Wednesday, March 13, 2013

စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်သို့စီမံထားသည် ဆိုခြင်းအကြောင်း(၅)


(၇) စင်ကာပူရုက္ခဗေဒဥယျာဉ် (Singapore Botanic Gardens)

            စင်ကာပူစိမ်းလန်းစိုပြည်ရေးအကြောင်းပြောလျှင် စင်ကာပူရုက္ခဗေဒဥယျာဉ် (Singapore Botanic Gardens) အကြောင်း မပါလို့ မပြီးပါ။ စင်ကာပူရုက္ခဗေဒဥယျာဉ်အား စင်ကာပူကို စတင်တည်ထောင်ခဲ့သူ ဆာစတန်းဖို့ (Sir. Stamford Raffles) က ၁၈၂၂ ခုနှစ်၌ အစိုးရရုံးစိုက်ရာ တောင်ကုန်းဖြစ်သည့် Fort Canning Hill တွင် ၎င်းစင်ကာပူကိုရောက်ပြီး များမကြာမီပင် စတင်တည်ထောင်ခဲ့ပါသည်။
၎င်း၏ရည်ရွယ်ချက်မှာ စီးပွားဖြစ်သီးနှံပင်များဖြစ်သည့် ကိုကိုးနှင့် ဇာတိပ္ဖိုလ်သီး ကဲ့သို့အပင်များကို စိုက်ရန်ဖြစ်သည်။ သို့သော်လည်း ဥယျာဉ်ကို ကြည့်ရှုစောင့်ရှောက်မည့် အမြဲတမ်းဝန်ထမ်းမရှိသဖြင့် ၎င်းကွယ်လွန်ပြီးမကြာမီ ၁၈၂၉ ခုနှစ်တွင် ဥယျာဉ်ကို ပိတ်လိုက်ရ၏။
            လက်ရှိနေရာတွင်ရှိသည့် ရုက္ခဗေဒဥယျာဉ်ကို Agri-Horticultural Society က ၁၈၅၉ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်၏။ ၎င်းအဖွဲ့က ပန်းခြံ စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးကို အစိုးရသို့ ၁၈၇၄ ခုနှစ်၌ လွှဲပြောင်းပေးအပ်ခဲ့သည်။ အစိုးရက ကောင်းစွာလေ့ကျင့် ပေးထားသော ရုက္ခဗေဒပညာရှင်များနှင့် ဥယျာဉ်ခြံသီးနှံပညာရှင်များအား ပန်းခြံထိန်းသိမ်းအုပ်ချုပ်ရေး တာဝန်ပေးခဲ့၏။ မစ္စတာ Ridley ၏ အစီအမံဖြင့် ၁၉၀၀ ခုနှစ်အစောပိုင်းကာလများက ဤပန်းခြံသည် အရှေ့တောင်အာရှ၏ အဓိကရာဘာတင်ပို့ရာ ဌာနတစ်ခု ဖြစ်ခဲ့ဖူး၏။
            အခြားစိတ်ဝင်စားစရာ အဖြစ်အပျက်တစ်ခုလည်း Mr. Ridley ၏ လက်ထက်တွင် ဖြစ်ပျက်ခဲ့သေးသည်။ တစ်နေ့သ၌ အမေရိကန် အမျိုးသမီးတစ်ဦးဖြစ်သူ Agnes Joaquim သည် သူ့ပန်းခြံထဲ၌ အလွန်လှပသည့် သစ်ခွစပ်မျိုးအသစ်တစ်ခုကို တွေ့သဖြင့် အပင်လိုက် နှုတ်လျက် ၀မ်းသာအားရ Mr. Ridley ထံသွားပြသည်။ Ridley ကလည်း ဤသစ်ခွမျိုးမှာ ယခင်တစ်ခါကမျှ မပေါ်ဖူးသေးသည့် နာမည်ပင် မရှိသေးသည့် သစ်ခွမျိုးဖြစ်ကြောင်း အတည်ပြုပေးခဲ့၏။ ၎င်းသစ်ခွမှာ ယခု စင်ကာပူနိုင်ငံ၏ အမျိုးသားပန်း (National Flower) ဖြစ်သည့် Vanda Miss Joaquim ပင် ဖြစ်သတည်း။
            ၁၉၆၀ ပြည့်နှစ်များတွင် စင်ကာပူရုက္ခဗေဒဥယျာဉ်သည် စင်ကာပူနိုင်ငံ စိမ်းလန်းစိုပြည်ရေးအတွက် ဦးဆောင်သော အခန်းကဏ္ဍ မှ ပါဝင်ခဲ့သည်။ ရုက္ခဗေဒဥယျာဉ်သည် နိုင်ငံစိမ်းလန်းစိုပြည်ရေးအတွက် လိုအပ်သည့် လက်နက်ကိရိယာများ၊ အရောင်စုံသော သစ်ပင် ပန်းမာလ်များ၊ လမ်းဘေးတွင်စိုက်ရန် အမျိုးစုံလှသော သစ်ပင်များအား ထုတ်လုပ်ပံ့ပိုးပေးခဲ့၏။ ၁၉၇၃ ခုနှစ်တွင် ရုက္ခဗေဒဥယျာဉ်သည် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းလက်အောက်မှ Parks and Trees ဌာနနှင့် ပူးပေါင်းကာ Parks and Recreation Department ဖြစ်ခဲ့၏။
            ၁၉၈၈ ခုနှစ်တွင် ဥယျာဉ်၏ ဒါရိုက်တာဖြစ်သူ Dr. Tan Wee Kiat ၏ ညွှန်ကြားမှုဖြင့် ယနေ့ ကမ္ဘာလှည့်ခရီးသည်များအား အဆွဲဆောင်နိုင်ဆုံးနေရာဖြစ်သည့် ၃ ဟက်တာ အကျယ်ရှိ Singapore Orchid Garden ကို တည်ဆောက်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ထို Singapore Orchid Garden သည် အသစ်ဖွဲ့စည်းလိုက်သည့် National Parks Board လက်အောက်သို့ရောက်ရှိခဲ့သည်။ စင်ကာပူ သစ်ခွ ဥယျာဉ်သည်ကား အရောင်စုံလှသော၊ အမျိုးစုံလှသော သစ်ခွပင်များဖြင့် ပွင့်ဖူးဝေစည်နေသည်မှာ ဥယျာဉ်အတွင်း ၀င်သွားမိလျှင် ပြန် မထွက်ချင်စရာကောင်းလောက်အောင် ဖြစ်ပါ၏။ ပန်းချစ်သူများ မဖြစ်မနေသွားသင့်သည့် တစ်နေရာဖြစ်ပါသည်။







နေ့စဉ်နံနက် မနက် ၈ နာရီခွဲမှ ညနေ ၇ နာရီထိဖွင့်၏။ ၀င်ကြေးမှာ လူကြီး ၅ ဒေါ်လာ၊ ၁၂ နှစ်အောက်ကလေး အခမဲ့၊ ကျောင်းသား ၁ ဒေါ်လာ၊ အသက် ၆၀ အထက်နိုင်ငံသား - ၁ ဒေါ်လာ ဖြစ်ပါသည်။ Singapore Botanic Garden သို့ ဘတ်စ်ကားနှင့် သော်လည်းကောင်း၊ ရထားနှင့်သော်လည်းကောင်း သွားနိုင်ပါသည်။ MRT နှင့်သွားလျှင် Circle Line မှစီး၍ CC19. Botanic Garden ဘူတာတွင်ဆင်းလျှင် ရောက်ပါသည်။ ဘတ်စ်ကားနှင့်သွားလျှင် ကားနံပါတ် 7, 48, 66, 67, 75, 77, 105, 106, 123, 151, 153, 154, 156, 170, 171, 174 တို့ရောက်ပါသည်။ National Orchid Garden လည်း ထိုအထဲ၌ပင်ရှိပါသည်။
            Singapore Botanic Garden ထဲမှ စိတ်ဝင်စားစရာကောင်းသည့် နောက်တစ်ခုမှာ သက်တမ်းရင့်သစ်ပင်ကြီးများဖြစ်ပါသည်။ ၎င်းတို့ကို ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းဝင်သစ်ပင်ကြီးများအဖြစ် ထိန်းသိမ်းထား၏။ ထိုအပင်ကြီးများကို အောက်တွင်ဖော်ပြထားပါသည်။

National Haritage Trees

1. Adenanthera pavonina
2. Calophyllum inophyllum
3. Ceiba pentandra
4.&8. Fagraea fragrans
5. Millettia atropurpurea
6.&9. Sindora walichii
7. Terminalia subspathulata
10. Samanea saman
11. Ceiba pentandra (Kapok Tree)
12. Hevea brasiliensis (Rubber Tree)
13. Inocarpus fagifer (Tahitian Locust Tree)
14. Pentadesma butyracea (Tallow Tree )

ရုက္ခဗေဒနှင့် ဥယျာဉ်ခြံသီးနှံ စာကြည့်တိုက် (Library of Botany and Horticulture)

            Singapore Botanic Gardens ထဲတွင် စိတ်ဝင်စားစရာကောင်းသည့် နောက်တစ်နေရာမှာ ရုက္ခဗေဒနှင့် ဥယျာဉ်ခြံသီးနှံ စာကြည့်တိုက် ဖြစ်၏။ ထိုစာကြည့်တိုက်တွင် အပိုင်း (၂) ပိုင်းခွဲထားသည်။ အများပြည်သူအတွက် ရည်ညွှန်းဌာန နှင့် ရည်ညွှန်း စာကြည့်တိုက် ဟူ၏ ဖြစ်၏။ စာအုပ်အရောင်းဆိုင်လည်းရှိပြီး သဘာဝသားရဲတိရစ္ဆာန်များအကြောင်း၊ သဘာဝသမိုင်း၊ သဘာဝကို ပြုပြင် ထိန်းသိမ်းမှု၊ ဥယျာဉ်ခြံလုပ်ငန်း၊ ကျန်းမာပျော်ရွှင်သောဘ၀ အစရှိသည့် စိတ်ဝင်စားစရာ စာအုပ်ပေါင်းများစွာရှိ၏။ (သူရို့အဆိုအရတော့ လိုချင်သည့်စာအုပ်မှန်သမျှကို တစ်ထိုင်တည်းရနိုင်သည် ဟု ဆို၏။)
            အများပြည်သူအတွက် ရည်ညွှန်းဌာနတွင် ပန်းများ၊ အပင်များ၊ မြေအလှပြင်ခြင်း၊ ဥယျာဉ်ခြံလုပ်ငန်းတို့နှင့် ပတ်သက်သည့် စာအုပ်၊ မဂ္ဂဇင်း၊ စီဒီများရှိသည်။ သို့သော် ဤစာကြည့်တိုက်အတွင်း ထိုင်ဖတ်ရန်သာဖတ်ပြီး မငှားပါ။ မိမိအလိုရှိသော စာအုပ်များရှာရန် ကွန်ပြူတာလည်း ထားပေးပါသည်။
            ထိုမျှသာမက စင်ကာပူရှိ သစ်ပင်သစ်ရွက်ပန်းမန် နမူနာများစုဆောင်းထားသည်များကိုလည်း လေ့လာနိုင်ပါသည်။ ရှားပါးစာအုပ် များ၊ သစ်သီး၊ သစ်စေ့နမူများအားလည်း ပြသထားပါသည်။
            ရည်ညွှန်းစာကြည့်တိုက်ကို ၁၈၇၅ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်၏။ ဂျာနယ် သုံးသောင်းကျော်၊ ရုက္ခဗေဒဆိုင်ရာ သရုပ်ဖော်ပုံများပါသည့် ရှားပါးစာအုပ် ၄၀၀၀ ကျော်ရှိပြီး အရှေ့တောင်အာရှ၏ ရှေးအကျဆုံးစာကြည့်တိုက်များအနက် တစ်ခုဖြစ်၏။ စာအုပ် များ၊ စီဒီများ၊ ဆလိုက်များ၊ ရုပ်မြင်သံကြား၊ အသံ အပါအ၀င် အခြားမီဒီယာများစွာ စုဆောင်းထားရှိသည်။
            အရေးကြီးသည့် နိုင်ငံတကာ သိပ္ပံဂျာနယ်များ၊ ရည်ညွှန်းစာတမ်း၊ အတ္ထုပ္ပတ္တိ၊ ကျမ်းစာ၊ ပေပုရပိုက်များ၊ ရုက္ခဗေဒဆိုင်ရာ လေ့လာချက်စာတမ်းများကို ဤစာကြည့်တိုက်တွင် ရနိုင်ပါသည်။ သို့သော် -
            ဤရည်ညွှန်းစာကြည့်တိုက်မှာ သုတေသနလုပ်ငန်းများအတွက် အထူးပြုစုဆောင်းထားသည့် စာကြည့်တိုက်ဖြစ်သဖြင့် NParks Board ၀န်ထမ်းများ၊ သုတေသနပညာရှင်များ နှင့် အခြားအခွင့်အာဏာရ ပုဂ္ဂိုလ်များအားသာ သုံးခွင့်ပြုပါသည်။ အပြင်လူများ ၀င်ခွင့် မရှိပါ။
            စနေ၊ တနင်္ဂနွေနေ့များ၌ စာကြည့်တိုက်ပိတ်ပါသည်။

            ပန်းချစ်သူများအတွက် အခြားစိတ်ဝင်စားစရာ အစီအစဉ်တစ်ခုမှာ ၀ပ်ရှော့များ ဖြစ်ပါသည်။ ၀ပ်ရှော့အတော်စုံပါသည်။ ဈေးလည်း ကြီး၏။ ဤတွင် နမူနာအချို့ကို ဖော်ပြလိုက်ပါသည်။  

Orchid Growing: The Basics
Duration : 6 hours
Fee : $80.00 per person (materials included)

Growing African Violet 
Duration : 3 hours
Fee : $50.00 per person (materials included)

Advanced Gardening 
Duration : 6 hours
Fee : $80.00 per person (materials included)

Herbs & Spices 
Duration : 6 hours
Fee : $80.00 per person (materials included)

(၈) သဘာဝ တောတောင်ရေမြေများ (Nature Reserves)

            စင်ကာပူ၌ သဘာဝတောတောင်များအလိုက် ထိန်းသိမ်းထားသောနေရာ သုံးခုရှိသည်။
iii) Sungei Buloh Wetland Reserve တို့ဖြစ်ပြီး Chek Jawa လည်း ရှိ၏။

၎င်းတို့အထဲမှ Bukit Timah Nature Reserve မှာ အကြီးကြီးဖြစ်၏။ ခန့်မှန်းခြေ ၃၀၄၃ ဟက်တာ ကျယ်သည်။ ဤအထဲ၌ ၁၆၃ ဟက်တာ ကျယ်သော အမြဲစိမ်းသစ်တောများလည်း ပါဝင်သည်။ ဤသစ်တောမှာ စင်ကာပူ၌ အကျယ်ဆုံး သစ်တောဖြစ်သည်။ စင်ကာပူ၏ အမြင့်ဆုံးတောင်ဖြစ်သော ၁၆၃.၆၃ မီတာမြင့်သည့် Bukit Timah Hill နှင့် Central Catchment Nature Reserve လည်း ဤနေရာ၌ပင် ရှိ၏။ ၂၀၁၁ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဤတောကို SEEAN Heritage Park အဖြစ် တရားဝင်ကြေငြာခဲ့သည်။ 
Bukit Timah Nature Reserve ကို ၁၈၈၃ ခုနှစ်ကတည်းက စတင်ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း ဖြစ်၏။ ထိုတောမှာ ရေကို သိုလှောင်ထားရုံမျှသာမက သစ်ပင်ပန်းမန်ပေါင်း ၈၄၀ ကျော် နှင့် လိပ်ပြာအပါအ၀င် တိရစ္တာန်ပေါင်း ၅၀၀ ကျော်တို့ မှီတင်းနေထိုင်ရာလည်း ဖြစ်သည်။ ခြံ၍ပြောရလျှင် ဤတောကြီးမှာ စင်ကာပူ ဇီဝမျိုးစိတ်ရတနာသိုက်ကြီးပင် ဖြစ်တော့၏။ ဤတောကြီးကို Parks & Trees Act 2005 ဖြင့်ထိန်းသိမ်းထားသည်။
            လူတို့၏ ပျော်ပွဲရွှင်ပွဲများမှာ တောတောင်ရေမြေများကို ထိခိုက်တတ်ပေရာ ထို သဘာဝတောတောင်၊ ပန်းဥယျာဉ်များထဲ၌ အချို့ သော လှုပ်ရှားမှုများကို ကန့်သတ်ထားပြီး၊ အချို့ကို ခွင့်မပြုပါ။ အကယ်၍ ထိုတောထဲ၌ စခန်းချခြင်းကဲ့သို့သော လှုပ်ရှားမှုတစ်ခုခု လုပ်လိုပါက NParks သို့ခွင့်ပြုမိန့်တင်ရပါသည်။  

ထိန်းသိမ်းထားသည့် တောများအနီးနေသူများ လိုက်နာရန်

ပြုလုပ်ရန်အချက်များ

Ø  အိမ်မှစွန့်ပစ်လိုက်သော အမှိုက်သရိုက်များကို အမှိုက်ပုံးများအတွင်းသို့သာ စွန့်ပစ်ပါ။ အမှိုက်ပုံးများကို မျောက်ကဲ့သို့သော တိရစ္ဆာန်များ လာမနှိုက်နိုင်စေရန် အမြဲ လုံခြုံစွာအဖုံးဖုံးထားပါ။
Ø  အိမ်ရှိလူကုန် အပြင်သွားတော့မည်ဆိုပါက ရေချိုးခန်းတံခါးများအပါအ၀င် ရှိရှိသမျှသော တံခါးနှင့် ပြူတင်းပေါက်အားလုံးကို သေချာစွာ ပိတ်ခဲ့ပါ။ (မျောက်များဝင်တတ်သည်။ သို့သော် မျောက်များသည် စားစရာသာမရှိပါက တစ်နေရာထဲ၌ ကြာရှည်မနေတတ်။ ၁၅ မိနစ် သို့မဟုတ် နာရီဝက်မျှသာနေပြီး တခြားသို့ ထွက်ခွာသွားတတ်သည်။)
Ø  အစားအသောက်များကို အိမ်တွင်း၌ လုံခြုံစွာ သိမ်းဆည်းထားပါ။

မပြုလုပ်ရန် အချက်များ

Ø  အိမ်၌ သီးပင်စားပင်၊ ဟင်းသီးဟင်းရွက်၊ ဘယဆေးပင် စသည်တို့ကို မစိုက်ပါနှင့်။
Ø  မျောက်များကို အစာမကျွေးပါနှင့်။ အစာကျွေးနေသူများအား တွေ့လျှင်လည်း အစာမကျွေးရန် ပြောပါ။
Ø  မျောက်များနှင့် ကလူကျီစယ်မပြုပါနှင့်။ မချောက်လှန့်ပါနှင့်။ မျောက်များကို မျက်လုံးချင်းဆိုင် မကြည့်ပါနှင့်။ သွားဖြဲမပြပါနှင့်။ အနားတိုး မသွားပါနှင့်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် မျောက်များအား ရန်စသကဲ့သို့ ဖြစ်စေသဖြင့် မိမိအား ရန်မူတတ်သည်။
Ø  ပြင်ပ၌ အစားအစာများ စားသောက်ခြင်း မပြုပါနှင့်။ အထူးသဖြင့် မိမိအနီး၌ မျောက်များရှိနေစဉ် အထူးရှောင်ကြဉ်ပါ။ မျောက်များသည် အစားအစာကို လုစားတတ်သည်။

သစ်တောအတွင်း အလည်လာသူများ သိရှိထားရမည့် အချက်များ

Ø  သစ်တောအတွင်း၌ ဓါတ်ပုံရိုက်ခြင်းမှ အပ မည်သည့်အရာမှ မပြုလုပ်ရ။ သစ်တောအတွင်းရှိ မည်သည့်ပစ္စည်းမှ ပြင်ပသို့ ယူဆောင်သွားခြင်း ခွင့်မပြု။
Ø  ပျော်ပွဲစားထွက်သကဲ့သို့ ရေဒီယို၊ ကက်ဆက်၊ ဆောင်းဘောက်စ်များ ကျယ်လောင်စွာဖွင့်ခြင်း ခွင့်မပြု။ အကောင်းဆုံးမှာ ထိုပစ္စည်းများ သယ်မလာခြင်းပင်ဖြစ်ပါသည်။
Ø  သစ်တောထဲ၌ သင့်ခြေရာမှလွဲ၍ မည်သည့်အရာမှ မကျန်ခဲ့ပါစေနှင့်။ သစ်တောအတွင်း အမှိုက်စွန့်ပစ်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်သည်။
Ø  သတ်မှတ်ထားသည့် ခြေသွားလမ်းမှအပ အခြားမည်သည့်နေရာကိုမှ ဖြတ်သန်းသွားလာခွင့်မပြု။
Ø  ငါးများကို အစာကျွေးခြင်း ၊ငါးဖမ်းခြင်းများ မပြုရ။
Ø  ရေများကို မည်သည့်အကြောင်းနှင့်မှ မညစ်ပတ်စေရ။
Ø  ရေကန်အတွင်း ငါးလွှတ်ခြင်းမပြုရ။ ငှက်၊ ခွေး၊ ကြောင် အစရှိသည့် တိရိစ္ဆာန်များ တောတွင်းသို့ သယ်ဆောင်လာခြင်း မပြုရ။
Ø  မျောက်များကို အစာမကျွေးရ။ ကလူကျီစယ်မပြုရ။ ခြောက်လှန့်ခြင်း မပြုရ။
Ø  လမ်းလျှောက်ခြင်းကိုသာ ခွင့်ပြုသည်။ စက်ဘီးစီးခြင်း မပြုရ။
အကယ်၍ ချမှတ်ထားသော စည်းကမ်းများကို မလိုက်နာပါက Parks & Trees Act 2005 တွင်ပြဌာန်းထားသည့်အတိုင်း ပြင်းထန်စွာ အရေးယူခြင်းခံရမည်။

သစ်တောဖွင့်ချိန်မှာ မနက် ၆း၃၀ နာရီမှ ညနေ ၇း၀၀ နာရီထိဖြစ်သည်။

No comments: