Sunday, August 14, 2011

လက်နှီးစုတ်ပေါ်မှ မင်စက်၊ သဘက်အဖြူပေါ်မှ ယင်ခြေရာ

(၁)


“ကိုယ့်လိပ်ပြာ ကိုယ်သန့်သူသည် သန်းခေါင်ယံ တံခါးခေါက်သံကို ကြောက်စရာမလို။”

သည် အင်္ဂလိပ်စကားပုံကလေးကို ဟိုး ကျွန်တော် ငယ်ငယ် အလယ်တန်းလား၊ အထက်တန်းလား ကျောင်းသားဘ၀ က ကြိုက်လွန်းသဖြင့် အလွတ်ကျက်မှတ်ခဲ့၏။ သို့သော် ငယ်သေးတော့ ဘာကို ဆိုလိုမှန်းမသိ။ ယခု အသက်ကြီး လာတော့မှ သည်စကားပုံ၏ အဓိပ္ပါယ်ကို ဘ၀နှင့်ရင်းပြီး သိလာခဲ့ရသည်။

အကြောက်အရွံ့ကင်းစွာ နေနိုင်ရန် လိပ်ပြာသန့်ပါစေ။

(၂)

ကျွန်တော်က ဆရာမကြီး ပုံပြင်ကို ပြောပြလိုက်တော့ တစ်ကမ္ဘာလုံးမှ မိတ်ဆွေများ အတော် ခြောက်ခြောက်ခြားခြား ဖြစ်သွားကြသည်။ တကယ်ဆို ကျွန်တော်ရေးလိုက်တာ ဘာမှ သိပ်ကြီးကြီးကျယ်ကျယ်မပါပါ။ ပီဘိပါးပါးကလေး ဖြစ်ပါ သည်။ မယုံလျှင် မိတ်ဆွေများ ပြန်ဖတ်ကြည့်ပါခင်ဗျား။

သို့သော် အဘယ်ကြောင့် ဤမျှအထိတ်တလန့်ဖြစ်ကြရကုန်ပါသနည်း။ အကြောင်းရှိပါ၏။

ကျွန်တော်တို့ရွာတွင် မိန်းမများရန်ဖြစ်ကာ တစ်ဦးနှင့်တစ်ဦးနပန်းလုံးတာ ဘာမှမဆန်း။ ပါးရိုက်နားရိုက်ရုံတင်မက လုံချည်များပင် အကွင်းလိုက်ကျွတ်ပါ၏။ သို့သော် မည်သူသိပါသနည်း။ မသကာ သည်တစ်ရွာလုံး သိမည်။ ထို့ထက်မကလျှင် ထို အမျိုးသမီးများနှင့် ပတ်သက်နေသူ အခြားရွာများမှသူများ အနည်းအပါးသိမည်။ သည့်ထက်မပို။

လွန်ခဲ့သော ဆန်ဘာဝမ်းဘုန်းကြီးကျောင်းသင်္ကြန်သို့ ကျွန်ုပ်ရောက်သွား၏။ အပြန်တွင် ပန်းခြံအတွင်း တစ်နေရာ၌ အရွယ်ကောင်း အမျိုးသမီးနှစ်ဦး တစ်ဦးနှင့်တစ်ဦး မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာကာ ဆံပင်ဆွဲ ပါးချနေသည်ကို တွေ့ရသည့်ခဏ ကျွန်ုပ်လည်း မနေနိုင်သည်နှင့် ဟ - လုပ်ကြပါဦး။ လာကြပါဦးကွ ဟု အနီးရှိသူများကို ခေါ်ကာ အတင်းဝင်ဖြန်ဖြေရသည်။ ဒေါသနှင့်တစ်ဦးဆံပင်ကို တစ်ဦးကဆွဲဆုပ်ထားတာ ဆိုတော့ သူတို့လက်များကို မနည်းဖြေ ယူရသည်။ ကျွန်တော်က လူကောင်သေးပြီး အားကမရှိတော့ တော်တော်နှင့်ဖြေလို့မရ။ နောက် ဗလကောင်းကောင်း သူတစ်ဦးလာကာ အတင်းဖြေလွှတ်မှ လွတ်သတည်း။

သည်ရန်ပွဲကို စင်ကာပူနေသူ မြန်မာအမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဘယ်နှယောက် သိလိုက်ကြပါ သနည်း။

သို့သော် -

မတော်တာသွားမေးသည့် သတင်းထောက်ကောင်မလေးကို ထက်ထက်မိုးဦးက ပါးချလွှတ်လိုက်တာကျ တကမ္ဘာလုံး ဟိုးလေးတကျော်ကျော် ဖြစ်မသွားပါသလော။ အောင်မယ်၊ မဆီနဲ့မဆိုင် ဟို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းကြီးတွေထဲ မှာ အမြဲရေးနေတဲ့ နာမည်ကျော် စာရေးဆရာကြီးတွေပါလိုပါ။ ထက်ထက်မိုးဦး အုပ်စု နှင့် သတင်းသမားများအုပ်စု နှစ်စုကွဲကာ အပြန်အလှန် အ,မနာပ ဆဲရေးကြ၊ တိုင်းထွာကြ မလုပ်ပါသလော။

အဘယ်ကြောင့်ပါနည်း။

အေးငြိမ်းသာ မူးပြီးလမ်းဘေးလဲနေလျှင် မည်သူ ဂရုစိုက်ပါမည်နည်း။ မသကာ ထိခိုက်လှ သူ့မိသားစုသာ ဖြစ်ချေမည်။ သူ့သူငယ်ချင်းများကိုသာ မင်းလူကလဲကွာ ဟု ကဲ့ရဲ့သင်္ဂြီုလ် အတင်းဆိုမည်။ သို့သော် ဘယ်နှယောက် သိပါမည်နည်း။ အဘယ်ကြောင့်နည်း။

ကျွန်ုပ်တို့ကား လက်နှီးစုပ်များ ဖြစ်ကုန်၏။ လက်နှီးစုပ်ကို မည်သူဂရုစိုက်မည်နည်း။ သည်လက်နှီးစုပ်ပေါ် မင်တစ်စက် မကလို့ မင်းအိုးလိုက်မှောက်ကျသွားတော့ကော ဘာဖြစ်မည်နည်း။ သို့သော် သည်မှောက်ကျထားသည့် မင်ကွက်ပေါ် ယင်တစ်ကောင်နားကာ ထိုယင်သည် အိမ်ကြီးပေါ်လှမ်းထားသော ဆွတ်ဆွတ်ဖြူ မျက်နှာသုတ် ပုဝါပေါ် သွားနားသည် ဆိုပါစို့။ ဘာဖြစ်သွားမည်နည်း။

ရွာမှ ဘုန်းကြီးတစ်ပါး ဟ၀ှာလုပ်တာ မည်သူသိပါသနည်း။ သူတို့ဘုန်းကြီးနှင့် သူတို့ရွာသား ဘာပြဿနာမှ မရှိ။ သူရှိနေလို့ပဲ ငါတို့ ဆွမ်းကျွေးလေးဘာလေးလုပ်လို့ရတာ၊ အန္တရာယ်ကင်း ပရိတ်ကလေး ဘာလေး ရွတ်လို့ရတာ ဟု ရပ်ရွာမှ ခွင့်လွှတ်ထားပါသည်။

သို့သော် ပုပ္ပါးတောင်ဆရာတော် ဦးပရမ၀ဏ္ဏသိဒ္ဓိ ကောင်မလေးတွေနှင့် ပလူးနေတော့ အစိုးရက အတင်းအကျပ် လူဝတ်လဲကာ သိက္ခာမချခိုင်းပါသလော။ အဘယ်ကြောင့်နည်း။

နာမည်မကြီးသူ သာမညောင်ညလူကို မည်သူစိတ်ဝင်စားပါမည်နည်း။ ထိုသူ ဘာလုပ်လုပ် ဘယ်သူမှစိတ်မ၀င်စား။ ရာဇ၀တ်မှုကျူးလွန်မှ ရဲကစိတ်ဝင်စားလိမ့်မည်။ အများသူငါကတော့ ငါနဲ့ ဘာဆိုင်တာလိုက်လို့ ဟု အလုပ်ရှုပ်ခံ သတင်းပလင်း ထောက်လှမ်းနေစရာအကြောင်းမရှိ။

သို့သော် နာမည်ကြီးသူ၊ အထူးသဖြင့် ဘာသာရေးလုပ်နေသူ၊ တရားဟောဓမ္မကထိက စသူတို့။ ဘွဲ့ထူး ဂုဏ်ထူးကြီး တွေနှင့် လူရှေ့သူရှေ့ မကြာခဏရောက်သူတို့၊ လူတကာက ကိုးကွယ်ဆည်းကပ်နေသူတို့မှာ သတိထားစရာ မကောင်း ပါသလော။

(သည်စာရေးနေရင်း ကိုယ့်ဟာကိုယ် သဘောကျလို့ ပြုံးမိပါသေး၏။ အယ်မယ်မင်းရဲ့ကောင်၊ နင့်လိုမလောက်လေး မလောက်စားကောင်၊ ငချွတ်ကလေးကများ ငါတို့လို ဘွဲ့ထူးဂုဏ်ထူးတွေ တသီကြီးနဲ့၊ လူပေါင်း သောင်းနဲ့သိန်းနဲ့ချီပြီး တရားပြနေတဲ့သူကို လာပြီး ဆရာစားနေရတယ်လို့ - ဟု တွေးမိသောကြောင့် ဖြစ်ပါ၏။)

(၃)

ဆိုကရေးတီးကို လူတိုင်းသိပါသည်။ သူက တွေးခေါ်ပညာရှင်။ လူငယ်များအား အမှန်တရားကို သိမြင်တွေးခေါ် တတ်လာအောင်၊ ကိုယ်ကျင့်တရားကောင်းလာအောင် သင်ပေးသည်။ ဤသည်ကို မျက်မုန်းကျိုးနေသော ရောမအုပ်ချုပ်သူ လူကြီးမင်းများက လူငယ်တွေကို လူပျင်းတွေဖြစ်အောင်၊ အယူမှားတွေသင်ပေးနေသူ ဟု အဓမ္မစွပ်စွဲကာ သေဒါဏ် ပေးသည်။ ဆိုကရေးတီးက အဆိပ်ခွက်ကို ကိုကာကိုလာအလား သောက်သွားခဲ့ပါသည်။

                                  ဆိုကရေးတီး အဆိပ်သောက်နေပုံ

ဂျော်ဒါနို ဘရူနိုဆိုတာ နက္ခတ္တဗေဒပညာရှင်။ သူက အစဉ်အလာကို ဆန့်ကျင်ကာ ကမ္ဘာနဲ့တကွ ဂြိုဟ်တွေဟာ နေကို ပတ်နေတာပါ ဟု ဆို၏။ ရောမ ဘာသာရေးခေါင်းဆောင်ကြီးများက ဒီမှာကိုယ့်လူ၊ မောင်ရင့် အယူအဆကို စွန့်လွှတ်မလား၊ မီးအရှို့ခံမလားဟု မေးသည်အား ဆရာကြီးများခင်ဗျာ။ ကျွန်တော့်ကိုမီးနဲ့ရှို့လိုက်လို့ နေက ကမ္ဘာကြီးကို ပတ်သွားမှာမဟုတ်ပါ။ ကျွန်တော်က အမှန်တရားကို လူတွေသိအောင်ပြောပြခြင်းသာ ဖြစ်ပါသည် ဟု ဆိုကာ မီးပုံပေါ်သို့ ရင်ကော့ကာ တက်ခဲ့ဖူးလေပြီ။

                                   ဂျော်ဒါနို ဘရူနို

ရှင်ဘုရင့်ယောက္ဖ၊ တောင်ထားဝယ်သေနတ်ဗိုလ် ငတိုး လူဝါးဝနေသည်ကို နရင်းအုပ်ကာ ဆုံးမခဲ့သော ယောမင်းကြီး အား ရှင်ဘုရင်က ရှေ့တော်သို့ခေါ်ကာ ခြိမ်းခြောက်၏။

ဟဲ့၊ ငလှိုင်၊ သဟာ ဘာလဲ ဟု ရှင်ဘုရင်ကမေးလေသော် -
အရှင့်ခမည်းတော်ကိုင်တဲ့ လှံပါဘုရား ဟု ဖြေ၏။
သည်လှံကို ဘယ်လိုသုံးခဲ့သလဲ။
အရှင့်ခမည်းတော်က ကျွန်တော်မျိုးခမည်းတော်ကို စီရင်ခဲ့ကြောင်းပါ။
သည်တခါတော့ နင်နာချင်ပြီ ထင်တယ် ဟု ရှင်ဘုရင်က ခြိမ်းခြောက်သည်ကို ယောမင်းကြီးက -
ထိုးတော်မူပါ ဘုရား ဟု ဆိုကာ ရင်ကိုကော့ပေးသည် ဟူသတတ်။

သည် ယောအတွင်းဝန်၊ ဂျော်ဒါနိုဘရူနို၊ ဆိုကရေးတီး တို့ကို ကျွန်တော် အူထဲ၊ အသည်းထဲ၊ နှလုံးထဲ၊ ကျောက်ကပ်ထဲ၊ ရိုးတွင်းချင်ဆီများထဲမှ ကြည်ညိုမြတ်နိုးမိပါ၏။ အသက်ထက် အမှန်တရားကို ချစ်မြတ်နိုးကြသူများပါပေတည်း။ သူတို့အကြောင်းကို ဖတ်မိလေတိုင်း ကျွန်တော့်မှာ ကြက်သီးမွေးညင်းများ ထမိပါသည်။

ယောမင်းကြီး

ကျွန်ုပ်သည်လည်း အသက်ထက်အမှန်တရားကို မြတ်နိုးသူဖြစ်လိုပါ၏။ သို့အတွက်လည်း အများမျက်မုန်းကျိုးမှာ မကြောက်မရွံ့ ဤစာများကို ရေးပါသည်။ သည်စာရေးလျှင် သည်လိုအဆဲခံရမည်ကို မသိမဟုတ်။ သိပါ၏။ သိသိကြီးနှင့် ရေးပါသည်။

(၄)

အခါတစ်ပါး ရဟန်းနှစ်ပါးသည် မြတ်စွာဘုရားကို ဖူးမြော်ရန် သွားကြကုန်၏။ လမ်းခရီးတွင်ရေငတ်လတ်သော် ရေရှာကြကုန်၏။ ရေတွေ့သော်လည်း သူတို့မှာ ရေစစ်ပါမလာ။ ရေကို စစ်သောက်ရမည်ဟု ပညတ်ထားသောကြောင့် ရဟန်းတစ်ပါးမှာ ရေမသောက်၊ ရေအငတ်ခံကာ အသက်ဆုံးသတည်း။ ကျန်တစ်ပါးမှာမူ ရေကိုသောက်ကာ မြတ်စွာဘုရားထံ အဖူးမြော်ရောက်သည်။ ရဟန်းတော်က လမ်းမှဖြစ်ပျက်ခဲ့သည်များကို ဘုရားရှင်သို့ ပြန်လျှောက်၏။ ဘုရားရှင်က လမ်းတွင် ရေအငတ်ခံကာ အသက်စွန့်သွားသော ရဟန်းတော်ကိုသာ ချီးမွမ်းချေသည်။

(၅)

ကျွန်တော်ကား သူတော်ကောင်းမဟုတ်ပါ။ သို့သော် တံခါးခေါက်သံကို မကြောက်လန့်သူသာ ဖြစ်လိုပါသည်။ ကျွန်တော်ကား နာမည်ကြီး၊ တန်ခိုးထွားသူတစ်ဦးမဖြစ်လိုပါ။ ဂျော်ဒါနိုဘရူနိုလိုသာ ဖြစ်လိုပါသည်။ ကျွန်တော်ကား မြတ်စွာဘုရားကို ဖူးသည့်ရဟန်းတော်မဖြစ်လိုပါ။ လမ်းတွင်ရေအငတ်ခံကာ အသက်စွန့်သွားသော ရဟန်းတော်သာ ဖြစ်လိုပါသတည်း။

(၆)

ကျွန်တော့်ဘလော့ကို လာရောက်ဖတ်ရှုကြသူအပေါင်းအား ချစ်ခင်လေးစားပါသည်။ ကျွန်တော့်စာများကို ကူးယူဖော်ပြကြသော မိတ်ဆွေ အပေါင်းအသင်းများအားလည်း ကျေးဇူးအထူးတင်ပါသည်။ သို့သော် -

မိတ်ဆွေများ တောင်းဆိုမှုကြောင့် ဆရာမကြီး ပို့စ်ကို ဖျက်လိုက်ပါသည်။ အခြားကူးယူဖော်ပြထားသူများကိုလည်း ဖျက်ပေးပါရန် မေတ္တာရပ်ခံပါသည်ခင်ဗျာ။ ကျွန်တော်ရေးလိုက်သောစာကြောင့် ခုနစ်ရက်သားသမီးများ စိတ်မချမ်း မသာဖြစ်ရခြင်းကို တောင်းပန်ပါသည်။

အေးငြိမ်း
၁၄ သြဂုတ်၊ ၂၀၁၁ နံက် နာရီပြန် နှစ်ချက်ထိုးပြီး ၈ မိနစ်
Blk 663D, Jurong West St. 65
#15 – 233
Singapore 644663
Tel: (65)97303027
email: y_nyein@yahoo.com.sg

2 comments:

လူဗိုလ်ဟူသည် ...... said...

ကျနော်ဒီပို့စ်လေးကို ဖေ့စ်ဘုတ်မှာဖတ်လိုက်ရပါတယ်။
မူရင်းကိုတော့ ဒီဘလော့လေးမှာတွေ့ရတာပေါ့။
ကျနော့်ရဲ့ လူဗိုလ်ဟူသည် ... ဘလော့လေးမှာ ကူးယူဖေါ်ပြခွင့်ပြုပါဗျာ။ စာကောင်းလေးကို ဖတ်စေချင်လို့ပါ။ ကျေးဇူးပါ။
လူဗိုလ်
lubo601.blogspot.com

Aye Nyein said...

ကျွန်တော့်စာများကို ကျွန်တော့်နာမည် ဖော်ပြလျှက်ဖြစ်စေ၊ မဖော်ပြပဲဖြစ်စေ လွတ်လပ်စွာ ကူးယူဖောက်သည်ချနိုင်ကြ ကြောင်းပါခင်ဗျား။
လာရောက်ဖတ်ရှုသူများကို ကျေးဇူးအထူးတင်ပါသည်။