Saturday, June 1, 2013

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး မိတ်ဆက်သင်တန်းမှတ်စု (ဆောက်လုပ်ရေး) (၁၂) (နောက်ဆုံးပိုင်း)

၁၆။ ဆူညံသံ အန္တရာယ်

            လုပ်ငန်းခွင်အတွင်း တွေ့ကြုံရသည့် နောက်အန္တရာယ်တစ်မျိုးမှာ ဆူညံသံဖြစ်၏။ အဘယ်ကြောင့် ဆူညံသံသည် အန္တရာယ်များသနည်း။ နားလေးသည်ဆိုခြင်းမှာ ဆူညံသံကိုကြားရစဉ် ချက်ချင်းလေးသွားတာမဟုတ်။ လပေါင်းများစွာ ကြာပြီးမှ ဖြည်းဖြည်းချင်း နားလေးလာတာဖြစ်သဖြင့် မသိသာ။ မသိသာသဖြင့်လည်း ဆူညံသံကို မည်သူမှ ဂရုမစိုက်။ ဂရုမစိုက်သဖြင့်လည်း အန္တရာယ်များသည်ဟု ဆိုခြင်းဖြစ်၏။ ဤကဲ့သို့ ဆူညံသံကြောင့် နားလေးခြင်းကို NID (Noise Induced Deafness) ဟု ခေါ်၏။ နားလေးခြင်းသည် တစ်သက်စာဖြစ်၏။ မည်သည့်ဆေးနည်းနှင့်မှ ကုလို့မရ။ ထို့ကြောင့် နားမလေးစေရန် အထူးသတိထားရသည်။ နားလေးပြီဆိုလျှင် ဘာမှလုပ်လို့မရတော့ပါ။
            ဘယ်အချိန် နားလေးမလဲ ဆိုခြင်းကို ပြောရခက်လှ၏။ ထိုသူသည် မည်မျှဆူညံသောနေရာ၌ မည်မျှကြာကြာနေခဲ့ သနည်းဆိုသည့်အပေါ်မူတည်သည်။ ဤသည်ကိုသိရန်မှာလည်း မလွယ်လှ။ အဘယ်ကြောင့်ဆိုသော် ဆူညံသံဟူသည် အမြဲ ပုံမှန်ရှိနေသည်မဟုတ်။ တစ်ခါတစ်ရံ အလွန်ဆူသည်။ တစ်ခါတစ်ရံ နည်းနည်းသာဆူမည်။ ထို့ကြောင့် ဆူညံသံကြောင့် နားလေးရာတွင် နှစ်အတန်ငယ် (သုံးနှစ်မှ ၁၀ နှစ်အတွင်း) ကြာမှသိရသည်။
            စင်ကာပူတွင် လုပ်ငန်းခွင်မှထွက်သော ဆူညံသံကို တိုင်းတာရန် မီတာတပ်ဆင်ထားရသည်။ ကန်ထရိုက်တန်ဘိုး သန်း ၄၀ ထက်ကျော်လျှင် Realtime Noise Meter ကိုတပ်ဆင်ရသည်။ ၎င်းကို ဥပဒေဖြင့်ပြဌာန်းထား၏။ သို့ဆိုလျှင် သာမန် ဆူညံသံမီတာ (Noise Meter) နှင့် Realtime Noise Meter ဘာကွာသနည်း။
            သာမန်မီတာက ဆူညံသံကို ကိုယ်လိုချင်သည့်အချိန်မှဖွင့်တိုင်းပြီး ဖတ်လို့ရသည့် အချက်အလက်များကို ကိုယ့်ဟာကိုယ် ပရင့်ထုတ်လျှက် သက်ဆိုင်ရာသို့ ပြရ၏။
            Realtime Noise Meter ကမူ ၂၄ နာရီ အဆက်မပြတ်တိုင်းနေတာ ဖြစ်သလို အင်တာနက်ရှိသည့် မည်သည့်နေရာ မှမဆို တိုင်း၍ရသော အချက်အလက်များကို ဖတ်နိုင်သည်။ သတ်မှတ်ထားသောပမာဏ (Maximum Permissible Limit) ကိုကျော်သွားလျှင် မည်သည့်အချိန်များက မည်မျှကျော်နေသည် စသည်ဖြင့် အနီရောင်ဖြင့် ပြသည်။ ထို့ပြင် စက်ကိုစဖွင့်လိုက် ကတည်းက တိုင်းတာ၍ရသည့် ရလဒ်များကို မှတ်ထားပေးသဖြင့် ညာလို့မရ။ မည်သည့်နေ့ရက်က မည်မျှ ဆူသည်ကို အချိန် မရွေးကြည့်လို့ရသည်။
            မီတာကို အနီးဆုံးလူနေအိမ်မှ (၁) မီတာအကွာတွင် တပ်ဆင်ရသည်။ မီတာရှေ့တွင် အသံကိုအတားအဆီးဖြစ် စေမည့် နံရံစသည့်အတားအဆီးများ မရှိရ။ သို့သော် လူနေအိမ်များသည် ဆောက်လုပ်ရေးလုပ်ငန်းမှ မီတာ ၁၅၀ ထက်ပိုဝေး သွားလျှင်မူ မလိုပါ။

            တိုင်းတာ၍ရသော ရလဒ်များကို စီမံကိန်းပြီးသွားသည့်နောက်ပိုင်း (၁၀)နှစ်ထိ သိမ်းထားရသည်။ အခြားစာရွက် စာတမ်းများကိုမူ (၃) နှစ်သိမ်းထားရသည်။


သတ်မှတ်ထားသော ဆူညံသံထိန်းသည့် ဇယားကိုမူ မဖော်ပြတော့ပါ။ အနည်းငယ်ရှုပ်သဖြင့် သီးသန့်ဆောင်းပါး ရေးမှ အပြည့်အစုံဖော်ပြပါမည်။ မိမိတို့ ဆောက်လုပ်ရေးလုပ်ငန်းသည် လူနေအိမ်များမှ မီတာ ၁၅၀ အတွင်း ရှိနေပါက သေလောက်အောင် အရေးကြီးနေပါစေ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်များတွင် အလုပ်လုပ်ခွင့်မပြု။ မလိုက်နာပါက နင့်လောက်အောင် ဒဏ်ငွေရိုက်ခြင်း ခံရပါလိမ့်မည်။ ည (၁၀)နာရီကျော်ပါကလည်း မည်သည့်ဆူညံသည့်အလုပ်ကိုမှ မလုပ်ရ။


လူတစ်ဦးခံနိုင်သည့် ဆူညံသံမှာ ၈၅ ဒက်ဆီဘယ် (85dB) ဆိုလျှင် ၈ နာရီ။ 90dB ဆိုလျှင် ၂ နာရီခွဲ။ 94dB ဆိုလျှင် ၁ နာရီ။ 95dB ဆိုလျှင် ၄၈ မိနစ်။ 111 dB ဆိုလျှင် လူ့နား၏ ခံနိုင်သည့်အချိန်မှာ ၁ မိနစ်သာဖြစ်သည်။ ဆိုလိုသည်မှာ ဤ 111 dB ရှိသော ဆူညံသံကို ၁၀ မိနစ်ခန့် ဆက်တိုက်ကြားနေရပါက နားပင်းရန် သိပ်ကြာကြာမစောင့်ရတော့ပါ။
ဤခံနိုင်ရည်များကို စင်ကာပူတွင် WSH (Noise) Regulations ဟု ဥပဒေဖြင့်ပြဌာန်းပေးထား၏။
            သို့ဆိုလျှင် နားမလေးစေရန် မည်ကဲ့သို့ ကာကွယ်ရမည်နည်း။




ဆူညံသည့်နေရာများတွင် အလုပ်လုပ်လျှင် နားအကာအကွယ်များ ၀တ်ဆင်ရပါမည်။ နားအကာအကွယ် အမျိုးမျိုးရှိ၏။ များသောအားဖြင့် အီးယားပလပ် (Ear Plug) များမှာ ဈေးသက်သာပြီး အီးယားမတ်ဖ် (Ear Muff) များမှာ ဈေးကြီးပါသည်။

            ဆူညံသံမည်မျှရှိလျှင် မည်သည့်အီးယားမတ်ဖ်ကို ရွေးချယ်တပ်ဆင်ရမည် စသဖြင့် ဇယားကြီးများရှိသော်လည်း ပိုက်ဆံကိစ္စဖြစ်သဖြင့် သိပ်လက်တွေ့မကျလှပါ။ လက်တွေ့သုံးလို့ကောင်းသည်မှာ ပေါချောင်ကောင်း အီးယားပလပ်များပင် ဖြစ်၏။ ထို့ကြောင့် အီးယားပလပ် ၀တ်ပုံဝတ်နည်းကို ပြလိုက်ပါသည်။



အီးယားပလပ်မှာ နားအတွင်း ထိုးထည့်ရသော ပစ္စည်းဖြစ်သဖြင့် နေ့စဉ် သန့်ရှင်းရေးလုပ်ရန် လိုပါသည်။

၁၇။ အရေးပေါ်တုံ့ပြန်ချက် (Emergency Response)

            ကိစ္စပေါ်ပြီဆိုတော့မှ ဟိုဟာဆွဲရမလို၊ ဒီဟာဆွဲရမလို။ ဘယ်အပေါက်က ပြေးလို့ပြေးရမှန်းမသိ၊ ဘာလုပ်လို့ လုပ်ရမှန်း မသိ မဖြစ်ရလေအောင် အရေးပေါ်စီမံချက်ကို အရေးမပေါ်မီကတည်းက ကြိုတင်ရေးဆွဲ လေ့ကျင့်ထားရသည်။ ဤသည်ကို အရေးပေါ်စီမံချက် (Emergency Preparedness) ဟု ခေါ်၏။
            ဖြစ်ပေါ်လာမည့် အရေးပေါ်အခြေအနေကိုလိုက်၍ အရေးပေါ်စီမံချက်ရေးဆွဲပုံ ကွာသွားသည်။ သို့သော် အခြေခံများ ကတော့ အတူတူပင်ဖြစ်ပါသည်။
            ဆောက်လုပ်ရေးလုပ်ငန်းအတွက် အရေးပေါ်အခြေအနေများမှာ -
၁။ မီးလောင်ခြင်း
၂။ အမြင့်မှ ပြုတ်ကျခြင်း
၃။ အပေါ်မှပြုတ်ကျသော ပစ္စည်းများဖြင့် ခိုက်မိခြင်း
၎။ ဓါတ်လိုက်ခြင်း
၅။ စက်များဖြင့် ထိခိုက်မိခြင်း
၆။ ကရိန်းလဲပြိုခြင်း
၇။ ၀န်ချီရာမှ ပြုတ်ကျခြင်း
-       စသည်တို့ ဖြစ်၏။
အရေးပေါ်ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များကို ထင်သာမြင်သာ ဖော်ပြထားရမည်။


အရေးပေါ်အခြေအနေ ကြိုတင်ဇာတ်တိုက်မှုကိုလည်း ဥပဒေဖြင့် ပြဌာန်းထား၏။ ဆောက်လုပ်ရေးလုပ်ငန်းများတွင်
၆ လ တစ်ကြိမ်လုပ်ရသည်။ အရေးပေါ်အခြေအနေ ကြိုတင်လေ့ကျင့်မှု (Emergency Drill) ကို မည်သည့်နေ့ရက်၊ အချိန်၊ နေရာတွင်လုပ်သည်။ အချိန် မည်မျှကြာသည်။ လူဘယ်နှစ်ဦးပါသည်။ မည်ကဲ့သို့လုပ်သည် အစရှိသည်တို့ကို မှတ်တမ်းတင် ထားရသည်။




            လုပ်ငန်းခွင်တွင် မီးသတ်ဘူးများကို ထားပေးရန်လိုပြီး မည်သည့်နေရာ၌ မီးသတ်ဘူးများရှိသည်ကိုလည်း မြေပုံဖြင့် ပြထားရန်လိုပါသည်။ သို့မှသာ လုပ်ငန်းခွင်အတွင်းရှိသူအားလုံး မည်သည့်နေရာတွင် မီးသတ်ဘူးရှိသည်ကို သိနိုင်ပါမည်။



အရေးပေါ်အခြေအနေကြုံတွေ့လာပါက -
၁။ လုပ်လက်စအလုပ်အားလုံးကို ရပ်လိုက်ပါ။
၂။ စက်အားလုံးကို ပိတ်လိုက်ပါ။
၃။ စုရပ်သို့ အမြန်ဆုံးသွားပါ။ မပြေးပါနှင့်။ ပျာယာမခတ်ပါနှင့်။ မလောပါနှင့်။
၎။ ဘာဆက်လုပ်ရမည် ကို အထက်မှ ညွှန်ကြားပါလိမ့်မည်။ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။

 ၁၇၊ ၁။ မီးအရေးပေါ်အတွက် သင်တန်းပေးခြင်း

            အကယ်၍ မီးလောင်ခဲ့ပါက မီးကိုနိုင်နိုင်နင်းနင်းသတ်နိုင်မည်ဆိုလျှင် မီးသတ်ဘူးယူပြီး သတ်ပါ။ ဤကဲ့သို့ သတ်နိုင်စေရန် မီးသတ်ဘူးသုံးနည်းကို သင်တန်းပေးထားပါ။



၁၈။ မတော်တဆမှုများအတွက် သတင်းပေးခြင်း (Incident/Accident Reporting)


လုပ်ငန်းခွင်အတွင်း မတော်တဆမှုဖြစ်ပါက အမှုသေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စီမံခန့်ခွဲရေးအဖွဲ့ (Safety ဌာန အပါအ၀င်) သို့ အကြောင်းကြားရသည်။
            ဖြစ်သည့် မတော်တဆမှုကို မှတ်တမ်းအပြည့်အစုံ ယူထားရ၏။ မည်သည့်နေ့၊ မည်သည့်အချိန်က၊ မည်သူသည်၊ မည်သည့်အကြောင်းကြောင့် မည်ကဲ့သို့ ဖြစ်သနည်း။ ဒဏ်ရာပြင်းထန်မှုအခြေအနေ၊ ဆေးရုံဆေးခန်းသို့ သွားရမသွားရ။ ဆေးခွင့် ဘယ်နှရက်ယူရသည်။ မည်သည့်ရက်တွင် ပြန်ကောင်းသွားပြီး မည်သည့်ရက်တွင် အလုပ်ပြန်ဆင်းသည်။ အားလုံး မှတ်တမ်းတင်ထားရသည်။
            ထိုမျှသာမက နောင် ဤကဲ့သို့သော မတော်တဆမှုမဖြစ်စေရန် မည်ကဲ့သို့ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့် သည် ဆိုသည်ကိုပါ အကြံပြုတင်ပြပြီး မိမိ၏ အကြံပြုချက်ကို စီမံခန့်ခွဲရေးအဖွဲ့မှ လက်တွေ့အကောင်အထည် ဖော်/မဖော်။ လက်တွေ့အကောင်အထည်ဖော်ခဲ့သည်ဆိုလျှင် မိမိ၏အကြံပြုချက်သည် မည်မျှထိရောက် အကျိုးရှိသည် စသည်တို့ကို ဆန်းစစ်ဘို့ လိုပါသည်။


စင်ကာပူဥပဒေအရ ဆေးခွင့် ၃ ရက်ထက်ပိုသော၊ ဆေးရုံတက်ကုသမှု ၂၄ နာရီထက်ပိုသော ထိခိုက်ဒဏ်ရာရမှုများ ကို MOM (Ministry of Manpower) သို့ အခင်းဖြစ်ပြီး ၁၀ ရက်အတွင်း သတင်းပို့ရသည်။ သတင်းပို့ရန် ပျက်ကွက်ခဲ့ပါက ပထမအကြိမ်အတွက် ဒဏ်ငွေ စင်းဒေါ်လာ ၅၀၀၀၊ ဒုတိယနှင့်နောက်ထပ် အတွက် ဒဏ်ငွေ ၁၀,၀၀၀ သို့မဟုတ် / နှင့် (and/or) ထောင်ဒဏ် ၆ လ ကျခံစေရမည်။
            သတင်းပို့တာကတော့ လွယ်ပါ၏။ MOM Website ရှိ iReport တွင် online report လုပ်ရုံဖြစ်ပါသည်။ သက်ဆိုင်ရာ သတင်းအချက်အလက်များ (သတင်းပို့သူနာမည်၊ ထိခိုက်မှုဖြစ်ချိန်၊ ဖြစ်သည့်နေရာ၊ မည်ကဲ့သို့ဖြစ်သည်၊ ဒဏ်ရာရသူနာမည်၊ မည်သည့်နေ့က အလုပ်စ၀င်သည်၊ လခမည်မျှရသည်၊ ခန္ဓာကိုယ်မည်သည့် အစိတ်အပိုင်းကို ထိခိုက်သည်၊ ထိခိုက်မှု အမျိုးအစား၊ ဆေးခွင့်ရက်ပေါင်း၊ ကုသသည့်ဆေးရုံဆေးခန်းနာမည်၊ အာမခံကုမ္ပဏီနာမည်၊ အာမခံပေါ်လစီနံပါတ် စသည်) ကို ဖြည့်စွက်တင်ရပါသည်။
            MOM ကိုသတင်းပို့စရာမလိုပါက မိမိတို့ကုမ္ပဏီမှတ်တမ်းတွင်သာ သိမ်းထားရုံဖြစ်ပါသည်။
            မည်ကဲ့သို့ဖြစ်သည်ကို သေချာစွာသိနိုင်ရန် ဒဏ်ရာရသူ အလုပ်လုပ်နေရာနေရာ၌ ရှိနေသူများအားလည်း မျက်မြင် သက်သေအဖြစ် ခေါ်ယူမေးမြန်းရပါမည်။ မည်ကဲ့သို့ဖြစ်သည်၊ မည်သည့်အတွက်ဖြစ်သည်။ နောင်မဖြစ်အောင် မည်သို့ ကာကွယ်နိုင်မည် စသဖြင့် ဖြစ်၏။ အင်တာဗျူးကိုလည်း မှတ်တမ်းတင်ထားရန် လိုပါသည်။


မတော်တဆမှုများအတွက် ရှေးဦးသူနာပြုစုမှု ပေးနိုင်ရန် လုပ်ငန်းခွင်ထဲ၌ ရှေးဦးသူနာပြုသင်တန်းတက်ထားသူများ ရှိရန် လိုပါသည်။ ဤကဲ့သို့ ရှေးဦးသူနာပြုထားပေးရန်ကိုလည်း WSH (First Aid) Regulation ဟု ဥပဒေပြဌာန်းထား၏။ ထိုဥပဒေအရ လုပ်သားဦးရေ ၂၅ ဦးထက်ပိုသော လုပ်ငန်းခွင်၌ ရှေးဦးသူနာပြုတစ်ဦး ထားရမည်။ လုပ်သားများသော လုပ်ငန်းခွင်များအတွက်မူ လုပ်သား ၁၀၀ လျှင် ရှေးဦးသူနာပြု တစ်ဦးကျ ထားပေးရမည်။ ထို့ပြင် လုပ်ငန်းခွင်အတွင်း၌ လုံလောက်သော ရှေးဦးသူနာပြု သေတ္တာများလည်း ထားပေးရမည်။ အထပ်မြင့် အဆောက်အဦများ ဆောက်ပါက အထပ်တိုင်း၌ အနည်းဆုံး ရှေးဦးသူနာပြု သေတ္တာတစ်လုံးစီရှိရမည်။
            အသေးစိတ်ကို ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ရှေးဦးသူနာပြုစုခြင်း လိုအပ်ချက် ဆောင်းပါးရေးသောအခါ ထပ်မံဖော်ပြပါမည်။

၁၉။ လုပ်ငန်းခွင်ကြောင့် ရသောရောဂါများ (Occupational Disease)

            လုပ်ငန်းခွင်အတွင်း အမြဲအလုပ်လုပ်နေရာမှ ရလာသောရောဂါကို လုပ်ငန်းခွင်ကြောင့် ရသောရောဂါဟု ခေါ်၏။ ဤရောဂါများကို အခြားရောဂါများနှင့် ရောမထားသင့်။ သီးသန့် စစ်ဆေး အရေးယူဆောင်ရွက်ရမည်။
            လုပ်ငန်းခွင်ကြောင့် မည်သည့်ရောဂါများရတတ်သည်ကို ပုံသေယူဆထားလို့မရ။ လုပ်ငန်းသဘာဝ၊ လူများ၏ အမူအကျင့်၊ ထိုအန္တရာယ်နှင့် ထိတွေ့ဆက်ဆံနေရသောကာလ စသဖြင့် အကြောင်းအချက်များစွာပေါ် မူတည်နေသည်။
            လုပ်ငန်းခွင်အတွင်း မည်သည့်အရာများမှ ရောဂါရနိုင်သနည်း။ အောက်ပါတို့မှာ နမူနာများဖြစ်ပြီး ထို့ထက်ပိုရှိနိုင် ပါသည်။
  • -       ဆူညံသံ
  • -       ဓါတုဗေဒဆေးဝါးများ
  • -       ဓါတ်ငွေ့များ
  • -       နေပုံထိုင်နည်း ပုံစံမကျခြင်း
  • -       ဂဟေဆော်ခြင်း
  • -       ဆေးသုတ်ခြင်း
  • -       စက်ကိရိယာများ


ILO မှ ထုတ်ပြန်ထားသည့် လုပ်ငန်းခွင်ရောဂါများမှာ အမျိုးအမည်လည်းစုံလင်၊ များလည်း အလွန်များလှ၏။ ဤနေရာတွင် အကုန်မဖော်ပြတော့ပါ။ စင်ကာပူတွင်တော့ လုပ်ငန်းခွင် ရောဂါအမျိုးအစား ၃၅ မျိုးသတ်မှတ်ထား၏။ လုပ်ငန်းခွင်ကြောင့်ရသော ရောဂါများမှာ များသောအားဖြင့် ခဏချင်းရလာသည့်ရောဂါမဟုတ်ဘဲ ကာလအတန်ကြာမှ သိရသော ရောဂါများဖြစ်၏။
ထို့ကြောင့် ဆရာဝန်များအနေနှင့် လုပ်ငန်းခွင်ရောဂါများအဖြစ် သတ်မှတ်တော့မည်ဆိုလျှင် လူနာ၏ ရောဂါရာဇ၀င် ကို သေချာကျနစွာစူးစမ်းလေ့လာရန် လိုပါသည်။ လူနာသည် မည်သည့်စက်မျိုးကို မည်သည့်အချိန်က မည်မျှကြာကြာ သုံးခဲ့သနည်း။ မည်ကဲ့သို့သော အန္တရာယ်အခြေအနေမျိုး (ဆူညံသံ၊ ဖုန်မှုန့်၊ ဓါတုဆေးငွေ့ စသည်) နှင့် မည်မျှကြာအောင် ထိတွေ့နေခဲ့ရသနည်း စသည်တို့ဖြစ်၏။
ကျွန်တော်ဤနေရာတွင် အကုန်ရေးမပြတော့ပါ။ လုပ်ငန်းခွင်ကြောင့် ရသောရောဂါများအကြောင်း သီးသန့် ဆောင်းပါးရေးသည့်အခါမှ အသေးစိတ်ထည့်သွင်း ဖော်ပြပါမည်။
            အကယ်၍ ဆရာဝန်တစ်ဦးတစ်ယောက်သည် လုပ်ငန်းခွင်ကြောင့်ရသောရောဂါ တစ်မျိုးမျိုးကို စစ်ဆေးတွေ့ရှိပါက MOM သို့ သတင်းပို့ရန် တာဝန်ရှိသည်။ MOM website မှ iReport တွင် သတင်းပို့နိုင်ပါသည်။ သို့သော် ဆရာဝန်တိုင်းတော့ စစ်လို့မရ။ သတ်မှတ်ထားသော အခွင့်အာဏာရ ဆရာဝန်မှသာ စစ်ဆေးခွင့်ရှိသည်။ ထိုအလုပ်သမားသည် အလုပ်လုပ်ရင်း ရောဂါရခြင်းဖြစ်သဖြင့် ၎င်းအနေနှင့် နစ်နာကြေးခံစားခွင့် ရှိ၏။ ဤသို့ခံစားခွင့်ရစေရန် လုပ်ငန်းခွင်နစ်နာကြေးဥပဒေ (Work Injury Compensation Act – WICA) ပြဌာန်းထား၏။


လုပ်ငန်းရှင်များသည် အလုပ်သမားများအား လုပ်ငန်းခွင်ကြောင့် ရောဂါမရစေရန် အစီအမံများ ရေးဆွဲထားရသည်။ ဥပမာ - အလုပ်သမားများ နားလေးခြင်းမဖြစ်စေရန် Hearing Preservation Programme ကို ရေးဆွဲထားရသည်။ ဤအစီအစဉ်အရ လုပ်ငန်းခွင်မှ လုပ်သားများ၏ အကြားအာရုံကို ပုံမှန်စစ်ဆေးကာ အကြားအာရုံချို့တဲ့လာသည့် လက္ခဏာ တွေ့ရပါက ထိုအလုပ်သမားကို ဆူညံမှုနည်းသည့် နေရာသို့ပြောင်းရွှေ့လုပ်စေခြင်း၊ အကြားအာရုံကာကွယ်သည့် ကိရိယာများ ၀တ်ဆင်စေခြင်း စသည်တို့ အရေးယူဆောင်ရွက်ရသည်။
            စင်ကာပူ၌ အများဆုံးဖြစ်သည့် လုပ်ငန်းခွင်ရောဂါများမှာ နားလေးခြင်း၊ အရေပြားရောဂါနှင့် ဓါတုဆေးငွေ့ အများအပြား ရှူရှိုက်မိခြင်းတို့ ဖြစ်ပါသည်။ ဤရောဂါများဖြစ်နှုန်းကိုလည်း တစ်နှစ်ထက်တစ်နှစ် လျှော့ချနိုင်ခဲ့၏။


နိဂုံး

            လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဟူသည် အလွန်ကျယ်ပြန့်လှသော ဘာသာရပ်ဖြစ်၏။ ဤစာတစ်အုပ်မျှနှင့် ပြည့်စုံအောင် ရေးဘို့ မဖြစ်နိုင်ပါ။ ယခု ကျွန်တော်က အခြေခံဗဟုသုတအဖြစ် ခြုံမိငုံမိဖြစ်စေရန်၊ စင်ကာပူတွင် အလုပ်လုပ်နေသူ၊ စင်ကာပူသို့ လာမည့်သူများအနေနှင့် စင်ကာပူအစိုးရမှ သတ်မှတ်ထားသည့် Enhanced CSOC စာမေးပွဲ ၀င်နိုင်ရုံမျှသာ ခန့်မှန်းရေးသားလိုက်ခြင်းဖြစ်ပါသည်။
            သို့သော် ယခုရေးထားသည်များမှာ ထိုစာမေးပွဲအတွက် လုံလောက်ရုံမျှမက များစွာပိုလွန်နေပါသေးသည်။ သို့သော် ရေးလက်စနှင့် အခြားသူများလည်း Safety ဆိုတာ ဘာလဲ ဟု ဗဟုသုတရစေရန် အတန်ငယ် ချဲ့ကား ရေးလိုက်ခြင်း ဖြစ်ပါသည်။
            ဤစာအုပ်ငယ် ကိုဖတ်ပြီး မြန်မာနိုင်ငံသား လူငယ်များတို့ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးဆိုင်ရာ အခြေခံ ဗဟုသုတ များ ရသွားပြီဆိုလျှင် ကျွန်တော်ရေးရကျိုးနပ်ပါပြီ။
            ယခု လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်းပါးများ ဆက်လက်ရေးသားပါမည်။ ဤဆောင်းပါးများတွင်မူ အထက်တွင် ဖော်ပြခဲ့သည့် အကြောင်းအရာများကို အသေးစိတ်၊ ကျောင်းများတွင် ပြဌာန်းစာအုပ်အဖြစ် အသုံးပြုနိုင်သည်ထိ အားထုတ် ရေးသားသွားမည် ဖြစ်ပါကြောင်း။


အားပေးသူ အားလုံးကို ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၊ ဇွန်လ၊ ၂၀၁၃။ ည ၁၀း၀၅ နာရီ

No comments: