Sunday, March 3, 2013

စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်သို့စီမံထားသည် ဆိုခြင်းအကြောင်း(၄)


(၆) City In A Garden
 
          City In A Garden အတွက် ၂၀၁၁ သြဂုတ်လတွင် ပြည်သူများထံမှ အကြံပြုချက်များ ရယူခဲ့ကြသည်။ လမ်းဘေးပြပွဲများ၊ အဖွဲ့ လိုက် ဆွေးနွေးပွဲများ၊ တွေ့ဆုံမေးမြန်းခြင်းများ၊ စစ်တမ်းကောက်ယူခြင်းများပြုလုပခဲ့ရာ ပြည်သူများထံမှ အကြံပြုချက်ပေါင်း ၈၀၀၀ ကျော် ရခဲ့သည်။ ထိုအကြံပြုချက်များအား ပြန်လည်စိစစ်ပြီး အစုများဖွဲ့လျှက် အချို့ကို ချက်ချင်းအကောင်အထည်ဖော်ပြီး အချို့ကို ရေရှည်စီမံကိန်း များတွင် ထည့်သွင်းအသုံးပြုခဲ့သည်။
          ထိုခဏမျှသာမဟုတ်။ မည်သူမဆို ထို ဥယျာဉ်ထဲမှစင်ကာပူ” တည်ဆောက်ရေးအတွက် အကြံဉာဏ်များအား nparks_public_affairs@nparks.gov.sg သို့ မည်သည့်အချိန်မဆို ပေးပို့နိုင်ပါသည်။
          စင်ကာပူစိမ်းလန်းစိုပြေရေးအတွက် မစ္စတာလီကွမ်ယု၏ လမ်းညွှန်ချက်ဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၅၀။ ၁၉၆၀ ခုနှစ်များမှ စတင်ကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်၏။ စိမ်းလန်းသောစင်ကာပူဖြစ်လာစေရေးအတွက် NParks က စီမံကိန်းပေါင်းများစွာ ချမှတ် အကောင်အထည် ဖော်လျှက်ရှိ၏။ မြေဧရိယာအကျယ် ၆၇၅ စတုရန်းကီလိုမီတာ (၆၇၅၀၀ ဟက်တာ) (၂၆၁ စတုရန်းမိုင်) သာရှိသော
စင်ကာပူတွင် ဧရိယာ၏ ၉% ကို ပန်းခြံနှင့် သဘာဝသစ်တောများအဖြစ် ထိန်းထားနိုင်ခဲ့သည်။
          ၁၉၈၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း စင်ကာပူ၏ စိမ်းလန်းသောမြေဧရိယာကို ၃၅.၇% မှ ၄၆.၅% သို့တိုးမြှင့်နိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် URA (Urban Redevelopment Authority) က အရည်အသွေးပြည့်ဝသော လူမှုပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြေမှု၏ အရေးပါပုံကို အကောင်အထည်ဖော်နိုင်ရန် ၁၅ နှစ်စီမံကိန်းရေးဆွဲခဲ့သည်။ ထိုစီမံကိန်းထဲ၌ အောက်ပါတို့ပါဝင်သည်။
  • ကိရိယာတန်ဆာပလာများ အစုံအလင်တပ်ဆင်ထားသော ပန်းခြံကြီများကို နိုင်ငံအ၀ှမ်းတည်ဆောက်ရန်၊ လူနေအိမ်ခြေများအကြား၌လည်း ပန်းခြံငယ်ကလေးများ တည်ဆောက်ရန်၊ လူ ၁၀၀၀ လျှင် ပန်းခြံဧရိယာ ၀.၈ ဟက်တာ နှုန်းဖြင့် အကောင်အထည်ဖော်ရန်။
  • သဘာဝပေါက်ပင်များ၊ လိပ်ပြာ၊ ပုဇဉ်းစသည့် အင်းဆက်ပိုးမွှားများ ပျော်မွေ့စေရန် ကုန်းရေစပ်မြေ၊ မုတ်သုံတော၊ တောင်ပေါ်ဥယျာဉ်များကို ပေါင်းရုံးတည်ဆောက်ရန် နှင့် တစ်ခုနှင့်တစ်ခုကိုလည်းဆက်စပ်ပေးထားခြင်းဖြင့် ပြည့်စုံသော ဂေဟစနစ်ကြီးတစ်ခု အကောင်အထည်ဖော်ရန်။
  • လူအများအား သဘာဝပတ်ဝန်းကျင်သို့ စည်းရုံးခေါ်ဆောင်ရန်၊ ပန်းခြံများနှင့် သဘာဝတောများကို ပေါင်းစပ်ဖန်တီးရန်။
  • တစ်နိုင်ငံလုံးရှိ လူနေအိမ်ခြေများ၊ ရေကန်များ၊ သဘာဝတောများနှင့် ပန်းခြံများအား သစ်ပင်ပန်းမာလ်တန်းများဖြင့် တစ်ခုနှင့်တစ်ခု ဆက်စပ်ပေါင်းကူးပေးရန်


ပန်းခြံများကို တစ်ခုနှင့်တစ်ခု သစ်ပင်ပန်းပင်ကလေးများဖြင့် ဆက်ပေးလိုက်ခြင်းဖြင့် စိမ်းလန်းသည့်ဧရိယာကိုလည်း ပိုမိုဖြန့်ကျက် နိုင်သည်။ ထိုအစိမ်းရောင်ဆက်ကြောင်းများကို ၂၀၁၅ ခုနှစ်တွင် ကီလိုမီတာ ၂၀၀ ထိ ဆက်နိုင်ရန် ရည်မှန်းထား၏။ ထိုစီမံကိန်း၌ လူလျှောက်လမ်း၊ ပြေးလမ်း၊ စက်ဘီးလမ်း၊ အပန်းဖြေလမ်းများအား စက်ဝိုင်းပိတ် လမ်းကြောင်းများအဖြစ် စင်ကာပူတစ်ဝှမ်း၌ စုစုပေါင်း ၇ ခု တည်ဆောက်မည်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက ၄၂ ကီလိုမီတာရှည်သည့် Eastern Coastal Park Connector Network ပထမဆုံး အစိမ်းရောင်ဆက်ကြောင်းပိတ်လမ်း (first loop of green paths) ကိုတည်ဆောက်ပြီးစီးခဲ့သည်။
          အလားတူပင် PUB ကလည်း ကွန်ကရစ်အဆောက်အအုံများဖြင့် ပြည့်လာနေသည့် ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းညှိရန် မြစ်ချောင်း နှင့် ရေကန်များအား အပန်းဖြေဥယျာဉ်များအဖြစ် ပြောင်းလဲရန် ABC (Active, Beautiful and Clean) Waters Programme ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့၏။ ၂၀၀၈ ခုနှစ် ဧပြီလတွင် Kallang River ကို လုပ်သားပြည်သူများအတွက် ရေကန်နှင့် မြစ်ချောင်းများအား အပန်းဖြေစခန်းများအဖြစ် ဖန်တီးပေးခြင်းသည် သာယာလှပရေးအတွက်ရော အစိမ်းရောင် နယ်မြေအဖြစ် တိုးချဲ့ရေးတွင်ပါ မည်မျှအကျိုးသက်ရောက်မှုရှိကြောင်း စံနမူနာအဖြစ် တည်ဆောက်ပြခဲ့၏။
          အစိမ်းရောင်လွင်ပြင်ဖန်တီးရေး၌ မြေပြင်ပေါ်မျှသာမက ဝေဟင်၌ပါ (skyrise and roof top and vertical greenery) တိုးချဲ့ တည်ဆောက်ခဲ့ကြ၏။ ထိုအထဲတွင် National Library သည် ထင်ရှားသော စံနမူနာအဆောက်အဦတစ်ခု ဖြစ်သည်။ တိုးပွားလာသော လူဦးရေနှင့်အမျှ လူအများ သစ်ပင်ပန်းမာလ်များအကြားတွင် သက်တောင့်သက်သာ အနားယူ အပန်းဖြေနိုင်စေရေးအတွက် NParks က ပန်းခြံများတိုးချဲ့တည်ဆောက်ခဲ့၏။ Singapore Botanic Gardens ထဲတွင် အသက် ၁၂ နှစ်အောက် ကလေးများ ဆော့ကစားနိုင်ရန် Jacob Ballas Children’s Garden တည်ဆောက်ပေးခဲ့၏။ ဥယျာဉ်ချစ်သူများအတွက် တစ်နေရာထဲ၌ အစုံလေ့လာနိုင်မည့် HortPark ကို ၂၀၀၈ ခု၊ မေလက ဖွင့်လှစ်ပေးခဲ့သည်။ 



ဥယျာဉ်များထဲ၌ ဘုရင်ဟုဆိုရမည်မှာ Gardens-By-The-Bay ဖြစ်၏။ Gardens-By-The-Bay သည် စင်ကာပူကို Garden City မှ City-In-A-Garden အဖြစ် အသွင်ပြောင်းရေး၌ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ ၂၀၀၆ ခုနှစ် ဇန္န၀ါရီလတွင် ကမ္ဘာ့အဆင့်မီ ပန်းခြံကြီး တည်ဆောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာမှ ဒီဇိုင်းပုံစံများဖိတ်ခေါ်ခဲ့ရာ စင်ကာပူမှ ၃၅ ခုအပါအ၀င် ၂၄ နိုင်ငံမှ ကုမ္ပဏီကြီး ၁၇၀ က ဒီဇိုင်း ၇၀ ကျော်ကို တင်သွင်းခဲ့ကြသည်။
              အပြည်ပြည်ဆိုင်ရာမှ ကျွမ်းကျင်ပညာရှင်များအပါအ၀င် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် ရွေးချယ်ရွေးအဖွဲ့က တင်သွင်းလာသော ပုံစံများထဲမှ ၈ ခုကို ပဏာမရွေးချယ်ခဲ့သည်။ ထိုအထဲကမှ ၂၀၀၆ စက်တင်ဘာလတွင် နောက်ဆုံးဆန်ကာတင် ၂ ခုကို ကြေငြာခဲ့သည်။ ထို ကုမ္ပဏီ ၂ ခုမှာ ယူနိုက်တက်ကင်းဒမ်းမှ Grant Associates for Bay South နှင့် Gustafson Porter for Bay East တို့ဖြစ်၏။ ထိုဒီဇိုင်းကို Singapore Botanic Gardens ၌ ပြသထားရာ ပရိသတ် တစ်သောင်းကျော်လာကြည့်ပြီး အကြံပြုချက် ၇၀၀ ကျော်ပေးခဲ့ကြသည်။ ပရောဂျက်တန်ဘိုး စင်ကာပူဒေါ်လာ သန်း ၃၈၀ ဖြစ်သည်။
              တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၇ နိုဝင်ဘာလတွင်စတင်ခဲ့ရာ ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်နိုင်ခဲ့သည်။ စုစုပေါင်း အကျယ်အ၀န်း ၁၀၁ ဟက်တာ (၂၅၀ ဧက) ရှိပြီး Bay South Garden, Bay East Garden နှင့် Bay Central Garden ဟု ဥယျာဉ်သုံးခု ပါဝင်သည်။ 
             Garden By the Bay မှာ အလှအပအတွက် သီးသီးသာမဟုတ်။ အဓိကရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်အခြေအနေများကို ထိန်းသိမ်းထားရန် တည်ဆောက်ခြင်းဖြစ်သည်။ ဒီဇိုင်းရေးဆွဲရာ၌ စွမ်းအင်နှင့်ရေကို ဤဥယျာဉ်များမှတစ်ဆင့် ပြန်လည် အသုံးချနိုင်ရန် ဦးစားပေး ရေးဆွဲသည်။ အလွန်ကြီးမားလှသော မှန်လုံအိမ်ကြီးနှစ်ခုက မြေထဲပင်လယ်ဒေသ၏ အေး၍ခြောက်သွေ့သောရာသီဥတု၊ အေး၍ စွတ်စိုသော မုတ်သုံရာသီဥတုများကို ဖန်တီးပေးသည်။ ထို့ကြောင့် ဤမှန်အိမ်ကြီးများထဲ၌ ဤဒေသတွင်မမြင်တွေ့ရသည့် အပင်များကို စိုက်ပျိုးထိန်းသိမ်း ထားနိုင်သည်။ ဤတွင်သုံးထားသော အအေးပေးစနစ်က သာမန်အအေးပေးစနစ်များထက် စွမ်းအင် ၃၀% ပိုလျှော့ချ နိုင်သည်။ 





အဘယ်ကဲ့သို့လျှော့ချနိုင်သနည်း။

၁) နေ၏ အပူဒဏ်ကို ခံရမှုအနည်းဆုံးဖြစ်အောင် စီမံထားသည်။
ဤတွင်သုံးထားသည့်မှန်များမှာ ရိုးရိုးမှန်များမဟုတ်။ အပင်များ လိုသလောက်သာ အလင်းရောင်ရစေပြီး မလိုအပ်သော အပူများ ၀င်မလာ နိုင်စေရန် အထူးဒီဇိုင်းထုတ်ထားသော မှန်များဖြစ်သည်။ အမိုးများ၌လည်း ဆင်ဆာတပ်ထားသောရွက်များ တပ်ဆင်ထားသည်။ အပင်များ သိပ်ပူလာပါက ထိုရွက်များအလိုအလျောက်ပွင့်လာပြီး အပင်များကို အရိပ်မိုးပေးသည်။

၂) ယူထားသောနေရာများကိုသာ အအေးပေးသည်။
အထပ်နိမ့်များကိုသာ အအေးပေးခြင်းဖြင့် အအေးပေးရသော လေထုကို ပိုနည်းသွားစေသည်။ ထို့ပြင် ရေအေးပိုက်များကို ကြမ်းခင်းအတွင်း ထည့်လောင်းထားသည်ဖြစ်ရာ ကြမ်းခင်းမှာအေးနေသဖြင့် လေပူများအထက်တက်သွားပြီး အပေါ်ထပ်များမှ ထွက်သွားသဖြင့် လေအေးပေး ရပိုသက်သာသွားသည်။

၃) အအေးပေးမည့်လေကို မအေးမီ ရေငွေ့ထုတ်ခြင်း
လေကိုအအေးခံရာတွင် စွမ်းအင်ပိုမိုသက်သာစေရန် လေထဲမှရေငွေ့များထုတ်သည့် (အခြောက်ခံပစ္စည်း) ထည့်ပေးပြီး အအေးမခံမီ လေကို ဦးစွာ ခြောက်သွေ့စေသည်။ ထိုအခြောက်ခံပစ္စည်းကိုလည်း မီးရှို့ရာမှရသည့်အပူဖြင့် ပြန်လည် လှည့်ပတ်သုံးခြင်းဖြစ်သည်။

 ၄) ဆုံးရှုံးရမည့်အပူများကို အသုံးချကာ လျှပ်စစ်ထုတ်ခြင်း
မှန်လှောင်အိမ်ကြီးများအား အအေးပေးသည့် အအေးခံစက် (Chillers) များအားမောင်းနှင်ရန် လျှပ်စစ်ကို ထုတ်ယူသည်။ ထိုမှ ထွက်လာသည့်အပူကို အခြောက်ခံပစ္စည်းအရည် ထုတ်ရာ၌သုံးသည်။ ဤဥယျာဉ်မှအမှိုက်များနှင့် စင်ကာပူရှိ အခြားဥယျာဉ်များမှ အမှိုက် သရိုက်များကို မီးရှို့ခြင်းဖြင့် ရေနွေးငွေ့တာဘိုင်ကိုမောင်းကာ လျှပ်စစ်ထုတ်သည်။ ဤကဲ့သို့ မိမိဘာသာ လျှပ်စစ်ထုတ်သုံးခြင်းဖြင့် စင်ကာပူ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ကို ချွေတာရာရောက်သည်။  
           ဤတွင်ဖော်ပြထားသော ဓါတ်ပုံအများစုမှာ http://www.gardensbythebay.com.sg ၏ ဂေလာရီမှဖြစ်ပါသည်။





မဟာသစ်ပင်ကြီးများ (Super Trees) က သဘာဝပတ်ဝန်းကျင်ကို ထိန်းပေးခြင်း

          မဟာသစ်ပင်ကြီး ၁၁ ခု၏ အကိုင်းအခက်များ၌ နေရောင်ခြည်မှလျှပ်စစ်ထုတ်ပေးသည့် ဖိုတိုဗို့လတစ်ဆဲလ် (Photovoltaic cells) များတပ်ဆင်ထားပြီး နေရောင်ခြည်မှရသော လျှပ်စစ်ကို အပင်ကြီးများအား မီးထွန်းရာ၌ လည်းကောင်း၊ မှန်အိမ်ကြီးနှစ်ခုမှ လေပူများထုတ် ရာတွင်လည်းကောင်း သုံးသည်။




            မဟာသစ်ပင်ကြီး ၁၈ ခု၌ သစ်ပင်မျိုးစိတ်ပေါင်း ၂၀၀ မှ အပင်ပေါင်း ၁၆၂၉၀၀ ကို စိုက်ပျိုးထားမည်။ အချို့အပင်များမှာ ဘရာဇီး၊ ပနားများ၊ အီကွေဒေါ နှင့် ကို့စတာရိကာနိုင်ငံတို့မှ ဖြစ်၏။ အပင်များကို အပူရောင်များ (အ၀ါရောင်၊ လိမ္မော်ရောင်၊ အနီရောင်) မှသည် အအေးရောင် ငွေနှင့်ပန်းရောင်များထိ အရောင်စုံစွာ ရွေးချယ်စိုက်ပျိုးထား၏။ 
            သစ်ပင်များကို ရွေးချယ်ရာတွင် အောက်ပါအချက်များကို အဓိကထား ရွေးသည်။
  • ထောင်လိုက်စိုက်ရန် သင့်တော်ရမည်။
  • မာကျောကျစ်လစ်ပြီး ပေါ့ပါးရမည်။
  • မြေမလိုပဲ စိုက်နိုင်ရမည်။
  • ပြုပြင်ထိန်းသိမ်းရလွယ်ကူရမည်။
  • စင်ကာပူရာသီဥတုနှင့် ကိုက်ညီရမည်။
  • စင်ကာပူ၌ မရှိသောအပင်များဖြစ်ရမည်။
  • ကြည့်သူအား ဆွဲဆောင်မှုရှိစေရမည်။ရေကန်စနစ် (ပုစဉ်း နှင့် ပိန်ညင်းငှက် ရေကန်)


          ဥယျာဉ်ထဲမှထွက်လာသောရေများကို စုဆောင်းစစ်လျှက် ပုစဉ်းများနှင့် ပိန်ညင်းတို့ကဲ့သို့ အကောင်ငယ်ကလေးများ နေနိုင်စေရန် သဘာဝပတ်ဝန်းကျင်ကို ထိန်းထားသည်။ မရီနာရေကန်ကြီး၏ တိုးချဲ့ကန်များဖြစ်လာစေရန် ပုစဉ်းကန် နှင့် ပိန်ညင်းကန် ဟု ကန်ကြီး နှစ်ကန် တည်ဆောက်ထားသည်။ ဥယျာဉ်ကြီးထဲမှ စီးကျလာသမျှသော မိုးရေများကို ထိုကန်ကြီးနှစ်ကန်၌ သိုလှောင်ထားပြီး ထိုရေများကို မရီနာကန်ကြီးအတွင်း မလွှတ်မီ ရေနေအပင်များဖြင့် စစ်ထုတ်လိုက်သည်။ ဥယျာဉ်ထဲမှ သစ်ပင်များကို ရေလောင်းရာ၌ သဘာဝအလျောက် စစ်ထားသည့်ရေများကိုသာ သုံးသည်။ 




            ထိုရေကန်စနစ်က သဘာဝပတ်ဝန်းကျင်အား ကျန်းမာနေအောင်ထိန်းသိမ်းထားရေးတွင် အပင်များ၏အရေးပါပုံကို မီးမောင်းထိုးပြ ထားသည်။ ရေသန့်ထဲ၌ အင်းဆက်ပိုးမွှားကလေးများအား ထိန်းသိမ်းထားရန် ရေနေအပင်များ၏ တန်ဘိုးကြီးပုံကိုလည်း သတိပြုမိလာစေ သည်။
          ရေကန်ထဲသို့စီးဝင်လာမည့်ရေများကိုလည်း ရေကန်တွင်းသို့မရောက်မီ ရေစီးနှုန်းကို နှေးစေကေ wet land, filter beds စသည်တို့ဖြင့် အနည်အနှစ်များအား စစ်လိုက်သည်။
          စိုက်ထားသည့် ရေနေအပင်များက ရေထဲမှ နိုက်ထရိုဂျင်ကို စုပ်ယူထားလိုက်သည်။ ရေထဲမှ နိုက်ထရိုဂျင်ကို လျှော့ချနိုင်ခြင်းဖြင့် ရေ၏အရည်အသွေးတက်လာသည်။ ရေထဲတွင် ရေစီးနှုန်းကောင်းစေရန်၊ အောက်ဆီဂျင် ကောင်းကောင်းရစေရန် ရေနေအပင်များ စိုက် ထားခြင်းဖြင့် ပုစဉ်းနှင့် အခြားအကောင်ငယ်လေးများကို ပျော်မွေ့စေသည်။ ရေကန်ထဲတွင် ငါးများမွေးထားခြင်းဖြင့် ခြင်များပေါက်မည့် အန္တရာယ်မှ ကာကွယ်နိုင်သည်။
          Gardens By The Bay နှင့်ပတ်သက်၍ စိတ်ဝင်စားစရာ အများအပြားရှိပါသည်။ အောက်ပါ link တွင် ဖတ်ကြည့်နိုင်ပါသည်။ http://www.gardensbythebay.com.sg/en/home.html


                  Gardens By The Bay ကား စင်ကာပူရောက်လျှင် မဖြစ်မနေသွားကြည့်ရမည့်နေရာတစ်နေရာဖြစ်၏။ မည်ကဲ့သို့ ထူးခြား ဆန်းကြယ်သည်ဆိုခြင်းကို စာဖြင့်ရေးပြလို့ မရစကောင်း။ မျက်စိဖြင့် ကိုယ်တိုင်တွေ့ရမှ ခံစားနိုင်မည်ဖြစ်၏။ ဖွင့်ချိန် နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီထိ။ ၀င်ကြေးမှာ စင်ကာပူနိုင်ငံသား Cloud Forest အပါအ၀င် ဆိုလျှင် လူကြီး ၂၀၊ ကလေး ၁၂ ဒေါ်လာ၊ အသက် ၆၀ ကျော်သည့် အဖိုးကြီး၊ အဖွားကြီးများ ၁၅ ဒေါ်လာ။ ပုံမှန်ဝင်ကြေး (Cloud Forest အပါအ၀င် ဆိုလျှင်) လူကြီး ၂၈၊ ကလေး ၁၅ ဒေါ်လာ ဖြစ်ပါသည်။   




No comments: