Sunday, April 15, 2012

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၈)

(၆၆) အသက်တစ်ရာမနေရ၊ အမှုတစ်ရာတွေ့ရ

သို့နှင့်ပင် ကျွန်ုပ်လည်း မြန်မာပြည်တစ်ခေါက် ပြန်ရောက်ပြန်လေတော့၏။ မြန်မာပြည်ပြန်မည်ဆိုတော့ ထုံးစံအတိုင်း သူငယ်ချင်းများက မြန်မာတို့ထုံးစံအတိုင်း လူကြုံပါးကြသည်ပေါ့။ ကိုမြင့်သိန်းက ဒါလေးယူသွားပေးစမ်းပါ ဆိုပြီး ဒီဗီဒီ ပလေယာကို ပလတ်စတစ်အိတ်အနီနှင့် ထုပ်ပေးလိုက်သည်။

ကျွန်ုပ်မှာ တိတိကျကျသေသေချာချာ လုပ်တတ်သလောက် နမော်နမဲ့နိုင်သူဖြစ်လေရကား ရန်ကုန်လေဆိပ်တွင် ပြဿနာ တက်ခဲ့ရပုံကလေး ပြန်ပြောင်းဖောက်သည်ချချင်ပါသည်။

ကျွန်တော်အိမ်ပြန်ရောက်တော့ ကိုမြင့်သိန်း၏ မဟေသီဖြစ်သူ ဒေါ်အေးအေးသိန်းကို ဖုံးဆက်ကာ ဒီဗီဒီ ပလေယာ လာယူပါမည့်အကြောင်း အကြောင်းကြား၏။ ရောက်လာသော် ထွေရာလေးပါးပြောကြရင်း မှန်းစမ်းပါဦး ဒီဗီဒီပလေယာ၊ ဘာအမျိုးအစားလည်း ကြည့်ရအောင်ဟု အထုပ်တွင်းမှ ဆွဲထုတ်လိုက်သော် အလိုလေး၊ ဒီဗီဒီပလေယာကြီးမှာ နေ့ချင်းညချင်း အရှင်လတ်လတ် ဘ၀ပြောင်းလျှက် မတ်တပ်ပန်ကာကြီးဖြစ်နေလေတော့သတည်း။ 

ကျွန်ုပ်မှာ မျက်လုံးမျက်ဆန်များပြူးကာ ဟိုက် - ရှာလပတ်ရည်။ တစ်ခါတော့ ဂွကျကုန်ပြီ ဟု ထိုအခါကျမှ လေဆိပ်တွင် အထုပ်မှားဆွဲခဲ့ကြောင်း သိရလေတော့၏။ ကျွန်တော်မှားဆွဲလာသော ပန်ကာထုပ်မှာ ကိုမြင့်သိန်း ပေးလိုက်သော ဒီဗီဒီအထုပ်နှင့် အထုပ်အရွယ်အစားရော၊ ကြွပ်ကြွပ်အိတ်အမျိုးအစားပါ တူနေလေ၏။ ဒေါ်အေးအေးသိန်းက မပူပါနဲ့၊ လေဆိပ်သွားစုံစမ်းရင် သတင်းရမှာပါ ဟု ဆို၏။ ပန်ကာပုံးပေါ်တွင် ဖုံးနံပတ်တစ်ခုတော့ ရေးထားပါသည်။ သို့သော် ဆက်လို့မရသော နံပတ်ဖြစ်နေလေ၏။


နောက်နေ့တွင် စိတ်ခပ်လေးလေးဖြင့် ပန်ကာထုပ်ကြီးဆွဲလျှက် လေဆိပ်သို့ထွက်လာခဲ့၏။ လေဆိပ်မှ customer service တွင်သွားစုံစမ်းသော် ထိုကောင်တာမှ မမကလေးက အပြစ်ဆို၏။ ဦးက သူများအထုပ်လဲ မှားဆွဲသွားသေးတယ်။ ဖုံးလေး ဘာလေးလဲ မဆက်ဘူး ဟု ဆိုသတည်း။ ကိုယ့်အပြစ်နှင့်ကိုယ်မို့ ကျွန်တော်လည်း ဘာမှရှင်းပြမနေတော့ဘဲ တောင်းပန်ရ၏။ သူတို့က ဖြတ်ပိုင်းကလေးတစ်ခု ရေးပေးလျှက် ကာစတန်မှာသွားရွေးပါ ဆို၏။


ကာစတန်ရုံးခန်းအတွင်း ၀င်လိုက်သော် ယူနီဖောင်းနှင့် မမ၀၀တစ်ယောက် အိမ်မှထည့်လာသော ဗူးကလေးဖွင့်ကာ ထမင်း စားနေတာ တွေ့ရလေ၏။ ကျွန်ုပ်လည်း ဖြတ်ပိုင်းကလေးပြလျှက် အကျိုးအကြောင်းပြောပြလေသော် မောင်ဘယ်သူရေ၊ ခဏလာဦးဟေ့ ဟု ကောင်လေးတစ်ယောက်ကို လှမ်းခေါ်၏။ ထို့နောက် ပန်ကာပုံးနှင့် ဒီဗီဒီပလေယာပုံး အလဲအလှယ်လုပ်၏။ သည်တော့မှ ကျွန်ုပ်လည်း စိတ်အေးကာ အထုပ်ကလေးဆွဲလျှက် ပြန်မည်ပြု၏။


ကျေးဇူးတင်ပါတယ်ခင်ဗျ ဟု ဆိုပြီး အထုပ်ဆွဲကာ ဟိုဘက်အလှည့် နေပါဦးလေ ဆိုသဖြင့် ပြန်လှည့်လာသော် အနှီမမက အဲဒါ အီလက်ထရောနစ်ပစ္စည်းဖြစ်တဲ့အတွက် အခွန်ဆောင်ရမယ် ဟု ဆိုလေ၏။


“ခင်ဗျာ၊ အ၀င်တုံးက ဟိုဘက်မှာ စင်ကာပူ ဒေါ်လာ ၂၀ ဆောင်ခဲ့ပြီးပါပြီခင်ဗျ။”

“ဟိုဘက်က ဟိုဘက်လေ၊ ဒီဘက်နဲ့မဆိုင်ဘူး။ ဒီဘက်အတွက်လည်း ပေးရမယ်။”

“အောင်မယ်ခင်ဗျာ။ ပစ္စည်းတစ်ခုကို တစ်နေရာထဲမှာ အခွန်နှစ်ခါပေးရမယ်လို့ ဘယ်လိုဥပဒေတွေနဲ့များ ပြဌာန်းထားပါလိမ့်။”

“ဘယ်ဥပဒေတွေ၊ ညာဥပဒေတွေ လာမပြောနဲ့။ ဒီမှာလဲ စင်ကာပူဒေါ်လာ ၂၀ ပေးရမယ်။”

“ဟုတ် ဟုတ်ပါ့ဗျာ။ မြန်မာပြည်မှာ စင်ကာပူဒေါ်လာနဲ့ အခွန်ဆောင်ရမယ်လို့။ စင်ကာပူဒေါ်လာတော့ မရှိဘူး။ မြန်မာပိုက်ဆံ တစ်သောင်းတော့ပါတယ်။ လိုချင်သပဆို ဟောသည်မှာ။”


ကျွန်တော်လည်း စိတ်တိုလှသည်နှင့် လိုရမယ်ရဆိုကာ အိတ်ထဲထည့်လာသည့် ပိုက်ဆံတစ်သောင်းအခေါက်လိုက်ကို စားပွဲပေါ် ဘုတ်ကနဲပစ်ချလိုက်လေ၏။


ထိုအခါ ကာစတန်မမ ရွှေဒေါတော်ဖောင်းလေကာ “အောင်မယ်၊ အောင်မယ်၊ ပိုက်ဆံကို ဘယ်လိုပေးတာလဲ။ စေတနာမရှိ လည်း ပေးမနေနဲ့ ပြန်သာယူသွား” ဟု ဆိုလေ၏။


“အလိုဗျာ၊ ကျွန်တော်က စေတနာရှိလှချည့်လို့လည်း တစ်ခါမှ မပြောရပါလား။ ခင်ဗျားတောင်းလို့ ပေးရတဲ့ဟာ။ မပေးနဲ့ဆို လည်း ကျေးဇူးပါဘဲဗျာ”  ဟု ဆိုကာ ကျွန်တော်လည်း ပိုက်ဆံထုပ်ကို ပြန်ကောက်လျှက် လှည့်မကြည့်ဘဲ ထွက်ခဲ့လေ၏။


ဟေ့၊ အဲဒီလူကို မှတ်ထားလိုက်စမ်း ဟု ကျွန်တော့်ကို အထုပ်ရှာပေးသော ကောင်လေးအား လှမ်းမှာလေသော် -

ကျွန်တော့်နာမည် အေးငြိမ်းလို့ခေါ်ပါတယ်ခင်ဗျ။ ပတ်စ်ပို့နံပတ် ၂၂၅၈၆၀ ပါ။ မှတ်ပုံတင်မိတ္တူလိုချင်သပ ဆိုလည်း ပေးခဲ့ ပါမယ်။ ဓါတ်ပုံပါလိုချင်တယ်ဆိုလည်း ပြောပါ။ ဒါနဲ့ ပတ်စ်ပို့နံပတ်မေ့သွားမယ်။ ၀ှိုက်ဘုတ်မှာ ရေးထားလိုက်ဦး၊ ၂၂၅၈၆၀ နော် -  ဟု ဂွတိုက်ခဲ့ကာ ခပ်သွက်သွက် ထွက်ခဲ့လေသတည်း။


ကျွန်ုပ်ကား ဤကဲ့သို့ အလွန်ဂွကျသောသူ ဖြစ်ပါပေ၏။ မိမိပုခုံးပေါ်မှ ၀င်းပြောင်နေသော ငွေကြယ်ပွင့်ကြီးများကိုသော်မှ အားမနာ။ အခွန်မဟုတ်ပါဘဲလျှက် အခွန်ဟုဆိုကာ ပိုက်ဆံကို မာရေကြောရေနှင့် ပြောင်တောင်းသော အနှီ အရာရှိမင်းများ ၏ အပြုအမူကို ကျွန်တော် ယနေ့ထက်တိုင် နားမလည်နိုင်ပါ။ ကျွန်တော်ကား ဘာရာထူးမှလည်းရှိတာမဟုတ်။ ဘယ်က ၀န်ထမ်းမှလည်း မဟုတ်။ ဘာအလုပ်မှလည်း ပြုတ်စရာအကြောင်းမရှိသူ ဖြစ်သဖြင့် ၎င်းတို့ဖြဲချောက်သည်ကို အဘယ်ကြောင့် ကြောက်ရမည်နည်း။ ကြောက်မဲ့ကြောက် သူတို့ကသာ ပုခုံးပေါ်မှ အပွင့်ပြုတ်သွားမှာ ကြောက်ရမည်မဟုတ်ပါလော။


ထိုနေ့ကား ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ဖြစ်ပါသည်။




(၆၇) ကွန်ပြူတာ ပေးအပ်လှူဒါန်းပွဲကျင်းပခြင်း


ကျွန်တော်ရန်ကုန်ပြန်ရောက်တော့ အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သော ကွန်ပြူတာများကို အလှူခံထားသော ကျောင်းများ သို့ ပေးအပ်လှူဒါန်းပွဲကျင်းပရန် စိုင်းပြင်းပါသည်။ ပထမဦးစွာ ကျောင်းများသို့ ဤနေ့ဤရက်တွင် လှူဒါန်းပွဲပြုလုပ်မည်ြ့ဖစ်ပါ သဖြင့် ကြွရောက်ပါမည့်အကြောင်း အကြောင်းကြားရသည်။ ဖိတ်ရာ၌ပင် ဆက်သွယ်ရေးမကောင်းသဖြင့် သိပ်မလွယ်လှပါ။


ကွန်ပြူတာလှူဒါန်းပွဲကို ၂၀၀၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကွန်ပြူတာများထားသည့် နတ်မောက်လမ်းရှိ အခြေခံ ပညာဦးစီးဌာနတွင် ကျင်းပပါသည်။ ဆရာဦးသောင်းရွှေက ပေးအပ်လှူဒါန်းပွဲလုပ်ရန် ခန်းမကြီးစီစဉ်ပေးသည်။ ကွန်ပြူတာ အလှူခံထားသော ကျောင်းအားလုံးလိုလို လာပါသည်။ များသောအားဖြင့် ကျောင်းအုပ်ကြီးများကိုယ်တိုင်လာပြီး ကျောင်းအုပ်ကြီးများ မအားသည့်ကျောင်းများမှသာ လက်ထောက်ကျောင်းအုပ်၊ အထက်တန်းပြ စသဖြင့် ဆရာဆရာမများ လာကြ၏။


ပေးအပ်ပွဲနေ့တွင် ကျွန်တော်တို့ မောင်နှမတစ်သိုက် မြေနီကုန်း ဒဂုံစင်တာသို့ဝင်ကာ ကော်ဖီမစ်ထုပ်များ၊ မုံ့များဝင်ဝယ်ကြ သည်။ အိမ်မှ ရေနွေးအိုးယူခဲ့ကာ လာသည့်ဧည့်သည်များအား ကော်ဖီများ၊ မုံ့များဖြင့်ဧည့်ခံသည်။ ကိုသောင်းတန်တို့အိမ်အနီး ရွှေပေါက်ကံ အမှတ် (၄၅) အ.မ.က ပြုပြင်လှူဒါန်းခဲ့စဉ်က ကူညီဆောင်ရွက်ပေးခဲ့သော ဒေါ်မျိုး၏မောင် ဒါရိုက်တာ ဦးမိုးဟိန်း လည်းလာကာ ဗီဒီယိုရိုက်ပေးပါသည်။


သည်ကွန်ပြူတာများကို လှူခြင်းဖြစ်သည့်အတွက် ကျောင်းများမှ ပိုက်ဆံတစ်ပြားမှ ပြန်လည်ကောက်ခံရန် အကြောင်းမရှိပါ။ သို့သော် စင်ကာပူမှ ရန်ကုန်သို့ပို့ရာတွင်ဘာမှ အခက်အခဲတစ်စုံတစ်ရာမရှိ။ အားလုံးအဆင်ချောသလို ဘာအပိုပိုက်ဆံမှ လည်း မကုန်ပါ။ သို့သော် ရန်ကုန်ဆိပ်ကမ်းတွင် ကွန်တိန်နာကြီးသောင်တင်နေတော့ တစ်ရက်လျှင် ကွန်တိန်နာထိန်းသိမ်းခ ဆိုကာ ၅၀၀၀ ပေးရပါသည်။ ကျွန်တော် စင်ကာပူမှ ကွန်တိန်နာကြီးကို လွှတ်လိုက်တာ ၂၀၀၄ ခုနှစ် မေလ ၁၀ ရက်နေ့၊ ရန်ကုန်ဆိပ်ကမ်းမှ ကွန်တိန်နာကြီးကို မနိုင့်ရင်ကာ ထုတ်ခဲ့ရတာ ဇူလိုင်လ ၁၆ ရက်နေ့ ဆိုတော့ ၂ လလောက်ကြာသည်။ ဆိုတော့ ဆိပ်ကမ်းမှာတင် သုံးသိန်းလောက်ပေးလိုက်ရသည်။ အကောက်ခွန်မှ လူများက ဟိုလူကြီးလာလို့ ထုတ်ပြပါဦး။ သည်လူကြီးလာလို့ ထုတ်ပြပါဦး နှင့် ကွန်တိန်နာထဲမှ ပစ္စည်းတွေကို ထုတ်လိုက်၊ သွင်းလိုက်လုပ်ရတာတင် ၅ ကြိမ်မက။ နောက်ပြီး သည်ပစ္စည်းတွေက လွယ်လွယ်နှင့် ထုတ်လို့ရတာ မဟုတ်။ နေရာလပ်ရှိသမျှ ကြပ်သိပ် ထည့်လာတာ ဆိုတော့ တစ်ခါ အထုတ်အသွင်းလုပ်တိုင်း အလုပ်သမား ငှားရသည်။ အလုပ်သမားငှားခချည်း တစ်သိန်းသုံးသောင်းလောက် ကျသည်။ နောက်ပြီး မြန်မာပြည်တို့၏ ထုံးစံအတိုင်း လုပ်ငန်းအဆင်ပြေချောမွေ့စေရန် ဟိုလူကြီး၊ သည်လူကြီးများအား ချောဆီထိုးခက နှစ်သိန်းလောက် ပြတ်သည်။ အေးဂျင့်ကိုပေးရတာ တစ်သိန်း။  


သည်တော့ စင်ကာပူက ကွန်တိန်နာပို့ခ။ ကားငှားခ၊ ကတ္ထူစက္ကူပုံးများ၊ ၀ယ်ခ သယ်ခ။ မြန်မာပြည်မှ စရိတ်စက။ အားလုံး ပေါင်းလိုက်သော် ၂၃ သိန်း ကျော်သွားသည်။ ထိုအချိန်က စင်ကာပူ တစ်ဒေါ်လာမှ မြန်မာငွေ ၅၆၀ ကျပ်သာရှိသေးသည်။ ယူအက်စ် တစ်ဒေါ်လာကို စင်းဒေါ်လာ ၁.၆၈ ရှိသည်။ ကျွန်တော်တို့အလှူငွေထဲမှ သုံးရန် လျာထား ထားသောပိုက်ဆံတွင် ထို အပိုစရိတ်များမပါသဖြင့် ကျွန်တော်တို့တွင် ထိုစရိတ်များအတွက် ပိုက်ဆံမရှိတော့ပါ။ ထိုပိုက်ဆံကို ဘယ်ကရမည်နည်း။ ထိုအခါ ကိုသောင်းတန်နှင့် တိုင်ပင်ကာ သည်ကုန်ကျစရိတ်များကို ခုသာခံသာရှိစေရန် ဆရာ၊ ဆရာမများကို ရှင်းပြလျှက် ထိုကျောင်းများမှ ပိုက်ဆံကောက်ခံရန် ဆုံးဖြတ်ရပါသည်။ လှူမည်ပြောပြီးမှ ပိုက်ဆံကောက်ရတာ အင်မတန်အားနာပါ၏။ မျက်နှာလည်း ပူပါသည်။ တစ်ကျောင်းလျှင် သုံးသောင်းထင်ပါသည်။ ကောင်းကောင်းမမှတ်မိတော့ပါ။ ပိုက်ဆံ သုံးသောင်း ဆိုတာ တတ်နိုင်သူများအနေနှင့် ဘာမှများတာ မဟုတ်။ သို့သော် အစိုးရကျောင်းများကျတော့ သည်ပိုက်ဆံကို ဘယ်ကသွား ရှာရပါမည်နည်း။ သူတို့ခမျာလည်း အလှူခံရပေမည်။ ဖြစ်သမျှအားလုံး၏ တရားခံမှာ မစဉ်းစား မဆင်ခြင်၊ အရမ်းကာရော လုပ်တတ်သော ကျွန်တော်ပင် ဖြစ်ပါ၏။


သည်ကွန်ပြူတာလှူဒါန်းခြင်းနှင့်ပတ်သက်ပြီး ကျွန်တော့်ရင်ထဲတွင် ပြောစရာစကားများ ပြည့်နှက်နေသဖြင့် စိတ်ပေါက်ပေါက် နှင့် ပြောလိုက်ရာ ၁ နာရီကျော်ကြာသွားပါသည်။ နောက်တော့မှ နားထောင်နေသူ ဆရာကြီး၊ ဆရာမကြီးများအား အလွန် အားနာသွားမိရ၏။ ကျွန်တော်မပြောမီ ဆရာဦးထိန်ဝင်းကလည်း ကျွန်တော်တို့အကြောင်း မိတ်ဆက်ပေးရင်း နာရီဝက်မျှ အာပေါင်အာရင်းသန်သန်နှင့် ပြောပါသေးသည်။   


ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာမများအားလုံး၏ ကိုယ်စား ဆရာမတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားပါသည်။ ကျိုက်လတ် အ.ထ.က မှ ဆရာမ ဒေါ်မြင့်မြင့်သိန်း ဖြစ်၏။


အခမ်းအနားပြီးသော် ကျောင်းများသို့ တစ်ကျောင်းလျှင် တစ်လုံး၊ နှစ်လုံးစသဖြင့် ဝေပုံကျအတိုင်း ကွန်ပြူတာများ ထုတ်ပေး လိုက်၏။ ဘာပြဿနာမှ မရှိ။ ကျောင်းများသို့ ကွန်ပြူတာများထုတ်ပေးနေစဉ် ကလေးဝတောရမှဆိုကာ ကွန်ပြူတာများ လာသယ်ပါသည်။ သူတို့အတွက် ချန်ထားသော အလုံး ၂၀ ကိုပေးလိုက်၏။ ထိုအခါ ခပ်သားသားနားနား၊ ပိုက်ဆံအိတ် အကြီးကြီးကို ချိုင်းကြားညှပ်လာသူ ခပ်ဖြောင့်ဖြောင့်အမျိုးသမီးတစ်ဦးက နောက်ထပ် ၅ လုံးထပ်ပေးပါဟု အသားလွတ် တောင်းလာပါ၏။


ကျွန်တော်လည်း အနား၌ပင်ရှိသည်ဖြစ်ရာ နေပါဦး မဟ၀ှာရယ်၊ ဘယ့်နှာကြောင့် နောက်ထပ်ငါးလုံး အပိုလိုချင်ရပါသတုံး ဗျာ။ ကျွန်တော်တို့က စာရင်းနဲ့ အတိအကျလုပ်ထားတာမို့လို့ တစ်လုံးမှတောင် အပိုမရှိပါဘူးခင်ဗျ - ဟု ပြောလိုက်၏။ ဘုန်းဘုန်းက အလုံးအစိတ်ယူခဲ့ဘို့ မှာလိုက်တယ် ဟု ပြောလေသော် မရပါဘူးခင်ဗျာ။ စင်ကာပူမှာကတည်းက ကျွန်တော့်ကို အလုံး ၂၀ ပေးလိုက်ဘို့ပြောပြီးသားမို့ အလုံး ၂၀ ပဲရပါမယ်။ ဒါတောင် အရမ်းများနေပါပြီ ဟု ပြောလိုက်၏။ သို့တိုင် ထို မမက မရဘူး၊ နောက်ထပ်ငါးလုံးက မပေးလို့ကို မဖြစ်ဘူး ဟု အတင်းရော အဓမ္မပါပြောလေသော် - င်ဝပြူနေသော ကျွန်ုပ်၏ စိတ်တို့မှာ အတိုဆုံးသို့ရောက်သတည်း။


ဒီမယ်မဟိုဒင်း၊ အဲဒီ အလုံး ၂၀ ပဲရမယ်။ အလုံးအစိတ် မရလို့ မယူနိုင်ပါဘူး ဆိုရင်တော့ ခု ပြန်လို့ရပြီ ဟု ဘုတောလေ၏။ ထိုအခါ ထို အနံကြီးကွင်းကျယ် မဟိုဒင်းမှာ ကျွန်တော်တို့ သင်္ဘောကျင်းများတွင်သုံးသည့် ဝေါ်ကီတော်ကီကြီးလောက် ရှိသော ဟန်းဖုန်းကြီးကို ဟန်ပါပါထုတ်ကာ ဟိုတိုင်၊ ဒီတော လုပ်ပါလေ၏။ (ထိုခေတ်က ဟန်းဖုံးဆိုသည်မှာ ကျွန်တော်တို့လို သာမညောင်ည လူတန်းစားများသုံးသည့် ပစ္စည်းမဟုတ်။ ပိုက်ဆံဝါလားများ၏ အသုံးအဆောင်သာ ဖြစ်ချေသည်။)


ကျွန်ုပ်ကလည်း သူ့ဘေးမှနေကာ ကြိုက်တဲ့နေရာ ဆက်ပါ။ မိုးပေါ်က သိကြားမင်းကြီး နားကင်းတစ်ဝင်းဝင်းနဲ့ ဆင်းတောင်း လာရင်တောင် မပေးဘူး၊ စိတ်သာချ ဟု မခံချိမခံသာ ပြောနေလေ၏။ ဘေးနား၌ ဆရာ၊ ဆရာမများမှာ မျက်လုံး အ၀ိုင်းသားနှင့် ၀ိုင်းကြည့်နေကြသဖြင့် ဆရာ၊ ဆရာမတို့ ယူစရာရှိတာသာ ယူပါခင်ဗျာ။ ဘာမှ စိတ်စနိုးစနောင့်မဖြစ်ပါနဲ့။ ဒီကိစ္စ ကျွန်တော့်တာဝန်သာ ထားလိုက်ပါ။ ဆရာ၊ သုံးလေးကျောင်းလောက်တော့ ခဏဆိုင်းထားလိုက်ပါဦး။ သူတို့ စိတ်ဆိုးလို့ မယူဘူးဆိုရင် ကျွန်တော် ဒီ အလုံး ၂၀ကို အားလုံးကို ဝေပေးလိုက်ပါမယ် ဟု ဆရာဦးထိန်ဝင်းကို မှာထား၏။


ဦးသောင်းရွှေတို့က ကျွန်တော်လုပ်ပုံကိုကြည့်ပြီး ရင်တထိတ်ထိတ်ဖြစ်နေ၏။ ကျွန်တော်ကတော့ ကိုယ်မဟုတ်တာ မလုပ်သရွေ့ မည်သူ့မှ ဂရုစိုက်စရာမလိုဟု အလွန်ခေါင်းမာစွာ ခံယူထားသူဖြစ်သဖြင့် ထို အမျိုးသမီးကို လှည့်မကြည့်တော့ပဲ ကျောင်းများကိုသာ တစ်ကျောင်းပြီးတစ်ကျောင်း ကွန်ပြူတာများ ထုတ်ပေးနေလိုက်သည်။


အနှီအမျိုးသမီးလည်း သူအားကိုးလို့ရမည်ထင်သည့် နေရာမှန်သမျှ ဆက်သည်ထင်ပါသည်။ အတန်ကြာတော့မှ သူ့လူများကို ဒေါနှင့်မောနှင့်ခေါ်ကာ သူတို့အတွက် ဖယ်ထားသည့် အလုံး ၂၀ ကိုသယ်ပြီး ပြန်သွားလေတော့၏။ ပွဲကြီးပွဲကောင်းတော့ တွေ့ပြီဟု မောင်းတင်ထားသောကျွန်တော့်မှာ သည်မျှနှင့်ပြီးသွားသည့်အတွက် မချင့်မရဲဖြစ်ခဲ့ရသည် ဟူလို။









ကျွန်တော်တို့လှူဒါန်းခဲ့သော ကျောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဧရာဝတီတိုင်း မှ လေးမျက်နှာမြို့ အ.ထ.က သို့ (၂) လုံး။ ပန်းတောကြီး အ.ထ.က သို့ (၂) လုံး။ လှော်ကထား အ.ထ.က သို့ (၂) လုံး။ နင်းကြမ်း အ.လ.က သို့ (၁) လုံး။ အိုင်သပြု အ.ထ.က သို့ (၁) လုံး။ ရှမ်းရွာ အ.ထ.က သို့ (၁) လုံး။ ခမောက်စု အ.ထ.က သို့ (၁) လုံး။ ၀ါးတောကွင်း အ.လ.က သို့ (၁) လုံး။ အင်္ဂပူ အ.ထ.က သို့ (၁) လုံး။ ကွင်းကောက် အ.ထ.က သို့ (၂) လုံး။ မဲဇလီကုန်း အ.ထ.က သို့ (၁) လုံး။ ကျိုက်လတ် အ.ထ.က (၁) သို့ (၂) လုံး။ ကျိုက်လတ် အ.ထ.က (၂) သို့ (၂) လုံး။ ရုံးထောင့် အ.ထ.က သို့ (၁) လုံး။


မကွေးတိုင်းမှ ဆင်ဖြူကျွန်း အ.ထ.က သို့ (၂) လုံး။ စလင်း အ.ထ.က သို့ (၂) လုံး။ သရက်ချဉ် အ.ထ.က သို့ (၂) လုံး။ တပ်နယ် အ.ထ.က သို့ (၁) လုံး။ မိချောင်းရဲ အ.ထ.က သို့ (၁) လုံး။ ချောက် အ.ထ.က သို့ (၂) လုံး။ ကျပ်ပြည့် အ.လ.က သို့ (၂) လုံး။


မန္တလေးတိုင်းမှ ရွှေတုတ်ကုန်း အ.ထ.က သို့ (၂) လုံး။ ကချင်ပြည်နယ်မှ ဗန်းမော် အ.ထ.က (၁) သို့ (၂) လုံး။ ဗန်းမော် အ.ထ.က (၃) သို့ (၂) လုံး။


ရန်ကုန်တိုင်းမှ လှိုင်သာယာ အ.ထ.က (၂) သို့ (၁) လုံး။ အင်းစိန် အ.ထ.က (၄) သို့ (၁) လုံး။ ရန်ကင်း အ.လ.က (၃) သို့ (၁) လုံး။ ရွှေပေါက်ကံ အ.ထ.က (၆) သို့ (၂) လုံး။


သူရဲတန်းကျေးရွာ အ.ထ.က သို့ (၂) လုံး။ ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဌာနသို့ (၁) လုံး။ အခြေခံပညာ ဦးစီးဌာန (၁) သို့ (၄) လုံး။ အခြေခံပညာ ဦးစီးဌာန (၂) သို့ (၂) လုံး။ အခြေခံပညာ ဦးစီးဌာန (၃) သို့ (၂) လုံး။ ကလေးဝတောရသို့ အလုံး (၂၀) ဖြစ်ပါသည်။ သူရဲတန်းကျောင်းနှင့် အခြေခံပညာဦးစီးဌာနများသို့ ပေးရသည်မှာ ကွန်ပြူတာများ ထုတ်ယူရရှိရေးတွင် ကျွန်တော်တို့ကို နင်းကန်ဟောက်ခဲ့သော လူကြီးမင်းများအား ဆက်သရခြင်းဖြစ်၏။ တစ်ဌာနကို ဆယ်လုံးစီမယူသွားတာပဲ ကျေးဇူးတင်ရပေဦးတော့မည်။


ပေးအပ်ပွဲအပြီး ညရောက်သော် အချိန်မရှိတော့သဖြင့် နယ်သို့မပြန်နိုင်သေးသော ကျောင်းများမှ ဆရာဆရာမများ ကျွန်တော်တို့အိမ်သို့လာကာ ကျေးဇူးတင်စကားပြောပါသည်။ ထိုအထဲမှ ကျွန်တော်မှတ်မိနေသည်မှာ မိချောင်းရဲမှ ဆရာမကြီး များ ဖြစ်၏။ သူတို့ဆီ လာဖြစ်အောင်လာခဲ့ပါဟု တစ်ဖွဖွဖိတ်ကာ မည်သို့လာရမည်။ မည်သည့်ဖုံးနံပတ်ကို ဆက်လိုက်ပါဟု အသေအချာ ပြောခဲ့၏။ ကျွန်တော်ကမူ ဆရာဆရာများကို အဝေးကြီးမှလာပြီး ကွန်ပြူတာ ၁ လုံး၊ ၂ လုံးမျှသာ လှူဒါန်းနိုင်ခြင်း အတွက် အလွန်အားနာရပါကြောင်း ပြောပြပါသည်။ တကယ်လည်း အားနာပါသည်။


ကလေးမီးဖွားခါနီး မိခင်ဖြစ်သူသည် မီးဖွားသည့်ဝေဒနာကို အပြင်းအထန် သေလုမျောပါး ခံစားခဲ့ရသော်လည်း မိမိကလေး ၀မ်းမှကျွတ်ပြီး အူဝဲဟု အသံကြားလိုက်သည်နှင့် ခုနက နာကျင်မှုအားလုံး ပျောက်သွားကာ ကြည်နူးမှုအပြည့်ကို ခံစားရသကဲ့ သို့ ကျွန်တော်တို့သည်လည်း သည်ကွန်ပြူတာ အရှုပ်ထုပ်ကြီးအတွက် အကြီးအကျယ် ဒုက္ခသုက္ခရောက်၊ ပြဿနာများစွာနှင့် တွေ့၊ ငါတော့မှားပြီဟု အကြိမ်ကြိမ်နောင်တရခဲ့သော်လည်း ယခုကဲ့သို့ ဆရာဆရာမများကို ကွန်ပြူတာများ ကိုယ်ထိ လက်ရောက် ပေးလိုက်ရသောအခါ ယခင်ကကြုံတွေ့ခဲ့ရသမျှ ဒုက္ခသုက္ခအပေါင်းတို့ကို မေ့ပျောက်ကာ ၀မ်းသာကြည်နူးရပါ သည်။ ဆရာဆရာမများ ကွန်ပြူတာများသယ်ကာ ၀မ်းသာအားရ ပြန်သွားသည်ကို ကြည့်ပြီး ကျွန်တော်၊ ကိုသောင်းတန် နှင့် မမတို့မှာ ၀မ်းသာမဆုံးရှိခဲ့ကြသည်။ ကျွန်တော်တို့ကို ကွန်ပြူတာများလှူဒါန်းရေးအတွက် အားတက်သရော ကူညီလုပ်ကိုင် ပေးခဲ့သည့် ဆရာဦးထိန်ဝင်းမှာလည်း ပျော်တပြုံးပြုံးရှိချေသည်။



(၆၈) ကွန်ပြူတာလှူဒါန်းထားသော ကျောင်းများသို့ လိုက်ကြည့်ကြခြင်း


မြန်မာပြည်ပြန်ရောက်တုံးရောက်ခိုက် ကျွန်တော်တို့ ဒုက္ခသုက္ခပေါင်းများစွာနှင့် ရင်းနှီးကာ ရယူခဲ့ရသော ကွန်ပြူတာများ၏ အခြေအနေကို သိလိုသဖြင့် ကိုသောင်းတန်နှင့်တိုင်ပင်လျှက် ကျောင်းများသို့သွားကြည့်ကြရန် စီစဉ်ပါသည်။ ပထမ ရန်ကုန် အနီးပတ်ဝန်းကျင်ကျောင်းများသို့ သွားကြည့်ကြပြီး ထို့နောက်မှ အထက်မြန်မာပြည် နှင့် ဧရာဝတီတိုင်းများသို့ သွားကြည့်ကြ ရန်ဖြစ်၏။


ပထမဦးစွာ ကျွန်တော်တို့ ကွန်ပြူတာများလှူဒါန်းရေးတွင် အားတက်သရော လိုက်ပါဆောင်ရွက်ပေးခဲ့သည် ဆရာဦးထိန်ဝင်း ကို ဆက်သွယ်သည်။ ဆရာကလည်း ကောင်းတယ်ဟေ့၊ မင်းတို့လှူထားတဲ့ကျောင်းတွေ ငါလိုက်ပြမယ် ဟု ဆိုကာ ရန်ကုန် အနီးပတ်ဝန်းကျင်း ကျောင်းများသို့ လှည့်လည်ကြည့်ရှုကြသည်။ ပထမဦးဆုံး သူတို့ကျောင်းကို သွားကြည့်ကြသည်။ ရန်ကင်း အ.လ.က ဖြစ်၏။ အစိုးရ၏ ပေါ်လစီကြောင့် ကျောင်းတိုင်းတွင် မီဒီယာခန်းထားရမည်ဆိုသဖြင့် ကွန်ပြူတာများထားရန် အထွေအထူးနေရာ လိုက်ရှာနေစရာမလိုတော့။ မီဒီယာခန်းထဲတွင် ကွန်ပြူတာများကို ကျကျနနထားပါသည်။ အ၀တ်ကို ချုပ်ထားသည့် အဖုံးကလေးများအုပ်လိုက်လို့။ သည်အ၀တ်ဖုံးကတော့ သူ့အမျိုးသမီးချုပ်ပေးတာ ဟု ဆိုပါသည်။  


ကျွန်တော်တို့ ကွန်ပြူတာဘေးနားတွင်လည်း သုံး၍မရတော့သော ကွန်ပြူတာခေတ်ဦးအစက Apple စက်တစ်လုံးတွေ့ရသေး သည်။ ဆရာက ကျောင်းသားကလေးများကို စုရုံးစေကာ ကျွန်တော်တို့အား စကားပြောစေ၏။ ကျွန်တော်ကတော့ ကလေး များ စိတ်ဝင်စားမည်မဟုတ်သည့် စကားများပြောနေမည့်အစား အဆင့်သင့် အိတ်ထဲထည့်လာသော ပညာရေးစီဒီများထုတ် ကာ ကျွန်တော်တို့လှူထားသော ကွန်ပြူတာဖြင့် ဖွင့်လျှက် ပြောလည်းပြော၊ ပြလည်းပြလုပ်၏။ ကလေးများ အလွန်သဘောကျ ကြသည်။ ယခင်ကတည်းက ထိုစီဒီများကို ကျောင်းများသို့ဝေရန် ကော်ပီကူးထားသည်ဖြစ်ရာ ရောက်သမျှကျောင်းတိုင်း တစ်စုံစီ ပေးခဲ့ပါသည်။ ထိုစီဒီများထဲတွင် အင်္ဂလိပ်၊ သမိုင်း၊ သင်္ချာ၊ သိပံ္ပ၊ ပထ၀ီ တော်တော်စုံစုံလေးပါပါသည်။   


ထို့နောက် အင်းစိန်၊ အ.ထ.က (၄) သို့သွားကြည့်သည်။ ကျွန်တော်က ကွန်ပြူတာခန်းကို ဖွင့်ထားကာ ကလေးများအား သင်ကြားပေးပြီး ကိုင်တွယ်ခိုင်းရန် ကျောင်းအုပ်ဆရာမကြီးကို ပြောသည်။ ဆရာမကြီးက ကရင်မကြီးဖြစ်၏။ ကျောင်း၌ ကွန်ပြူတာကိုင်တတ်သူ များများစားစားမရှိ။ သင်တန်းတက်ထားသော ဆရာမတစ်ဦးစ၊ နှစ်ဦးစသာ အနည်းအကျဉ်းကိုင် တတ်သည်ဟု ဆိုပါသည်။ ထို့နောက် လုပ်တတ်ကိုင်တတ် ကျောင်းသား၊ ကျောင်းသူကလေးများကို ခေါ်ကာ ကွန်ပြူတာများ ကိုဖွင့်ပြပါသည်။



နောက်နေ့တွင် လှိုင်သာယာ အ.ထ.က (၂) ကျောင်းသို့သွားကြသည်။ မည်သည့်အနားရှိမှန်းမသိသဖြင့် ကျွန်တော်နှင့် ကိုသောင်းတန်မှာ တစ်လည်လည် တစ်ပတ်ပတ်ဖြင့် မနိုင့်ရင်ကာ ကျောင်းသို့ရောက်ရခြင်းဖြစ်၏။ သူတို့ကျောင်းမှာလည်း မဆိုးပါ။ ကွန်ပြူတာများကို မီဒီယာခန်းထဲ၌ထား၏။ ယခင်က တစ်လုံးရှိနှင့်ပြီး ဖြစ်သဖြင့် ကျွန်တော်တို့ ၂ လုံးလှူလိုက်သော အခါ သုံးလုံးဖြစ်သွားသည်။

ကျွန်တော်တို့က ကွန်ပြူတာများကို ပြီးပြီးရော လှူလိုက်ခြင်းမဟုတ်။ ကွန်ပြူတာများရပါပြီ ဆိုကတည်းက ရွှေပေါက်ကံရှိ ကိုသောင်းတန်တို့အိမ်နားမှ ကွန်ပြူတာဆရာ ဦးစိုးသိန်းက သူ့တပည့် များနှင့် ကွန်ပြူတာများကို တစ်လုံးချင်း ပြုပြင် ထိန်းသိမ်းမှုများလုပ်ပေးပါသည်။ ကြိုးမကောင်းလျှင် အသစ်လဲ။ လိုအပ်သည့် soft ware များရှိလျှင် install လုပ်ပေး၊ ချေးချွတ်၊ ဆေးမှုတ် စသည့်ပြင် သည်ကွန်ပြူတာတွင် မည်သည့်ပစ္စည်းများဖြင့် ဆင်ထားသည် ဆိုသော Computer Log Book မှအစ စနစ်တကျ လုပ်ပေးပါသည်။ အားလုံးပြီးနောက် ကွန်ပြူတာများကို အစမ်း ဖွင့်ကြည့်ထားတာ ဖြစ်သဖြင့်လည်း မကောင်းသည့် ကွန်ပြူတာ တစ်လုံးမှ မပါပါ။ အားလုံး လက်တင်သုံးဖြစ်၏။   


ဤတွင် စကားစပ်မိသဖြင့် အလွန်အံ့သြစရာကောင်းသည့် အရာတစ်ခု ထည့်ပြောခွင့်ပြုပါ။


ကျွန်တော်တို့လှူလိုက်သော ကွန်ပြူတာများမှာ ရုံးများ၊ ကျောင်းများမှ အကျများဖြစ်ပါသည်။ Pentium II ဖြစ်ပြီး စီပီယူပုံးမှာ ပြားလိုက်ချထားရသော ပုံးကလေးဖြစ်၏။ ကျွန်တော်တို့လှူတာ ၂၀၀၄ ခုနှစ်က။ ယခု ၂၀၁၂ ခုနှစ် မတ်လပိုင်းက ကျွန်တော် ကွင်းကောက်နှင့် လေးမျက်နှာကျောင်းသို့ စာများထုတ်ရာတွင် လွယ်ကူစေရန် printer များ လှူလိုက်ပါသည်။ ထိုအခါ ကွင်းကောက်ကျောင်းက သူတို့ကို printer သာ လှူပါ။ ကွန်ပြူတာကတော့ ကောင်းပါသေးသည် ဟု ဆိုသဖြင့် ကွန်ပြူတာကို ဘယ်သူလှူတာလဲဗျ ဟု မေးရာ ဦးအေးငြိမ်းတို့ လှုထားသော ကွန်ပြူတာများ ယခုအထိ ကြီးကြီးမားမား ပြင်ရတာ မရှိသေးဘဲ အကောင်းအတိုင်းပင် ရှိပါသေးသည်။ ဤကွန်ပြူတာနှင့်ပင် တစ်လျှောက်လုံး သုံးနေခဲ့သည် ဟု ဆိုသဖြင့် ကျွန်တော့်မှာ မအံ့သြပဲ မနေနိုင်လောက်အောင်ပင် ဖြစ်မိ၏။ ယခုအချိန် ကမ္ဘာပတ်ကြည့်မည်ဆိုပါက Pentium II ကွန်ပြူတာ သုံးနေသေး သည့် နေရာကိုပြပါဆိုလျှင် ဤကွင်းကောက်ကျောင်း တစ်နေရာသာ ရှိပါလိမ့်မည်။ ဤကွန်ပြူတာများ ထုတ်လိုက်သည့် Compaq ကုမ္ပဏီသာသိပါက ၎င်းတို့ ထုတ်ကုန်အတွက် မည်မျှ ဂုဏ်ယူဝံ့ကြွားလိုက်လေမည်နည်း။  


လေးမျက်နှာမှ ကွန်ပြူတာမှာမူ ပျက်သွားပြီဟု ဆိုပါသည်။ ဤသည်မှာတော့ အံ့သြစရာမဟုတ်ပါ။ ထို့အတွက် printer နှင့်တကွ ကျွန်တော် ကွန်ပြူတာအသစ်တစ်လုံး ၀ယ်လှူလိုက်ပါသည်။


ထို့နောက် ကိုသောင်းတန်နှင့်တိုင်ပင်ကာ နယ်မှကျောင်းများသို့ သွားကြည့်ကြပါသည်။ ပထမဦးစွာ ကိုသောင်းတန့်ဇာတိ စလင်းနှင့် အနီးတစ်ဝိုက်ရှိ ဆင်ဖြူကျွန်း၊ တပ်တွင်း၊ သရက်ချဉ် စသည့်ကျောင်းများသို့ သွားကြည့်ကြပါသည်။ ကျွန်တော်တို့ သွားခဲ့သည့် ကျောင်းများကလည်း ကျွန်တော်တို့လာသည်ကို လှိုက်လှိုက်လှဲလှဲ ၀မ်းပမ်းတသာ ကြိုဆိုကြပါသည်။ အထူးခြား ဆုံးမှာ မိချောင်းရဲကျောင်း ဖြစ်၏။


ကျွန်တော်ရော ကိုသောင်းတန်ပါ မိချောင်းရဲကို တစ်ခါမှ ရောက်ဖူးတာမဟုတ်။ ဆရာမကြီးက ဘယ်ပုံဘယ်နည်းလာပါဟု မှာ ထားသော်လည်း တကယ်သွားတော့ ကျွန်တော်တို့မှာ စမ်းတ၀ါးဝါးဖြစ်၏။ မိချောင်းရဲသို့သွားမည့် လမ်းခွဲတွင်ဆင်းကာ ပေးထားသောဖုံးနံပတ်သို့ ဆက်၏။ ဖုံးမှာ ကြားတစ်ချက်၊ မကြားတစ်ချက်။ သုံးလေးခါ ဆက်တော့မှ ကျွန်တော်တို့မှန်း သိသွားကာ ဆိုင်ကယ်ဖြင့် အခေါ်လွှတ်လိုက်ပါမည်။ စောင့်နေပါဟု ဆိုသဖြင့် ကျွန်တော်တို့လည်း တစ်ခုသော ထနောင်းပင်အရိပ်အောက်တွင် စကားစနေပြောရင်း စောင့်ရ၏။


ကျွန်တော်တို့လည်း ဘာမှလုပ်စရာမရှိသောကြောင့် ကားလမ်းဘေး၌ ဟိုငေး၊ သည်ငေးလုပ်ရင်း ကားလမ်းပေါ်တက်လာသမျှ လူအပေါင်းကို ဟိုလူကတော့ ဘယ်လိုရှိမယ်၊ ဒီအမျိုးသမီးကတော့ ဘာလုပ်လာတာဖြစ်မယ် စသဖြင့် ဝေဖန်ဆန်းစစ်နေကြ၏။ ဤသို့ဝေဖန်ရင်းမှ စကားအစပ်မတည့်သည့်အခါ နှစ်ဦးသား ရန်လည်းဖြစ်လိုက်ကြသေး၏။


ဆိုင်ကယ်များမှာ တော်တော်နှင့် ရောက်မလာ။ ကျွန်တော်တို့မှာ လာသမျှ ဆိုင်ကယ်များအား တစေ့တစောင်းကြည့်ကာ ငါတို့ များ လာခေါ်တာလား ဟု စူးစမ်းမိ၏။ ဆိုင်ကယ်တစ်စီးရောက်လာလိုက် ကားလမ်းပေါ်တက်ကာ ယောင်ပေယောင်ပေနှင့် လူလုံးပြလိုက်။ မဟုတ်သည့်အခါ တစ်ယောက်နှင့်တစ်ယောက် အပြစ်တင်ကာ ပြန်ထိုင်လိုက်။


မည်မျှကြာမှန်း မမှတ်မိတော့ပါ။ ကြာတော့အတော်ကြာပါသည်။ နောက်တော့ ဆိုင်ကယ်နှစ်စီးရောက်လာသည်။ ကျွန်တော်တို့ ကားလမ်းပေါ်တက် လူလုံးပြလိုက်တော့ သူတို့ အနားသို့ချဉ်းကပ်လာကာ ကိုအေးငြိမ်းနဲ့ ကိုသောင်းတန် ဆိုတာ ဟု စကားစကာရှိသေး ဟုတ်ပါ့၊ ဟုတ်ပါ့။ ခင်ဗျားတို့ကို စောင့်နေတာဟု ၀မ်းသာအားရ ဆိုက်ကယ်နောက်ပိုင်းသို့ တက်ခွလိုက်ကြတော့၏။ ဆိုင်ကယ်တွေမအားလို့ လိုက်ရှာနေရတာ၊ အားနာလိုက်တာဗျာ ဟု သူတို့ကပြောပါသည်။ ရပါတယ်ဗျာ ဟု ပြန်ပြောသော ကျွန်တော်တို့လေသံမှာမူ အလွန်ပျော့လှ၏။



(၆၉) မိချောင်းရဲ

မိချောင်းရဲမှ ဆရာမကြီးကို ကျွန်တော် သေသေချာချာ မှတ်မိနေပါသည်။ ဆရာမကြီး ဒေါ်သင်းသင်းထွေး ဖြစ်၏။ ကျွန်တော်တို့ဆိုင်ကယ်နှစ်စီး ကျောင်းဝတွင်ရပ်လိုက်သည်နှင့် စနေဓမ္မမိတ်ဆွေကြီးများ၊ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ ဟူသော ကြွေးကြော်သံနှင့်အတူ ကျောင်းသားများ ဘေးဘယ်ညာ တန်းစီလျှက်၊ ဆရာဆရာမများက ရှေ့ဆုံးတွင် နေရာယူကာ ဆရာကြီးက ဖက်လှဲတကင်း နှုတ်ဆက်သောအခါ ကျွန်တော်တို့မှာ ကြက်သီးမွေးညင်းများပင် ထမိပါသည်။ ရှေ့ဆုံးမှ လာကြိုနေသူ ဆရာအိုကြီးမှာ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဖြစ်သည်ဟု ဆိုပါသည်။ ၀မ်းသာလွန်းလို့ လာကြိုနေတာ ဟု ပြော၏။ ကျွန်တော်တို့မှာ ဘာကောင်များမှ မဟုတ်သဖြင့် ဤကဲ့သို့ ကြိုဆိုရန် မလိုပါကြောင်း ပြော သော်လည်း သူတို့က ကျေးဇူးတင်လွန်းသဖြင့် အားလုံးက ၀မ်းပမ်းတသာ ကြိုဆိုကြတာဖြစ်သည်ဟု ဆိုပါသည်။

ဆရာကြီးဆိုတာလေ ကွန်ပြူတာတွေ သယ်လာတုံးကဆို ၀မ်းသာလွန်းလို့ သူများတောင် မသယ်ခိုင်းဘူး။ သူကိုယ်တိုင် ထမ်းယူသွားတာ ဟု ဆရာမကြီးက ပြောသောအခါ သြော် - ငါတို့တိုင်းသူပြည်သားတွေမှာ သူများအကျ ကွန်ပြူတာကလေး ရတာတောင် မဟာအခွင့်အရေးကြီးဖြစ်နေပါလားဟု တွေးမိပြီး ကျွန်တော့်မှာ မျက်ရည်များပင် လည်မိပါသည်။ တစ်ခါတော့ ငါတို့ပင်ပန်းရကြိုးနပ်ပါပေါ့ဟု မျက်ကန်း တစ္ဆေမကြောက်၊ ကျွန်တော်မိုက်မိုက်ကန်းကန်း လုပ်ခဲ့ခြင်းကိုလည်း ကျေနပ် ၀မ်းမြောက်မိပါသည်။

ခရီးရောက်မဆိုက်ပင် ကွန်ပြူတာလှူဒါန်းပွဲနှင့် ဂုဏ်ပြုလွှာ ပေးအပ်ပွဲကျင်းပပါသည်။ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှု၊ ရဲစခန်းမှုး စသဖြင့် အစုံအလင် တက်ရောက်လာကြ၏။ ကျွန်တော်က ယခုကဲ့သို့ ကွန်ပြူတာများ လှူဒါန်းနိုင်ခြင်းအပေါ် အလွန်  ကျေနပ်နှစ်သက်မိပါကြောင်း၊ သို့သော် အကြောင်းကြောင်းကြောင့် ကွန်ပြူတာများ လှူဒါန်းချိန် ၆ လခန့်နှောင့်နှေးခဲ့ရကြောင်း၊ ယခုကဲ့သို့ လှူဒါန်းနိုင်ရန်ပင် အခက်အခဲများစွာကြုံခဲ့ရကြောင်း၊ သို့သော် ယခုကဲ့သို့ ဆရာကြီး၊ ဆရာမကြီးနှင့် ကျောင်းသူ ကျောင်းသားများ ၀မ်းသာကြည်နူးမှုကို မြင်ရသည့်အခါ ကျွန်တော်တို့ ပင်ပန်းရကြိုးနပ်သည့်အတွက် အလွန်ကြည်နူးမိ ပါကြောင်း ပြောပြလိုက်ပါသည်။

ကျောင်းအုပ်ဆရာကြီး ဦးလှစိန်ကလည်း သူတို့ဒေသတွင် ယခုကဲ့သို့လှူဒါန်းမှုမျိုး တစ်ကြိမ်မှမကြုံခဲ့ဖူးသောကြောင့် ဤကဲ့သို့ လှူဒါန်းမှုအပေါ် အလွန်ကျေးဇူးတင်ပါကြောင်းများ ပြောပါသည်။ အခမ်းအနားပြီးတော့ ည ၇ နာရီခွဲနေပါပြီ။ မိချောင်းရဲတွင်ပင် ညအိပ်လိုက်ကြ၏။ ကျွန်တော်တို့ လွတ်လွတ်လပ်လပ် နေနိုင်စေရန် ကျောင်းဆောင် ဧည့်ခန်း၌ပင် ထားပေးပါသည်။ ညပိုင်းတွင် ဆရာမကြီးဒေါ်သင်းသင်းထွေးက သူတို့မိသားစု၊ အခြားဆရာကြီးများ၏ မိသားစု စသည်တို့နှင့် မိတ်ဆက်ပေးကာ စကားဝိုင်းဖွဲ့ကြသည်။









မနက်ပိုင်းတွင် မိချောင်းရဲ အနီးပတ်ဝန်းကျင်သို့ ဒေသန္တရ ဗဟုသုတအဖြစ် လျှောက်ကြည့်ကြပြီး နံက် ၁၁ နာရီခန့်တွင် ချောက်သို့ ခရီးဆက်ခဲ့ကြပါသည်။



ဆက်ပါဦးမည်။



အေးငြိမ်း

၁၃-၄-၂၀၁၂၊ ည ၁၁း၅၅ နာရီ

Blk 663D, Jurong West St 65

#15-233

Singapore 644663

Tel: 97303027


No comments: