Friday, August 3, 2018

မြန်မာပြည်ဖြစ် ဖိုးတွမ်တီးများ (မိတ်အင် ဘားမား)

မနေ့က အတန်းထဲတွင် စာတစ်လုံးမှမတတ်သူတစ်ယောက် ပါလာ၏။
နာမည်ရေးခိုင်းတော့ မရေးတတ်ဘူးဟု ဆို၏။ ဘယ်နှစ်တန်းအောင်ခဲ့သလဲ ဆိုတော့ ရိုးရိုးသားသားပင် ကျောင်းမနေခဲ့ဖူးပါ ဟု ပြောသည်။
ကိုင်လာတော့ ရှစ်တန်းအောင်လက်မှတ်။
အောင်မယ် အောင်လက်မှတ်မှ တကယ့်အမှန်အကန်အောင်လက်မှတ် ခင်ဗျ။

ကျောင်းအုပ်ကြီးလက်မှတ်တွေ၊ ကျောင်းတံဆိပ်တွေနဲ့။


သတ်မှတ်ထားသည့် ပညာအရည်အချင်းမရှိသူကို လက်ခံဘို့ရာ မဖြစ်နိုင်ပါ။
သို့အတွက် ရုံးကိုပြောပြီး သည်ကိစ္စတော့ ငါဘာမှ မတတ်နိုင်ဘူးဟု ပြောလိုက်ပါသည်။ ကောင်မလေးဘက်က ဆုံးရှုံးနစ်နာမှုများ ရှိပါလိမ့်မည်။ သို့သော် ကျွန်တော်လုပ်ပေးနိုင်သည့် ဘောင်ထက်ကျော်လွန်နေသောကြောင့် ဘာမှ မတတ်နိုင်ပါ။ သည်ကိစ္စမှာ မသိနားမလည်သူများအပေါ် လူလည်ကျ လုပ်စားနေသည့် အေးဂျင့်များ၏ ယုတ်မာမှု ဖြစ်ပါသည်။ သည်အလုပ် လုပ်စားနေတာ ဖြစ်၍ စင်ကာပူမှာ အိမ်အကူလုပ်ဖို့ (၈) တန်းအောင်မှရမည်ဆိုသည်ကို သူတို့မသိဘဲမနေ။ သိကိုသိရမည်။ 

ထို့ကြောင့် ကျွန်တော်မြန်မာပြည်ဘက်က လုပ်ပေးလိုက်သည့် လူတွေကို အလွန်စိတ်ပျက်မိခြင်းဖြစ်ပါသည်။ ငါ့ဘို့တစ်ဘို့ပဲ တွက်သည်။ နောက်ဆက်တွဲပြဿနာတွေကို ဘာမှ ထည့်စဉ်းစားမထား။ ငါ ပိုက်ဆံရပြီးရော။ ကျန်တာ ငါ့လက်ကလွတ် - ဗြွတ်။
ဘာဂုဏ်သိက္ခာတွေ၊ ကျက်သရေတွေ၊ ဘဲသရေတွေမှ လာပြောမနေနှင့်။ ပိုက်ဆံရဘို့သာ အရေးကြီးသည်။ ပိုက်ဆံရမယ်ဆို ဘာမဆို အကုန်လုပ်မည်။

နိုတြီဘာသာပြန်ပေးသည့် နိုတြီပတ်ဘလစ်များမှာလည်း စိတ်ပျက်စရာဖြစ်၏။
ဘာလက်မှတ်လိုချင်သလဲ။ လာထား။ ဆယ်တန်းဆို ဘယ်နှစ်သောင်း။ ၈ တန်းလောက်ဆိုရင် တော့ ဘယ်လောက်နဲ့ လုပ်ပေးမည်။
တချို့အင်္ဂလိပ်စာ အရေးအသားတွေဆို အတော်စိတ်ကုန်စရာကောင်းသည်။ ကျွန်တော် အကုန်မဖော်ပြတော့ပါ။

ကျွန်တော်လည်း မြန်မာပြည်တွင် ကြီးပြင်းလာခဲ့သူ ဖြစ်ပါသည်။ ကျွန်တော်တို့ငယ်စဉ်က သည်မျှဆိုးဝါးသည်ဟု တစ်ခါမျှ မမှတ်မိခဲ့ဖူးပါ။ သည်မျှလူလိမ်တွေပေါသည်ဟုလည်း တစ်ခါမှ မကြားမိခဲ့ဖူးပါ။ လူသတ်မှုဆိုတာ ကျွန်တော်တို့ရွာအဖို့ အလွန်ထူးဆန်းသည့်အမှု ဖြစ်သည်။

သည်မျှပျက်စီးနေသည့် လူ့ဘောင်လောကထဲ၌ ကြီးပြင်းလာကြရမည့် ကျွန်တော်တို့ သားသမီး၊ တူတူမ၊ နောင်မျိုးဆက်သစ်များ အား အလွန်သနားမိပါသည်။ ၎င်းတို့ခမျာ ရေကောင်းမြေကောင်းတွင် ရှင်သန်ခွင့်မရ။ သဟာတောင်၊ မင်းတို့ ဘာသောက်သုံးကျ သလဲ ဟု ဘာမှမတတ်သူများက အမနာပဆဲတာ၊ အထင်သေးတာ၊ ရှုတ်ချတာကို ခံရသေးသည်။ ဤသည်မှာ အနာဂတ် မျိုးဆက်သစ်များ အတွက် အလွန်ရင်လေးစရာကောင်းလှသည့် အခြေအနေဖြစ်ပါသည်။ အနို့ အတုမြင် အတတ်သင် ဆိုသည့် စကားရှိသည် မဟုတ်လော။

သည်မျိုးဆက်သစ်များ မပျက်စီးရလေအောင် ထိန်းသိမ်းရန်၊ သင်ကြားပြသပေးရန် လူတိုင်းမှာတာဝန်ရှိသည်။
မျိုးစေ့မမှန်၊ ပင်မသန်၊ သီးနှံငုံဖျင်း၊ အသီးကင်း၏ ဟူသော စိုက်ပျိုးရေးသများတို့ စကားရှိသည်။
အပင်ကောင်းတစ်ပင်ဖြစ်လာဘို့ရာ မျိုးစေ့သာမက ရေမြေပတ်ဝန်းကျင်နှင့် ရာသီဥတုလည်း အရေးကြီးသည် မဟုတ်ပါလော။
မည်မျှကောင်းလှသည့်မျိုးစေ့ဖြစ်ပါစေ။ မြေဆီမြေနှစ်ကင်းမဲ့သော အလွန်ညံ့ဖျင်းလှသည့် မြေပေါ်တွင် မည်ကဲ့သို့ အပင်ကောင်း တစ်ပင် ဖြစ်ထွန်းလာနိုင်အံ့နည်း။ မြေဆီမြေနှစ်ကောင်းလှသည့်တိုင် ရာသီဥတုမကောင်းပါကလည်း အသီးအနှံထွက် ကောင်းမည် မဟုတ်ပါ။
အပင်များပင်လျှင် သည်သဘောရှိပါက လူများအတွက် ပိုအရေးကြီးသေးသည်။

မည်မျှ ဗီဇကောင်းလှသည့်ကလေးဖြစ်နေပါစေ။ နေ့စဉ် ငါနှင့်လူနှင့်ကိုင်တုတ်နေသည့် ပတ်ဝန်းကျင်၌ မွေးဖွားလာရပါက ယဉ်ကျေးလိမ္မာမည့် ကလေးဖြစ်မလာနိုင်ကြောင်းကို ကျွန်ုပ်တို့အား ကျေးညီနောင်က သင်ခန်းစာပေးခဲ့ပြီ။
လိမ္မာယဉ်ကျေးမည့် လူတော်လူကောင်းကလေးများ ပေါ်ထွန်းလာနိုင်စေရန် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် လို၏။


သို့မို့ကြောင့် -

အသင်တို့သည် အနာဂတ်မျိုးဆက်သစ်များအတွက် စံနမူနာပြ လူကြီးများဖြစ်အောင် ကြိုးစားကြပါကုန်လော။
အသင်တို့ မည်ကဲ့သို့ဖြစ်နေသည်ဖြစ်စေ၊ အနာဂတ်မျိုးဆက်သစ်များကိုတော့ မဖျက်ဆီးကြပါကုန်လင့်။
ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား အလုပ်များကို သည်ကနေ့မှစ၍ အပြီးတိုင် စွန့်လွှတ်ကြကုန်လော ဟု -

မေတ္တာရှေ့ထား၍ အလေးအနက် တိုက်တွန်းလိုက်ရပါသတည်း။

လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃ သြဂုတ်၊ ၂၀၁၈

No comments: