Wednesday, February 13, 2013

စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်သို့စီမံထားသည် ဆိုခြင်းအကြောင်း(၂)


ကျွန်ုပ်တို့တိုင်းပြည်၌ သစ်ပင်ပန်းပင်များကို ချစ်တတ်သူ၊ ဂရုတစိုက်စောင့်ရှောက်ထိန်းသိမ်းတတ်သူ လူဦးရေမှာ လက်ချိုးရေလို့ ရသည့်အဆင့်တွင်ပင်ရှိပါသေးသည်။ အများစုမှာ သစ်ပင်ပန်းပင်၊ ၀ါးပင်များကို တန်ဘိုးထားရကောင်းမှန်းမသိပါ။ ကျွန်ုပ်တို့ဆီမှ လူများမှာ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သစ်ပင်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ သစ်ပင်မှအကိုင်းကို ချိုင်ချလိုက်ဘို့၊ သစ်ပင်တစ်ပင်ကို ခုတ်လှဲလိုက်ဘို့ မည်သူကမှလက်နှေးမနေပါ။ အလွန်လွယ်ကူလှပါသည်။
            မြို့ပြတွင်နေထိုင်သူများက ဓါတ်ကြိုးနှင့်မလွတ်သဖြင့် သစ်ပင်ကိုခုတ်သည်။ လမ်းချဲ့ဘို့ သစ်ပင်ကိုခုတ်သည်။ အိမ်ချဲ့ဘို့ သစ်ပင် ကို ခုတ်သည်။ ကျေးလက်တောရွာများတွင် နေထိုင်သူများက ထင်းမီးအတွက် သစ်ပင်ကိုခုတ်သည်။ အိမ်ဆောက်ဘို့ သစ်ဝါးများကို ခုတ်သည်။ မီးသွေးဖုတ်ဘို့ သစ်ပင်ကိုခုတ်သည်။ အစိုးရအာဏာပိုင်များနှင့်ပိုင်သူ (ယခုခေတ်အခေါ် ခရိုနီ) များက တန်ဘိုးကြီး ရှားပါးသည့် သစ်ကြီးဝါးကြီးများကို အတိုင်းအဆမရှိခုတ်သည်။ ၀ါးပင်များကို အမြစ်မှပါနှုတ်ယူသည်။ မြန်မာပြည်သစ်တောများကို ပထွေးဆီမှ ရသည့် အမွေအလား သဘောထားသည်။
မြစ်ဆုံဆည်များလုပ်ဘို့ စာချုပ်လိုက်တော့ ထိုမြစ်ဆုံဆည်ကို အကြောင်းပြကာ တရုတ်ပြည်က မြန်မာမြောက်ပိုင်းတစ်ခြမ်းလုံးကို ငါတို့ပိုင်ပြီဟု သဘောပိုက်လျှက် ရှိသမျှသစ်ပင်၊ ၀ါးပင်အားလုံးကို ပြောင်သလင်းခါအောင် ခုတ်သည်။ ဆည်ကိုအကြောင်းပြကာ ထွက်လာ သမျှ မြေကြီးမှန်သမျှ တရုတ်ပြည်သို့ အကုန်သယ်သည်။ သူများနိုင်ငံက ကျွန်ုပ်တို့နိုင်ငံတွင်းဝင်ကာ လုပ်ချင်သလိုလုပ်နေတာကို ကျွန်ုပ်တို့ က အသာတကြည်ခွင့်ပြုလျှက် ကျေးဇူးများပင် တင်နေရချေလေသေး၏။  
            သည်သစ်ပင်ကြီးတစ်ပင် ဖြစ်လာအောင် ဘယ်နှနှစ်စောင့်ရသည်။ ထို့ကြောင့် အလွယ်တကူခုတ်မပစ်သင့်။ မဖြစ်မနေ ခုတ်ရသည် ဆိုလျှင်လည်း အစားပြန်စိုက်မည်ဟု မည်သူစဉ်းစား တွေးတောပါသနည်း။ ဝေးစွခြောက်ပါး။ မင့်နှယ်ကွာ၊ သစ်ပင်ဆိုတာ ဘာစိုက်စရာ လိုသလဲကွ။ သဘာဝအလျောက် ပေါက်တာပေကပဲ။ မင့်မို့လို့ အလုပ်မရှိအလုပ်ရှာ။ သစ်ပင်စိုက်ရမယ်လို့ကွာ ဟု ပြောမည့်သူသာ များပေလိမ့်မည်။
            ရလဒ်အနေနှင့် ကျွန်ုပ်တို့တိုင်းပြည်တွင် စိမ်းစိုညိုမှောင်နေသော သစ်တောကြီးများ မရှိတော့ပြီ။ ၂၀၁၂ ဒီဇင်ဘာလက ဟောပြောပွဲများအတွက် ကျွန်တော် အထက်မြန်မာပြည်သို့ ခရီးဆန့်တော့ ရန်ကုန်မှမကွေးထိ သွားသည့်လမ်းတစ်လျှောက်တွင် တောင်ကတုံးများကို ကားလမ်းတလျှောက်တွေ့ခဲ့ရသည်။ တစ်နေရာထဲမဟုတ်ပါ။ ရန်ကုန်မှ နေပြည်တော်ထိ၊ နေပြည်တော်မှ မကွေးထိ တခွင်တပြင်ကြီးဖြစ်ပါသည်။ သည်ပုံနှင့်သာဆိုပါက အနာဂတ်ကာလတွင် မြန်မာနိုင်ငံသည် သစ်ဝါးများကို နိုင်ငံခြားမှ မှာယူတင်သွင်းရသည့် အခြေဆိုက်ပေလိမ့်မည်။
            စင်ကာပူသည် မြန်မာပြည်နှင့်ယှဉ်လိုက်ပါက လက်တစ်ဝါးစာမျှသာရှိပါသည်။ သို့သော် သင်မိတ်ဆွေတို့ စင်ကာပူနိုင်ငံအတွင်း လျှောက်ကြည့်ပါ။ ဘယ်နေရာသွားသွား သစ်ပင်ပန်းပင်များနှင့် စိမ်းစိုနေတာ တွေ့ရပါလိမ့်မည်။ မိတ်ဆွေတို့ Jurong Bird Park သို့မဟုတ် Botanical Garden ကို သွားကြည့်စမ်းပါ။ စိမ်းစိုညိုမှောင်နေသော သစ်ပင်ကြီးများကို တွေ့ရပါလိမ့်မည်။
            သို့ဆိုလျှင် စင်ကာပူသည် သူရို့နိုင်ငံကို မည်ကဲ့သို့ သည်လိုစိမ်းစိုနေအောင် လုပ်နေသနည်းဆိုသည်ကို စိတ်ဝင်စားဘို့ မကောင်း ပါသလော။ ကောင်း၏။
            သို့အတွက် စင်ကာပူမှ သည်သစ်ပင်ပန်းမာလ် ထိန်းသိမ်းရေးစနစ်အကြောင်း စာကလေးတစ်ပုဒ်မျှရေးရသော် ကောင်းလေစွဟု စိတ်ကူးမိပါသည်။ သည်စာကိုဖတ်မိသူ မြန်မာပြည်သူလူအများလည်း သစ်ပင်များကို ချစ်တတ်သည့်စိတ်ကလေး နည်းနည်းရလည်း မနည်း ဟုလည်း သဘောပိုက်မိပါ၏။ ထို့ကြောင့် အခြားကိစ္စများအသာထားလျှက် ဤသစ်ပင်များအကြောင်း ရေးပါသည်။ အမှန်က သည်သစ်ပင် များအကြောင်း ကျွန်တော့်မိတ်ဆွေ စိုက်ပျိုးရေးသမားများအား တိုက်တွန်းတာ ကြာပါပြီ။ အလုပ်မဖြစ်ပါ။ သည့်အတွက် ကျွန်တော်က သူတို့ကို အင်တာဗျူးလျှက်၊ အခြားစာအုပ်စာတမ်းများကိုလည်း ရှာဖွေဖတ်ရှုကာ ရေးလိုက်ခြင်း ဖြစ်ပါသည်။  

စင်ကာပူကို ဥယျာဉ်နိုင်ငံဖြစ်အောင် မည်သို့စီမံထားသည် ဆိုခြင်းအကြောင်း(၁) မှာ အလွန်များသဖြင့် ရေးလို့မပြီးသေးပါ။ အလွယ်တကူရေးလို့ရသည့် ဥပဒေအကြောင်း အများသိနိုင်ရန် ဦးစွာ ဖော်ပြလိုက်ပါသည်။ အပိုင်း(၁) ကို နောက်ဆယ်ရက်အတွင်း အပြီးရေးပါမည်။

သစ်ပင်၊ ပန်းပင်များ ပြုပြင်ထိန်းသိမ်းရေးကို ဥပဒေဖြင့် ကျကျနန အကောင်အထည်ဖော်ရန်လိုပါသည်။ စင်ကာပူ၌ ပန်းခြံများနှင့် သစ်ပင်များပြုပြင်ထိန်းသိမ်းရေးအတွက် ပြဌာန်းထားသော ဥပဒေမှာ Parks and Trees Act (Chapter 216) ဖြစ်ပါသည်။ ထိုဥပဒေက အပင်များစိုက်ပျိုးခြင်း၊ ပြုပြင်ခြင်း နှင့် ထိန်းသိမ်းရေးကို အထောက်အပံ့ပြုသည်။ ထိုဥပဒေကို ၁၉၇၅ ခုနှစ် မေလ ၁၅ ရက်နေ့တွင် စတင် ကျင့်သုံးခဲ့၏။ ထို့နောက် အကြိမ်ကြိမ် ပြန်လည်ပြင်ဆင် ဖြည့်စွက်ခဲ့သည်။
ထိုဥပဒေ၌ အပိုင်း ၉ ပိုင်း၊ အခန်း ၆၅ ခန်းပါဝင်သည်။
            ထိုဥပဒေ၌ -
ဤဥပဒေကိုအကောင်အထည်ဖော်ရာ၌ ခန့်ထားရမည့် ၀န်ထမ်းများ၊ အမျိုးသားဥယျာဉ်များနှင့် သဘာဝ တောတောင်ရေမြေများ ပြုစုပျိုးထောင်ရေး၊ ထိုအပင်များ၊ အကောင်ပလောင်များနှင့်ပတ်သက်၍ ကန့်သတ်ထားချက်များ၊ အပင်များကာကွယ်ရေးနှင့် ထိန်းသိမ်းရေးအတွက် ဧရိယာများသတ်မှတ်ခြင်း၊ အပင်များကို ခုတ်ခြင်း၊ လှဲခြင်းတို့နှင့် ပတ်သက် သည့် သတ်မှတ်ချက်များ၊ သမိုင်းဝင်၊ အမွေအနှစ်သစ်ပင်ကြီးများ သတ်မှတ်ရေး၊ ကုသရေး နှင့် ထိန်းသိမ်းရေး၊ သစ်ပင်များ စိုက်ရမည့်နေရာ သတ်မှတ်ခြင်း၊ ပိုင်ရှင်၏ တာဝန်ဝတ္တရားများ၊ သစ်ပင်သစ်ကိုင်းများဖြတ်တောက်ခြင်း၊ ခုတ်လှဲခြင်းတို့အတွက် လက်မှတ်ရပညာရှင်များ သတ်မှတ်ခြင်း၊ ၎င်းတို့၏ ပညာအရည်အချင်းလက်မှတ်များ၊ သစ်ပင်သည် လမ်းနှင့်မလွတ်လျှင်၊ ရေမြောင်းနှင့်မလွတ်လျှင်၊ အသစ်ဆောက်မည့် အဆောက်အအုံနှင့် မလွတ်သည့်အခါ ဆောင်ရရှောင်ရမည့် အချက်များ။ ဥပဒေကို မလိုက်နာလျှင် အရေးယူမည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ဤဥပဒေနှင့် အကျုံးမ၀င်သည့်နေရာများ၊ အပင်များ၊ ကင်းလွတ်ခွင့်များ၊ နိုင်ငံကပိုင်သော ပန်းခြံများ၊ သဘာဝတောတောင်များ -
-       စသဖြင့် ပါဝင်ပါသည်။
ထိုဥပဒေကို အကောင်အထည်ဖော်ရန် ပြဌာန်းထားသော နည်းဥပဒေများမှာ -
၁။ Parks and Trees Regulation (2005)
၂။ Parks and Trees Act (Planting Areas) Notification (2005)
၃။ Parks and Trees Act (Herigage Road Green Buffers) Order (2006)
၎။ Parks and Trees Act (Preservation of Trees) Order (1990)
၅။ Parks and Trees Act (Officers to Perform Duties and Functions of Commissioner of Parks and Recreation)
၆။ Parks and Trees Act (Officers to Exercise Powers of Police Officer Within Public Park) (1990)
၇။ Tree Conservation Area (TCA)

ထို့အပြင် ထိုဥပဒေကို အကောင်အထည်ဖော်မည့် NParks အတွက်လည်း National Parks Board Act ဟု ရှိပါသေးသည်။ ထိုဥပဒေကို ၁၉၉၀ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့၏။
            Parks and Trees Act မှ သိသင့်သိထိုက်သည်များကို ဗဟုသုတရစေရန် အကျဉ်းချုပ်ဖော်ပြလိုက်ပါသည်။ ရှေ့မှဂဏန်းများမှာ ဥပဒေအပိုဒ်များ ဖြစ်ပါသည်။  

၎၊ ၁။ ဤဥပဒေကို အကောင်အထည်ဖော်ရန် ပန်းခြံနှင့်အပန်းဖြေမှုဆိုင်ရာ မဟာမင်းကြီး (Commissioner of Parks and Recreation) ခန့်ထားဆောင်ရွက်ပါသည်။
၎၊ ၃။ မဟာမင်းကြီးက ပန်းခြံများ၊ ထိန်းသိမ်းထားသည့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရာရှိများခန့်ထားနိုင်ပါသည်။
၇၊ ၃။ ဤပန်းခြံများ၊ ထိန်းသိမ်းထားသည့်သဘာဝပတ်ဝန်းကျင်များကို သစ်ပင်ပန်းမာလ်များ၊ ကျေးငှက်နှင့် သားရဲတိရစ္ဆာန်များ၊ အခြား လိပ်ပြာအစရှိသော ဇီဝပိုးမွှားများကို ကာကွယ်စောင့်ရှောက်ရန်၊ ထိန်းသိမ်းရန်၊ သုတေသနပြုရန်၊ အပင်များ ပိုးမွှားများအကြောင်း လေ့လာနိုင်ရန်၊ သမိုင်းမှတ်တမ်းများအဖြစ် ထိန်းသိမ်းရန်၊ ရုက္ခဗေဒဆိုင်ရာ၊ ဥယျာဉ်ဆိုင်ရာ၊ သိပံ္ပဆိုင်ရာစိတ်ဝင်စားစရာများအဖြစ် ထိန်းသိမ်းရန်၊ အပန်းဖြေနိုင်ရန် စသည်တို့အတွက်သုံးပါသည်။
၈၊ ၁။ ဤပန်းခြံ၊ တောများအတွင်း မပြုလုပ်ရန် တားမြစ်ထားချက်များ
(မည်သူမဆို မဟာမင်းကြီး၏ ခွင့်ပြုမိန့်တစ်စုံတစ်ရာ မရရှိဘဲ အောက်ပါတို့ကို မပြုလုပ်ရ။)
၁) သစ်ပင်၊ ပန်းမာလ်များကို ခုတ်ခြင်း၊ လှဲခြင်း၊ နေရာရွှေ့ခြင်း၊ စိုက်ပျိုးခြင်း
၂) အဆောက်အဦ၊ တဲ၊ ဆိုင်းဘုတ်၊ အခန်းအနားပြင်ခြင်း၊ ဘာသာရေးဆိုင်ရာ အမှတ်အသားများထားခြင်း၊ ပြင်ဆင်ခြင်း
၃) မြေတူးခြင်း၊ မြေရှင်းခြင်း၊ မြေကိုခုတ်ဖြတ်ခြင်း၊ ခွဲခြင်း၊ ထွန်ယက်ခြင်း
၎) ဘုတ်အဖွဲ့ (NParks Board) ကပိုင်သည့် အဆောက်အဦ၊ ယာဉ်၊ လှေ၊ စသည့်အရာများကို သုံးခြင်း
၅) အမှိုက်များ၊ မြေကြီး၊ သဲ၊ ကျောက်၊ ရွှံ့စေး၊ နွားချေး၊ သစ်ရွက်ဆွေး၊ ဖုံ၊ လွှစာ၊ မြက်၊ ကောက်ရိုးစသည့် ပန်းခြံမှမပိုင်သော ပြင်ပမှ မည်သည့်ပစ္စည်းကိုမှ ပန်းခြံ၊ သစ်တောများအတွင်း လာရောက်စုပုံခြင်း၊ ပစ်ခြင်း၊ သိုလှောင်ခြင်း

၈၊ ၂။ ခွင့်ပြုချက်မရှိဘဲ ပန်းခြံ၊ သစ်တောများအတွင်း မည်သူတစ်ဦးတစ်ယောက်မှ ပွဲလမ်းသဘင်၊ ပျော်ပွဲစားခြင်းမပြုရ။ ဤသို့ပြုခြင်းဖြင့် ပန်းခြံ၊ သစ်တောများအတွင်းရှိ သစ်ပင်၊ ပန်းမာလ်၊ အဆောက်အဦ၊ ဆိုင်းဘုတ်၊ ခုံတန်းလျားအစရှိသော ပန်းခြံပိုင်ပစ္စည်းများကို သိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ မဖျက်ဆီးရ။
၈၊ ၃။ အထက်ပါအချက်များကျူးလွန်သူအား ဒေါ်လာ ၅ သောင်းထက်မများသောငွေဒဏ် သို့မဟုတ် ၆ လထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး တပ်ရိုက်ခံရမည်။ ထပ်မံကျူးလွန်မှုအတွက် တစ်ရက်လျှင် ဒေါ်လာ ၅၀၀ စီ ကျခံစေရမည်။
၉၊ ၁။ မဟာမင်းကြီး၏ ခွင့်ပြုမိန့်တစုံတရာမရဘဲ တစ်စုံတစ်ဦးသည် အောက်ပါအမှုများ မပြုလုပ်ရ။
က) သားရဲတိရစ္ဆာန်များကို ဖမ်းဆီးခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ အစာကျွေးခြင်း
ခ) မည်သည့်သားရဲတိရစ္ဆာန်ကိုမဆို နှောင့်ယှက်ခြင်း၊ အသိုက်များဖျက်ဆီးခြင်း၊ အသိုက်များကို ယူဆောင်ခြင်း
ဂ) လိပ်ပြာစသည့် အကောင်ငယ်လေးများအား ဖမ်းဆီးစုဆောင်းခြင်း၊ ဖယ်ရှားခြင်း၊ နေရာပြောင်းရွှေ့ခြင်း
ဃ) မည်သည့် တိရစ္ဆာန်ကိုမဆို ဖမ်းဆီးရန်ရည်ရွယ်၍ ကျော့ကွင်းများ၊ ထောင်ချောက်များ၊ သေနတ်များ၊ တည်ကြက်များ၊ ပိုက်ကွန်များ အစရှိသည့် လက်နက်ကိရိယာများကို အသုံးပြုခြင်း
င) အမဲလိုက်လက်နက်ကိရိယာများ၊ ထောင်ချောက်များ၊ ပိုက်ကွန်များ၊ မီးပေါက်သေနတ်များကို လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း
၉၊ ၂။ မည်သူတစ်ဦးတစ်ယောက်မှ သိလျက်နှင့်ဖြစ်စေ၊ မသိဘဲဖြစ်စေ ပန်းခြံ၊ တောတောင်များအတွင်းရှိ သားရဲတိရစ္ဆာန်များ၊ လိပ်ပြာ စသည့်အကောင်ငယ်ကလေးများအား အနာတရဖြစ်စေ၊ သေစေမည့်အပြုအမူမျိုး မပြုလုပ်ရ။
၉၊ ၃။ မဟာမင်းကြီး၏ခွင့်ပြုမိန့် တစ်စုံတရာမရဘဲ မည်သူမှအောက်ပါတို့ကို မပြုလုပ်ရ။
က) မည်သည့်တိရစ္ဆာန်ကိုမဆို ပန်းခြံများ၊ တောတောင်များအတွင်း သယ်လာခြင်း၊ လွှတ်ခြင်း
ခ) အိမ်မွေးတိရိစ္ဆာန်များကို တောတောင်များအတွင်း လွှတ်ကျောင်းခြင်း
၉၊ ၄။ အထက်ပါအချက်များကျူးလွန်သူအား စင်ကာပူဒေါ်လာ ၅ သောင်းထက်မများသောငွေဒဏ် သို့မဟုတ် ၆ လထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး တပ်ရိုက်ခံရမည်။ ထပ်မံကျူးလွန်မှုအတွက် တစ်ရက်လျှင် ဒေါ်လာ ၅၀၀ စီ ကျခံစေရမည်။
၁၀၊ ၁။ မည်သူမျှ တိရစ္ဆာန်ဥယျာဉ်၊ ရုက္ခဗေဒဥယျာဉ်၊ ဘူမိဗေဒ၊ သိပံ္ပ သို့မဟုတ် အလှအပအဖြစ်ထားသည့် ပစ္စည်း၊ အသုံးအဆောင်၊ ဆိုင်းဘုတ်၊ ကြော်ငြာ၊ သတိပေးစာ စသည်တို့ကို အမှတ်တမဲ့ဖြစ်စေ၊ သိလျှက်နှင့်ဖြစ်စေ ဖျက်ဆီးခြင်း၊ ပြုပြင်ခြင်း၊ ချိုးဖဲ့ခြင်း။ ပြောင်းရွှေ့ခြင်း၊ ပြုပြင်ခြင်း မပြုလုပ်ရ။ 
၁၀၊ ၂။ ပြုလုပ်လျှင် ဒေါ်လာ နှစ်သောင်းထက်မများသော ဒဏ်ငွေ တပ်ရိုက်နိုင်သည်။
၁၁။ မဟာမင်းကြီးက ဖျက်ဆီးသူအား ဤကဲ့သို့ဖျက်ဆီးခြင်းများကို ပြန်လည်ပြင်ဆင်ပေးရန် အမိန့်ချမှတ်နိုင်သည်။
၁၂။ အပိုဒ် ၈ နှင့် ၉ ပါအမှုများကို ပြုမူဆောင်ရွက်လိုသူသည် မဟာမင်းကြီးထံ ခွင့်ပြုမိန့် လျှောက်ထားနိုင်သည်။ မဟာမင်းကြီးသည် ထိုခွင့်ပြုမိန့်ကို အတည်ပြုနိုင်သလို ငြင်းပယ်ခွင့်လည်း ရှိသည်။
၁၃။ သစ်ပင်ထိန်းသိမ်းရေးဧရိယာမှာ အောက်ပါအတိုင်းဖြစ်၏။




၁၄၊ ၁။ မည်သူတစ်ဦးတစ်ယောက်မှ မဟာမင်းကြီး၏ ခွင့်ပြုမိန့်မရဘဲ သစ်ပင်ထိန်းသိမ်းရေးဧရိယာ သို့မဟုတ် သစ်ပင်ထိန်းသိမ်းရေးဧရိယာ ပြင်ပရှိ ပလပ်မြေများအတွင်းမှ လုံးပတ် ၁ မီတာထက်ကျော်သည့် မည်သည့်အပင်ကိုမှ ခုတ်ခွင့်မပြု။
၁၄၊ ၄။ ဤနေရာတွင် လုံးပတ်ဟူသည် မြေမျက်နှာပြင်အထက် ၀.၅ မီတာတွင် တိုင်းတာရရှိသောလုံးပတ်ဖြစ်၏။  
၁၄၊ ၂။ ဤပြစ်ချက်ကိုကျူးလွန်လျှင် ဒေါ်လာငါးသောင်းထက်မပိုသော ဒဏ်ငွေကို တပ်ရိုက်နိုင်သည်။
၁၆။ Npark Board ၏အကြံပြုချက်ဖြင့် ၀န်ကြီးသည် စင်ကာပူနိုင်ငံအတွင်း မည်သည့်နေရာရှိ သစ်ပင်ပန်းမာလ်၊ လမ်းကိုမဆို သမိုင်း အမွေအနှစ်အဖြစ် သတ်မှတ်နိုင်သည်။
၁၇။ အပိုဒ် ၁၆ ပါသတ်မှတ်ထားသော သမိုင်းအမွေအနှစ် သစ်ပင် သို့မဟုတ် လမ်းအတွင်းရှိသစ်ပင်များကို မည်သူမှ မဟာမင်းကြီး၏ ခွင့်ပြုမိန့်မပါဘဲ ခုတ်လှဲခွင့်မရှိ။
၁၈၊ ၂။ ခုတ်လှဲသူအား ဒေါ်လာ ၅သောင်းထက်မများသော ဒဏ်ငွေ တပ်ရိုက်နိုင်သည်။
၁၈၊ ၄။ သစ်ပင်သည်သေနေသည့်အတွက် ခုတ်ပါသည်။ လဲကျပြီးအများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက် နေသဖြင့်ခုတ်ပါသည်ဟူသော အကြောင်းပြချက်မျိုးလုံးဝ လက်မခံပါ။
၁၉၊ ၁။ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားသည့်အပင်၊ လမ်းများအား မဟာမင်းကြီး၏ ခွင့်ပြုချက် တစုံတရာမရဘဲ မည်သည့် အကြောင်းနှင့်မှ ပြုပြင်ခြင်း။ အခြားပစ္စည်းများ တပ်ဆင်ခြင်း၊ မှီခြင်း၊ လမ်းကိုဖြတ်ထားခြင်း၊ ပိတ်ခြင်း၊ အဆောက်အဦ တစ်ခုခုဆောက်လုပ်ခြင်း စသည်တို့ မပြုလုပ်ရ။
၁၉၊ ၂။ အထက်ပါအချက်များကျူးလွန်သူအား စင်ကာပူဒေါ်လာ ၅ သောင်းထက်မများသောငွေဒဏ် တပ်ရိုက်ခံရမည်။ ထပ်မံကျူးလွန်မှုအတွက် တစ်ရက်လျှင် ဒေါ်လာ ၅၀၀ စီ ကျခံစေရမည်။
၂၃။ Building Control Act ဖြင့် ဆောက်လုပ်ရန် ခွင့်ပြုထားသော ဧရိယာစည်းရိုးအပြင်ဘက် ၂ မီတာထက်ကျော်ပြီး အပင် မစိုက်ရ။ ရှေ့မျက်နှာစာမှ ၅ မီတာထက်ပိုမစိုက်ရ။ စိုက်လျှင်လည်း သတ်မှတ်ချက်များအတိုင်းသာ စိုက်ရမည်။
၂၄၊ ၁။ မဟာမင်းကြီး၏ ခွင့်ပြုမိန့်မရဘဲ မည်သူမှ အပိုဒ် ၂၃ ပါဧရိယာထက် ပိုစိုက်ခွင့်မရှိ။
၂၄၊ ၂။ ပိုစိုက်လျှင် ဒေါ်လာ ၃ သောင်းထက်မများသောငွေဒဏ် တပ်ရိုက်ခံရမည်။ ထပ်မံကျူးလွန်မှုအတွက် တစ်ရက်လျှင် ဒေါ်လာ ၅၀၀ စီ ကျခံစေရမည်။
၂၅။ မိမိပိုင်နက်အတွင်းရှိ စိုက်ပျိုးမြေနေရာကို ပြုပြင်ထိန်းသိမ်းရန် ပိုင်ရှင်တွင် တာဝန်ရှိသည်။
၂၆၊ ၁။ မဟာမင်းကြီး၏ခွင့်ပြုမိန့်မရဘဲ မည်သူမှ စိုက်ပျိုးမြေဧရိယာမှ အပင်များကို အကိုင်းချိုင်ခြင်း၊ ခုတ်လှဲခြင်း၊ ပြုပြင်ခြင်းများ မပြုရ။
၂၆၊ ၃။ ပြုလုပ်သူအား ဒေါ်လာ ၃ သောင်းထက်မများသောငွေဒဏ် တပ်ရိုက်ခံရမည်။ ထပ်မံကျူးလွန်မှုအတွက် တစ်ရက်လျှင် ဒေါ်လာ ၅၀၀ စီ ကျခံစေရမည်။
၂၇၊ ၁။ နိုင်ငံစိမ်းစိုသာယာရေးအတွက် မဟာမင်းကြီးသည် မည်သည့်ခြံပိုင်ရှင်ကိုမဆို အောက်ပါတို့ပြုလုပ်ရန် အမိန့်ပေးနိုင်သည်။
က) သတ်မှတ်ထားသော အပင်အမျိုးအစားကို သတ်မှတ်ထားသည့်အရေအတွက်အတိုင်း သတ်မှတ်ထားသည့်နေရာတွင် စိုက်ပျိုးထိန်းသိမ်းထားရန်
ခ) သတ်မှတ်ထားသည့် အပင်အရည်အသွေးရအောင် ပြုပြင်ထိန်းသိမ်းနေရန်
ဂ) ပေါင်းမြက်များအား သုတ်သင်ရှင်းလင်းရန်
 ဃ) မဟာမင်းကြီးက သင့်တော်သည်ဟု ပြုလုပ်ခိုင်းလာသည်ကို ပြုလုပ်ရန်
၂၇၊ ၂။ အထက် အပိုဒ် ၂၇၊ ၁ အရစိုက်ပျိုး၊ ထိန်းသိမ်းထားသည့် မည်သည့်အပင်ကိုမှ မည်သူတစ်ဦးတစ်ယောက်သည် ခုတ်လှဲခြင်း၊ ဖျက်ဆီးခြင်းမပြုရ။
၂၇၊ ၃။ ပြုလုပ်သူအား ဒေါ်လာ ၃ သောင်းထက်မများသောငွေဒဏ် တပ်ရိုက်ခံရမည်။
၃၀။ လမ်းအာဏာပိုင်များမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှ မဟာမင်းကြီး၏ခွင့်ပြုချက်မရဘဲ အများပြည်သူသုံးလမ်းအသစ် ဖောက်လုပ်ခွင့်မရှိ။ ပြုလုပ်သူအား ဒေါ်လာ ၃ သောင်းထက်မများသောငွေဒဏ် တပ်ရိုက်ခံရမည်။
            သစ်ပင်ခုတ်ခွင့်မခုတ်ခွင့်၊ အကိုင်းချိုင်ခွင့်မချိုင်ခွင့် အကဲဖြတ်ပေးသူသည် လက်မှတ်ရ (Arborist) ဖြစ်ရမည်။ ထိုလက်မှတ်ကို NParks Board သို့တင်ပြရမည်။ လက်မှတ်အတုဖြစ်လျှင် အရေးယူနိုင်သည်။ အထက်ပါအချက်များ (သစ်ကိုင်းချိုင်ခြင်း၊ အပင်လှဲခြင်း၊ အကောင်များဖမ်းခြင်း စသည်) ကိုပြုလုပ်သူအား နာမည်၊ လိပ်စာ စသည်တို့မေး၍ မပြောခဲ့လျှင်၊ သို့မဟုတ် ပြောသည့်နာမည်နှင့် လိပ်စာများအားသံသယရှိလျှင် မဟာမင်းကြီး၊ အာဏာရအရာရှိ၊ ရဲအရာရှိက ထိုသူအား ဖမ်းဆီးနိုင်သည်။
၄၂။ ဤဥပဒေပါ ပြဌာန်းထားသည့် ပန်းခြံများ၊ ထိန်းသိမ်းထားသည့် တောတောင်များအား ကျူးကျော်ဝင်ရောက်သူ၊ ဖျက်လိုဖျက်ဆီးလုပ်သူ၊ ထွက်သွားရန်အမိန့်ပေးသည်ကို ငြင်းဆန်သူ၊ သို့မဟုတ် ဤဥပဒေပါ ပြဌာန်းချက်များကို ချိုးဖောက်သူအား မဟာမင်းကြီး၊ အာဏာရအရာရှိ၊ ရဲအရာရှိ၊ ပန်းခြံထိန်းသိမ်းသူသည် ဖမ်းဝရမ်းပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဖမ်းနိုင်သည်။
၄၄။ Npark မှ ထိန်းသိမ်းထားသည့် ပန်းခြံ၊ မြက်ခင်းများပေါ်ကားရပ်လျှင် မည်သည့်အကြောင်းပြချက်မှ လက်မခံဘဲ ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၀ ထိ တပ်ရိုက်နိုင်သည်။ ဤနေရာ၌ ကားရပ်သည်ဆိုရာတွင် ခဏတဖြုတ်ရပ်ပြီး လူစောင့်သည် ဖြစ်စေ၊ ရပ်ပြီး တခြားသွားနေသည် ဖြစ်စေကို ဆိုလိုပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၃၊ ဖော်ဖော်ဝါရီ၊ ၂၀၁၃။ ညနေ ၄ နာရီခွဲ

2 comments:

Anonymous said...

so interesting..
thanks for your share..

Witmone said...

ဟုတ်ပါတယ်။ ကျွန်တော်ငယ်စဉ်ကတော့ ကျွန်းသစ်အလွန်ထွက်တဲ့ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်က စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တွေ၊ အမြဲစိမ်းသစ်တောကြီးတွေမှာ နေခဲ့တော့၊ အဲဒီဒေသက သူငယ်ချင်း၊ သစ်ထုတ်လုပ်ရေး မိတ်ဆွေ B.Sc Forestry အရာရှိတွေ အများကြီပဲ .. မြန်မာအစိုးရက သစ်ထုတ်ခွင့်ပါမစ် ပေးလိုက်တာနဲ့ ကျွန်းသစ်ကို မိုင်၁၀၀လောက် ဝေးတဲ့နေရာထိ ၊ ကြိုး Cable နဲ့ ထုတ်သွားတာ၊ အများအားဖြင့်တော့ ဆင်ကိုသုံးပြီး ဆွဲထုတ်သွားကြတယ်။ အားလုံးကုန်ပါပြီ။ ကျွန်းတစ်ပင် ဘယ်လောက်ကြာမှ ခုတ်ယူနိုင်မလဲဆိုတော့ အနှစ်၃၀လောက် စောင့်ရတယ် ဆိုပဲ။ တရုပ်ကုမဏီတွေ သစ်ခုတ်ပါမစ်ပဲပေးပြီး သစ်စိုက်ပါမစ်မရှိဘူး။ ၂၀၀၇နောက်ပိုင်းမှ သစ်ထုတ်လုပ်ရေးကော်ပိုရေးရှင်းက ကျွန်းသစ်တွေ ပြန်စိုက်ပါတယ်။ ၂၀၁၂-၁၃ ရာသီအတွက် သစ်လုပ်ငန်းက ၀င်ငွေရာထားချက်က -၂ရာနှုန်း ဆိုတော့ သစ်ထုတ်ခွင့်မရှိတော့ပဲ၊ သစ်ပင်ပဲစိုက်မယ် ..သဘောပဲ။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ရာထားချက် jpg ဖိုင်များ
၁။ လျှာထားချက် Forest1 Forest2 (2 files)
၂။ တန်ဖိုးငွေများ Forest.m1 - Forest.m5 (5 files)
ဖိုင်အားလုံးဟာ ၂၀၁၂ ဇန္န၀ါရီလ လွှတ်တော်မှ ထုတ်ပြန်တဲ့ စာအုပ်ကဖြစ်ပါတယ်။ လိတ်တက်စ် အချက်အလက်များဖြစ်ပေမဲ့ .. ထုံးစံအတိုင်း အပြည်အ၀ မမှန်နိုင်သေးပါဘူး...။
http://mingalaronline.biz/ebooks/forest.pdf