Monday, June 6, 2016

မြန်မာသံရုံးနှင့် အလုပ်သမားများ တွေ့ဆုံနှီးနှောဖလှယ်ပွဲ

(Workers Conference at Myanmar Embassy)

(၁)

မြန်မာသံရုံးက ကမကထပြု၍ မြန်မာသံရုံးနှင့် မြန်မာအလုပ်သမားများ၏ တွေ့ဆုံဆွေးနွေးပွဲကို လာမည့်တနင်္ဂနွေ (22/05/2016) နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ မြန်မာသံရုံးတွင် ကျင်းပပါမည်။ ထိုတွေ့ဆုံပွဲ၌ အောက်ပါ အကြောင်းအရာတို့ကို ဟောပြောမည်ဖြစ်ပါသည်။

၁။ သံရုံးကိစ္စများဆောင်ရွက်ရန် ရက်ချိန်း (online appointment) ယူပုံ
၂။ လုပ်ငန်းခွင်ကြောင့် ရနိုင်သော ရောဂါဘယများနှင့် ကာကွယ်တားဆီးပုံ
၃။ လိင်ကြောင့်ကူးစက်သောရောဂါများ နှင့် လူငယ်များ၏ ကျန်းမာရေး
၎။ ကျန်းမာရေးဆိုင်ရာနံပါတ်များအကြောင်း

ထိုမျှသာမက အလုပ်သမားများအနေနှင့် မိမိတို့ တွေ့ကြုံခံစားရသည်များ၊ နစ်နာမှုများ၊ မကျေနပ်ချက်များ၊ လိုအပ်ချက်များ၊ သိလိုသည်များကိုလည်း တိုင်ပင်နိုင်၊ မေးမြန်းနိုင်၊ အကြံတောင်းနိုင်၊ အကူအညီတောင်းနိုင်ပါသည်။
သွေးတိုး၊ ဆီးချို စသည်တို့ကိုလည်း အခမဲ့ စစ်ဆေးပေးပါဦးမည်။ ကောင်းလေစွ။

မြန်မာသံရုံးအနေနှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ မည်သို့သော အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ မည်ကဲ့သို့သော ပြဿနာများနှင့် ရင်ဆိုင်နေရသည် စသည်တို့ကို သိလိုပါသည်။ လူမှုရေးပြဿနာများအပါအ၀င် ၎င်းတို့ တွေ့ကြုံနေရသော အခက်အခဲများကို ဥပဒေဘောင်တွင်းမှ အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးလိုပါသည်။

ဤပွဲ၌ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုများ၊ Employment Act, Foreign Manpower Employment Act, Work Permit, S Pass စသည်တို့ အကြောင်း သိလို၍ မေးမြန်းလာသူများကိုလည်း ကျွန်ုပ်က တတ်သမျှ မှတ်သမျှ ပြန်ဖြေပေးမည် ဖြစ်ပါ ကြောင်း။

ထို့ပြင် ကျွန်ုပ်ပြုစုထားသော အိမ်အကူလုပ်သားများနှင့်ပတ်သက်၍ သိကောင်းစရာ စာစောင်ကို သံရုံးက စာအုပ်ပြုလုပ် ဝေပေးမည်ဖြစ်ကြောင်း သိရပါသည်။

ထို့ကြောင့် ဖြစ်နိုင်လျှင် မပျက်မကွက် တက်ရောက်ကြပါဟု တိုက်တွန်းလိုက်ရပါသည်။

(၂)

သံမှူးကြီးက အလုပ်သမားများ (များသောအားဖြင့် ၀ပ်ပါမစ်လုပ်သားများ) မည်သည့်နေရာတွင် ရှိသည်၊ ထိုပွဲသို့ မည်မျှတက်နိုင်မည် စသည်တို့ကို သိလိုကြောင်း ကျွန်တော့်ထံဖုံးဆက်ပြော၏။ ကျွန်တော် အလုပ်သမားများ မည်သည့် နေရာတွင် နေသည်ကို သိသည်။ သို့သော် မည်သူတွေ မည်သည့်နေရာ၌ နေသည်ကို ဂဃနဏ မသိ။

ကိုနွယ်ဝင်းတို့ရွာ တစ်ရွာလုံးမှ (လုပ်နိုင်ကိုင်နိုင်ရှိသမျှ လူငယ်) အဆွေအမျိုးအားလုံး စလုံးရောက်နေသည်ဖြစ်ရာ သူ့မှာ အဆက်အသွယ်များလှ၏။ သို့နှင့် ကိုင်း ကိုယ့်လူ။ ကိုရင့်အဆွေအမျိုးတွေကို ကိုယ်တို့လာတွေ့မယ်ဆိုပြီး စီစဉ်ခိုင်းလိုက်ဦးဟု အပူကပ်ရ၏။ သို့နှင့် ကျွန်ုပ်တို့အားမည့်ရက်ကိုတွက်ကာ လာမည့် တနင်္လာနေ့ည ၈ နာရီလောက် သူတို့အဆောင်သွားကြမည် ဟု တိုင်ပင်။ ကျွန်တော်တို့အစီအစဉ်ကို သံမှူးကြီးကို ပြန်ပြောပြ။

သူက အားတက်သရော ဟာ၊ အဲသလိုဆို ကျွန်တော်တို့လာခဲ့မယ်။ စောင့်နေ၊ လာခေါ်မယ် ဆိုလေသော် ကျွန်ုပ်မှာ မျက်လုံး မျက်ဆန်များ ပြူးရ၏။ အာ၊ အမြင်မတော် ဆင်တော်နဲ့ခလောက် ဖြစ်နေပါမယ်။ မလိုက်ခဲ့ပါနဲ့။ ကျွန်တော်တို့ ကိုယ့်ဘာသာ သွားပါမယ်။ စိတ်မပူပါနဲ့ ဆိုရ၏။ အနို့ - သူတို့က မိန်းမသားတွေ။ အလုပ်သမားတွေနေတဲ့ အဆောင်ဆိုတာ မိတ်ဆွေတို့ သိတော်မူကြသည့်အတိုင်း အလုပ်သမားများနှင့် ရှုပ်ရှက်ခပ်၊ နံစော်၊ ရှုပ်ပွနေတာ ဖြစ်၏။ သင့်တော်ပါ့မလား ခင်ဗျ။
သို့တိုင် သူက ဇွတ်။ ရပါတယ်။ ဘာမှ မပူပါနဲ့။ တနင်္လာနေ့ ည ၈ နာရီ အရောက်လာခဲ့မယ်။ အိမ်ကစောင့် ဟူ၏။ သို့နှင့် ကျွန်ုပ်လည်း လက်လျှော့လိုက်ရ၏။

တနင်္လာနေ့ညနေ အလုပ်ကပြန်လာတော့ မိုးအသည်းအသန်ရွာနေသည်။ ကျွန်တော်လည်း အဲဒါမှ ခွကျတာပဲဟု တစ်ကိုယ် တည်း ခေါင်းကိုက်လျှက် ရှိ၏။ ကိုယ်တော်တို့က မိုးအေးအေးနှင့် ဘီယာကလေးသောက်ကာ ငြိမ့်နေလို့ တစ်ယောက်မှ မတွေ့ရဘဲ ပြန်လာရရင် မျက်နှာပျက်စရာ။ (ဟိုတစ်ခါ Keppel အဆောင်ထဲသို့ အိမ်တိုင်ယာရောက် သွားပြောတာတောင် မလာချင့်လာချင်နှင့်၊ အတင်းရောအဓမ္မပါ ခေါ်လို့ ၄-၅၀ လောက် မနိုင့်ရင်ကာ လာကြတာမဟုတ်လော။)
ကိုနွယ်ဝင်းကမူ သူ့တူတွေကို မှာထားသည်ဆို၏။
ည ၈ နာရီလောက်တွင် သူတို့လာသဖြင့် ထွက်ခဲ့ကြ၏။ မိုးကလေးကလည်း တအေးအေး။

ပထမ Blue Star သို့သွားသည်။ အရင်တုံးကတော့ ရောက်ဖူးသည်။ မရောက်တာကြာတော့ အခု မျက်စေ့က ခပ်လည်လည်။ နောက်တော့ ကန်တင်းထဲဝင်ထိုင်ကြ၏။ ကိုနွယ်ဝင်း၏ တူနှင့် သူ့သူငယ်ချင်း သုံးလေးယောက်လာသဖြင့် အကျိုးအကြောင်း ပြောပြ။ လက်ကမ်းစာစောင်များပေးကာ ကပ်ဘို့ပြော။

နောက် အဆောင်တစ်ခုသို့ ထပ်ရွှေ့။ အပေါက်ဝတွင် မြန်မာများတွေ့သော် အကျိုးအကြောင်း ပြောပြ။ ချင်းလူမျိုး တစ်ဦးကိုတွေ့ရှိ၊ အကျိုးအကြောင်း ပြောပြလေသော် သူတို့လည်း ဘယ်လိုဘာတွေလုပ်ကြောင်းများ ပြောပြသဖြင့် သူတို့အဖွဲ့ ကို ရှင်းပြစည်းရုံးဘို့ပြောရင်း ကြော်ငြာစာရွက်များ ပေးခဲ့။

နောက်တစ်ဆောင်တွင်မူ ကန်တင်းပင်မရှိ။ ထွက်လာသူကို လမ်းဘေးတွင်ပင်ရပ်ကာပြောပြ။ နောက် တစ်နေရာ (Soon Lee dormitory) ထပ်ရွှေ့။ ဒီမှာ လူသိပ်ရှိမယ်မထင်ပါဘူး အစ်ကိုရယ် ဟု ကိုနွယ်ဝင်းက ဆိုသော် ကိုင်းကိုယ့်လူ၊ ရောက်နေမှတော့ တွေ့တဲ့လူကို အတင်းစည်းရုံးတာပေါ့ကွာ ဟု ဇွတ်အတင်းဝင်၏။ Sankyu အင်္ကျီများ ၀တ်ထားသည့် သုံးယောက် စင်္ကြန်ဘေးတွင် ဘီယာသောက်နေ၏။ ကျွန်ုပ်တို့လည်း အလိုက်မသိ အတင်းဝင်ရော၏။ ဒီမှာကွဲ့ ဟု အစချီကာ တွေ့ဆုံပွဲအကြောင်း ပြောကြ၏။ ဟိုတစ်ယောက်က ကျွန်တော့်ကို သိသည်။ ကျွန်ုပ်မှာ ထိုသူ့ကိုပင် မမြင်ဘူးသော်လည်း ရောချရသည်။

အမျိုးသမီးများလည်း ပါလေတော့ အနားမှဖြတ်သွားသူများမှာ ဒီလူတွေ ဘာလာလုပ်ပါလိမ့်ဟု စူးစမ်းသောအကြည့်ဖြင့် ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြ၏။

စွန်းလီမှ နောက်တစ်ဆောင်မှာမူ အခြေအနေမကောင်း။ မြန်မာနှင့်တူတာ တစ်ယောက်မှ မတွေ့ရ။ ကိုနွယ်ဝင်းလည်း အပေါက် ၀သွားကာ ကတွတ်ပေါက်က ဗျိုင်းစောင့်သလို စောင့်လေ၏။ ထို့နောက် ဘယ်ကဘယ်လို မျက်စိလည် လမ်းမှားရောက်လာ သည် မသိသော ကိုရွှေမြန်မာတစ်ယောက်ကို ဆွဲခေါ်လာကာ အတင်းရောအဓမ္မပါ စည်းရုံးလေ၏။ ဟိုသကောင့်သားလည်း မအူမလည်နှင့် အတင်းရောကာရော ခေါင်းငြိမ့်လေ၏။

အချိန်မှာလည်း ည ၉နာရီကျော်နေပြီဖြစ်၍ ပန်ဂျူးရူးဆောင်များသွားရန် ဖြစ်နိုင်ပါဦးမလားဟု ကိုနွယ်ဝင်းကို သူ့တူ ဆိုသူများ အား လှမ်းဖုံးဆက်ခိုင်းရပြန်လေ၏။ ဟေ့ကောင်တွေ၊ မင်းတို့မအိပ်ကြနဲ့ဦး။ ငါတို့လာမလို့။

အားပါး။ Jurong Penjuru Dormitory ဆိုတာ အကြီးကြီးကိုး ခင်ဗျာ။ ကျွန်တော် ခုမှ ရောက်ဖူးသည်။ ကိုနွယ်ဝင်းလည်း သူ့လူတွေကို ဟိုပြေးလိုက် သည်ပြေးလိုက်နှင့် လိုက်ရှာ၏။ တော်တော်နှင့် မတွေ့။ ကျွန်တော်တို့က လမ်းဘေးတွင် ရပ်နေတာဆိုတော့ ဖြတ်သွားဖြတ်လာတွေက သည်ဘက်က လှည့်ပြီး ကွက်ကြည့် ကွက်ကြည့်လုပ်လိုက်၊ ဟိုဘက်ကလှည့်ပြီး ကွက်ကြည့် ကွက်ကြည့်လုပ်လိုက်ဆိုတော့ မဖြစ်ချေဘူး ဟု အနီးတွင်တွေ့ရသော စားသောက်ဆိုင်အတွင်း ၀င်ကာ အအေးမှာသောက်၊ ဖရဲသီးဝယ်စား လုပ်ရ၏။

တော်တော်ကြီးကြာမှ ဟိုးဘက်မှာ ရုတ်ရုတ်ရုတ်ရုတ်နှင့် ကိုယ်တော်ချောတို့ ရောက်လာသည်။ သူတို့နေတာက dormitory 2, ကျွန်တော်တို့ရောက်နေတာက dormitory 1, ဆိုတော့ လွဲနေတာဖြစ်၏။

နောက်တော့ လာရင်းကိစ္စကိုပြောပြ။ သူငယ်ချင်းများကိုလည်း ပြောပြဘို့။ အလုပ်မရှိရင် လာကြဘို့။ လာနိုင်မည့်လူစာရင်းကို သောကြာနေ့ နောက်ဆုံးထားပြီး ကိုနွယ်ဝင်းထံပေးဘို့ စသည်များပြောပြကာ ပြန်ခဲ့ကြသည်။ ပြန်လာတော့ ည ၁၀ နာရီ ကျော်နေပြီ။

တာဝန်ချိန်ပြင်ပမှ အလုပ်သမားများအဆောင်အရောက် ညကြီးမိုးချုပ်လာရောက် ပြောပြသည့် သံမှူးကြီး ဒေါ်ထွေးထိပ်တင် တို့နှစ်ယောက်၏စေတနာကို ကျွန်ုပ်မှာ မလေးစားပဲ မနေနိုင်ပါချေ။ နောက်ပြီး ပွဲလုပ်မည့်နေ့မှာ တနင်္ဂနွေနေ့ဖြစ်သည့်အတွက် သူတို့အတွက်တော့ အချိန်ပိုဖြစ်ပါ၏။ စေတနာအလျောက်လုပ်သည့်ပွဲဖြစ်သမို့ အချိန်ပိုကြေးရမည် မထင်။ သို့သော် အချိန်ပို ကြေးထက် ပိုပြီး တန်ဘိုးကြီးသည့် (ငွေကြေးနှင့်တန်ဘိုးဖြတ်မရနိုင်သည့်) အရာများကို သူတို့ရမည် မလွဲပါ။

“မြန်မာတွေရဲ့ သဘာဝအရ ရုံးပြင်ကနား မသွားချင်ကြဘူး။ နောက်ပြီး အများစုက သံရုံးဘာတွေလုပ်ပေးနေတယ်ဆိုတာ မသိကြဘူး။ ဒီတော့ သံရုံးက သူတို့အတွက် ဘာတွေ အကူအညီတွေပေးနေတယ်။ ပေးနိုင်တယ်။ မြန်မာနိုင်ငံသားတွေ အတွက် ဘယ်လို ကြည့်ရှုစောင့်ရှောက်တယ်ဆိုတာ သူတို့ကို သိစေချင်တယ်” ဟု သံမှူးကြီးက ပြောပါသည်။

(၃)

ယခင်အခါ ကာလများကမူ သံရုံးဟူသည် အခွန်ဆောင်ရာ၊ ပတ်စ်ပို့သက်တမ်းတိုးရာ၊ ကျောင်းသားထောက်ခံစာ၊ မှီခို ထောက်ခံစာစသည်တို့ ယူရန်အတွက်သာ အသုံးတည့်၏။ စင်ကာပူရောက် မြန်မာအများစုက သံရုံးသည် မြန်မာနိုင်ငံသားများ အရေးကို ဘာမှ အရေးတယူလုပ် ဆောင်ရွက်မပေးဟု သည်လိုပင် ခံစားမိကြ၏။

စင်ကာပူရောက် သောင်းဂဏန်းတော်တော်များများမျှသော မြန်မာနိုင်ငံသားများ၏ ကိစ္စအ၀၀ကို သည်တစ်နေရာတည်းက ဆောင်ရွက်ပေးနေရတာမို့ သူတို့လည်း အတော် အလုပ်ရှုပ်ကြပေလိမ့်မည်။ သည့်အတွက် တခြားကိစ္စများဘက် လှည့်မကြည့် အားတာလည်း ပါပါလိမ့်မည်။ ကိုယ်ချင်းစာကြည့်ကြပါဘိ။

ယခုတော့ ခေတ်တွေလည်း ပြောင်းလာပြီ။ အခွန်ဆောင်ခြင်းတည်းဟူသော ဘေးဒုက္ခဆိုးကြီးမှ ကင်းလွတ်ရခြင်းသည်ပင် ကျွန်ုပ်တို့အတွက် မဟာမင်္ဂလာကြီးတစ်ပါး ဖြစ်တော့၏။ အခွန်ဆောင်ရာတွင် ကျွန်တော်တို့ မည်မျှ ဒုက္ခရောက်ကြရသည်ကို ကျွန်ုပ်၏ “သြချတ်လမ်းပေါ်မှ နေ့စဉ်မှတ်တမ်းတစ်ပုဒ်” ၌ အသေးစိတ် ဖော်ကျူးထားပါ၏။

အခွန်မဆောင်ရခြင်းအားဖြင့် ကျွန်ုပ်တို့သာမဟုတ်။ သံရုံးဝန်ထမ်းများမှာလည်း အတော် တာဝန်ပေါ့သွားပေမည်။ ကျွန်ုပ်တို့က တစ်နှစ်မှ တစ်ခါလောက် သွားရတာ။ သူတို့က နေ့တဓူဝ သည်ဒုက္ခနှင့်ကြုံနေရတာဆိုတော့ ကျွန်ုပ်တို့ထက် သူတို့က ပိုလို့တောင် ပျော်ပေလိမ့်ဦးမည်။ သည်သို့ဆိုလိုက်သဖြင့် ကျွန်ုပ်အား အခွန်မဆောင်ချင်သူဟု မထင်လိုက်ကြပါနှင့်။ Double Taxation agreement အရ စင်ကာပူတွင် အလုပ်လုပ်နေသူတို့ အခွန်ဆောင်ကို ဆောင်စရာမလိုဘဲ ဆောင်နေရသည် တစ်ကြောင်း၊ ထို့ပြင် ကျွန်ုပ်တို့ဆောင်လိုက်သော အခွန်များသည် အဘယ်သို့ရောက်ကုန်သည်ကို မသိရသည်က တကြောင်း တို့ကြောင့် ဖြစ်ပါ၏။

ကျွန်ုပ်သည်လည်း လူထဲကလူပေမို့ ယခင်အခါကာလများက အခွန်ဆောင်ခြင်း၊ ပတ်စ်ပို့ သက်တမ်းတိုးခြင်း ကိစ္စများမှလွဲ၍ မည်သည့်အကြောင်းကိစ္စနှင့်မှ သံရုံးသို့မရောက်ဖြစ်ခဲ့သလို သံရုံးနှင့်လည်း အဆက်အသွယ်မရှိခဲ့။
ယခုတော့ ယခင်ကလို မဟုတ်တော့ပြီ။

၂၀၁၆ ခုနှစ် ဇန္န၀ါရီလ ၂၄ ရက်နေ့က မြန်မာသံရုံး (စင်ကာပူ) ၏ ကမကထပြုမှုဖြင့် Singapore Police Force, SCDF, HDB, LTA, NEA တို့နှင့် ပူးပေါင်းကာ မြန်မာအလုပ်သမားများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ Safety and Security Awarness Workshop ကို Home Team Ns Balestier, 31, Ah Hood Road, Singapore 329979 တွင် နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီခွဲထိ ကျင်းပခဲ့၏။

ထိုအလုပ်ရုံဆွေးနွေးပွဲတွင် -

Dengue Prevention and Pest Control
Road Safety Outreach Pedestrian and Cyclist Safety
Fire Safety
Safety at HDB flats

- စသည်တို့ သရုပ်ပြ ဆွေးနွေး ဟောပြောခဲ့ကြ၏။ အင်္ဂလိပ်လို မကျွမ်းကျင်သူများအတွက် အခက်အခဲမရှိရလေ အောင် မြန်မာလိုလည်း ပြန်ဆို ရှင်းပြခဲ့ကြပါသည်။

ထိုပွဲသို့ ကျွန်ုပ်တို့ Safety for Myanmar Nation အဖွဲ့မှလည်း တက်ရောက်ခဲ့ရာ ပွဲစီစဉ်သူများ၊ သံရုံးအရာရှိများနှင့် သိကျွမ်း ခင်မင် ရင်းနှီးခွင့် ရခဲ့၏။ ကျွန်ုပ်တို့ ဘာတွေလုပ်နေသည်ကိုလည်း သူတို့ကို ရှင်းလင်းပြောပြလိုက်ပါသည်။ သည်မှစ အဆက်ရ သောကြောင့် နောက်တစ်ကြိမ် Keppel မှ အဆောင်ဖြစ်သော Acacia Lodge တွင် ကျွန်ုပ်တို့ Safety For Myanmar Nation အဖွဲ့နှင့် သံရုံးတို့ပူးပေါင်းကာ ဟောပြောပွဲတစ်ခု ကျင်းပခဲ့သေး၏။ ကျွန်တော်က Work Injury Compensation Act (WICA) အကြောင်း ပြောခဲ့၏။ အိမ်တိုင်ယာရောက်လာပြောတာတောင် အားတက်သရောမရှိလှသော မောင်မင်းကြီးသားများကို အားမရပါ။ ပြောရတာ အားမရှိလှ။

ဒေါ်ထွေးထိပ်တင်၏ ဦးဆောင်မှုဖြင့် သံရုံးကလုပ်တာ ပွဲအတော်များပါသည်။ ကျွန်ုပ်တို့မှာ ကိုယ့်ကိစ္စနှင့်ကိုယ် မအားလပ်သဖြင့် သူတို့ဖိတ်တိုင်း မသွားနိုင်ကို အလွန် အားနာရပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၉ မေ၊ ၂၀၁၆။ ၀၀း၂၇ နာရီ
















No comments: