Tuesday, May 22, 2018

အငြင်းပွားစရာ ပို့စ်တစ်ခု

သည်ကိစ္စက ယခုမှ အငြင်းပွားစရာဖြစ်နေတာ မဟုတ်။ ဟိုး ယခင့်ယခင် ရှေးခေတ်များကတည်းက ပြက္ခဒိန် ပညာရှင်ကြီးများ အကြားတွင် အငြင်းပွားနေခဲ့တာ ဖြစ်၏။

အခြားမဟုတ်ပါ။ သဘာဝလပြည့်နှင့် ဝေါဟာရလပြည့်တို့ ညီညွတ်ရေး၊ လထပ်ရက်ငင်များ မှန်ကန်ရေး ဖြစ်၏။

မြန်မာပြက္ခဒိန်ကို ကြည့်မိသူများ ယခုနှစ်တွင် တန်းခူးလကွယ်၌ သင်္ကြန်ကျပြီး ကဆုန်လဆန်း ၃ ရက်နေ့၌ နှစ်ဆန်းသည်ကို သတိပြုမိပါလိမ့်မည်။ သို့အတွက် ယခု ၁၃၈၀ ပြည့်နှစ် မြန်မာပြက္ခဒိန်တွင် နှစ်စပိုင်း၌ တန်ခူးလ တစ်လလုံးပျောက်နေပြီး ကဆုန်လနှင့် နှစ်ဆန်းပါသည်။ တန်ခူးလနှင့်စရမည့် မြန်မာပြက္ခဒိန်၌ အစဦးဆုံးလတွင် တန်ခူးပျောက်ကာ ကဆုန်ဖြစ်နေခြင်းမှာ လျော်ကန်သင့်မြတ်လှသည်ဟု ကျွန်ုပ်ကတော့ မထင်ပါ။

ယခုနှစ် စင်ကာပူ၏ ကဆုန်လပြည့်နေ့ (Vesak Day) မှာ မေလ ၂၉ ရက်နေ့ ဖြစ်၏။ အကယ်၍သာ မြန်မာပြက္ခဒိန်တွင်လည်း မေလ ၂၉ ရက်သာ ကဆုန်လပြည့်ဖြစ်ပါက နှစ်အစပိုင်းလမှာ တန်ခူးလ ဖြစ်သွားပါလိမ့်မည်။ မြန်မာပြက္ခဒိန်မသုံးသည့် စင်ကာပူက မြန်မာပြက္ခဒိန်အင်္ဂါရပ်နှင့် ညီညွတ်နေသလိုဖြစ်လျက် (ညီညွတ်သည်ဟုမဆိုလို) မြန်မာပြက္ခဒိန်က ကဆုန်နှင့် နှစ်စထားခြင်းမှာ ရီစရာဖြစ်၏။ ဤကဲ့သို့ အခြားနိုင်ငံများက တော်တည့်မှန်ကန်သလိုဖြစ်နေပြီး မြန်မာနိုင်ငံက သွဲတလောက် ဖြစ်နေခြင်းကို လွန်ခဲ့သည့် အနှစ် ၅၀ ကျော်က ဆရာတော်ကြီးများ ထောက်ပြသည့်တိုင် (ပုဆိုးမဝတ်ထားသူက လုံခြုံသည်ဟု ဆိုခြင်းကို လက်မခံနိုင်ပါ) ဆိုကာ အကျောက်အကန် ကန့်ကွက်ခဲ့ကြဖူးလေသည်။

"ပုဆိုးမဝတ်သူက လုံခြုံသည်" ဆိုသည့်စကားကို ခေတ်ကာလသားသမီးများ နားလည်နိုင်မည်မထင်၍ အနည်းငယ်ရှင်းပြပါအံ့။
သူတို့ဆိုလိုသည်မှာ မြန်မာနိုင်ငံသည် မြန်မာ့ရိုးရားအစဉ်အလာနှင့် နက္ခတ်တာရာ ကိန်းဂဏန်းများအရ မြန်မာပြက္ခဒိန်ကို စီရင် ကျင့်သုံးလာခဲ့သည်မှာ နှစ်ပေါင်း ရာနှင့်ချီ ကြာခဲ့ပါပြီ။ အခြားနိုင်ငံများမှာ မြန်မာများကဲ့သို့ ဘာနက္ခတ် ကိန်းခန်းမှမရှိဘဲ နေသွား တစ်ခုတည်းကိုသာယူကာ စီရင်၏။ ထို့ကြောင့် အခြားနိုင်ငံများက ကဆုန်လပြည့်က မြန်မာထက်ပိုမှန်သည် ဆိုခြင်းမှာ ပုဆိုး ဝတ်မထားသူက ပိုပြီးလုံခြုံနေသည်နှင့် တူပါသည် ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

အဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရသည်ကို ပြက္ခဒိန်အကြောင်း နားမလည်သူများအား ရှင်းပြရန် မလွယ်ကူလှပါ။ သို့တိုင် ကျွန်ုပ်ကို နည်းနည်းလောက် ပြောခွင့်ပြုပါ။

မြန်မာပြက္ခဒိန်မှာ နေသွားလသွားနှစ်ပါးစလုံးကို အခြေခံထား၍ နေလသွားပြက္ခဒိန် (Lunisolar Calendar) ဟုခေါ်၏။ တစ်နှစ်တာ အချိန်အပိုင်းအခြားကို နေမင်းကြီး ကမ္ဘာကိုတစ်ပတ်ပြည့်သည့်အချိန် (မျက်မြင်)။ (တစ်နည်း) ကမ္ဘာကြီး နေကို တစ်ပတ်တိတိ ပတ်မိသည့်အချိန်ကို ယူသည်။ အချိန်ကာလအားဖြင့် ၃၆၅ ရက်ကျော်ဖြစ်၏။ သို့သော် တန်ခူး၊ ကဆုန်စသည့် တစ်လချင်းကိုမူ လမင်းကြီး ကမ္ဘာကို တစ်ပတ်ပတ်ရန် ကြာချိန်ကို ယူ၏။ လမင်းက ကမ္ဘာကို တစ်ပတ်ပတ်ရန် ကြာချိန်မှာ ၂၉ ရက်ခွဲ ဖြစ်၏။ ၂၉ ရက်ခွဲကို တစ်လလုပ်ရန်မှာ လက်တွေ့မကျလှသောကြောင့် ပထမတစ်လကို ၂၉ ရက်၊ ဒုတိယတစ်လကို ၃၀ ရက်ဟု လုပ်ထား ကြရခြင်း ဖြစ်၏။

တစ်နှစ်တာကာလ ၁၂ လ အတွင်း ထိုနေသွားရက်များနှင့် လသွားရက်များမှာ ၁၁ ရက်ခန့် ကွာခြားလေ၏။ ထိုအခါ ထိုရက်များကို ညှိရန် လထပ်ပေးရ၏။ ထိုအခါ မည်သည့်အချိန်တွင် လထပ်မည်ဆိုသည်မှာ အရေးတကြီး ဖြစ်လာလေ၏။

အမှန်က ဘာမှမခဲယဉ်းပါ။ ပိုလာသည့်ရက်များ တစ်လပြည့်သည့်အချိန်တွင် လထပ်လိုက်ပါက ကိစ္စပြီး၏။ (ပိုလာသည့်ရက်များ တစ်လပြည့်သည့်အချိန်ကို ပြက္ခဒိန်စကားဖြင့် အဓိမာသ်ပြိုသည်ဟု ခေါ်၏။ ဤကား စကားချပ်)

သို့သော် မြန်မာနိုင်ငံတွင်မူ ဤမျှလောက် မလွယ်ပါ။ အဘယ်ကြောင့်မလွယ်သနည်းဆိုသော် ရှေးခေတ်ဟောင်းအယူအဆများကို မစွန့်လွှတ်နိုင်သူ၊ တရားသေဖက်တွယ်ထားလိုသူ၊ လှေနံဓားထစ် တယူသန်များကြောင့်ဖြစ်၏။ ပို၍ဆိုးသည်မှာ မြန်မာပြက္ခဒိန်၌ လထပ်ခြင်းနှင့် ရက်ငင်ခြင်းကို လွတ်လပ်စွာလုပ်မရအောင် ဘာသာရေးနှင့် ချုပ်ထားခြင်းဖြစ်၏။ အဘယ်ကဲ့သို့ချုပ်သည် စသည့် အကြောင်းများမှာ အတော်ရှုပ်ထွေးလှ၏။ အသေးစိတ်သိလိုသူများ ကျွန်တော်ရေးသား ထုတ်ဝေထားသည့် မြန်မာပြက္ခဒိန် စာအုပ်တွင် ဖတ်ကြည့်ပါ။

သူတို့က မြန်မာပြက္ခဒိန်သည် လက်ရှိနေလနက္ခတ်တာရာများနှင့် ညှိနှိုင်းတွက်ချက်ရသောကြောင့် မြန်မာပြက္ခဒိန်ကို အနှစ် ၅၀၊ ၁၀၀ ကြိုမတွက်နိုင်။ တစ်နှစ်ပြီးမှတစ်နှစ် တွက်ယူ အတည်ပြုရမည်ဆို၏။ ကျွန်ုပ်အဖို့မူ ဤအဆိုမှာ အလွန်ရီစရာကောင်းသည့် ပြက်လုံးတစ်ခုသာ ဖြစ်လေသည်။ (ကျွန်တော့် အယူအဆများကိုလည်း အနှီ လှေနံဓားထစ်ဆရာကြီးများက လက်မခံမည်မှာ ရာခိုင်နှုန်းတစ်ရာ၏ ဟိုဘက်ကို နှစ်ဘူတာလောက်လွန်နေသေးသည်။)

အဘယ်ကြောင့်နည်း။
ကောင်းကင်မှ နေလနက္ခတ်တာရာများ သွားလာနေပုံမှာ မြန်မာပြည်မှ ဥပဒေများလို သည်ကနေ့တစ်မျိုး၊ နောက်နေ့တစ်ဖုံ၊ စိတ်ထင်လျှင် တစ်နည်း၊ စိတ်မထင်လျှင် တစ်သွယ်၊ ထင်တိုင်းကြဲနေတာမဟုတ်။ သူ့အစီအစဉ်နှင့်သူ သွားနေတာ ဖြစ်၏။ အနည်းငယ် အတိမ်းအစောင်းရှိသည့်တိုင် ထိုအတိမ်းအစောင်းမှာ နှစ်ပေါင်း ထောင်သောင်းချီမှ အနည်းငယ် ရွေ့သွားတာသာ ဖြစ်၏။ နှစ် လေးငါးဆယ်လောက်အတွက် ဘာမှ ဖြစ်လောက်စရာ မရှိ။ အနှစ် ၁၀၀ လောက်ကြာမှ တစ်ခါ ပြန်ညှိလျှင်ရသည်။ ခရစ်နှစ်များတွင်လည်း အနှစ် ၁၀၀ ကြာမှ တစ်ခါ ညှိတာဖြစ်၏။ တကယ့်တကယ်သာဆို ကွန်ပြူတာပညာရပ်များ သည်လောက် တိုးတက်နေသည့် ခေတ်ကြီးတွင် အနှစ် ၁၀၀ စာသာမဟုတ်။ တွက်နေစရာလည်းမလို။ ပရိုဂရမ်တစ်ခုရေးကာ လိုချင်သည့်နှစ်ကို ရိုက်ထည့်လိုက်ပါက အလိုရှိသော ပြက္ခဒိန်ထွက်လာအောင် လုပ်နိုင်လေသည်။

သို့သော် ဘယ်လိုလုပ်ရသည်ကို ကျွန်တော့်လာမမေးပါနှင့်။ ကျွန်တော်ကား ကွန်ပြူတာကို စာစီစာရိုက်နှင့် သူများရေးထားသည့် အတင်းအဖျင်းများကို ဖတ်ဖို့လောက်သာ သုံးတတ်သည်။ ပရိုဂရမ်ဆိုတာ နကန်းတစ်လုံးမှ သိသူမဟုတ်။ ကိုရန်နိုင်အေးတို့ လုပ်နိုင်သည်။ သူတို့ကိုသာ လုပ်ခွင့်ပေးလိုက်မည်ဆိုလျှင် ကိစ္စပြတ်သည်။

တကယ့် ပညာရှိ ဆရာ့ဆရာတော်ကြီးများကို ကျွန်ုပ်လို ဘာမှမဟုတ်သည့် မလောက်လေး မလောက်စား၊ ပမွှားတစ်ကောင်က ဤကဲ့သို့ ပြောရပါမည်လားဟု စိတ်ဆိုးလျှင် ဆိုးနိုင်ပါ၏။ ဆဲချင်လျှင် ဆဲသွားနိုင်ပါ၏။

ကျွန်ုပ်ပြောတာဟုတ်မဟုတ်၊ နားလည်တတ်ကျွမ်းသည့် ခေတ်ပညာတတ် ဆရာလေးများနှင့် ဆွေးနွေးကြည့်နိုင်ပါသည်။

ဗုဒ္ဓဘာသာကိုးကွယ်သူများရှိသော နိုင်ငံများ၏ ၂၀၁၈၊ ကဆုန်လပြည့်နေ့ (Vesak Day) များ

မြန်မာ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား - ဧပြီလ ၂၉ ရက်
နီပေါ - ဧပြီလ ၃၀ ရက်
ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ် - မေလ ၂၉ ရက်

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၁ မေလ၊ ၂၀၁၈

No comments: