ်နှင့်ပတ်သက်သည့် မီးကြိုး၊ မီးခလုတ်၊ မီးခလုတ်ခုံ၊ ဘရိတ်ကာ၊ မီးသီး၊ မီးချောင်းနှင့် အခြား လျှပ်စစ်ဆိုင်ရာ ပစ္စည်း အားလုံးကို ဈေးကွက်သို့ မတင်သွင်းမီ အစိုးရက စမ်းသပ်စစ်ဆေးခွင့်လိုင်စင် ထုတ်ပေးထားသော အဖွဲ့အစည်းများက အရည်အသွေး စံချိန်မီမမီ စမ်းသပ်စစ်ဆေးရသည်။ ထိုသို့စမ်းသပ်စစ်ဆေးရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ ရှိ၏။ စင်ကာပူတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၏ အရည်အသွေးကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းမှာ SS146- Specification for household and similar electrical appliances – Safety ဖြစ်၏။

စမ်းသပ်စစ်ဆေးပြီးနောက် ထိုလျှပ်စစ်ပစ္စည်းများကို စမ်းသပ်စစ်ဆေးပြီးကြောင်း sticker ကပ်ပေးလိုက်သည်။ ဈေးကွက်ထဲမှ လျှပ်စစ်ပစ္စည်းအားလုံးမှာ ထို စတစ်ကာကပ်ထားသည့် ပစ္စည်းများသာ ဖြစ်ရမည်။ စမ်းသပ်အတည်ပြုမထားသည့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်သူ၊ တင်သွင်းသူ၊ သယ်ယူပို့ဆောင်သူ၊ ရောင်းချသူများကို အပြစ်ပေး၊ အရေးယူရမည်။

ပြည်သူများအနေနှင့်လည်း ဈေးကွက်ထဲတွင် အရည်အသွေးမပြည့်မီသော၊ စတစ်ကာကပ်မထားသော လျှပ်စစ်ပစ္စည်းများ တွေ့ပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းသို့ သတင်းပေးရမည်။ အရည်အသွေးမပြည့်မီသော ပစ္စည်းများသုံးခြင်းသည် လူအများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခြင်းဖြစ်သဖြင့် လူထုက မိမိတို့အသိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဘို့ အရေးကြီးပါသည်။

(၄) လျှပ်စစ်တပ်ဆင်ရေးဆိုင်ရာ လုပ်သားများ၏ တတ်မြောက်ကျွမ်းကျင်မှု

စိတ်မကောင်းစရာတစ်ခုမှာ မြန်မာနိုင်ငံ၌ ကျွမ်းကျင်လုပ်သားမဟုတ်သူများက အင်ဂျင်နီယာလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြခြင်း ဖြစ်၏။ သည်ကိစ္စမှာ အလွန် အန္တရာယ်များလှပါသည်။ အင်ဂျင်စက်များ ပြင်ဆင်သည့်နေရာတွင် သော် လည်းကောင်း၊ လျှပ်စစ်မီးကြိုးနှင့် ပစ္စည်းများ တပ်ဆင်ရာတွင် သော်လည်းကောင်း၊ ရေပိုက်ဆင်ခြင်းလုပ်ငန်းများတွင်သော် လည်းကောင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ တံတားဆောက်ခြင်းများတွင်သော် လည်းကောင်း၊ နယ်ပယ်မျိုးစုံတွင် ဖြစ်ပါသည်။

တတ်မြောက်ကျွမ်းကျင်သော လုပ်သားတစ်ဦးဖြစ်ရန် အရည်အသွေး သုံးရပ်လိုသည်။ ၎င်းမှာ စာတွေ့တတ်မြောက်မှု၊ လက်တွေ့ ကျွမ်းကျင်မှု နှင့် စေတနာပါပါ လုပ်ကိုင်မှုတို့ ဖြစ်၏။

စာတွေ့တတ်မြောက်မှုကို ဆရာကောင်းကောင်းနှင့် သေသေချာချာသင်ပေးရမည်။ ထိုအထဲတွင်အောက်ပါတို့ ပါဝင်၏။ (အကျဉ်းမျှဖော်ပြခြင်းသာဖြစ်ပြီး အပြည့်အစုံမဟုတ်ပါ။ အပြည့်အစုံကို National Competency Standards များတွင် ဖတ်ကြည့်နိုင်ပါသည်။ မြန်မာနိုင်ငံအတွက် Electrician (Building) NC-1 ဖြစ်၏။

၁။ လျှပ်စစ်တပ်ဆင်ခြင်းနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ စံချိန်စံညွှန်းများ
၂။ လျှပ်စစ်တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရာတွင် အန္တရာယ်ကင်းအောင် လုပ်ခြင်း
၃။ လျှပ်စစ်အခြေခံ
၎။ လျှပ်စစ်သွယ်တန်းခြင်းအတွက် လိုအပ်သော ပစ္စည်းစာရင်း တွက်ချက်ခြင်း
၅။ လျှပ်စစ်တပ်ဆင်ခြင်းနှင့်ပတ်သက်၍ ကုန်ကျစရိတ်တွက်ချက်ခြင်း
၆။ အဆောက်အဦများ၌ လျှပ်စစ်တပ်ဆင်ခြင်းအတွက် ထုတ်ထားသည့်ပုံများ၊ သင်္ကေတများ၊ ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို ဖတ်ရှုနားလည်ခြင်း
၇။ မိမိလုပ်ငန်းအတွက် အသုံးပြုရမည့် လက်သုံးကိရိယာများကို ရွေးချယ်ခြင်း၊ စနစ်တကျကိုင်တွယ်၊ အသုံးပြုခြင်း
၈။ ဈေးကွက်ထဲတွင်ရနိုင်သည့် မီးကြိုး နှင့် ဆက်စပ်ပစ္စည်း (မီးခလုတ်ခုံ၊ ပလပ်၊ ဘရိတ်ကာ၊ မီးသီး၊ မီးချောင်းများ စသည်) တို့အကြောင်း
၉။ ပုံတွင်ဖော်ပြထားသည့်အတိုင်း မီးလိုင်းပြေးမည့်နေရာများကို မှတ်သားခြင်း၊ ကွန်ကျူပိုက်များကို ဖြတ်တောက်ခြင်း၊ ဆက်ခြင်း၊  ကွေးခြင်း
၁၀။ မီးကြိုးများ၊ မီးခေါင်းများ၊ ခလုတ်ခုံများ၊ မီးသီးမီးချောင်းများ၊ ပင်မခလုတ်ခုံ စသည်တို့ကို ပြဋ္ဌာန်းထားသည့် စံချိန်စံညွှန်းများနှင့် အညီ တပ်ဆင်ခြင်း
၁၁။ ဝါယာကြိုးများကို မှန်ကန်စွာဆက်နည်း
၁၂။ မြေစိုက်ကြိုးကို စနစ်တကျ မှန်ကန်စွာချခြင်း၊ မြေစိုက်ကြိုးချခြင်း၏ အကျိုးကျေးဇူးနှင့် မြေစိုက်ကြိုးမချခြင်း၏ အပြစ်များ
၁၃။ လျှပ်စစ်ကြောင့်ဖြစ်တတ်သော အန္တရာယ်များ၊ ထိုအန္တရာယ်များမဖြစ်အောင် မည်ကဲ့သို့လုပ်ရမည်
၁၄။ လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်း၌ လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များ
၁၅။ မီးသွယ်ပြီးသည့်အခါ ကောင်းကောင်းအလုပ်လုပ်မလုပ်၊ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်၊ မပြုနိုင် စမ်းသပ်ခြင်း

လက်တွေ့ကျွမ်းကျင်မှုကို သင်ပေး၍မရပါ။ ထို့အတွက် လုပ်ငန်းအတွေ့အကြုံလိုသည်။ အလုပ်သင်ကာလတွင် မိမိဘာသာ မလုပ်ရပါ။ တကယ်တတ်မြောက်ကျွမ်းကျင်သူနှင့် တွဲဘက်ကာ ၎င်း၏ လုပ်ပုံကိုင်နည်းများကို လေ့လာသင်ယူရပါမည်။ လက်တွေ့ လေ့လာသင်ယူခြင်းကို အနည်းဆုံး (၂) နှစ် ခန့် သင်ယူပါမှ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ပါမည်။

ဤကဲ့သို့ လေ့လာသင်ယူပြီးသည့် လျှပ်စစ်ကျွမ်းကျင်လုပ်သားများကို တကယ်တတ်မြောက်မှုရှိမရှိ စာတွေ့လက်တွေ့ စစ်ဆေးကာ လျှပ်စစ်ကျွမ်းကျင်လုပ်သားလိုင်စင် ထုတ်ပေးရပါမည်။ မီးသွယ်ခြင်း၊ လျှပ်စစ်တပ်ဆင်ခြင်းလုပ်ငန်းများကို ထို လိုင်စင်ရ ကျွမ်းကျင် လုပ်သားများကသာ လုပ်ကိုင်ရမည်။ လိုင်စင်မရှိသူများက မီးဆင်လျှင် အလွန်မြင့်မားလှသော ဒဏ်ငွေတပ်ခြင်း၊ ထောင်ချခြင်းထိ ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူရမည်။

လိုင်စင်ရသူများကသာ မီးသွယ်ရမည်ဟု ဥပဒေထုတ်လိုက်ခြင်း၏ နောက်ဆက်တွဲအန္တရာယ်မှာ ထိုလိုင်စင်ထုတ်ပေးသည့် အဖွဲ့၊ အရာရှိများကို လုပ်စားခွင်တစ်ခု ဖန်တီးပေးလိုက်သလို ဖြစ်သွားမှာ ဖြစ်ပါသည်။ လိုင်စင်ရဘို့ဆိုတာ လွယ်တာမဟုတ်။ သင်တန်း တက်ရမည်။ စာမေးပွဲ အောင်ရမည်။ ၉ တန်း၊ ဆယ်တန်းရောက်သည့်တိုင် ကိုယ့်နာမည်ကိုယ် မှန်အောင် စာလုံးမပေါင်းတတ်သူ များအနေနှင့် (တကယ်အမှန်အကန်သာလုပ်မည်ဆိုလျှင်) ဤလိုင်စင်စာမေးပွဲကို အောင်အောင် ဖြေနိုင်ပါမည်လား။ ထိုအခါ မီးဆင်ခြင်းလုပ်ငန်းဖြင့် အသက်မွေးလိုသူများအနေနှင့် နည်းပေါင်းစုံဖြင့် အကြံအဖန် လုပ်ကြတော့မည်။ ထိုဈေးကွက်လိုအပ်ချက် မှာ လိုင်စင်ထုတ်ပေးသူများအတွက် အင်မတန် သွားရေယိုစရာကောင်းသည့် ခွင်ကြီးတစ်ခုပင် မဟုတ်ပါလော။ လုပ်ပိုင်ခွင့်ရှိသူ များက မှန်မှန်ကန်ကန် မလုပ်သရွေ့ကာလပတ်လုံး၊ အာဏာပိုင်အဖွဲ့အစည်းများက ခွင်ရိုက်နေသမျှ ကာလပတ်လုံး ကောင်းမွန် မှန်ကန်သော လူ့ဘောင်တစ်ရပ်၊ စနစ်တစ်ခုကို မည်သည့်အခါမှ အကောင်အထည် ဖော်နိုင်မည်လိမ့်မည် မဟုတ်ပါ။ ပျက်စီးမြဲ ပျက်စီးနေ၊ ဗရုတ်သုက္ခဖြစ်မြဲ ဖြစ်နေဦးမည်သာ ဖြစ်ပါသည်။

နောင်ခါများတော့ မည်သို့ဖြစ်မည် မပြောတတ်ပါ။ လက်ရှိအခြေအနေတွင်မတော့ အလွန်အရေးကြီးလှသည့် လိုင်စင်များကိုပင် လျှင် ဖြစ်ကတတ်ဆန်း လုပ်နေသည်ကို စိတ်ပျက်စရာ တွေ့မြင်နေရပါသေးသည်။

အရေးကြီးဆုံးမှာကား မိမိလုပ်သည့်လုပ်ငန်းအပေါ် တာဝန်ယူမှုဖြစ်၏။ ဤအလုပ်မှာ စေတနာရှေ့ထား လုပ်ကိုင်မှုနှင့် တိုက်ရိုက် ပတ်သက်နေသည်။ ပြီးပြီးရော ဖြစ်ကတတ်ဆန်းလုပ်သည့် အလုပ်မှန်သမျှ၊ မိမိလုပ်ငန်းအပေါ် စေတနာထား မလုပ်သရွေ့ ကာလ ပတ်လုံး မည်သည့်နည်းနှင့်မှ ကောင်းမွန်မှန်ကန်သော၊ အမှားအယွင်းကင်းသော၊ အရည်အသွေးပြည့်ဝသော အလုပ်တစ်ခု ဖြစ်လာနိုင်စရာ မရှိပါ။

အဖိုးအခကိုလည်း တစ်နိုင်ငံလုံး တပြေးညီဖြစ်အောင် သက်ဆိုင်ရာအဖွဲ့အစည်းက သတ်မှတ်ပေးထားသင့်ပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်ရေးလုပ်ငန်းများအတွက် ထုတ်ပြန်ထားသည့် လုပ်အားခဈေးနှုန်းများကို တွေ့မိပါသည်။ လျှပ်စစ်ဌာနကလည်း ထိုအတိုင်း ထုတ်ပြန်နိုင်ပါသည်။ ဈေးနှုန်းမတည်ငြိမ်သဖြင့် ထိုဈေးနှုန်းကို နှစ်စဉ်ပြန်လည် သုံးသပ်ကာ ထုတ်ပြန်ရပါမည်။ Quotation တင်သည့်အခါ ထိုဈေးနှုန်းများအတိုင်းသာ တင်ရပါမည်။

ထိုမီးလိုင်းကို ဆင်ဘို့ရာ ထိုက်တန်သည့်အဖိုးအခယူထားသည့်ဖြစ်၍ ထိုယူထားသည့်အဖိုးအခအားလျော်စွာ ထိုက်ထိုက်တန်တန် ပြန်လုပ်ပေးပါ။ ကိုယ်ဆင်ပေးလိုက်သည့် မီးလိုင်းကို ပြည်သူအများ ယုံယုံကြည်ကြည် စိတ်ချလက်ချ သုံးစွဲနိုင်ကြပါစေ။ ကိုယ်လုပ်လိုက်သည့် ကိစ္စတစ်ခုကြောင့် သူတစ်ပါးစိတ်ညစ်နေရသည်ဆိုလျှင် ထိုအလုပ်ကို ကောင်းသည့်အလုပ်ဟု မည်သည့် သူတော်ကောင်းမှ ချီးမွမ်းမည် မဟုတ်ပါ။ ထို့ထက် ကိုယ်ဆင်ပေးသည့် မီးလိုင်းကြောင့် တစ်စုံတစ်ဦး ဓာတ်လိုက်သေရသည် ဆိုလျှင် မိမိတွင် တာဝန်မကင်းပါ။ မိမိအတွက် အခြားသူတစ်ပါး အသက်ဆုံးရှုံးရခြင်းကို အလိုမရှိပါနှင့်။

(၅) တပ်ဆင်ထားသည့် မီးလိုင်းများ၏ အရည်အသွေး၊ စံချိန်မီမှု

တပ်ဆင်ထားသည့် မီးလိုင်း၊ ရေပိုက်လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်း အစရှိသည်တို့၏ အရည်အသွေးကို ထိန်းချုပ်ရန်လည်း အရေးကြီး လှ၏။ ထိုအရည်အသွေးများအတွက် အရေးကြီးဆုံးတစ်ခုကို ပြပါဆိုလျှင် စံချိန်စံညွှန်းကို ပြရပါမည်။

ဤမီးလိုင်းကို မည်သည့်စံချိန်စံညွှန်းအရ မည်ကဲ့သို့ဆင်ရမည် ဆိုသည့်လမ်းညွှန်ချက်မရှိဘဲ မည်ကဲ့သို့ စနစ်ကျသော၊ အရည်အသွေးမီသော၊ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ပါသည်ဟု ယုံကြည်စိတ်ချရသော မီးလိုင်းတစ်ခု ဖြစ်လာနိုင်ပါမည်နည်း။

မြန်မာနိုင်ငံတွင် မီးဆင်ခြင်းအတွက် စံချိန်စံညွှန်းရှိ၊ မရှိ ကျွန်တော်မသိပါ။ အကယ်၍ မြန်မာနိုင်ငံတွင်မရှိလျှင် အခြား ဖွံ့ဖြိုးပြီး နိုင်ငံများမှ စံချိန်စံညွှန်းများကို ကိုးကားနိုင်ပါသည်။ စင်ကာပူတွင် အဆောက်အဦမီးဆင်ခြင်းအတွက် စံချိန်စံညွှန်းမှာ CP5 ဖြစ်၏။ ယာယီမီးသွယ်တန်းခြင်းအတွက် (ဥပမာ - ဆောက်လုပ်ရေးလုပ်ငန်းများတွင် မီးသွယ်တန်းခြင်း) စံချိန်စံညွှန်းမှာ CP88 ဖြစ်ပါသည်။

မီးဆင်မည့်လုပ်သားများသည် ထိုစံချိန်စံညွှန်းများကို ကောင်းစွာ တတ်ကျွမ်းနားလည်နေရမည်။ ထိုစံချိန်စံညွှန်းများကို နားမလည် ပါဘဲလျက် အရည်အသွေးပြည့်မီသော မီးလိုင်းတစ်ခုကို မည်ကဲ့သို့ ဆင်ပါမည်နည်း။

ဆိုးသည်မှာ လုပ်သားများအား ခိုင်းသာခိုင်းလိုက်ပြီး သူတို့လုပ်ပုံလုပ်နည်းများ မှန်မမှန်၊ သုံးနေသည့် ပစ္စည်းများ မှန်မမှန်၊ အသုံးပြုသည့် လက်သုံးကိရိယာများသည် သင့်တော်သည့်ပစ္စည်းများ ဟုတ်မဟုတ်၊ လုပ်ငန်းအရည်အသွေး ပြည့်မီ မပြည့်မီ အစရှိသည်တို့ကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ စောင့်ကြည့်အကဲခတ်ခြင်းတို့ မရှိခြင်း ဖြစ်၏။

ဤသည်မှာ မိမိလုပ်သည့်အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးမည် ဟူသော စိတ်စေတနာနှင့် တာဝန်ယူမှု ကင်းမဲ့ခြင်းတို့ ဖြစ်၏။ အလုပ်ကို မည်ကာမတ္တမျှသာ လုပ်ခြင်း၊ အလုပ်ပြီးဘို့သာ လောဆော်ပြီး အရည်အသွေး ပြည့်မှု၊ မပြည့်မှုကို ဂရုမစိုက်ခြင်း၊ ကုန်ကျစရိတ်သက်သာစေရန် အရည်အသွေးညံ့ဖျင်းသော ပစ္စည်းများကို သုံးခြင်း၊ လုပ်ခသက်သာသော မကျွမ်းကျင်လုပ်သားများ ကို ခိုင်းခြင်း၊ အရည်အသွေးထိန်းသိမ်းမှုကို လုံးဝဂရုမပြုခြင်း စသည်တို့ ပါသည်။

ဤသည်တို့အတွက်လည်း အစိုးရက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများဖြင့် ကြပ်ကြပ်မတ်မတ်လုပ်သည် ဟုလည်း မကြားမိပါ။ လုပ်ငန်းအတွက် စံချိန်စံညွှန်းဆိုတာလည်း လူတွေသုံးသည်ဟု မကြားမိဖူးပါ။ လုပ်ငန်းများ၏ အရည်အသွေး ကောင်းမကောင်းကို ကြီးကြပ်စစ်ဆေးသည်ဟုလည်း ရွှေမြန်မာပြည်ကြီးတွင် တစ်ခါကလေးမှ မကြားမိဖူးပါ။ လုပ်ရကောင်းမှန်း လည်းမသိပါ။ သိအောင်လည်း မကြိုးစားပါ။

ဤနေရာတွင် ကျွန်ုပ်ဆိုလိုသော ကြီးကြပ်စစ်ဆေးခြင်းဆိုသည်မှာ လုပ်ငန်းပြီးတော့မှ နောက်ကထီးတော်မိုးနှင့် ခါးကိုလက်နှင့် ထောက်ကာ ဟိုလက်ညှိုးထိုး၊ သည်လက်ညှိုးထိုး လုပ်သည့် မလိုအပ်သည်များကို ညွှန်ကြားသည့် အလုပ်မျိုးကိုဆိုလိုခြင်း မဟုတ်ပါ။ ဤကဲ့သို့ လုပ်ခြင်းမှာ ကြီးကြပ်စစ်ဆေးခြင်း မဟုတ်ဘဲ မယောင်ရာဆီလူးခြင်း၊ အာပလာလုပ်ခြင်း၊ နှမ်းဖြူးခြင်းမျှသာ ဖြစ်ပါသည်။

လုပ်ငန်းတစ်ခု အရည်အသွေးပြည့်မီဘို့ရာမှာ အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် လုပ်နေရန်လို၏။ ဤကဲ့သို့ စစ်ဆေးနိုင်ရန် စစ်ဆေးရေးအရာရှိများကိုလည်း မွေးထုတ်ပေးရန် လိုပါသည်။ စစ်ဆေးရေးအရာရှိ ဆိုသူများကလည်း ဆိုဒ်ထဲကိုမျှ မရောက်ဖူးပါဘဲလျှက် လက်မှတ်တစ်ခုကို ဘယ်လောက် ဆိုကာ လက်မှတ်များတွင်တွင်ထိုးပြီး လုပ်မစားရန်လည်း လိုပါသည်။ ဤသည်မှာလည်း မိမိအလုပ်ကို မိမိတာဝန်ယူမှုပင်ဖြစ်သည်။

စစ်ဆေးသူသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ညီမညီကို စဉ်ဆက်မပြတ် စစ်ဆေးနေရန်လိုသည်။ အရည်အသွေး စစ်ဆေးခြင်းမှာလည်း စနစ်ကျသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်၏။ စစ်ဆေးရာတွင် လုပ်ငန်းမစမီကတည်းက လုပ်ငန်းအတွက် ပုံများ (drawigs) များကို စစ်ရသည်။ မည်သည့်ပစ္စည်းများ သုံးမည်။ သုံးမည့်ပစ္စည်းများသည် စံချိန်မီ ပစ္စည်းများ ဟုတ်မဟုတ်။ မီးဆင်မည့်လုပ်သားများသည် ကျွမ်းကျင်လုပ်သားများ ဟုတ်မဟုတ်။ ကြီးကြပ်သူသည် အရည်အသွေးပြည့်သော ကြီးကြပ်သူ ဟုတ်၊ မဟုတ်။ အသုံးပြုမည့် ကိရိယာများသည် မှန်ကန် ကောင်းမွန်ခြင်း ရှိမရှိ အစရှိသဖြင့် အားလုံးကို စစ်ရသည်။

လုပ်ငန်း၌ လုပ်ငန်းစစ်ရန်အတွက် ပထမဦးစွာ အရည်အသွေးပြည့် လုပ်ငန်းစစ်များ (Qualified Quality Control Officer) ခန့်ထားရမည်။ ဒုတိယ - အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းစဉ် (Procedure of Quality Control) ရှိရမည်။ ထိုလုပ်ငန်းစဉ်ထဲ၌ အရည်အသွေးစစ်ဆေးရာတွင် မည်သည့် စံချိန်စံညွှန်းများ (Standards and Code of Practices) ကို လိုက်နာရမည်ဆိုတာ ထည့်သွင်းဖော်ပြထားရမည်။ တတိယ - ထိုအရည်အသွေးစစ်ဆေးခြင်းများသည် အမှန်တကယ် လုပ်ထားတာ ဟုတ်မဟုတ် လုပ်ငန်းစစ် (Audit) လုပ်ရမည်။

အရည်အသွေးစစ်ဆေးရာတွင် စစ်ဆေးချက်မှတ်တမ်းများမှာ အသက်ဖြစ်၏။ ဤနေရာတွင်လည်း လုပ်ငန်းစစ်ဆေးရေး အရာရှိက လုပ်ငန်းခွင်အတွင်း မသွားဘဲ စာရွက်စာတမ်းများကို ဖြည့်စွက်လက်မှတ်ထိုးနေရုံမျှဖြင့် အရည်အသွေးပြည့်သော လုပ်ငန်းတစ်ခုကို မရနိုင်ပါ။

အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းမှာ အလွန်တာဝန်ကြီးပါသည်။ အရည်အသွေးစစ်ဆေးသူသည် လူ၊ ပစ္စည်း၊ တပ်ဆင်ပုံ တပ်ဆင်နည်း အားလုံးကို စစ်ရသည်။ ထိုအထဲတွင် အောက်ပါတို့ ပါဝင်၏။ (အားလုံးမဟုတ်ပါ။ သည့်ထက်ပိုနိုင်ပါသည်။)
v တပ်ဆင်မည့်ပုံ (Drawings) များသည် သက်ဆိုင်ရာဌာန သို့မဟုတ် အင်ဂျင်နီယာက အတည်ပြုထားသည့် ပုံ ဟုတ်မဟုတ်၊ နောက်ဆုံးထုတ်ထားသည့် ပုံ (Latest Revision) ဟုတ် မဟုတ်။
v လုပ်ငန်းခွင်သို့ရောက်လာသည့် ပစ္စည်းများသည် သတ်မှတ်ထားသည့် ပစ္စည်းများဟုတ်မဟုတ်၊ အပြစ်အနာအဆာပါမပါ၊ အတိုင်း အတာ၊ အရေအတွက် ပြည့်မပြည့် စသည်။
v အလုပ်သမားများသည် တကယ်တတ်ကျွမ်းသည့် လက်မှတ်ရ အလုပ်သမားများဟုတ်မဟုတ်။
v ကြီးကြပ်သူသည် အရည်အချင်းပြည့်မီသည့် ကြီးကြပ်သူ ဟုတ်မဟုတ်။
v အလုပ်သမားများသည် အတည်ပြုထားသည့် တပ်ဆင်ပုံတပ်ဆင်နည်းများကို အသုံးပြုမပြု။
v အလုပ်သမားများ အသုံးပြုသည့် လက်နက်ကိရိယာများသည် သင့်တော်သည့် လက်နက်ကိရိယာများ ဟုတ်မဟုတ်။
v တပ်ဆင်ထားသည့် မီးလိုင်းများသည် ပုံ (drawing) တွင်ပြထားသည်နှင့် ကိုက်ညီမညီ။ မှန်မမှန်။
v မီးလိုင်းတွင် အသုံးပြု/တပ်ဆင်ထားသည့် ပစ္စည်းများသည် အတည်ပြုထားသည့် ပစ္စည်းများ ဟုတ်မဟုတ်။
v မီးလိုင်းတပ်ဆင်ထားသော လက်ရာသေသပ်မှု ရှိမရှိ။
v မီးလိုင်းတပ်ဆင်ပြီးတိုင်း ထိုမီးလိုင်းသည် ကောင်းကောင်းအလုပ် လုပ်/မလုပ်၊ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ခြင်းရှိမရှိ စမ်းသပ် စစ်ဆေးခြင်း လုပ်/မလုပ်။
v မီးဆင်ခြင်းလုပ်ငန်းမှတ်တမ်းများ၊ စစ်ဆေးခြင်းမှတ်တမ်းများ ရှိမရှိ။

လုပ်ငန်းအားလုံး ပြီးစီးသွားပြီးဆိုလျှင် ပိုင်ရှင်လက်သို့ အပ်ရပါမည်။ ထိုသို့အပ်နှံရာတွင် တပ်ဆင်ထားသည့် နောက်ဆုံးထုတ်ပုံများ (As Build Drawings) နှင့်တကွ လုပ်ကိုင်ထားသည့် စာရွက်စာတမ်း၊ မှတ်တမ်းအားလုံးကို ပိုင်ရှင်သို့ ပေးအပ်ရမည်။ ထိုအထဲတွင် အရေးကြီးသည့် စာရွက်စာတမ်းတစ်ခုမှာ အရည်အသွေးစစ်မှတ်တမ်း ITR (Inspection and Test Report) ဖြစ်၏။

(၆) စီမံကိန်း လိုအပ်ချက်အသေးစိတ် (Project specification)

မည်သည့်စီမံကိန်းမဆို ထိုစီမံကိန်းလုပ်ရန် အသေးစိတ်ပြဋ္ဌာန်းချက် (Project specification) ရှိရသည်။ ထိုအသေးစိတ် ပြဋ္ဌာန်းချက်၌ ယေဘူယျအားဖြင့် အောက်ပါတို့ ပါဝင်၏။

နည်းပညာနှင့် မဆိုင်သည့် လိုအပ်ချက်များ (Non-technical)
Ø  လုပ်ငန်းနယ်ပယ် (Scope of Work)
Ø  ပစ္စည်းများကို လုပ်ငန်းခွင်အတွင်း ပို့ဆောင်မှု (Delivery of Materials)
Ø  ပစ္စည်း နမူနာများ (Samples)
Ø  ဝပ်ရှော့တွင်ဆင်ရမည့် ပုံများ (Shop Drawings)
Ø  လုပ်ငန်းခွင်အတွင်း၌ ဆင်ရမည့် ပုံများ (Field Drawings)
Ø  အလုပ်လုပ်ကိုင်ရန် ခွင့်ပြုမိန့်များ (Permits)
Ø  အရည်အသွေး အာမခံချက် (Guarantees, Warranties)
Ø  ရှင်းလင်းချက် (Clearing)
Ø  လုပ်ငန်းနှင့်ပတ်သက်သည့် အခြေအနေများ (Job Conditions)

နည်းပညာဆိုင်ရာ လိုအပ်ချက်များ (Technical)
Ø  အသုံးပြုမည့်ပစ္စည်းများ (Materials)
Ø  တပ်ဆင်ခြင်းလုပ်ငန်းများ (Fabrication)
Ø  လက်ရာကောင်းမှု (Workmanship)
Ø  စမ်းသပ်စစ်ဆေးခြင်း (Tests)
Ø  လုပ်ငန်းလုပ်ကိုင်မည့် အသေးစိတ် အချိန်ဇယား (Schedules)
Ø  လုပ်ငန်းပြင်ဆင်မှု (Preparation)

Project specification မှာ အလွန်အသေးစိတ်၊ များပြားလှသည်ဖြစ်ရာ ဤနေရာတွင် အပြည့်အစုံဖြော်ပဘို့ရာ မဖြစ်နိုင်ပါ။ အထက်ဖော်ပြပါခေါင်းစဉ်များကို မိမိလိုအပ်သလို အသေးစိတ် ဖော်ပြရသည်။


(၇) အိမ်တွင်းလျှပ်စစ် အန္တရာယ်ကင်းရှင်းရေး

အိမ်သုံးမီးလိုင်းများတွင် ဓာတ်လိုက်ခြင်းမှ ကာကွယ်ရန် အောက်ပါတို့ လုပ်ထားသင့်ပါသည်။
Ø  မီးလိုင်းကို မြေစိုက်ကြိုးပါသည့်မီးကြိုး (နီ၊ ပြာ၊ စိမ်း/ဝါသုံးကြိုး) ကိုသုံးပါ။
Ø  မီးခလုတ်၊ ပလပ်တိုင်း မြေစိုက်ကြိုးချထားပါစေ။
Ø  သတ္တုကိုယ်ထည်ရှိသော အိမ်သုံးလျှပ်စစ်ပစ္စည်းအားလုံးတွင် မြေစိုက်ကြိုးပါရမည်။
Ø  အိမ်/တိုက်များမှ မြေစိုက်ကြိုးကို စနစ်တကျ မှန်မှန်ကန်ကန် ချထားရန်လိုပါသည်။
Ø  သွယ်တန်းမည့်မီးကြိုး၊ မီးခလုတ်၊ ပလပ်ပေါက်များသည် သုံးမည့် ပါဝါနှင့် ကိုက်ညီသည့် မီးကြိုးအရွယ် ဖြစ်ရမည်။
Ø  မိန်းခလုတ်တွင် ဖျူ့စ် (Fuse) မသုံးပါနှင့်။ ဘရိတ်ကာ (MCB, ELCB, RCCB, RCBO, GFCI စသည်) တပ်ပါ။ RCBO သည် အသင့်လျော်ဆုံး breaker ဖြစ်သည်။

MCB - Miniature Circuit Breaker
RCCB - Residual Current Circuit Breaker
RCBO - Residual Current Circuit Breaker with Overcurrent Protection
GFCI - Ground-FAult Circuit Interrupter



Ø  ပလပ်ပေါက်များ (sockets) ကို အလိုအလျောက်ပိတ်သည့် (Normally closed) ပလပ်ပေါက် (3 pin sockets) များသာ သုံးပါ။ ထိုပလပ်ပေါက်များသည် Earth pin ထိုးလိုက်မှ ပွင့်လာသည့် ပလပ်ပေါက်များဖြစ်သည်။
Ø  ယာယီမီးကြိုးများကို ပူသည့်မျက်နှာပြင်များပေါ်မှနေ၍ မသွယ်တန်းရ။
Ø  ယာယီမီးကြိုးများကို တံခါးရွက်များအကြားမှနေ၍ မသွယ်တန်းရ။
Ø  ယာယီမီးကြိုးများသွယ်တန်းလျှင် ကြမ်းပြင်ပေါ်ချ မသွယ်တန်းပါနှင့်။ ခေါင်းနှင့်လွတ်အောင် (၂ မီတာအမြင့်မှ) သွယ်တန်းရမည်။
Ø  ကလေးများကို မီးကြိုး၊ လျှပ်စစ်ပစ္စည်းများနှင့် မကစားပါစေနှင့်။
Ø  အပေါစား၊ အညံ့စားလျှပ်စစ်ပစ္စည်းများ မသုံးပါနှင့်။ အရည်အသွေးပြည့်ပစ္စည်းများသာ သုံးပါ။
Ø  လျှပ်စစ်ပစ္စည်းတစ်ခုခု ဓာတ်လိုက်နေပြီဆိုပါက အမြန်ပြင်ပါ။ အရဲကိုး မသုံးပါနှင့်။
Ø  မီးကြိုးများသွယ်တန်းခြင်း၊ လျှပ်စစ်ပစ္စည်းများပြင်ဆင်ခြင်းကို တကယ် တတ်ကျွမ်းသူကိုသာ ခိုင်းပါ။ တတ်ယောင်ကားများကို လုံးဝ မခိုင်းပါနှင့်။
Ø  မတတ်ကျွမ်းဘဲနှင့် လျှပ်စစ်ပစ္စည်းများပြင်ဆင်ခြင်း၊ မီးကြိုးသွယ်တန်းခြင်းများ လုံးဝ မပြုလုပ်ရ။
Ø  ပလပ်ပေါက်တစ်ခုတည်း၌ ပလပ်များစုပြုံထိုးသုံးခြင်းကို ရှောင်ပါ။
Ø  ရေစိုနေသောလက်ဖြင့် မီးခလုတ် ဖွင့်/ပိတ်ခြင်း မပြုရ။
Ø  မီးခလုတ်ကို မပိတ်ဘဲ ပလပ်ကို ဆွဲချွတ်ခြင်း၊ ပလပ်တပ်ခြင်း မပြုရ။
Ø  ပလပ်ကို ချွတ်သည့်အခါ ကြိုးမှ ဆွဲမချွတ်ရ။ ခေါင်းမှကိုင်ချွတ်ပါ။
Ø  လျှပ်စစ်ပစ္စည်းများကို သယ်သည့်အခါ ကြိုးမှ တန်းလန်းဆွဲ မသယ်ရ။ ပစ္စည်းကိုယ်ထည်ကို ကိုင်တွယ်ပြီး သယ်ပါ။
Ø  စိုစွတ်နေသောနေရာများ၌ လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
Ø  လျှပ်စစ်ပစ္စည်းများအသုံးပြုနေစဉ် ဝါယာကြိုးပူလာပြီဆိုလျှင် ရပ်လိုက်ပါ။ ဝါယာကြိုးသည် မနိုင်ဝန်ထမ်းနေရပြီဖြစ်သဖြင့် အပူလွန်ကဲကာ မီးလောင်နိုင်ပါသည်။ ပိုကြီးသော ဝါယာကြိုးဖြင့် ပြောင်းသုံးပါ။
Ø  လျှပ်စစ်သုံးပစ္စည်းများ (ဥပမာ - မီးပူ) ကို သယ်ရာတွင် ကြိုးမှတန်းလန်းဆွဲ မသယ်ရ။ ကြိုးအဆက်များ ပြုတ်ထွက်ကုန် တတ်သည်။ ကိုယ်ထည် (သို့မဟုတ်) လက်ကိုင်မှသာ ကိုင်တွယ်သယ်ယူပါ။
Ø  သင့်တော်သည့် ပလပ်ခေါင်းမသုံးဘဲ ဓာတ်ကြိုးကို အကာခွာပြီး ကြေးကြိုးအတိုင်း အပေါက်ထဲထည့်သုံးခြင်းကို အထူး ရှောင်ကြဉ်ပါ။
Ø  သင့်တော်သည့်ဆက်နည်းမသုံးဘဲ ဓာတ်ကြိုးများအတွင်း ပင်အပ်နှင့်ထိုးသွင်းကာ အခြားတစ်လိုင်းခွဲသုံးခြင်း လုံးဝ မလုပ်ပါနှင့်။
Ø  လမ်းမီးကြိုးပေါ်တွင် သံချိတ်ကိုချိတ်ကာ မီးသွယ်ခြင်းမျိုး လုံးဝမလုပ်ပါနှင့်။
Ø  ပေါက်ပြဲနေသည့် ဓာတ်ကြိုးများကို မသုံးပါနှင့်။ အကောင်းနှင့်ချက်ချင်းလဲပါ။
Ø   

(၈) လျှပ်စစ်အန္တရာယ်
Ref: Electrical Safety (Safety and Health for Electrical Trades) - Student Manual, CDC, NIOSH

လျှပ်စစ်အန္တရာယ် သုံးမျိုးရှိ၏။

၁။ ဓာတ်လိုက်သေခြင်း (သို့) အပြင်းအထန်ဒဏ်ရာရခြင်း (Electrocution)
၂။ ဓာတ်လိုက်ခြင်း (Electric shock)
၃။ မီးလောင်ခြင်း (Electrical fire)

နံပါတ် (၁) နှင့် (၂) မှာ အတူတူပင်ဖြစ်၍ ဒဏ်ရာအနည်းအများသာ ကွာပါသည်။

ဓာတ်လိုက်ခြင်းကို အလွယ်ပြောရလျှင် လူ့ကိုယ်ခန္ဓာအတွင်း လျှပ်စစ်ဖြတ်စီးသွားခြင်းပင် ဖြစ်၏။ ဓာတ်လိုက်ခြင်းပုံစံမျိုးစုံရှိနိုင် ပါသည်။ လျှပ်ကာမရှိသော၊ ပေါက်ပြဲနေသည့် ဓာတ်ကြိုးကိုကိုင်မိခြင်း၊ ဓာတ်လိုက်နေသည့် လျှပ်စစ်ပစ္စည်းကို ကိုင်မိခြင်း၊ လျှပ်စီး နေသည့် ရေအိုင်အတွင်း ဖြတ်မိခြင်း၊ ဓာတ်လိုက်နေသူကို သွားဆွဲမိခြင်း စသည်တို့ဖြစ်၏။

ဓာတ်လိုက်လျှင် သေမည်လား၊ အပြင်းအထန်ဒဏ်ရာရမည်လား။ သာမန် ထုံကျင်သွားရုံပဲလား စသည်တို့မှာ ဓာတ်လိုက်နေသည့် အခြေအနေပေါ် မူတည်ပါသည်။ အကျဉ်းရုံးပြောရလျှင် ဓာတ်လိုက်မှုကို မည်မျှပြင်းပြင်းထန်ထန်ခံစားရနိုင်သည် ဆိုသည်မှာ အောက်ပါ အခြေအနေသုံးရပ်ပေါ် မူတည်၏။

၁။ လူ့ခန္ဓာကိုယ်အတွင်း ဖြတ်စီးသွားသည့် လျှပ်စီး (current - ampere) ပမာဏ
၂။ မည်မျှကြာကြာ ဓာတ်လိုက်ခြင်းဒဏ်ကို ခံရသည်။
၃။ ခန္ဓာကိုယ်အတွင်း လျှပ်စီးဖြတ်စီးသွားရာလမ်းကြောင်း

၁ အမ်ပီယာ၏ ဆယ်ပုံတစ်ပုံသည်ပင်လျှင် ခန္ဓာကိုယ်အတွင်း ၂ စက္ကန့်မျှ ဖြတ်သွားပါက သေနိုင်သည်။ အရွယ်ရောက်ပြီး ယောက်ျားကြီးတစ်ယောက်သည် ၁၀ မီလီအမ်ပီယာထက်နည်းသော လျှပ်စီးဒဏ်ကို ခံနိုင်သည်။ ၁၀ မီလီအမ်ပီယာထက် များပါက ကြွက်သားများ လှုပ်မရတော့။ ပစ္စည်းတစ်ခုကို ဆုပ်ထားမိက ဆက်လက် ဆုပ်ထားလိမ့်မည်။ ထိုအရာကို လက်လွှတ်ဘို့ ရာ မလွယ်တော့။ ထိုကဲ့သို့ဆုပ်မိခြင်းသည် သာမန်ဆုပ်ထားခြင်းထက် အဆပေါင်းများစွာ တင်းတင်းကျပ်ကျပ် ဆုပ်သည်။ ထို့ကြောင့် လျှပ်စစ်ကို ကိုယ်ခန္ဓာအတွင်း ပိုမိုရောက်စေသည်။ ထို့ကြောင့်ပင် အသက်ဆုံးရှုံးရခြင်း ဖြစ်၏။

၄၉ ဗို့အားမှရသည့် လျှပ်စီးသည်ပင် အသက်ရှုခြင်းကို ရပ်တန့်စေနိုင်သည်။ အသက်ရှူရပ်တန့်စေနိုင်သည့် လျှပ်စီးမှာ ၃၀ မီလီ အမ်ပီယာခန့်ဖြစ်ပါသည်။

လျှပ်စီးပမာဏအလိုက် လူခန္ဓာကိုယ်အပေါ်ထိခိုက်နိုင်ချေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။





လျှပ်စီးမျှသာမကသေး။ ဗို့အားများလျှင်လည်း ခန္ဓာကိုယ်ပေါ် သက်ရောက်နိုင်ပါသေးသည်။ ဥပမာ - ဗို့အား ၆၀၀ (၄ အမ်ပီယာ ခန့်လောက်တွင်) လူခန္ဓာကိုယ်အတွင်း လျှပ်စစ်ဖြတ်စီးသွားပါက နှလုံးကဲ့သို့သော အတွင်းကလီစာများ ပျက်စီးနိုင်ပါသည်။ ဗို့အားမြင့်လျှင် ခန္ဓာကိုယ်ပေါ်၌ မီးလောင်ဒဏ်ရာများရနိုင်သည်။

လူခန္ဓာကိုယ်အရေပြားသည် ခြောက်သွေ့နေလျှင် ခုခံအား ၁၀၀ ၀၀၀ အုမ်း ခန့်ရှိသော်လည်း စိုစွတ်နေပါက ၁၀၀၀ အုမ်းထိ ကျသွားပါသည်။ ထို့ကြောင့် စွတ်စိုနေသည့် နေရာတွင် အလုပ်လုပ်ပါက ဓာတ်လိုက်နိုင်ခြေပိုများခြင်း ဖြစ်၏။

ဓာတ်လိုက်ခြင်းတွင် ခန္ဓာကိုယ်၏ မည်သည့်နေရာမှ လျှပ်စစ်ဖြစ်စီးသွားသည် ဆိုသည်မှာလည်း အရေးကြီးပါသည်။ အကယ်၍ လျှပ်စစ်သည် လူ့နှလုံးကို ဖြတ်စီးသွားပါက သေနိုင်သည်။





မြန်မာနိုင်ငံ၌ လောင်သောမီးတော်တော်များများမှာ လျှပ်စစ်ကြောင့်ဖြစ်သည်ဟု သတင်းများတွင် ဖတ်ရပါသည်။
မီးလောင်ခြင်းသည် ကြီးများသည့် ဆုံးရှုံးမှုကို ဖြစ်စေရာ လျှပ်စစ်ကြောင့်လောင်သောမီးများကို လျှော့ချဘို့ရာ အလွန်အရေးကြီး၏။ လျှပ်စစ်ကြောင့်မီးလောင်ခြင်းတွင် ဝါယာရှော့ဖြစ်ခြင်း၊ မီးခလုတ်ခုံများ အပူလွန်ကဲခြင်း၊ မီးကြိုးများ အပူလွန်ကဲခြင်း စသည်တို့ ပါသည်။

မီးကြိုးများကို စနစ်တကျသွယ်တန်းလျှင် မီးလောင်မှုများကို များစွာလျှော့ချနိုင်မည်။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ မည်သည့် အဆောက်အအုံတွင်မဆို မီးကြိုးများကို သတ်မှတ်ထားသော စံနှုန်းများအတိုင်း စနစ်တကျ သွယ်တန်းရမည်။ ဤကိစ္စမှာ အစိုးရ က ဂရုတစိုက် ကြပ်ကြပ်မတ်မတ် လုပ်ပေးရန်လို၏။

နေအိမ်အဆောက်အဦများကို လူနေခွင့်ချမပေးမီ၊ ကျောင်း၊ ဆေးရုံ၊ ဟော်တယ်၊ စူပါမားကက်များကို စတင်လည်ပတ်ခွင့်မပြုမီ၊  လိုအပ်သည့်စစ်ဆေးမှု (မီးလိုင်း၊ ရေလိုင်း၊ အရေးပေါ်ထွက်ပေါက် စသည်) အားလုံးကို ကျကျနန မှန်မှန်ကန်ကန် ပြုလုပ်ရသည်။ အားလုံး မှန်ကန် ကောင်းမွန်ပြိဆိုမှ အသုံးပြုခွင့်လက်မှတ်ထုတ်ပေးရမည်။

အမည်ခံစစ်ဆေးခြင်းနှင့် မစစ်ဆေးခြင်းသည် အတူတူပဲဖြစ်သည် ဆိုတာကိုလည်း သတိရစေချင်ပါသည်။ လူအများ၏ အသက် အိုးအိမ်စည်းစိမ်များကို တန်ဘိုးထားတတ်သူများဖြစ်လျှင် အမည်ခံစစ်ဆေးခြင်းကို လုပ်လိမ့်မည် မဟုတ်ပါ။

မီးလောင်သည့်အခါ မီးသတ်ရန် မီးသတ်ဆေးဘူးများ အိမ်တိုင်းတွင် ဆောင်ထားသင့်ပါသည်။ မီးချိတ်၊ မီးကပ်၊ မဖြစ်စလောက် ရေဘူးကလေးများသည် မီးသတ်ခြင်းကို မည်သည့်နည်းနှင့်မှ အထောက်အကူမပြုပါ။ တစ်အိမ်တွင် မီးသတ်ဆေးဘူးတစ်ဘူးကျ ဆောင်ထားလျှင် တန်ဘိုးကြီးသော ပစ္စည်းဆုံးရှုံးခြင်းများကို ကာကွယ်နိုင်ပါသည်။ မီးသတ်ဆေးဘူး အမျိုးအစားမှာ မီးအမျိုးအစား A, B နှင့် C တို့ကို သတ်နိုင်သော ABC type ဖြစ်ရပါမည်။

မီးအမျိုးအစား A ဆိုသည်မှာ စက္ကူ၊ အဝတ်စတို့ကိုလောင်သောမီး။ မီးအမျိုးအစား B ဆိုသည်မှာ ဓာတ်ငွေ့၊ လောင်စာဆီတို့ကို လောင်သောမီး၊ မီးအမျိုးအစား C ဆိုသည်မှာ လျှပ်စစ်ကြောင့် လောင်သောမီး ဖြစ်၏။

(၉) ဓာတ်လိုက်လျှင်

Ø  မီးခလုတ်ကို အရင်ဆုံး ပြေးပိတ်ပါ။ (မီးခလုတ်မပိတ်ဘဲ ဓာတ်လိုက်နေသူကို သွားမဆွဲရ။ မိမိကိုပါ ဓာတ်လိုက်နိုင်သည်။)
Ø  မီးပိတ်ရန် မလွယ်ကူပါက သို့မဟုတ် မီးခလုတ်ရှာမတွေ့ပါက  လျှပ်စစ်မစီးနိုင်သည့် သစ်သားချောင်း အခြောက်၊ ပလတ်စတစ်စ၊ ရာဘာပြား စသည်တို့ကိုရှာ၍ ဓာတ်လိုက်နေသူကို ဓာတ်ကြိုးမှ တွန်းထုတ်ရန် ကြိုးစားပါ။ (အသုံးပြုသည့် ပစ္စည်းများသည် ရေစိုမနေစေရ။)
Ø  အကယ်၍ ဓာတ်လိုက်နေသူသည် ရေထဲတွင် ဖြစ်နေပါက ထိုသူကိုကယ်ရန် ရေထဲသို့ အရဲကိုးပြီး မဆင်းပါနှင့်။ ထိုရေသည်လည်း ဓာတ်လိုက်နေသည့်ရေ ဖြစ်နိုင်ပါသည်။

(၁၀) ဓာတ်လိုက်လူနာကို ပြုစုနည်း

Ø  လျှပ်စစ်စီးနေသည့်ဓာတ်ကြိုးမှ ဝေးရာနေရာသို့ သယ်သွားပါ။
Ø  အသက်ရ၍လမ်းကြောင်း ပွင့်လာစေရန် လူနာကိုပက်လက်လှန်၊ မေးစေ့ကိုပင့်ပြီး ခေါင်းကိုမော့ပေးထားပါ။
Ø  လိုအပ်လျှင် (အသက်မရှူတော့လျှင်) CPR လုပ်ပေးပါ။
Ø  ထို့နောက် ဆေးရုံကို အမြန်ဆုံးပို့ပါ။

(၁၁) CPR (Cardiopulmonary Resuscitation) လုပ်နည်း

စီပီအာ (CPR) ဆိုသည်မှာ ခေတ္တအသက်ရှူရပ်သွားသူကို အသက်ပြန်ရှူလာစေရန် လုပ်ပေးသောနည်း ဖြစ်၏။ ဓာတ်လိုက်လျှင်သော်လည်းကောင်း၊ ဦးခေါင်းကို တစ်ခုခုဖြင့်ထိမှန်သောကြောင့် လည်းကောင်း၊ ရေနစ်လျှင်သော် လည်းကောင်း၊ ပန်းနာရင်ကြပ်ကြောင့် သော်လည်းကောင်း၊ နှလုံးရောဂါကြောင့် သော်လည်းကောင်း၊ အန်ဖတ်ဆို့လျှင်သော် လည်းကောင်း၊ မူးယစ်ဆေး အလွန်အကျွံသုံးခြင်းကြောင့်သော်လည်းကောင်း ဖြစ်တတ်၏။ ဆီးချိုရှိသူများ သွေးထဲ၌သကြားပါဝင်မှု အလွန်အမင်း ကျဆင်းသွားလျှင်လည်း သတိမေ့တတ်ပါသည်။

စီပီအာကို မှန်မှန်ကန်ကန်လုပ်တတ်ပါက အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါသည်။ ထို့ကြောင့် မည်ကဲ့သို့ စီပီအာလုပ်ရမည်ကို ထည့်သွင်းဖော်ပြလိုက်ပါသည်။

ပထမဦးစွာ သတိမေ့နေသောလူနာကို အသာအယာလှုပ်ပြီး ခေါ်ကြည့်ပါ။ မည်သည့်တုံ့ပြန်မှုမှမရလျှင် သတိမေ့နေတာ သေချာပါ သည်။ သတိမေ့နေသောလူနာသည် မိမိပါးစပ်အတွင်းမှ အံဖတ်၊ ချွဲ စသည်တို့ကို ထွေးမထုတ်နိုင်ပါ။ ထိုအံဖတ်၊ ချွဲများသည် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ကာ အသက်ဆုံးရှုံးစေနိုင်ပါသည်။ ထို့ကြောင့် ထိုအံဖတ်၊ ချွဲများကို ရှင်းထုတ်ပေးရန် လိုပါသည်။

စီပီအာလုပ်ရန်အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်၏။

၁။ အသက်ရှူမရှူ စစ်ဆေးကြည့်ပါ။ 
နှာခေါင်းနားတွင် နားနှင့်ကပ်၍နားထောင်ခြင်းဖြင့် အသက်ရှူနေမနေ စမ်းသပ်နိုင်ပါသည်။

၂။ သွေးခုန်နှုန်းစမ်းကြည့်ပါ။
သွေးခုန်နှုန်းကို လူနာ၏လည်ပင်းနံဘေးတွင် စမ်းသပ်နိုင်ပါသည်။ သွေးတိုးနေသည်ကိုစမ်းမိလျှင် အခြေအနေကောင်းပါသည်။ သွေးခုန်နှုန်းကို စမ်းမရပါက စီပီအာလုပ်ရန် အမြန်ဆုံးပြင်ဆင်ပါ။

၃။ လူနာကို ညီညာသော ကြမ်းပြင်၊ မြေမျက်နှာပြင်ပေါ်တွင် ပက်လက်အနေအထားဖြင့် ထားပါ။ လူနာ၏ ကျောရိုးသည် တစ်ဖြောင့်တည်းရှိနေပါစေ။ ဦးခေါင်းနှင့် ဇက်အောက်တွင် အ၀တ်စကိုခေါက်ပြီးခုပေးထားပါ။ ဦးခေါင်းကို နောက်သို့ အနည်းငယ် လှန်ထားပါ။ မေးကိုအောက်သို့ဆွဲချပြီး ပါးစပ်ကိုဟပေးပါ။




၎။ လူနာဘေးတွင် ဒူးထောက်ထိုင်ပါ။ တင်းကျပ်နေသော အင်္ကျီအ၀တ်အစားများကို လျှော့ပေးပါ။ လူနာ၏ လျှာကို ရှေ့သို့ ဆွဲထုတ်ထားပါ။ သို့မဟုတ် ဘေးသို့ကပ်ထားပါ။ လျှာသည် အသက်ရှူပေါက်ကို ပိတ်မနေစေရန် အထူးသတိထားပါ။ ပါးစပ်သည် အပွင့်အနေအထားတွင် အမြဲရှိနေပါစေ။

၅။ လူနာအား အသက်ရှူမရှူ ထပ်မံစမ်းသပ်ပါ။ အသက်ရှူလာသည်ဆိုလျှင် တစောင်းအနေအထားတွင် လှည့်ထားပေးပါ။ ဤ အနေအထားတွင် လူနာ၏ လက်တစ်ဖက်ကို ခေါင်းပေါ်သို့ ဆန့်ထုတ်ထားပါ။ ကျန်လက်တစ်ဖက်ကို ကွေးပြီး ခေါင်းအောက်တွင် ခုပေးထားပါ။ အောက်ဖက်ခြေထောက်ကို ဆန့်ထားပြီး အပေါ်ဘက်ခြေထောက်ကို ၄၅ ဒီဂရီ ကွေးပေးထားပါ။

၆။ အကယ်၍ လူနာသည် သွေးလည်းမခုန်၊ အသက်လည်းမရှူဆိုလျှင် လူနာ၏ နှာခေါင်းကို လက်မလက်ညှိုးတို့ဖြင့် ညှပ်လျှက် ပိတ်ပြီး အသက်ပြင်းပြင်းရှူပါ။ ထို့နောက် လူနာ၏ပါးစပ်ကို မိမိ၏ပါးစပ်ဖြင့် အုပ်စေလျှက် နှစ်စက္ကန့်ကြာမျှ နှစ်ကြိမ် ဖြည်းညင်းစွာ လေမှုတ်သွင်းပါ။ လူနာ၏ရင်ဘတ် ဖောင်းလာမလာစောင့်ကြည့်ပါ။ ပါးစပ်ကို ဟ နေပါစေ။ လျှာကိုလည်း ဘေးကပ်နေပါစေ။ ဤအတိုင်း လူနာ၏ရင်ဘတ် ဖောင်းလာသည်ထိ ဆက်လုပ်ပါ။




၇။ အကယ်၍ လူနာ၏ရင်ဘတ် ဖောင်းလာလျှင် သို့မဟုတ် လူနာကိုယ်တိုင် သူ့ဘာသာသူ အသက်ရှူလာနိုင်လျှင် လူနာကို သွေးခုန်နှုန်းစမ်းကြည့်ပါ။ ထို့နောက် အဆင့် (၅) တွင်ပြထားသည့်အတိုင်း ထားပေးပါ။

၈။ အကယ်၍ လူနာအသက်မရှုသေးလျှင် လူနာ၏ ရင်ညွန့်အထက် လက်နှစ်လုံးအကွာ၌ ညာလက်ဖ၀ါးပေါ်၌ ဘယ်လက်ဖ၀ါး ထပ်တင်ပြီး ဖိလိုက်ကြွလိုက် အကြိမ် ၃၀ လုပ်ပေးပါ။ ထိုသို့ ဖိရာတွင် သင့်လက်များကို ကွေးမသွားပါစေနှင့်။ တတောင်ဆစ်များကို အဖြောင့်ထားပါ။ ပါးစပ်မှ ၁ ရယ်၊ ၂ ရယ်၊ ၃ ရယ် ၊ ၄ ရယ် ၊ ၅။ ၁ ရယ်၊ ၂ ရယ်၊ ၃ ရယ် ၊ ၄ ရယ် ၊ ၁၀။ ၁ ရယ်၊ ၂ ရယ်၊ ၃ ရယ် ၊ ၄ ရယ် ၊ ၁၅။ ၁ ရယ်၊ ၂ ရယ်၊ ၃ ရယ် ၊ ၄ ရယ် ၊ ၂၀။ ၁ ရယ်၊ ၂ ရယ်၊ ၃ ရယ် ၊ ၄ ရယ် ၊ ၂၅။ ၁ ရယ်၊ ၂ ရယ်၊ ၃ ရယ် ၊ ၄ ရယ် ၊ ၃၀။ စသည်ဖြင့် ရေပြီး နှိပ်ပါ။

၉။  ထို့နောက် အဆင့် (၆) အတိုင်း လူနာ၏ ပါးစပ်အတွင်းသို့ နှစ်ကြိမ် လေမှုတ်သွင်းပါ။ ထို့နောက် လူနာ အသက်ရှူလာမလာ ကြည့်ပါ။ အသက်မရှူသေးလျှင် အဆင့် (၆) နှင့် (၈) အတိုင်း ၅ ကြိမ်ခန့် ဆက်တိုက်လုပ်ပေးပါ။

၁၀။ လူနာအသက်ပြန်ရှူလာပြီဆိုလျှင် အဆင့် (၅)တွင် ဖော်ပြထားသည့်အတိုင်း လူနာကို တစောင်းအိပ် ထားပေးပါ။

မှတ်ချက်

၁။ မည်သည့်အခါမှ လူနာကိုပစ်ပြီး ထွက်မသွားပါနှင့်။
၂။ သွေးခုန်နှုန်းစမ်းမိလျှင် ရင်ဘတ်ကို မဖိပါနှင့်။
၃။ မည်သည့်အစားအသောက်မှ လူနာကို မပေးပါနှင့်။
၎။ လူနာ၏ဦးခေါင်းကို ငြိမ်သက်စွာထားပါ။
၅။ လူနာသတိပြန်ရလာစေရန်ရည်ရွယ်ပြီး လူနာ၏မျက်နှာကိုရိုက်ခြင်း၊ ရေဖြင့်လောင်းခြင်း မလုပ်ပါနှင့်။
၆။ လူနာ၏ ဦးခေါင်းအောက်တွင် ခေါင်းအုံးမခုပါနှင့်။ အသက်ရှူလမ်းကြောင်း ပိတ်သွားတတ်သည်။

နိဂုံး

အချုပ်ဆိုရလျှင် လျှပ်စစ်အန္တရာယ်သာမက မည်သည့်နေရာတွင်မဆို အန္တရာယ်ကင်းရှင်းရေးမှာ အလွန်အရေးကြီးပါသည်။ လူတွင် အသက်ထက် တန်ဘိုးရှိတာ ဘာမှမရှိ။ အခြားအရာများကို အစားထိုးလို့ရသည်။ အသက်ကို ဘာနှင့်မှ အစားထိုးလို့မရ။

သို့တိုင်အောင် မြန်မာနိုင်ငံ၌ အသက်များမှာ အလွန်ဈေးပေါနေပေသေးသည်။ လူအများသည်မှ နေ့တဓူဝ သေကျေပျက်စီးနေတာ မြင်နေ၊ ကြားနေကြရသည့်တိုင် အစိုးရအပါအဝင်၊ မည်သူမှ သေသေချာချာ၊ စည်းကမ်းတကျ အရေးတယူလုပ်ကိုင်ဆောင်ရွက် တာ မမြင်ရ၊ မကြားရသေးပါ။ အလွန် ဝမ်းနည်းစရာဖြစ်ပါသည်။

ရေမဆေးကျောက်သမားများ ရာနှင့်ချီကာ အစုလိုက်အပြုံလိုက်သေနေကြသည်။ မကြာခဏသေကြသည်။ ဘယ်သူဘာလုပ်ပါ သနည်း။ ဘယ်သူမှ ဘာမှ မလုပ်ပါ။ သေပြီဆိုတော့မှ ရေမဆေးကျောက်ရှာရှင်း ဘယ်လောက်သေကြသည် ဟု သတင်းထုတ်ပြန် ပေးလိုက်တာ ဖြစ်ပါသည်။

ဖောင်ဝပ်ပြိုကျကာ လူအများသေကျေပျက်စီးနေတာ မြင်နေပါလျက်ကနှင့် ဘယ်သူဘာလုပ်တယ်ဟု ကြားမိပါသနည်း။ ဘယ်သူမှ ဘာမှ မလုပ်ပါ။ ကိုယ့်ခေါင်းကိုယ် မြွေမကိုက်သေးသမျှကာလပတ်လုံး ဘယ်သူမှ တုတ်တုတ်မှ မလှုပ်ပါ။

အရေးကြီးသည်မှာ မိမိလုပ်စရာရှိတာလုပ်ကြဘို့ ဖြစ်ပါသည်။ မယောင်သည့်နေရာကို ဆီလူးခြင်းဖြင့် အချိန်မဖြုန်းကြပါနှင့်ဟု ဤနေရာမှ တိုက်တွန်းလိုက်ရပါသတည်း။

အေးငြိမ်း (လေးမျက်နှာ)
၁၄ စက်တင်ဘာ၊ ၂၀၁၈

No comments: