Wednesday, May 16, 2018

မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးခရီးမှ အဟန့်အတားများ

သူကိုယ်နှိုက်ကတောင် မြန်မာပြည်မှာ မနေနိုင်ဘဲနဲ့ လူတကာကို ဟိုပြောဒီပြော ဆိုကာ ကျွန်ုပ်ကို မျက်မုန်းကျိုးသူများလည်း အတော်များလှ၏။

အဘယ်ကဲ့သို့သောသူများ မျက်မုန်းကျိုးမည်ကို မိတ်ဆွေတို့ ခန့်မှန်းမိနိုင်ပါသည်။ သို့သော် ကျွန်ုပ်အဖို့မူ "ခွေးဟောင်၍ တောင်မရွေ့၊ ရေချိုးပေး၍ ကျီးမဖြူ" ဟူသည့် တိုင်းရင်းသားစကားပုံလို ဘာမှ မှုစရာအကြောင်း မရှိပါလေ။ အဲလေ သည်လို အပြောခံရသည့်အတွက်လည်း ဘယ်သူ့ကိုမှ ကြောက်စရာမရှိ။ ကျွန်ုပ်တွင် ပြုတ်စရာ ရာထူးလည်းမရှိသလို မတရားသဖြင့် ရယူ ပိုင်ဆိုင်ထားသည့် ပစ္စည်းဥစ္စာများလည်း တစ်ပြားဘိုးမှ မရှိသဖြင့် ကိုယ့်လိပ်ပြာကိုယ် အလွန်အင်မတန် သန့်သောကြောင့် မကြောက်ခြင်း ဖြစ်သတည်း။ လိပ်ပြာသန့်သူသည် သန်းခေါင်ယံ တံခါးခေါက်သံကို ကြောက်စရာမလို ဟု အင်္ဂလိပ်စကားပုံက ဆိုထားသည် မဟုတ်လော။

နိုင်ငံအတွင်း အမြင်မတော်တာများ တွေ့လာလျှင်တော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျွန်ုပ်ကတော့ ပြောနေရဦးမည် သာ ဖြစ်လေသည်။ အပြောမခံချင်လျှင် မဟုတ်တာ မလုပ်ကြပါနှင့်။ ဒါတောင် ရေငုံနှုတ်ပိတ်နေသည့် ကိစ္စတွေ အတော်များများ ရှိသေးသည်။ ဟိုတလောက ထိန်ပင်မီးကိစ္စမှာ အတော်များများ ရေးပြီးကာမှ ပြန်ဖျက်လိုက်သည်။ အချက်အလက်တွေလည်း သေသေချာချာမသိရ၍ ဖြစ်၏။

တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဘို့ ဆိုသည်မှာ အုန်းပွဲငှက်ပျောပွဲတင်ပြီးဆုတောင်း၊ ဘယ်ဂါထာကို ဘယ်နှစ်ခေါက်ရွတ် ဆိုတာနှင့် မပြီးနိုင်မှန်း မိတ်ဆွေတို့ သိပါသည်။ တကယ်အကျိုးရှိသည့် ကိစ္စတွေကို တကယ်စေတနာပါပါ လက်တွေ့ အကောင် အထည်ဖော်ကြမှ ဖြစ်နိုင်မည်။

v  စေတနာတော့ရှိပါရဲ့၊ ရမ်းတုတ်တာမျိုးဆိုလျှင်လည်း အကျိုးမရှိ။
v  လုပ်တော့လုပ်ပါရဲ့၊ တကယ်စေတနာရှိလို့ မဟုတ်ဘဲ လူမြင်ကောင်းရုံလောက် လုပ်လျှင်လည်း အကျိုးမရှိ။
v  ဉာတကာနဉ္စ သင်္ဂဟော ဘို့အတွက် ပရောဂျက်တွေ ခွင်ဖန်တာမျိုးဆို ပိုဆိုးသေးသည်။
v  အဲလေ နိုင်ငံဖွံ့ဖြိုးရေးဆိုကာ ပရောဂျက်များတော့ လုပ်ပါသည်။ သို့သော် ပရောဂျက်ထဲရောက်တာတော်တော်၊ အိတ်ထဲရောက်တာ များများဆိုလျှင်လည်း သာဓုခေါ်စရာအကြောင်း တစ်ပြားဘိုးမှ မရှိပါ။

အားမနာတမ်းပြောရလျှင် ကျွန်ုပ်တို့ရွှေပြည်ကြီးမှ ပရောဂျက်ဆိုသည့် ပိုက်ဆံကို ဘုန်းဘောလအော ဖြုန်းတီးပစ်နေသည့် အရာ တော်တော်များများတွင် အထက်ဖော်ပြပါ လေးမျိုးထဲမှ တစ်မျိုးမဟုတ်တစ်မျိုးနှင့် ငြိနေသည်ချည်း ဖြစ်သည်ဟု ကျွန်ုပ်ဆိုလျှင် လွန်သည်ဟု နှာခေါင်းရှုံ့ကြမည်လော။

အကျိုးရှိတာတွေသာ မလုပ်ရှိရမည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အလုပ်များကိုမူ အစိုးရ ဆိုသူများကရော၊ အစိုးရမဟုတ်သည့် သူများကပါ အားတက်သရော ဝိုင်းဝန်းလုပ်ကိုင်နေကြခြင်းကိုမူ ကျွန်ုပ် အလွန် စိတ်ပျက်မိ လေသည်။

ထိုအကျိုးမရှိသည့်လုပ်ရပ်များအနက် အချို့ကို ဖော်ပြပါမည်။ သဘောမတူသူများရှိပါက ကွန်မင့်တွင် လွပ်လပ်စွာ ဆဲသွားပါ။

သမ္မတအသစ်တက်လာတော့ လုပ်လိုက်ရတဲ့ သမ္မတ ထောက်ခံပွဲ။ သမ္မတကြီးသည် သူ့ကိုထောက်ခံသည့်အတွက် အလုပ်များကို ပိုပြီး အားကျိုးမာန်တက် လုပ်နေရတာ ဖြစ်ပါသလား။ သဟာဆို ဤထောက်ခံပွဲများ မလုပ်လျှင် မလုပ်မရှုပ်မပြုတ်၊ အသာလေး နေသွားမည်လား။ ဤထောက်ခံပွဲများလုပ်ခြင်းဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဘာများ အထောက်အကူပြုပါသနည်း။

နောက်ပြီး မနေ့တစ်နေ့က ဖြစ်ခဲ့သည့် "စစ်ပွဲတွေရပ်" ကိစ္စ။ ဤကဲ့သို့ စစ်ပွဲတွေရပ် ကမ်ပိန်းတွေလုပ်တိုင်းသာ စစ်ပွဲများ ရပ်သွားရမည်ဆိုလျှင် ဆယ်စုနှစ်တစ်ခုမကရှိပြီဖြစ်သော၊ ရာနှင့်ချီသော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘာကြောင့် လုပ်ရတော့ မည်နည်း။ တစ်နိုင်ငံလုံး အဲသလို ကမ်ပိန်းတွေ လျှောက်လုပ်ရုံသာ ရှိသည်။

နောက်ပြီး ကျွန်ုပ်အလွန်မြင်ပြင်းကပ်လှသော ကြက်သားစားပွဲတော်၊ ဝက်သားစားပွဲတော်၊ ပဲစားပွဲတော်။ (နောက်ဆိုလျှင် နွားသားစားပွဲတော်၊ ခွေးသားစားပွဲတော်များ ဆက်လုပ်မလာဘူး မပြောနိုင်။) ဤအသားစားပွဲတော်များကျင်းပခြင်းသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ GDP တက်လာရေး၊ လူတော်လူကောင်းများ ပေါ်ထွက်လာရေးအတွက် ဘယ်နှစ်ပြားဘိုးများ အထောက်အကူ ပြုပါသနည်း။ ဤအသားစားပွဲတော်များက ကြက်ငှက်တုပ်ကွေး ရောဂါ၊ ဝက်နားရွက်ပြာရောဂါများ မဖြစ်အောင် တားဆီးနိုင်လိမ့် မည်ဟု အသင်ထင်ပါသလား။ ဤသည်မှာ ပီဘိ မယောင်ရာဆီလူးသည့် ကိစ္စသာဖြစ်ချေသည်။

နောက်ပြီး နိုင်ငံအနှံ့အပြားတွင် ကိစ္စပေါင်းစုံဖြင့် ဖြစ်နေသည့်  ဆန္ဒပြပွဲများ၊ ကန့်ကွက်ပွဲများ၊ အကြီးအကျယ် အူလိုက်သည်းလှိုက် ထောက်ခံပွဲများ၊ ဘာပွဲများ၊ ညာပွဲများ။ သူတို့ကိုကြည့်ရတာ ကျွန်တော် အတော် မျက်စိနောက်မိလေသည်။
(လူ ၁၀၀ လျှင် ၉၉ ယောက် (ကျန်သည့်တစ်ယောက်မှာ ကျွန်ုပ်ဖြစ်၏။) ထောက်ခံနေသည့် ဘာသာရေးပွဲတော်များ အကြောင်း ကိုမူ မပြောတော့ပါ။)

အများမှာလည်း ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက် ဖြစ်၏။ ဘာဟေ့ဆိုတာနှင့် ဝိုင်း ဆွမ်းကြီးလောင်းလိုက်ကြတာ ဖြစ်သည်။ ကိုယ်လုပ်တာ ဟုတ်မှန်းမဟုတ်မှန်း မဝေခွဲနိုင်။ မဆုံးဖြတ်တတ်။

မြန်မာပြည်၏ အဓိကထုတ်ကုန်ကို လက်ညှိုးထိုးပြစမ်းပါ။ ဆန်စပါး ဟု ဆိုပါမည်လား။ မြန်မာနိုင်ငံမှထွက်သည့် ဆန်စပါးသည် နိုင်ငံတကာ ဆန်စပါးအရည်အသွေးကို ရင်ဘောင်တန်းနိုင်ပါသလား။ မြန်မာနိုင်ငံမှ တင်ပို့နေသည့်ဆန်သည် နိုင်ငံအတွက် အားကိုးရလောက်အောင် နိုင်ငံခြားဝင်ငွေ ရှာပေးနိုင်ပါသလား။ ဟိုတစ်နှစ်က အာဖရိကကိုသွားသည့် ဆန်သင်္ဘော ကမ်းတောင် မကပ်ရသေး။ ပင်လယ်ထဲကျောက်ချထားစဉ် QC တွေလာစစ်တော့ အရည်အသွေးမမီလို့ဆိုကာ လှည့်ပြန်ခဲ့ရသည်။ ဤသည်မှာ စီးပွားရေးအရသာ နစ်နာသည်မဟုတ်။ အခြားနိုင်ငံများ သိသွားပါက သိက္ခာမကျပါသလော။ ထိုအခါ မြန်မာ့ဆန်ကို ဘယ်သူ ဝယ်ချင်ပါမည်နည်း။

မြန်မာပြည်တွင် သည်မျှမြေများပေါ၊ စိုက်စရာများပေါနေသည့်တိုင် မလေးရှားမှ စားအုန်းဆီကို မှာယူတင်သွင်းနေရခြင်းကို ရှက်တတ်ကြပါ။ မြေပဲ၊ နှမ်း နှင့် နေကြာကိုပဲ ဖြစ်အောင်စိုက်ပါ။ တွေ့ကရာ သစ်ဆိမ့်ဆီ လုပ်လိုလုပ်။ ကြက်ဆူဆီ လုပ်လိုလုပ်။ စိတ်ရူးပေါက်တိုင်း လျှောက်မလုပ်ကြပါနှင့်။ ဘယ်သူ့အတွက်မှ အကျိုးမရှိ။

အထက်ပါကိစ္စများ၏ အဓိကပြဿနာမှာ အလုပ်မရှိခြင်းဖြစ်၏။
ထို အားအားလျားလျား လမ်းပေါ်ထွက် ဆန္ဒပြနေသူများသည် နေ့တိုင်းမအားမလပ်အောင် အလုပ်လုပ်နေရသည် ဖြစ်အံ့။ တစ်ရက် အလုပ်ပျက်လျှင် တစ်ရက် လုပ်ခအဖြတ်ခံရအံ့။ ထိုသူများ နေ့တွက်အဖြတ်ခံပြီး လမ်းပေါ်တက်လာမည် သင်ထင်ပါသလား။
ထို့ထက် လုပ်ခကိုသာ မြက်မြက်စွက်စွက်ကလေးရသည်ဖြစ်အံ့။ နေ့တွက်ဖြတ်လိုက်လျှင် ဖြတ်သလောက် သိသိသာသာ ထိသည် ဆိုငြားအံ့။ ထိုသူများသည် အလုပ်ကို ၎င်းတို့၏ မိန်းမများထက် ပိုခင်တွယ်လိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ် ရဲရဲကြီးပြောလိုက်ပါသည်။

နောက်အကြောင်းရင်းတစ်ခုမှာ မိမိလုပ်သည့်အလုပ်ကို ဟုတ်သည်၊ မှန်သည်၊ စဉ်းစားချင့်ချိန်နိုင်စွမ်းဖြစ်၏။ ဤသည်ကို သင်ယူ ပေးလို့ရပါသည်။ သို့သော် စိတ်မထင်တိုင်းလျှောက်ပြောင်းနေသည့် မဟောင်းနိုင်သည့် စနစ်သစ်ပညာရေးများနှင့်တော့ ဘယ်လိုနည်းနှင့်မှ မရနိုင်ပါ။

ဤသည်တို့ကား မြန်မာပြည် ဖွံ့ဖြိုး၊ တိုးတက်ခြင်းကို ပိတ်ပင်တားဆီးနေသည့် အကြောင်းများ ဖြစ်သတည်း။
သည်ပုံစံနှင့်ဆို အနှစ် ၂၀ မပြောပါနှင့်။ (အရီးတို့ပြောသလို) ရှေ့သွားနှစ်ချောင်း ဖင်ပြောင်းပေါက်တောင် စင်ကာပူကို မမီနိုင်ပါ။ သူတို့ကား အရှိန်အဟုန်နှင့် ရှေ့သို့သွားနေသူများ ဖြစ်သည်။ ကျွန်ုပ်တို့ကား အရှိန်အဟုန်နှင့် နောက်ပြန်ယက်နေသူများဖြစ်၏။

ကျွန်ုပ်ပြောတာကို မိတ်ဆွေတို့ လက်ခံရမည်၊ သဘောတူရမည်ဟု အသားလွတ် မဆိုလို။ အိမ်ပြန်ရောက်လျှင် လက်ပေါ် နဖူးတင်၍သော် လည်းကောင်း၊ နဖူးပေါ် လက်တင်၍သော်လည်းကောင်း။ အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်ပါ။ ဒါမှ မကြိုက်သေးဆိုလျှင်တော့ ဆဲသာသွားလိုက်ပါတော့ ခင်ဗျား။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၆ မေလ၊ ၂၀၁၈

No comments: