Tuesday, June 7, 2016

မိုးကြိုးနှင့် ကျွန်ုပ်အကြောင်း၊ သောင်းပြောင်းထွေလာ

(၁) သစ္စာမဲ့သောမိုးကြိုး

“လောက၌ အဆင်မပြေမှုများနှင့် တွေ့သောအခါ ရယ်မောခြင်းဖြင့် ခွင့်လွှတ်နိုင်ပါစေ။” ဟူသောစကားသည် ရှိ၏။ ဤစကားသည် အဆင်ပြေနေသည့်အခါ၌သာ မှန်၏။ တကယ်အဆင်မပြေသည့်အခါတွင်မူ ရယ်မောနိုင်ရန် အတော်ခက်ကြောင်း မိတ်ဆွေတို့ သိပါသည်။

ယခု ကျွန်ုပ်မှာလည်း သူများတွေ တူးပို့နေချိန်၌ တူးမပို့နိုင်ပဲ ထမ်းပို့နေရ (ဟုတ်ပေါင်) MOM နှင့် နပန်းလုံးနေရလေ၏။
အကြောင်းကား အခြားမဟုတ်။ ကျွန်ုပ်တို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ၌ ဘန်းဂလားလေးတစ်ယောက်ကို မိုးကြိုးပစ်သော ကြောင့် စင်းစင်းသားသေရသည့် ကိစ္စ ဖြစ်လေသည်။

ကျွန်ုပ်တို့ငယ်စဉ်က ကိုယ်မလုပ်တာ မဟုတ်ကြောင်း အများယုံအောင် ပြောလိုသည့်အခါ ဘုရားစူး၊ မိုးကြိုးပစ်ရပါစေ့ စသည်ဖြင့် ကျိန်ဆိုကြ၏။ ဤသည်မှာ မဟုတ်မတရားတာလုပ်လျှင် သိကြားမင်းကြီးက မိုးကြိုးနှင့်ပစ်ကာ ဒဏ်တပ်တတ်သည် ဟု ယုံကြည်ခြင်းမှ ဆင်းသက်လာခြင်း ဖြစ်တန်ရာသည်။ မိဘကိုစော်ကားလျှင် မိုးကြိုးပစ်တတ်သည်ဟု ယုံကြည်ကြသူများ ကျွန်ုပ်တို့တော့၌ ယခုတိုင် ရှိသေး၏။

မိုးကြိုးဆိုတာကို မိတ်ဆွေတို့သိပါသည်။ မိုးတွင်းအခါ ကောင်းကင်တွင် မိုးတိမ်တို့ဖြစ်သည်။ ထိုမိုးတိမ်တို့အတွင်း သေးငယ်သော ရေခဲတုံးကလေးများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိရာမှ လျှပ်စစ်ဓာတ်အဖိုနှင့် အမတို့ ဖြစ်သည်။ လျှပ်စစ်အဖိုဓာတ်တို့သည် တိမ်တိုက်များ၏ အထက်ပိုင်းတွင် နေကြ၏။ တချိန်တည်းမှာပင် လျှပ်စစ်အမဓာတ်တို့သည် တိမ်တိုက်များ၏ အောက်ပိုင်းတွင် နေရာယူကြကုန်သည်။

လှပစွာဝတ်စားထားသော မိန်းကလေးတို့သည် ယောက်ျားဘသားများကို ဖမ်းစားတတ်သည့်သဘာဝကဲ့သို့ တိမ်တောင်များ အောက်ခြေမှ လျှပ်စစ်အမတို့သည်လည်း ကမ္ဘာပေါ်မှ လျှပ်စစ်ဖိုများကို ဆွဲဆောင်ခေါ်ယူလျှက် ရှိ၏။ ကိုလူပျိုတို့သည် မချော ကလေးများထံသို့ နည်းမျိုးစုံသုံးပြီး ရောက်အောင် ကြံဆောင်ကြသကဲ့သို့ လျှပ်စစ်အဖိုများသည်လည်း တိမ်တောင်အောက်မှ လျှပ်စစ်အမများထံ သစ်ပင်များ၊ အိမ်များ၊ တောင်ကုန်းများ စသည်တို့မှတဆင့် ခုန်ကူးရန် ကြိုးစားကြ၏။ အချို့မှာ လျှပ်စစ် အမများနှင့် အကြောင်းဆက် ပေါင်းဘက်ရ၏။ အချို့တို့မှာမူ ပင်မြင့်သဇင်ကို မလှမ်းနိုင်သောကြောင့် အဝေးမှ ငေးမှိုင်ကုန် ကြရ၏။

မြေပြင်မှ လျှပ်စစ်အဖိုနှင့် ကောင်းကင်မှ လျှပ်စစ်အမတို့ အကြောင်းဆက်ပေါင်းဖက်ကြလျှင် မိုးကြိုးပစ်ခြင်းတည်းဟူသော အရာ ဖြစ်ပေါ်၏။ ထို့ကြောင့် မိုးကြိုးပစ်ခြင်းသည် သစ်ပင်များ၊ တောင်ကုန်းစသော မြင့်မားသည့် အဆောက်အဦ၊ ပစ္စည်းတို့ တွင်ဖြစ်လေ့ရှိ၏။

ကျွန်ုပ်တို့ လုပ်ငန်းခွင်ထဲသို့ ကြွချီတော်မူလာသော ကိုရွှေမိုးကြိုးမှာမူ သစ္စာမရှိ။ လောကနိယာမတရားကို ဖောက်ဖျက် လေသည်။
မိုးကြိုးပစ်သည့် အလုပ်သမားများ ကွန်ကရိလောင်းနေသည့် နေရာမှာ Block 7, level 1 ဖြစ်၏။ ထိုအနီး၌ ၄၅ မီတာမြင့်သော တာဝါကရိန်းကြီးရှိ၏။ ထို့ပြင်တ၀ အနီးတွင်ရှိသော Block 8, Block 5, 6, 4, 3, 2, 1 စသည်တို့မှာ ၄ ထပ်၊ ၅ ထပ်၊ ၆ ထပ် စသည်မြင့်ကြ၏။ ယခု မိုးကြိုးပစ်သောနေရာမှာ ထိုအဆောက်အဦများအကြား၊ အနိမ့်ဆုံးနေရာမှာ ဖြစ်၏။

ထို့ပြင် မိုးကြိုးပစ်ချိန် ရာသီဥတုကိုလည်း ကြည့်လိုက်ဦး။ ပီဘိ မိုးဖွဲဖွဲကလေး ကျနေတာသာ ဖြစ်သည်။ မိုးသည်းသည်း မည်းမည်းရွာနေတာမဟုတ်။ ကောင်းကင်သည်လည်း အုံ့ဆိုင်းမှုန်မှိုင်းကာ တိမ်တောင်များ ထူထပ်နေတာ မဟုတ်။ ပတ်ဝန်းကျင်မှာလည်း မိုးကြိုးများ တဒိုင်းဒိုင်းပစ်မနေ။ လျှပ်စီးများလည်း တ၀င်းဝင်းတောက်နေတာမျိုးမရှိ။ ပုံမှန် သာသာ ယာယာပင်ဖြစ်သည် တဲ့။ အလုပ်သမားတွေကို အင်တာဗျူးတော့ ပြန်ပြောပြတာ။ ကိုင်း။

မိုးကြိုးပစ်တာ ၉ - ၄ - ၁၆ (စနေနေ့) နေ့လည် ၂ နာရီ။

ထိုင်းအလုပ်သမားများကတော့ တီးတိုးတီးတိုး သဖန်းပိုး လုပ်နေကြလေ၏။ ဖျက်လိုက်သော ဟိုဘက်ဂိတ်အနီးမှ နတ်စင်ကို သည်ဘက်ဂိတ်သို့ မိုးကြိုးမပစ်ခင် ညနေက ပြောင်းကြသည်။ ထိုနတ်စင်အနီးမှ လုပ်ငန်းခွင်ထဲသို့ ရေပေးနေသော ပင်မရေပိုက်လိုင်းကြီးမှာ နတ်စင်ရွှေ့ပြီး နောက်နေ့မနက်တွင် ပေါက်သည်။ သူတို့ပြောတာတော့ သည်ရေပိုက်မှာ သူတို့မြေတူးနေသည့်နေရာနှင့် မလှမ်းမကမ်းတွင် ရှိသည်။ သူတို့မြေတူးနေသည့် မြေတူးစက်နှင့် သည်ပိုက်လိုင်းကို လုံးဝ မထိ။ သို့တိုင် ရေပိုက်လိုင်းကြီးက အကြောင်းခြင်းရာမရှိပဲ ပေါက်သည်။ ရေပိုက်ပေါက်တာ မနက်ပိုင်း။ မိုးကြိုးပစ်တာ နေ့ခင်း ၂ နာရီလောက် ဆိုတော့ သူတို့က နတ်စင်ကို သံသယရှိသည်။ တစ်နည်းအားဖြင့် မိုးနတ်မင်းကြီး စိတ်ဆိုးတော်မူ၍ ဒဏ်ပေးလားဆိုတာ သံသယရှိသည်ဆို၏။ ဒီကိစ္စတွေ ကျွန်တော် နားမလည်ပါ။

မိုးကြိုးပစ်သည့်ကိစ္စ ကျွန်တော့်ကို မည်သူမှ သတင်းမပေး။ ဆိုတော့ ကျွန်တော် ဆိုဒ်ထဲကိုရောက်သည့်အချိန်တွင် ရဲများ ပြန်သွားပြီး၍ MOM မှ စစ်ဆေးရေးအရာရှိများပင် ရောက်နေပြီ။ သူတို့ စစ်ကြ၊ ဆေးကြနှင့် အတော်ကြီးမိုးချုပ်မှ ကျွန်တော် အိမ်ပြန်ရောက်သည်။

တနင်္လာနေ့တွင် MOM မှ စစ်ဆေးရေး နှစ်ဖွဲ့လာသည်။ တစ်ဖွဲ့က အမှုအခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖြစ်ပြီး နောက်တစ်ဖွဲ့မှာ လုပ်ငန်းခွင်စစ်ဆေးရေးအဖွဲ့ဖြစ်၏။ ကျွန်တော်က မှုခင်းစုံစမ်းရေးအဖွဲ့နှင့် လိုက်ရသည်။ အခင်းဖြစ်သည့်နေရာသွား၊ လိုအပ်သည်များကို တိုင်းထွာ၊ ဘယ်သူဘယ်နေရာမှာရှိသလဲ စသည်ဖြင့် စုံတကာစေ့အောင်စစ်ချက်ယူပြီး နေ့ခင်း ၂ နာရီလောက်တွင် သူတို့ပြန်သွားသည်။ ကျွန်ုပ်မှာ နေ့လည်စာမစားရသေး။

သူတို့ပြန်သည့်တိုင် လုပ်ငန်းခွင်စစ်ဆေးရေးအဖွဲ့မှာ မပြီးသေး။ တစ်ခန်းဝင်တစ်ခန်းထွက်၊ အပေါ်တက်လိုက်အောက်ဆင်း လိုက်နှင့် non-compliance, unsafe condition များကို ကောက်ရိုးပုံထဲ အပ်ရှာသလို ရှာလေ၏။ ဓာတ်ပုံတဖြတ်ဖြတ်ရိုက်တာ ပုံ ၂၀၀ ကျော်ကျော် ရှိလေသည်။ 

Block ၈ ခုစလုံးစစ်ပြီးတော့ ကျွန်ုပ်တို့ကိုခေါ်ကာ “ဟောဒီနေရာမှာ safe access မရှိတာ မင်းမသိဘူးလား။ သိတယ်ဆို ဘာဖြစ်လို့ သူတို့ကို အလုပ်လုပ်ခွင့် ပြုထားသလဲ” စသဖြင့် အဖြေရကျပ်သောမေးခွန်းများ တစ်ခုပြီးတစ်ခု ဆက်တိုက် မေးလေ၏။ ကျွန်ုပ်မှာလည်း ၇ ရက် ထမင်းမစားရသော လူမမာကဲ့သို့ လေပျော့ကလေးဖြင့် တတ်သမျှ မှတ်သမျှ မနည်းကြိုးစားပြီး ဖြေရလေသော ဟူ၏။ ထို့နောက် ကိုင်း၊ အမိန့်ချမယ်၊ နာခံစေ ဆိုကာ နောက်ထပ် ညွှန်ကြားချက် တစုံတရာမရမချင်း မည်သည့်အလုပ်မှ မလုပ်ရန် အမိန့်ထုတ်သွားလေ၏။ Stop Work Order စာကိုမူ နောက်နေ့ လာယူပါ ဆို၏။

ထိုကနေ့မှစကာ ကျွန်ုပ်မှာလည်း သူတို့မေးလာသော အီးမေးများကို အကြောင်းပြန်ရခြင်း၊ သူတို့လိုသော စာရွက်စာတမ်းများ ရှာရခြင်း၊ မှတ်တမ်းများ၊ အစီရင်ခံစာများ ရေးရခြင်း စသည်တို့ဖြင့် မနားရအောင် ရှိလေ၏။ တနင်္လာနှင့် အင်္ဂါ နှစ်ရက် နေ့လည်စာ ငတ်လေသည်။ ခေါင်းများလည်း အတော်ကိုက်၏။ ခါးများလည်း အတော်ညောင်း၏။ မျက်စိများလည်း အတော်အောင့်၏။ သည်ကိစ္စနှင့်ပင် တစ်ပတ်လုံး အချိန်ကုန်ရလေသည်။ သည်ကြားထဲ ကျွန်ုပ်တို့ကို in-charge လုပ်သည့် ကျွန်ုပ်တို့ကုမ္ပဏီမှ မန်နေဂျာဆိုသည့်အကောင်က သခွတ်ပင်က မီးတကျည်လုပ်နေသဖြင့် မျက်နှာကြီးဖြတ်ရိုက်ချင်စိတ်ကို မနည်း အောင့်ထားရသည်။

ခုတော့ အတော်များများ ပြီးသွားပြီ။ လူလည်း အတော် ဖွတ်စာပတ်စာ တက်သွား၏။
ကနေ့ညနေတော့ ပြန်ရောက်ရောက်ချင်း မြနန္ဒာတစ်ပုဒ်လောက် ကောက်ကက်တီးလိုက်သည်။

(၂) အဆင်သင့်ပြင်ထားရမည့် စာရွက်စာတမ်းများ

(စင်ကာပူ၌) မတော်တဆမှု၊ အထူးသဖြင့် မတော်တဆမှုကြောင့် လူသေမှုဖြစ်သည့်အခါ ထိုအမှုအခင်းနှင့် ပတ်သက်သော စာရွက်စာတမ်းများပြင်ဆင်ထားရန် အရေးကြီးသည်။

အခင်းဖြစ်တော့ ကျွန်တော်တို့ ဆိုဒ်ထဲသို့ MOM မှ Investigation Team လာပြီး စစ်သည်။ အတော်လေးကို စစ်စစ် ပေါက်ပေါက် စစ်သည်။ ထို့နောက် စာရွက်စာတမ်းများတောင်းသည်။ အမှုက ကွန်ကရိလောင်းရင်း ဖြစ်တာဆိုတော့ ကွန်ကရိလောင်းခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မူရင်းအားလုံး ယူသွား၏။

ထိုအထဲတွင် အောက်ပါစာရွက်စာတမ်းများပါသည်။

1.     Workplace Safety and Health Management System
2.     Permit To Work (all)
3.     Risk Assessment for Concrete Casting and Formwork
4.     Safe Work Procedure for Concrete Casting and Formwork
5.     Tookbox Meeting Records
6.     Lifting Machine (LM) certs of Tower Crane
7.     Lifting crew (Lifting Supervisor, Signalman, Riggerman) certs
8.     Tower Crane operator certs
9.     Workers particulars involving in the concreting work
10.  Site Plan (with grid lines) described with the incident place and location of workers

နောက်ပြီး သေဆုံးသည့်အလုပ်သမား၊ ဒဏ်ရာရသည့်အလုပ်သမားများနှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာများ (အလုပ်ခန့်စာ၊ လခပြေစာ၊ ဆေးမှတ်တမ်း၊ တက်ထားသော သင်တန်းမှတ်တမ်းများ စသည်) တို့တောင်းသည်။
Enforcement Team ကတော့ သူတို့ရိုက်သွားသည့် ဓာတ်ပုံတွေအပေါ် Inspection Findings နှင့် Action Plan ရေးတင်ခိုင်းသည်။ နောက်ပြီး အလုပ်သမားတွေကို ပြန်ပြီး သင်တန်းပေးရအောင် Work At Height Safety, Formwork Safety သင်တန်းမှတ်စုများ ပြင်ပြီး တင်ခိုင်းသည်။
ကျွန်ုပ်တို့ကိုယ်တိုင်လည်း အခင်းဖြစ်ပွားရာနေရာမှ အလုပ်သမားအားလုံးကို ခေါ်ကာ တစ်ယောက်ချင်းစီ အင်တာဗျူး၊ နောက်ပြီး အင်တာဗျူးမှတ်တမ်းများရေး၊ Safety Officer Report ရေး လုပ်ရသည်။
နောက်ထပ် သူတို့တောင်းမည်ထင်သည့် စာရွက်စာတမ်းများ (Formwork PE design, Formwork Training Records, RA, SWP briefing record, etc. . .) ရှာဖွေ အဆင်သင့်ပြင်၊ မရှိသေးလျှင် ရှိအောင်ပြင်ထား စသဖြင့် လုပ်ရသည်။

မိတ်ဆွေများခင်ဗျား၊ ပြောတော့သာ သိပ်မများလှတာ။ ကျွန်တော့်မှာ အဲဒီကိစ္စတွေနှင့် နပန်းလုံးနေရတာ တစ်ပတ်လုံးလုံး အချိန်ကုန်သည်။

စင်ကာပူမှ မိတ်ဆွေများ သင်ခန်းစာယူနိုင်စေရန် မျှဝေခြင်း ဖြစ်ပါ၏။

(၃) အဖြေရှာပါ၊ လက်ညှိုးမထိုးပါနှင့်

. . . အထူအပါးနားမလည်တဲ့ဟာတွေ၊ အရပ်သားအစိုးရဆိုတော့ သောက်ဂရုမစိုက်ဘူးပေါ့။ အရင်အစိုးရလက်ထက်တုံးက အဲသလို လုပ်ရဲသလား။ . . .

. . . လူကြီးဖြစ်လျက်နဲ့ အဲသလိုပြောရသလား၊ ဟဲ့ သမီးတို့။ ဟိုမှာ ၀န်ကြီးချုပ်စကားပြောနေပြီ။ တော်ကြပါတော့ကွယ် လို့ ပြောလိုက်ရင် သိက္ခာကျသွားမှာမို့လား။ ခုတော့ ဟိုကလေးမလေးနှစ်ယောက် ဘယ်လောက် အရှက်ရလိမ့်မလဲ။ . . .

. . . ကျုပ်တို့မီဒီယာအကြောင်း ခင်ဗျား ဘယ်လောက်နားလည်သလဲ။ အလကား၊ ထမိန်ခြုံထဲကဟာတွေ။ . . .

. . . ဟဲ့၊ ငါတို့ကို မွေးတယ်ဆိုတာ ထမိန်ခြုံထဲကထွက်လာတာ မဟုတ်လား။ ထမိန်ခြုံထဲကထွက်မှ လူဖြစ်တော့မပေါ့။ နင်က ထမိန်ခြုံထဲက ထွက်တာမဟုတ်ဘူးဆိုတော့ ဘာကောင်လဲ . . . .

. . . စသည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာမှာ ဗွက်ပေါက်လျက်ရှိ၏။

ကျွန်ုပ်မှာလည်း ဘာမှမရေးဖြစ်ဘဲ သူများဆဲတာတွေလိုက်ဖတ်ရင်း အချိန်ဖြုန်းမိ နေလေ၏။

အပေါ်ယံကြောအမြင်လေးဖြင့် ဆုံးဖြတ်တာ အင်မတန် မှားတတ်ပါသည်။ အကြောင်းရင်းကို ဂဃနဏသိမှ ပြောတာ ပိုကောင်းပါလိမ့်မည်။ နောက်ပြီး အပြစ်တင် ဝေဘန်နေမည့်အစား ဘာဖြစ်တာလဲ၊ ဘယ်လိုလုပ်ရင်ကောင်းမလဲဟု အဖြေရှာတာ ပိုကောင်းပါလိမ့်မည်။

သက်ဦးဆံပိုင် ဘုရင်စနစ်တုံးက ပြည်သူတွေမကျေနပ်လျှင် ဘုရင်ကိုတိုင်တည်ရအောင် အော်စရာတစ်နေရာ လုပ်ပေးထား သည်ဆို၏။ ထိုနေရာကို ဟစ်တိုင်ဟု ခေါ်သည် ဆိုထင့်။ ယခု ၂၁ ရာစုကျတော့ ပြည်သူတို့မှာ တကူးတက ဟစ်တိုင်ကိုသွား ဟစ်နေစရာမလို။ ဖေ့စ်ဘုတ်ကို ရင်ဖွင့်စရာ ဟစ်တိုင်သဖွယ် သဘောထားကြသည်။ အီးညှစ်မရတာလည်း ဖေ့စ်ဘုတ်ပေါ် တင်သည်။ အိပ်နေရင်း အုံးလွဲတာလည်း ဖေ့စ်ဘုတ်ပေါ်ရောက်သည်။ တစ်ယောက်က တစ်ခုခုကို ဖွလိုက်ပြီဆိုလျှင်လည်း (ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ) ဖေ့စ်ဘုတ်ပေါ်တွင် ၀ိုင်းပြီး ဆွမ်းကြီးလောင်းလိုက်ကြသည်။

ထိုအကိုကာလသား၊ ကာလသမီးများသာ စင်ကာပူမှာဆိုလျှင်တော့ စင်ကာပူထောင်နှင့် မဆန့်၍ မလေးရှားနှင့် အင်ဒိုနီးရှားက ထောင်တွေတောင် ငှားရလောက်သည်။ ဟိုတလောက ၀န်ကြီးချုပ်ကို သရော်မော်ကားပြောမိသူတော့ နစ်နာကြေး စင်ကာပူဒေါ်လာ ၅ သိန်းပေးလိုက်ရ၏။ (မြန်မာငွေ သိလိုလျှင် ၈၀၀ နှင့် မြှောက်လိုက်ပါ။) ကျွန်ုပ်တို့ဆီမှာတော့ ဖေ့စ်ဘုတ်ပေါ်မှာ လွတ်လွတ်လပ်လပ် ဆဲချင်တာဆဲခွင့် ရနေသေး၏။ ဖေ့စ်ဘုတ်ပေါ်တွင် မဟားတရားမရေးနိုင်အောင် ထိန်းကွပ်မည့် ဥပဒေတစ်ခု မကြာမီထွက်ပေါ်လာကာ ဥပဒေအရ အပြစ်ပေးအရေးယူမှုတွေ စတင်လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ပြန်ကောက်ရလျှင် ကျွန်တော့်အထင်မမှားဘူးဆိုပါက (အကြောင်းရင်းကို သေသေချာချာမသိရသဖြင့် မှားချင်လည်း မှားပါလိမ့်မည်။) ပထမကတည်းက ဘာပြီးဘာလုပ်မည် အခမ်းအနားအစီအစဉ်ကို ကျကျနနရေးဆွဲထားရပါမည်။ (ရှိချင်လည်း ရှိပါလိမ့်မည်။ မတော်တဆ ချွတ်ချော်မှားယွင်းတာလည်း ဖြစ်နိုင်ပါ၏။)  ၀န်ကြီးချုပ်စကားပြောတာနှင့် ကလေးမတွေ စကားပြောတာ တပြိုင်နက် မဖြစ်သင့်ပါ။ ကလေးမတွေက အရင်ပြော၊ ဒါမှမဟုတ် ၀န်ကြီးချုပ်က အရင်ပြော။ တစ်ယောက်ပြီးမှ တစ်ယောက်ပြောပေါ့။ ဘာပြဿနာမှ မရှိ။ ကလေးမတွေ စကားပြောနေတာ မပြီးသေးလျှင် ၀န်ကြီးချုပ် စကားပြောနေသဖြင့် အမြန်ဖြတ်ပေးဘို့ စီစဉ်သူကို သွားပြောပါ။ စီစဉ်သူ ဆက်လုပ်ပါလိမ့်မည်။

ကျွန်တော်ကတော့ ယခုလို တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဆော်ပလော်တီးနေတာ မဖြစ်စေချင်ပါ။ သည်ကဲ့သို့ ဖြစ်နေသည်မှာလည်း ဖေ့စ်ဘုတ်ကို ဘာအထိန်းအကွပ်မှ မရှိဘဲ လွှတ်ပေးထား၍ ဖြစ်၏။ အကယ်၍ ဥပဒေနှင့် ထိန်းကျောင်း ပေးလိုက်ပါက သည်မျှ အရုပ်ဆိုးတော့မည် မဟုတ်ဟု ထင်မြင်မိပါသည်။

(၄) ပူမှုရယ်က ဆယ်ကုဋေ

စာရေးမည်ကြံထားသော်လည်း ကျွန်တော့်မှာ ယခုတိုင် မရေးနိုင်သေး။ ဆယ်ကုဋေသော ပူမှုများနှင့် နပန်းလုံးနေရတုံး ရှိသေးသည်။

ယခု ၂၀၁၆ ဧပြီလ ၁၁ ရက်နေ့တွင် -
၁။ Safety Audit ရှိသည်။
၂။ ၂၀၁၅ သြဂုတ်လက သားဘို့ PR တင်ဘို့ eappoint လျှောက်တာ ဧပြီ ၁၁ တွင် ရက်ချိန်းရသည်။
၃။ သားတို့ SAEIS result ထွက်သည်။
၎။ ၉ ရက်နေ့က ဆိုဒ်ထဲတွင် အလုပ်သမားလေး မိုးကြိုးပစ်သေသဖြင့် ရဲနှင့် MOM ကလာပြီး စစ်လားဆေးလား လုပ်သည်။

သားက SAEIS မအောင်သဖြင့် ကျောင်းရှာရသည်။ ပုဂ္ဂလိကကျောင်းတွေကလည်း ဈေးကကြီးမှကြီး၊ ကျောင်းလခက တစ်လကို တစ်ထောင်ကျော်သည်။ နောက်ပြီး သူတို့က အစိုးရကျောင်း သင်ရိုးအတိုင်းသင်တာမဟုတ်။ သူတို့သင်ရိုးနှင့် သူတို့သင်တာဆိုတော့ ကလေးက အစိုးရကျောင်းရလို့ ပြန်တက်လျှင် ကိုးရိုးကားယားဖြစ်နေမှာလည်း စိုးရသေးသည်။ ဘာလုပ်ရမှန်းတောင်မသိ။

သည်ကနေ့တော့ ညနေပိုင်း သင်တန်း နှစ်ခုရှိသည်နှင့် သင်တန်းအပြီး အိမ်မပြန်သေးပဲ ရေးလိုက်ခြင်းဖြစ်၏။

မိတ်ဆွေအပေါင်းတို့ (ဖေ့စ်ဘုတ်မှာ အဆဲကလေးတွေလျှော့ကြလို့) နှစ်သစ်မှာ ဘေးဘယာဝေးကွာလျှက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည် ခင်ဗျား။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၆ ဧပြီ၊ ၂၀၁၆။ ည ၉း၅၄ နာရီ

No comments: