Monday, August 1, 2011

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၉)

တတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ဒုတိယ ၄ နှစ်) - ၃


(၃၀) စာတွေ့သာမက လက်တွေ့လည်း အရေးကြီးပုံ

ကျွန်တော် Keppel မှာ လုပ်ခဲ့စဉ်က နှစ်နှစ်တာ ကာလပတ်လုံး QC လုပ်ခဲ့တာဆိုတော့ QC နှင့် ပတ်သက်သည့် စာရွက်စာတမ်းကိစ္စများ အတော်ကျွမ်းကျွမ်းကျင်ကျင် နားလည်သွားသည်။ သို့သော် လက်တွေ့ဗဟုသုတ ဘာမှမရှိသေး။ ဟိုဟာလုပ်လိုက်ပါလား၊ သည်ဟာကို သည်လိုလုပ်လိုက် စသဖြင့် သူများတွေကို ပါးစပ်နှင့်ပဲ ခိုင်းနေတာဖြစ်သည်။ စာတွေ့အားဖြင့်လည်း သိသင့်သလောက် တော်တော်များများ သိသွားပြီ ဟု ဆိုနိုင်ပါလိမ့်မည်။

လက်တွေ့ကတော့ Union Alloy နှင့် ရေစက်ဆုံမှ နဖူးတွေ့ ဒူးတွေ့ လုပ်ရခြင်းဖြစ်သည်။ သည်တော့ အမှားပေါင်း မြောက်များစွာ၊ တလွဲတောက်တဲ့ပေါင်းများစွာ လုပ်မိသည်။ လုပ်မိသည့်အမှားပေါ်ကျမှ သင်ခန်းစာယူရသည်။ မမှားခင် သင်ခန်းစာယူဘို့ကျတော့ ဘယ်သကောင့်သားမှ ဆရာတင်စရာမရှိ။ ယခု ကျွန်တော့်အမှားများကို နောင်လာနောက်သားများ ကျွန်တော်ကဲ့သို့ မမှားရလေအောင် ဖော်ကောင်လုပ်ပါအံ့။

ပထမဆုံးအမှားမှာ Bolt & Nut size (မူလီတိုင်နှင့် မူလီအရွယ်အစား) မှားပြီးမှာမိခြင်းဖြစ်၏။ ကျွန်တော် QC လုပ်စဉ် က မည်သည့်အရွယ်ရှိ ဖလန်းဆိုလျှင် ဘိုးပေါက်အရွယ် ဘယ်လောက်ဆိုတာ သိသည်။ ဘာမှမခက်။ ဇယားထဲကြည့်လိုက်ရုံမျှ သာ ဖြစ်၏။ သို့သော် သည်ဖလန်းဆိုလျှင် သည်အရွယ်ရှိ ဘိုးတိုင်သုံးရမည်ဆိုသည်ကို မသိ။ သိသည်ဆိုလျှင်တောင် ယောင်ဝါးဝါးသိခြင်းသာ ဖြစ်မည်။ သေသေချာချာ မသိ။

သည်တော့ ခပ်တည်တည်နှင့် ဖလန်းများဆင်ရန် ဘိုးတိုင်များမှာသည်။ ဖလန်းအပေါက်ရှာတာ ဘာမှမခက်။ လက်ထဲရှိနေသော ဖလန်းကိုပဲ ပေကြိုးနှင့်တိုင်းတိုင်း။ Handbook ထဲက ဖလန်းအပေါက်ကိုပဲ ဖတ်ဖတ်။ သိနိုင်သည်။ သည့်အတွက် ဖလန်းအပေါက်အတိုင်း ဘိုး၊ နပ်များကို မှာလိုက်သည်။ ဤသည်မှာ ကျွန်တော့်အမှားဖြစ်၏။ အမှန်က ကျွန်တော် စလုပ်စဉ်ကတည်းက သည် ဖိုက်ဘာပိုက်၏ Installation Handbook ကို ရုံးတွင်တောင်းပြီး သေသေချာချာ ဖတ်ထားဘို့ သင့်သည်။ သို့သော် မဖတ်မိ။ အလုပ်ရပြီလဲ ဆိုရော။ ဆိုဒ်ထဲသို့ တန်းသွားလိုက်တာဖြစ်သည်။

တကယ်ဆို မည်သည့် ဖလန်းဆိုဒ်အတွက် မည်သည့်အရွယ်ရှိသည့် ဘိုးတိုင်၊ အရှည်မည်မျှ၊ ဘယ်နှတိုင် သုံးရမည် ဆိုသည်ကို Installation Handbook ထဲတွင် ဖော်ပြပြီးသားဖြစ်၏။ သည်အတိုင်းမှာလိုက်ရုံဖြစ်သည်။ သို့သော် ဤစာအုပ်ရှိမှန်း ကျွန်တော်မသိ၊ ပြောပြမည့်သူလည်း မရှိခဲ့။

တကယ်တန်း ဘိုးနပ်များလည်းရောက်လာရော ပြဿနာ တက်တော့သည်။ ဖလန်းမှ အပေါက်နှင့် ဘိုးတိုင် အရွယ် အစားမှာ ထပ်တူဖြစ်နေရာ ထည့်မရတော့။ သည့်တော့ ကိုယ့်အမှားကို သူများသွား ပြဿနာရှာသည်။ နင်တို့ဝယ်ပေးလိုက် တဲ့ ဘိုးတိုင်တွေက ထည့်လို့လည်း မရဘူး ဟု ရုံးမှကောင်မလေးကို အပြစ်တင်သည်။ ကောင်မလေးက ဟဲ့၊ နင်မှာတဲ့ အရွယ်အတိုင်း ငါတို့ဝယ်ပေးလိုက်တာပဲ။ နင့်စာရင်းနင်ပြန်ကြည့်ဦးဟု ပြန်ပြောတော့ ဟုတ်ပါ့။ ကျွန်တော့်မှတ်စုစာအုပ်ထဲမှ စာရင်းမှာ ဖလန်းမှ အပေါက်အတိုင်းကြီး ဖြစ်နေသည်။ သေဟဲ့ နန္ဒိယ။

နောက်ပြီး ဘိုးတိုင်များမှာ နည်းနည်းကလေးမဟုတ်။ ဆင်ရသည့်လိုင်းမှာ ပန့် လေးလုံးကို အ၀င်အထွက်လုပ်သည့် ပိုက်များဖြစ်ရာ အ၀င် suction pipe line ရော၊ အထွက် discharge pipe line ဘက်တွင်ပါ ဗားများပါသည်။ ပန့်၏ တုံခါမှုကို ထိန်းနိုင်ရန် expansion bellow များထည့်ထားသည်။ နောက်ပြီး ပန့်များကို servicing လုပ်လျှင် ပိုက်လိုင်းကို ရပ်စရာမလို အောင် bypass လိုင်းများလည်း ထည့်ထားသေးသည်။

ဆိုတော့ ၄ လက်မ ဖလန်းတစ်ခုကို ဘိုးတိုင် ၈ ခု လိုသည်။ ဗားတစ်ခုကို ဖလန်းနှစ်ခုစီပါသည်ဖြစ်ရာ ဗားတစ်လုံးဆို လျှင်ပင် ဘိုးတိုင် ၁၆ ခု လိုတော့သည်။ ပန့်တစ်ခုကို bypass အပါအ၀င် ဗား ၃ လုံး၊ bellow နှစ်ခု။ စုစုပေါင်း ဖလန်း ၁၀ ခု။ ဘိုးတိုင် အချောင်း ၈၀။ ပန့် ၄ လုံး ဆိုတော့ ဘိုးတိုင် အလုံး ၃၂၀။ နောက်ပြီး ဘိုးတိုင်တွေက Flurocarbon coated ဖလူရို ကာဗွန်ဆေးရည်စိမ် ဘိုးတိုင်များ (အပြာရောင်) ဖြစ်သည်။ ဟိုနား သည်နား ကောက်ကက် ၀ယ်လို့မရ။ သီးသန့်မှာရသည်။ ဘိုးတိုင် အလုံး ၃၂၀ မှားပြီးမှာမိသော ကျွန်တော့်ဒုက္ခကို မိတ်ဆွေများ ကိုယ်ချင်းစာကြည့်ပါခင်ဗျား။

သည်တွင် မိတ်ဆွေတို့သိအောင် ပြောရမည်ဆိုလျှင် ၄ လက်မ ဖလန်း၏ ဘိုးတိုင်အပေါက်မှာ M19 (အချင်း ၁၉ မီလီမီတာ) ရှိပါသည်။ သည့်အတွက် ဘိုးတိုင်အရွယ်ကို ဖလန်းမှ ဘိုးတိုင်အပေါက်ထက် ၂ မီလီမီတာ လျှော့မှာရမည်။ ထိုအခါ မှာရမည့် ဘိုးတိုင်အရွယ်မှာ အချင်း ၁၇ မီလီမီတာ (M17) ဖြစ်ပါသည်။ ဤအတွက်အချက်များကိုသိလိုလျှင် ကျွန်တော်ရေးသော ပိုက်ပြင်ပိုက်ဆက်လက်စွဲ စာအုပ်၌ ဖတ်ရှုနိုင်ပါသည်။ ဤတွင် မဖော်ပြတော့ပါ။

နောက်ပြဿနာတစ်ခုက spools များ၏ dimension ဖြစ်သည်။ Spool ကို ကျွန်တော်ဘယ်လို ဘာသာပြန်ရမှန်း မသိပါ။ နားလည်အောင်ပြောရလျှင် spool ဟူသည် တကယ့်ပိုက်လိုင်းကြီး မဆင်မီ ၀ပ်ရှော့ သို့မဟုတ် မိုးလုံလေလုံ အမိုးအကာအောက်တွင် ပိုက်လိုင်းကြီးကို အပိုင်းကလေးများပိုင်းကာ ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများဖြင့် ကြိုတင်ဆင်ခြင်း ဖြစ်ပါသည်။ အောက်ပါပုံမှာ spool များဖြစ်ပါသည်။

ထို spool များကို ပိုက်လိုင်းဆင်ရမည့်နေရာသို့ ယူသွားပြီး ပိုက်လိုင်းကြီးတစ်ခုလုံးရအောင် ဆက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပိုက်လိုင်းအတိုကလေးများ ဆင်ခြင်းကို Pre-fabrication ဟုခေါ်၏။ အတိုကောက် pre-fab ဟုလည်း ခေါ်သည်။

Spool ၏ အတိုင်းအတာများသည် တိုသွား၊ ရှည်သွားလို့မရ။ အတိအကျ ဖြစ်ရမည်။ အောက်ပါပုံကိုကြည့်ခြင်းဖြင့် spool များ တိုသွား၊ ရှည်သွားသည့်အခါများတွင် မည်ကဲ့သို့ ပြဿနာတက်နိုင်သည်ကို တွေးကြည့်လို့ရပါသည်။

 ပန့်တွင် strainer (ရေစစ်) နှင့် ဗား (Valve) များ တပ်ဆင်ထားသည်ကို တွေ့ရစဉ်


သံပိုက်များကတော့ တိုသွားတာရှည်သွားတာ နည်းလှသည်။ ဂဟေဆော်ရာမှ ဖြစ်လာသော အပူကြောင့် သတ္တုရှည် ထွက်လာခြင်းမှာ မပြောပလောက်။ မိမိတိုင်းထားလျှင် တိုင်းထားသည့်အတိုင်း အတိအကျရတာများသည်။


ဂွကျသည်မှာ ဖိုက်ဘာပိုက်၏ Bell and Spigot ဆက်နည်းဖြစ်သည်။ Bell and Spigot ကလည်း ဘာသာပြန်ရန် မလွယ်လှ။ ခပ်လွယ်လွယ် အဖိုခေါင်းနှင့် အမခေါင်းပဲ ဆိုကြပါစို့။ ပိုက်အစွန်း (အဖိုခေါင်း) ကို ၁ ဒီဂရီစောင်းကာ စားထား သည်။ ပိုက်ဆက်ပစ္စည်းများ (အမခေါင်း) မှာလည်း အတွင်းတွင် ၁ ဒီဂရီစောင်းထားသည်။ ဆက်ရာတွင် ကော်သုတ်ပြီး ဆက်သည်။ ထို့နောက် ကော်သုတ်ထားသော ပိုက်(အဖိုခေါင်း) ကို ကော်သုတ်ထားသော ပိုက်ဆက်ပစ္စည်း (အမခေါင်း) အတွင်းထည့်ကာ ဆက်သည်။ ဆက်ပြီးရာဘာတူနှင့် ထုထည့်သည်။ ထိုအခါကျမှ ပိုက်နှင့်ပိုက်ဆက်ပစ္စည်းတို့ ကျကျနန အထိုင်ကျကာ မြဲမြဲမြံမြံဆက်သွားသည်။


ပိုက်ကိုဖြတ်တောက်ပြီး စက်နှင့်စားကာ အတိုအရှည်ချိန်စဉ်ကမူ အတိအကျချိန်ထားတာဖြစ်သည်။ သို့သော် ကော်သုတ်ပြီး တူနှင့်ထုထည့်လိုက်သောအခါ မှန်းထားတာထက် ပိုဝင်သွားသည်။ ထိုအခါ spool အရှည်မှာ ရှိရမည်ထက် ပိုတိုသွားသည်။ တိုမှားစိုး၍ ပိုဖြတ်ပြန်လျှင် မှန်းသလောက်မ၀င်ပါက ရှည်နေပြန်သည်။ သည်တော့ အတိုင်းအတာကို အတိအကျမရတော့ဘဲ ပိုက် alignment များ လွဲကုန်ပါသည်။ တိုသွားပါက bypass line ခေါ် လမ်းလွဲပိုက်လိုင်းတွင် ဗားနေရာ၌ တိုနေသဖြင့် လွတ်နေကာ ပြဿနာတက်တော့သည်။ ဆင်လို့မရ။ အတင်းဆွဲဆင်လျှင်တော့ ရသည်။ သို့သော် ထိုနေရာမှ ပိုက်နှင့်ပိုက်အဆက်များတွင် ဒဏ်ပေါ်ကာ ရေစိမ့်တတ်သည်။ ရှည်သွားပြန်ပါကလည်း ဗားထည့်ရမည့်နေရာ ကျဉ်းသွားသဖြင့် ဗားထည့်လို့မရတော့။ ပိုက်ကို အတင်းဖြဲထည့်လျှင်တော့ရသည်။ သို့သော် ပိုက်အဆက်များ နာကုန်မည်။ ဤကဲ့သို့ ပိုက်လိုင်းကို ရှိသင့်သည်ထက် တို (သို့မဟုတ်) ရှည်သွားသဖြင့် ပိုက်လိုင်းကို ချိန်းဘလောက် စသည်တို့ဖြင့် အားသုံးကာ ထိုးထည့်ပါက ပိုက်လိုင်းပေါ်ဒဏ်ပေါ်တတ်သည်။ ဤဒဏ်သည် ချက်ခြင်း သိချင်မှသိမည်။ သို့သော် အချိန်ကြာ လာသည်နှင့်အမျှ ထိုဒဏ်အား ကြီးလာကာ ထိုနေရာတွင် အဆက်များပြုတ်ထွက်ခြင်း၊ ရေစိမ့်ခြင်း စသည်တို့ ဖြစ်တတ်သည်။

အထူးသဖြင့် riser ခေါ် အတက်အဆင်းတွင်ဖြစ်သည်။ အပေါ်ဘက် ပိုက်စင်နှင့် အောက်ဘက်ပိုက်စင် အတိုင်း အတာအတိုင်း ပိုက်အတိုင်းအတာကို အတိအကျ ဆင်နိုင်မှ ပိုက်လိုင်းက စင်ပေါ်တွင် ကျကျနန ထိုင်နိုင်မည်။ ပိုက်တိုသွား လျှင် အောက်ဘက်ပိုက်စင်တွင် လွတ်နေမည်။ ရှည်သွားလျှင် အပေါ်ဘက်ပိုက်စင်တွင် လွတ်နေမည်။ မည်သည့်ဘက်က လွတ်တာမှ မကောင်း။ ဤကဲ့သို့လွတ်နေလျှင် ထမ်းထားရသော ပိုက်ပေါ်တွင် ဒဏ်ပိကာ ထိုနေရာတွင် ပိုက်နာမည်။

ကျွန်တော်က ပိုက်လိုင်းကို ယခုမှ စဆင်ကာစဆိုတော့ မပါးနပ်သေး။ စာအုပ်ထဲတွင်ကြည့်။ ဤအတိုင်းဖြတ်ကာ ပိုက်များကို ဆက်ချလိုက်သည်။ spool များဆင်တုံးက ချောလို့။ သို့သော် ဆိုဒ်ထဲယူသွားပြီး ဆက်လိုက်သောအခါ အထက်ပါ အတိုအရှည်ပြဿနာများ ပေါ်လာတော့သည်။ သည်ကဲ့သို့ တိုနေ၊ ရှည်နေတာ တစ်နေရာထဲ မဟုတ်။ ပိုက်လိုင်း လားရာ (direction) ပြောင်းသွားတိုင်း ဒုက္ခပေးနေသည်ဖြစ်ရာ ကျွန်တော့်မှာ ထိုင်ငိုချင်လောက်အောင် စိတ်ညစ်မိ၏။ ဖိုက်ဘာပိုက်မှာ ကော်နှင့်သုတ်ဆက်ခြင်းဖြစ်သဖြင့် ပြန်ဖြတ်၊ ပြန်ဆက်ရန် မလွယ်။

တစ်ခါမှားပြီးတော့မှ ကောင်းကောင်းသင်ခန်းစာ ရသွားသည်။ ပိုက်ကို လိုတာထက် နည်းနည်း 5mm ဖြစ်စေ၊ 10mm ဖြစ်စေ ပိုဖြတ်ထား။ ပထမတစ်ဖက်ကို အရင်ဆက်၊ နောက်တစ်ဖက်ကိုစားကာ ပိုက်ဆက်ပစ္စည်းထည့်ပြီး တူနှင့် လုံးဝမ၀င်တော့သည်ထိ ရိုက်ထည့်ကြည့်။ ပြီးမှ အတိုအရှည် ကိုယ့်ဘာသာကိုယ် ပြန်ချိန်ကြည့်။ သည်တော့မှ အမှန်ရသည်။ ဤအတိုင်းအတာကိုကြည့်ပြီး မည်သည့်အရွယ်ရှိပိုက်ဆိုလျှင် မည်သည့်ပိုက်ဆက်ပစ္စည်းနှင့်ဆက်မည် ဆိုပါက မည်မျှပိုဖြတ်ရ မည် စသည်ကို လက်တွေ့မှလေ့လာကာ မှတ်ထားရသည်။ သည်တော့မှ အတိအကျရသည်။

ပိုပြီး သတိထားရမည့်နေရာမှာ Tie-in point ဖြစ်၏။ Tie-in point ဆိုသည်မှာ ပိုက်လိုင်းကို instrument (ကိရိယာ) တစ်ခုခုနှင့်ဆက်သည့်နေရာကို ခေါ်သည်။ ပိုက်သမားများကတော့ သိပါသည်။ ဤ Tie-in point ရှိသောနေရာတွင် မည်သည့် အခါမျှ ကြိုပြီးဆက်ခြင်း (pre-fab) မပြုပါလေနှင့်။ ကောင်းကောင်း ဦးဏှောက်စားသွားမည်။ Tie-in point သည် ဖလန်းဆက် ဆိုကြပါစို့။ ဖလန်းအနည်းငယ် (ပီဘိမဖြစ်စလောက်) မျှလွဲနေလျှင်ပင် ဆင်သည့်အခါ အခက်အခဲဖြစ်တတ်ပါသည်။ 1 mm ဟူသည် ပြင်ပ၌ ဘာမှ မဖြစ်လောက်သည့် အတိုင်းအတာဖြစ်၏။ သို့သော် Tie-in point ၌ ထို 1mm သည် ဒုက္ခပေးတတ်၏။ ထို့ကြောင့် Tie-in joint များကို ဆိုဒ်ထဲရောက်မှ ရှိနှင့်နေသည့် ဖလန်းနှင့် အထိုင်ချကာ ကျကျနန ဆက်ပါလေ။

သည်တွင် ကျွန်တော်အကြံအဖန်လုပ်ပုံကလေးများကို ဖော်ကောင်လုပ်ပါမည်။ ဖိုက်ဘာပိုက်ဆိုသည်မှာ ဆက်ပြီးလျှင် ပြန်ဖြတ်ထုတ်ကာပြင်ရန် အလွန်ခက်လှသည်။ သည်တော့ အထက်တွင်ဆိုခဲ့သည့် အတိုင်းအတာများ တိုသွား ရှည်သွားလျှင် ဉာဏ်နီဉာဏ်နက်သုံးရသည်။ တိုသွားသဖြင့် ဟ,နေလျှင် ထိုအကြားကိုဖြည့်ရန် ဖလန်းဆင်သည့်အခါသုံးသည့် ဂက်စကက်ကို ထူတာပြောင်းသုံးသည်။ ဂက်စကက်နှစ်ခုကို ဟိုဘက်သည်ဘက်ထည့်လိုက်သောအခါ ထိုဟ,နေသော နေရာမှာ အတော်အတန် စိသွားသည်။ နည်းနည်းလောက်လိုတာကတော့ ကိစ္စမရှိ။ ဆွဲကြပ်လို့ရသည်။ အကယ်၍ ရှည်သွားသဖြင့် ဗားများထည့်ရခက်နေလျှင်မူ ပိုက်ကို ခပ်ဝေးဝေးမှနေကာ နည်းနည်းချင်း နောက်ပြန် ဆွဲဆုတ်ယူရသည်။ တစ်နေရာ နည်းနည်းစီ ဆိုတော့ alignment out နေတာ မသိသာလှ။ တစ်နေရာထဲ 10mm ရှည်နေတာ အရုပ်ဆိုးပေမင့် သုံးနေရာလောက်ခွဲလိုက်လျှင် တစ်နေရာကို 3mm မျှသာရှိတော့သဖြင့် မသိသာတော့ပေ။ Riser နေရာ၌ ပိုက်များ လွတ်နေလျှင် ပိုက်နှင့်ပိုက်အထိုင်အကြားထည့်သည့် saddle ကို ခပ်ထူထူထည့်ပေးရသည်။

ကျွန်တော်တို့ကုမ္ပဏီက အလုပ်သမားများကို supply ခေါ်ကာလုပ်သဖြင့် ကျွန်တော်နှင့်တွဲလုပ်ရသော လုပ်သားများ မှာ ပုံသေမရှိ။ တခါတလေ ဘန်းဂလားများနှင့်တွဲလုပ်ရသည်။ တခါတလေ ထိုင်းများ၊ တခါတလေ မလေးများနှင့် တွဲလုပ် ရသည်။ တစ်ခါတော့ ခုမှ စင်ကာပူရောက်ခါစ ဘန်းဂလားကလေးများရောက်လာသည်။ အင်္ဂလိပ်စကားကောင်းကောင်း နားမလည်။ သည်တော့ လက်ဟန်ခြေဟန်နှင့် ပြောရသည်။

ကျွန်တော်က သူတို့ကို ပိုက်များပြကာ ဆေးသုတ်ခိုင်းသည်။ ပိုက်လိုင်းက Waste Water Line ဆိုတော့ ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများကို ဆေးအနက်သုတ်ရသည်။ သူတို့ကိုဆေးသုတ်ခိုင်းပြီး ကျွန်တော်က SUT ရုံးသွားကာ လုပ်စရာရှိတာ များလုပ်သည်။ ပြန်လာတော့ ထိုကုလားလေးများက စေတနာတွေပိုကာ ပိုက်များကိုသာမက အခြားလိုင်းများအတွက် အရံသင့်ထားသော ပိုက်ဆက်ပစ္စည်းများကိုပါ ဆေးများသုတ်နေသည်ကို တွေ့ရတော့၏။ နောက်ပြီး ပိုက်ဆက်ပစ္စည်းများမှာ ၁ လက်မ၊ ၂ လက်မ စသဖြင့် သေးသေးကလေးတွေဖြစ်၏။ ဤပေါက်စနပစ္စည်းကလေးများကို မည်ကဲ့သို့ဆေးများပြန်ချွတ်ရပါ မည်နည်း။ ကျွန်တော်သူတို့ကို ဆူပူကြိမ်းမောင်းတော့ မျက်နှာငယ်ကလေးတွေနှင့် ဖြစ်၏။ ကျွန်တော် ဘာတွေပြောမှန်း သူတို့ နားလည်မည်မဟုတ်ပါ။ ဒေါသထွက်နေတယ် ဆိုတာလောက်သာ ခန့်မှန်းမိပါလိမ့်မည်။

ဤကိစ္စနှင့်စပ်လျှက် ယခင် Keppel မှာလုပ်ခဲ့စဉ်က ဖြစ်ရပ်တစ်ခုကိုလည်း သတိရမိပါသည်။ ယခုကဲ့သို့ပင် ဘန်းဂလား အသစ်ကလေးများ ရောက်လာသည်။ သူတို့ဖိုမင်က စတီးဖလန်းများကို ဂဟေဆော်ရန် ကျောက်စက်တိုက်ခိုင်း သည်။ သူတို့ကို ကျောက်စက်တိုက်ခိုင်းမှန်းတော့ နားလည်သည်။ သို့သော် ဘယ်နေရာကို ဘယ်လိုတိုက်ရမည်ဆိုတာတော့ နားမလည်။ သည်တော့ ဖလန်းတစ်ခုလုံးကို မျက်နှာပြင်များပါမကျန် အကုန်တိုက်ထည့်လိုက်သည်။ တိုက်တာမှ တစ်ခုနှစ်ခု ထဲမဟုတ်။ တော်တော်များသည်။ ဖလန်းမျက်နှာပြင်၌ ရေမစိမ့်စေရန် ဂက်စကက်ကိုထိန်းထားသည့် မြောင်းသေးသေး ကလေးများပါသည်။ ဥပမာပြရလျှင် စီဒီတစ်ချပ်၏ မျက်နှာပြင်ကဲ့သို့ဖြစ်ပါသည်။

ဤမြောင်းကလေးများကို ဒဏ်ရာမပေါ်အောင် ခြစ်ရာယှရာများမပေါ်အောင် အထူးဂရုစိုက်ရသည်။ ထိုမြောင်း ကလေးများတွင် ကန့်လန့်ဖြတ် ခြစ်ရာတစ်ခုပေါ်သည် ဆိုပါစို့။ ထိုခြစ်ရာမှ ရေစိမ့်ထွက်လာတတ်သည်။ ယခုမူ ကုလားကလေး က ထိုမြောင်းကလေးများအားလုံးကို ပြောင်ချောနေအောင် တိုက်ထည့်လိုက်သည့်အတွက် ထိုဖလန်းများအားလုံး ပစ်လိုက် ရတော့၏။ သုံးလို့မရတော့။

နောက်ပြီး ထိုင်းများနှင့်လည်း တွဲလုပ်ရသေးသည်။ ထိုင်းများမှာလည်း အင်္ဂလိပ်စကား ကောင်းကောင်းနားမလည်။ သည်တော့ အလုပ်လုပ်ရတာ အင်မတန်လက်ပေါက်ကပ်သည်။ မင်းတို့ အရင်ကဘာလုပ်ခဲ့တာလဲ ဟု မေးသောအခါ လယ်သမား ဟု လက်ဟန်ခြေဟန်နှင့် ဖြေပါသည်။ သူတို့ထမင်းစားပုံမှာ တစ်မျိုးစိတ်ဝင်စားစရာ ကောင်းပါသည်။

သူတို့ထမင်းမှာ အမှန်စင်စစ် ထမင်းမဟုတ်၊ ကောက်ညှင်းဖြစ်၏။ ကောက်ညှင်းကို ဆန်ဆေးပလုံးနှင့် ထည့်ယူလာ သည်။ ဆန်ဆေးပလုံးဆိုသည်မှာ ကျွန်တော်တို့အရပ်မှ အခေါ်အဝေါ်ဖြစ်သည်။ အခြားဒေသမှသူများ နားလည်ချင်မှ နားလည်မည်။ ထမင်းချက်ရန် ဆန်ကိုဆေးသောအခါ နှီးဖြင့်ယက်လုပ်ထားသော ပလုံး (တောင်းပေါက်စကလေး) ထဲထည့်ဆေးသည်။ အရွယ်အစားမှာ တစ်ထွာပတ်လည်၊ စောက် ၄ လက်မခန့်ရှိသည်။ ထိုပလုံးကလေးကို ဆန်ဆေးရန်သာမက ထမင်းထည့်ရန်လည်း သုံးသည်။ အခြား ချက်ပြုတ်ရန်ပြင်ဆင်ထားသော ဟင်းသီးဟင်းရွက်များ ထည့်ရန်လည်းသုံးသေးသည်။

သူတို့က ဟင်းကိုချက်ယူမလာ။ ခရမ်းချဉ်သီး၊ ငြုပ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန် စသည်တို့ကို အစိမ်းယူလာသည်။ စားခါနီးမှ ၎င်းတို့ကိုလှီးကာ အဆင်သင့်ယူလာသော ဒန်အိုးထဲထည့်၊ငြုပ်ကျည်ပွေ့နှင့်ထောင်းကာ ကောက်ညှင်းနှင့်စားသည်။ ကောက်ညှင်းကိုမူ ထမင်းစားချိန်မှသာမဟုတ်၊ လဖက်ရည်သောက်နားသည့်အခါလည်း စားသည်။ ကျွန်တော်က ကောက်ညှင်းကြိုက်တော့ သူတို့ဆီမှတောင်းစားသည်။ သူတို့ကောက်ညှင်းမှာ အိနေပြီး စားလို့အလွန်ကောင်းသည်။


(၃၁) ကျွန်ုပ်မြန်မာစာရိုက်တတ်ခြင်းနှင့် စာစရေးခြင်း

ဆိုခဲ့သည့်အတိုင်း ကျွန်တော်တို့အထိုင်ချလုပ်ရသည်မှာ Jurong Island တွင်ဖြစ်သလို Jurong Island တွင်လည်း များသောအားဖြင့် SUT တွင်သာ လုပ်ရတာများသည်။ သည်တော့ SUT မှ လူများနှင့်ရင်းနှီးနေပြီဖြစ်၏။ SUT မှ အင်ဂျင်နီယာ ဌာနတွင် မြန်မာတစ်ဦးရှိ၏။ ဦးဆွေတင် ဟု ခေါ်သည်။ ကျွန်တော်တို့ထက် ၈ နှစ်ခန့်စောပြီးကျောင်းဆင်းသူဖြစ်သည်။ သူတို့ ဌာနတွင် အီလန်ဂိုးဟုခေါ်သော ကုလားကြီးလည်း ရှိသေးသည်။ သူတို့က ကျွန်တော်တို့ကို အလွန်ခင်သည်။ ဦးဆွေတင်က သူတို့ရုံးသို့ ကျွန်တော်သွားသည့်အခါတိုင်း Faxtoon မှ သတင်းများ၊ ကြေးမုံဦးသောင်း၏ ဆောင်းပါးများကို print ထုတ်ကာ ပေးသည်။ သည်တုံးက ကျွန်တော်မြန်မာစာကို ကွန်ပြူတာတွင် မည်ကဲ့သို့ရိုက်ရမည်၊ မည်ကဲ့သို့ဖတ်ရမည်မှန်းမသိသေး။ သည်တော့ ဦးဆွေတင်ကို သည်မြန်မာစာလုံးများ install လုပ်ပုံလုပ်နည်း မေးရ၏။

ဦးဆွေတင်က WinBurmese1 font ပေးကာ install လုပ်နည်းရော လက်ကွက်ပါပေးလိုက်သည်။ ထိုမျှသာမက ရိုက်ပုံရိုက်နည်းများပါ ပြပေးသေးသည်။ သည်မှစ၍ ကျွန်တော် မြန်မာစာကို စတင်အရိုက်လေ့ကျင့်ပါသည်။ လေ့ကျင့်သည် ဆိုရာတွင်လည်း တော်ရိရော်ရိလုပ်တာမဟုတ်။ နက်ဖြန်သဘက် စာမေးပွဲဖြေရတော့မည့်အလား အသည်းအသန် လေ့ကျင့်ခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရိုက်ခါစက သဝေထိုးက ဘယ်နားတုံး။ ရေးချရှေ့ထိုးက ဘယ်စာလုံးကို ရိုက်ရမည်နည်း။ ကကြီး ပတ်ဆင့်လာလျှင် မည်ကဲ့သို့ရိုက်ရမည် စသည်တို့ကို ရှာနေရရာ အင်မတန်စိတ်မရှည်လှသော ကျွန်ုပ်မှာ စာတစ်ကြောင်းပြီးအောင် မနည်းရိုက်နေရသည်ကို အလွန်တရာ အားမလိုအားမရ ဖြစ်နေပါ၏။ ရေးချင်တာတွေက များ၊ ရေးရတာကနှေးဆိုတော့ မြန်မာစာကို သွက်သွက်ရိုက်နိုင်အောင် အပြင်းအထန် လေ့ကျင့်တော့၏။

သည်လိုလေ့ကျင့်လိုက်တော့ တစ်နေ့လုံးအလုပ်လုပ်၊ ညဘက်ကျမှ ကျင့်ရသည့်တိုင် တစ်ပတ်၊ ဆယ်ရက်မျှအတွင်း ကျွန်တော် မြန်မာလိုကောင်းစွာ ရိုက်တတ်သွားပါတော့သည်။ သို့သော် သွက်သွက်လက်လက်တော့ မဟုတ်သေး။ သို့သော် ကျွန်တော့်တွင် ရေးစရာများ မြောက်များစွာရှိနေသည်ဖြစ်ရာ ညတိုင်း၊ အားတိုင်း တောက်လျှောက်ရိုက်နေသည်ဖြစ်ရာ တစ်လမျှမကြာမီပင် ဂျောင်းဂျောင်းပြေးအောင် မြန်မာလို ရိုက်တတ်သွားပါတော့သတည်း။

ရိုက်ပါများတော့ လက်ကွက်များကို အလွတ်ကျက်စရာမလိုပဲ လက်ချောင်းများက အလိုလို မှတ်မိသွားသည်။ သည်တွင်တစ်ခုပြောရှိသည်။ မြန်မာလိုကျကျနန ရိုက်တတ်သူများ၊ ကျကျနနပင်မဟုတ်သော်လည်း မဟုတ်သည့် လက်ကွက်နှင့် အသားကျနေပြီးသောသူများကိုတော့ ထားပါတော့။ ပြင်ရန်ခက်လှသည်။ ယခုမှ စတင်အရိုက်လေ့ကျင့်နေသူ များအား မှာလိုသည်မှာ စာရိုက်လျှင် တောင်တစ်လုံးမြောက်တစ်လုံးရှာကာ keyboard ကိုကြည့်လျှက် ဖြစ်ကတတ်ဆန်း မရိုက်ပါနှင့်။ လက်ကွက်နှင့် စနစ်တကျသာ အရိုက်လေ့ကျင့်ပါဟု ပြောလိုပါသည်။ ကောင်းသည်မှာ မြန်မာလိုမရိုက်မီ အင်္ဂလိပ်လက်ကွက်ကို ကျကျနန လေ့ကျင့်ပါ။ အနည်းဆုံး တစ်မိနစ်လျှင် အလုံး၃၀ခန့်ဝင်သည်ထိ ကျင့်ပါ။

ကျွန်တော်ကွန်ပြူတာစသုံးစဉ် ၁၉၉၇ လောက်က ယခုလောက်မလွယ်သေး။ စာရိုက်လေ့ကျင့်ရန် typing tutor ကို တကူးတက ရှာဝယ်၊ install လုပ်ကာ အရိုက်ကျင့်ရသည်။ ယခုမူ အလွန်လွယ်ကူသွားပါပြီ။ အင်တာနက်၌ အခမဲ့ download လုပ်နိုင်သော software အများအပြားရှိရာ ထိုအထဲတွင် typing tutor လည်း တစ်ခုအပါအ၀င်ဖြစ်၏။ Download လုပ်၊ install လုပ်နေစရာပင်မလို အင်တာနက်တွင် တိုက်ရိုက်လေ့ကျင့်လို့ရသော online typing tutor များရှိပါသည်။ မြန်မာစာကို ရိုက်တတ်လိုသူများ ရှာဖွေလေ့ကျင့်ကြပါကုန်။ ရိုက်တတ်သွားလျှင် မည်သည့် လက်ကွက်စာရွက်ကြီးကိုမှ ကြည့်နေစရာ မလိုတော့ပါ။ လက်က အလိုလိုမှတ်မိသွားပါလိမ့်မည်။

မြန်မာစာလုံး (Myanmar Font) နှင့်ပတ်သက်လာလျှင် မြန်မာစာရိုက်နေသူအားလုံး ဘ၀င်မကျနိုင်သည်မှာ standard ဖြစ်ပါသည်။ ရှေးအတီတေကာလကပင် မြန်မာတို့မှာ သူတလူငါတမင်းကျင့်တတ်သည့်ထုံးနှင့် အသားကျလာခဲ့ သည့်အတိုင်း မြန်မာစာလုံး ထွင်သည့်အခါတွင်လည်း သူတလူငါတမင်းဝါဒကို ဆက်လက်ကျင့်သုံးကြပါသည်။

Han momaka, Han nwethaki, Han Poppa စသည့် Han အုပ်စုက တစ်မျိုး၊ Mahar 1, Mahar 2, Mahar 3 စသဖြင့် မဟာအုပ်စုကတစ်နည်း၊ Met 4, Met5, Met6 စသည်က တစ်ဖုံ၊ Win Burmese, Win Innwa, Win Hlaing စသည်က တစ်ဘာသာ၊ ထိုမျှသာမကသေး WMDY, WMONON, WPHAAN, WPONCOB, SHWETHWAY, PINNY, MYANMAR 1, MYANMAR 2, MYANMAR 3, KANAKA စသည်ဖြင့် မြန်မာဖောင့်များမှာ မြန်မာ ကွန်ပြူတာပညာရှင် ဦးရေနှင့်အမျှ ပေါ်ထွက်လျှက်ရှိရာ ကမ္ဘာပေါ်တွင် font type အများဆုံးဘာသာကို ပြပါဟုဆိုလျှင် မြန်မာဘာသာကို ပြရမည် ကဲ့သို့ ရှိချေသည်။

ဆိုးသည်မှာ font type များခြင်းမဟုတ်။ font type ကွဲသည်နှင့်အမျှ စာလုံးရိုက်ပုံရိုက်နည်းများလည်း လိုက်ကွဲ သွားခြင်းဖြစ်သည်။ သို့အတွက် WinBurmese1 နှင့်ရေးထားသော စာများကို Han Poppa သို့ပြောင်းလိုက်လျှင် ကျောက်စာ များကို ဖတ်ရလိမ့်မည်။ Shwe Thway နှင့်ရေးထားသော မြန်မာစာကို WinBurmese သို့ပြောင်းလိုက်ပါက မြန်မာစင်စစ်က မွန်သော်လည်းကောင်း ရှမ်းသော်လည်းကောင်း ဖြစ်သွားလိမ့်မည်။

ဤခေါင်းစားမှုကို ဖြေရှင်းနိုင်ရန် မြန်မာပညာရှင်များ အမျိုးမျိုးကြိုးစားအားထုတ်ပါသည်။ Myanmar Unicode ဟု မြန်မာစာကို အင်တာနေရှင်နယ်သုံး (တစ်ပုံစံတည်း) လုပ်ရန် ကြိုးစားသည်။ WinBurmese to Zawgyi converter တီထွင် သည်။ သို့သော် စင်းလုံးချော အဆင်မပြေလှသေးပါ။

ကျွန်တော်မြန်မာစာ စရိုက်စဉ်က ဦးဆွေတင်ပေးလိုက်သော WinBurmese1 ဖြင့်ရိုက်ခြင်းဖြစ်သည်။ Win စာလုံးများ ၏ အားနည်းချက်မှာ အခြေခံစာလုံးများဖြစ်သော က၊ ခ၊ ဂ၊ င၊ စ စသည့်စာလုံးများ။ သဝေထိုး၊ ယပင့် စသည်တို့တွင် ပြဿနာ မရှိသော်လည်း ၀ဆွဲဟထိုး၊ ပါဠ်ဆင့်၊ ဥပမာ မြသိင်္ဂီ စသည်တို့တွင် ရိုက်ရတာ အလွန်လက်ဝင်ပါသည်။ Alt key နှင့် Numeric ဂဏန်း လေးလုံးကိုတွဲရိုက်ရသည်ဖြစ်ရာ ထိုစာလုံးများကို အလွတ်မရနိုင်သည်ဖြစ်၍ လက်ကွက်စာရွက်ကို ရှေ့နံရံတွင်ကပ်ကာ ရိုက်ရခြင်းဖြစ်သည်။ ထို့ပြင်တ၀ ကျွန်တော်က laptop သုံးသည်ဖြစ်ရာ laptop တွင် Numeric keyboard သီးသန့်မရှိ။ ထို key များရိုက်ရန် Function နှင့် Num Lock key တွဲနှိပ်ကာ Numeric Key ကို ဖော်ရပါသည်။ ပြီးလျှင် ပြန်ပိတ်ဆိုတော့ ပါဠ်ဆင့်စာတစ်လုံးရိုက်ရန် key ၉ လုံးကို နှိပ်ရသည်။ မည်မျှ ဒုက္ခများပါသနည်း။ ထိုမျှသာမကသေး မြန်မာစာနှင့် အင်္ဂလိပ်စာ တွဲပါလာလျှင် ပိုဆိုးသေး။ သို့သော်လည်း သူတို့ထွင်ထားလို့သုံးရပေတာပဲဟု မြန်မာစာလုံးထွင်သူများကို ကျေးဇူးအထူးတင် ပါသည်။ ဤမျှဒုက္ခများလျှက်နှင့်ပင် ကျွန်တော်ရေးခဲ့တာ စာမျက်နှာ ၅၀၀ ကျော်ပါသည်။

ဤစာများထဲတွင် မိတ်ဆွေအပေါင်းကို ဖတ်စေလိုသောစေတနာဖြင့် စာတစ်အုပ်လုံး softcopy အဖြစ်ရိုက်လိုက် သည့် ဒေါက်တာ အရှင်ဝါလ်ပိုလာ ရာဟုလာ ရေးကာ ဦးကိုလေး(ဇေယျာမောင်) ဘာသာပြန်သည့် “မြတ်ဗုဒ္ဓဒေသနာ” သည်လည်း တစ်အုပ်အပါအ၀င်ဖြစ်ပါသည်။ ကျွန်တော် အပင်ပန်းခံရိုက်လိုက်သည့် “မြတ်ဗုဒ္ဓဒေသနာ” သည် တစ်လအတွင်းမှာ ပင် ကမ္ဘာအရပ်ရပ်၊ မြန်မာ website အတော်များများသို့ ပြန့်နှံ့သွားလေရာ ကျွန်တော့်မှာ အတော်လေး ပီတိသောမနဿ ဖြစ်မိ၏။

ဤတွင် ထိုစာအုပ်သည် အခြားသူများရိုက်တာမဟုတ်။ ကျွန်တော်ရိုက်တာသာဖြစ်သည် ဟု အဘယ်ကြောင့် အပ်ချမတ်ချပြောနိုင်ပါသနည်း။ ဤစာအုပ်ကို ကျွန်တော်က တစ်အုပ်လုံး တစ်လုံးမကျန် ဤသည်မရွေး ကူးထည့်လိုက်သည်။ သို့သော် ပုံများကိုမူ ကျွန်တော့် scanner ကောင်းကောင်းအလုပ်မလုပ်တော့၍ မထည့်လိုက်နိုင်ခဲ့။ သို့အတွက် စာအုပ်ရှေ့ပိုင်းမှ စာရေးသူ ဒေါက်တာ ၀ါလ်ပိုလာရာဟုလာ ၏ ပုံနှင့် မြတ်စွာဘုရားကို ဆေးဆရာကြီးအဖြစ် ထုလုပ်ကိုးကွယ်ထားသော ဂျပန်မှ ဆင်းတုတော်ပုံတို့ကို နောက်မှ ခဲဖြင့်ပုံဆွဲကာ ထည့်လိုက်ပါမည်ဟု ထိုစာမျက်နှာများတွင် ထည့်ရေးလိုက်သည်။ ဤစာပါသော စာအုပ်သည် ကျွန်တော်ရိုက်သောစာအုပ် ဖြစ်သတည်း။ လွဲစရာမရှိ။ (သို့သော် ထိုပုံများကို ယခုတိုင်မဆွဲဖြစ်ပါ။ ကိစ္စများမြောင် လူတို့ဘောင်တွင် အရေးကြီးတာရော၊ အရေးမကြီးတာများပါ လုပ်နေရသဖြင့် ပုံဆွဲခန်းကို မရောက်ပါ။)

Zawgyi ကျတော့ ကျွန်တော်သဘောကျသည်မှာ အထက်ပါ ပါဠ်ဆင့်ပါဠ်သားများကို Tide key ကို Shift Key, Ctrl Key များဖြင့်တွဲရိုက်ရုံမျှနှင့် အလွယ်တကူ ရနိုင်ခြင်း၊ အင်္ဂလိပ်မှ မြန်မာ၊ မြန်မာမှ အင်္ဂလိပ်သို့ပြောင်းလိုလျှင် Shift + Ctrl key ကို တွဲနှိပ်လိုက်ရုံမျှဖြင့် အလွယ်တကူပြောင်းခြင်း စသည်တို့ဖြစ်သည်။ နောက်ပြီး စာလုံးလည်း လှသည်။ သို့သော် သူလည်း စင်းလုံးချောကောင်းသည်တော့ မဟုတ်။ နှစ်စဉ် Zawgyi version များ ထွက်နေသည်ဖြစ်ရာ version မတူသည်နှင့်အမျှ ဖတ်ရတာ ကို့ရိုးကားယား ဖြစ်ကုန်ပါတော့သည်။ ထို့ပြင်တ၀ Zawgyi ဖြင့် ရိုက်ထားသော စာများကို pdf ပြောင်းလိုက်သော အခါ အ များကို A အဖြစ်၊ ဥ များကို U အဖြစ် အော်တိုမက်တစ် ပြောင်းပေးလိုက်သည်ဖြစ်ရာ ဤကိစ္စများအတွက် ကျွန်တော့်မှာ အတော်ဦးဏှောက်စား ပါသည်။ သို့သော် ဤသည်မှာလည်း pdf converter software တိုင်းမဟုတ်။ အချို့သော version များသာဖြစ်ရာ ကျွန်တော့်မှာ ချာလပတ် ရမ်းနေပါတော့သည်။

အောက်ပါပုံကို ကြည့်ပါ။

ကျွန်တော်ပထမဆုံးရေးသော ဆောင်းပါးမှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်ရှိစဉ် (၁၉၉၆ ခုနှစ်) က ရေးခဲ့သော “ဘာသာရေး လိုက်စားသူများ” ကို ပြန်လည်ပြင်ဆင်ဖြည့်စွက်ထားသော ဆောင်းပါးဖြစ်၏။ ဆောင်းပါးမှာ အတော်လေးရှည် ပါသည်။ စုစုပေါင်း ၂၈ မျက်နှာ ရှိ၏။ အရှည်ဆုံးဆောင်းပါးမှာမူ “စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆောင်ရွက်မှုမှတ်တမ်းများ” ဖြစ်ပြီး အမှာစာ ၃ မျက်နှာ၊ အပိုင်း (၁) ၃၆ မျက်နှာ၊ အပိုင်း(၂) ၆၆ မျက်နှာ၊ အပိုင်း (၃) ၃၂ မျက်နှာ၊ အပိုင်း(၄) ၁၁ မျက်နှာ (အဆုံးမသတ်ခဲ့) တို့ ဖြစ်ပါသည်။ ကျန်သော အပိုင်း(၄) နှင့် အပိုင်း (၅) ကိုဆက်လက်ရေးသားသော်လည်း ပျက်သွားသော laptop ထဲတွင် ပါသွားကာ backup မလုပ်မိသဖြင့် ဆုံးရှုံးသွားရာ အလွန်နှမြောမိပါသည်။


ထို့ပြင်လည်း “ဆိပ်ဖူးတောင်မှာ ပီတိဖြာ” ၈ မျက်နှာ၊ “အကောင်အထည်ပေါ်လာသော အိပ်မက်များ” ၈ မျက်နှာ စသဖြင့်လည်း ရေးပါသေးသည်။ အားလုံးမှာ စနေဓမ္မမိတ်ဆွေများအဖွဲ့ ဆောင်ရွက်ချက်များချည်း ဖြစ်ပါသည်။ ဆောင်းပါးကို ခရီးသွားဆောင်းပါးပုံစံ ရေးဖွဲ့ထားပါသည်။

ဤဆောင်ရွက်ချက်များမှာ ကျွန်တော့်ဘ၀ တစ်စိတ်တစ်ဒေသဖြစ်နေသဖြင့် သင့်တော်သည့်နေရာများတွင် အလျဉ်းသင့်သလို ဖော်ပြသွားပါမည်။ ဤသည်မှစကာ ကျွန်တော် ဆောင်းပါးများစွာကို ရေးဖြစ်ပါတော့သတည်း။ မျက်စိထဲ တွင် အမြင်မတော်တာ တွေ့ပါက သို့မဟုတ် ကျေနပ်နှစ်သက်စရာ တစ်ခုခုတွေ့လာပါက ဆောင်းပါးတစ်ပုဒ် ဖြစ်တော့သည်။ ရေးနေကျဆိုတော့ မည်မျှအလုပ်များနေသည်ဖြစ်စေ မရေးလိုက်ရလျှင် ရင်ထဲ ခိုးလို့ခုလု ဖြစ်နေပါသည်။ ပိုက်ဆံ တစ်ပြားမှ မရသော်ငြားလည်း ရေးပြီး မိတ်ဆွေများကို ဝေငှလိုက်ရမှ ရင်ချောင်သွား၏။

ကျွန်တော်ရေးထားသမျှအားလုံးလိုလိုကို ကျွန်တော့်ဘလော့ http://shwenyein.blogspot.com တွင် တင်ထား ပါသည်။ သို့သော် WinBurmese ဖြင့်ရေးထားသည့် ပထမဦးဆုံးဆောင်းပါးများမှာ ဤဘလော့ပေါ်မတင်နိုင်ပါ။ WinBurmese မှ Zawgyi သို့ converter သုံး၍ပင် ပြောင်းသော်ငြား၊ ပြင်စရာများစွာ ကျန်နေသေးသဖြင့် မတင်နိုင်သေးပါ။ နောက်ပိုင်း Zawgyi ဖြင့်ရေးသော ဆောင်းပါးများသာ ပါပါသည်။ WinBurmese ဖြင့်ရေးသောဆောင်းပါးများကို နောက်ဘလော့တစ်ခု ဖြစ်သည့် http://wadawgwin.blogspot.com/ တွင် တင်ထားပါသည်။

ဤဆောင်းပါးများမှ တူရာတူရာတို့ကိုစုကာ “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း”၊ “ဘ၀ခါးခါး” စသဖြင့် စာအုပ်များ ပုံနှိပ်ထုတ်ဝေပြီး ဖြစ်ပါသည်။ တတိယစာအုပ်ဖြစ်သည့် “ပိုက်ပြင်ပိုက်ဆက်လက်စွဲ” သည်လည်း ယခုလမှစကာ ဈေးကွက်အတွင်း ရောက်နေပါပြီ။ ၄ အုပ်မြောက် “တာယာအန္တရာယ်ကင်းဝေးရေး” ကိုလည်း စက်တင် ပုံနှိပ်နေပြီ ဖြစ်သဖြင့် များမကြာမီကာလ အတွင်း ဖြန့်ဝေနိုင်ပါလိမ့်မည်။ ယခု “ဂဟေဆက်ခြင်းအတတ်ပညာ” စာအုပ်ကို ဆက်လက်ရေးသား နေပါသည်။ သို့သော် အလုပ်ရှုပ်လှသဖြင့် ၁၀ မျက်နှာခန့်ရေးပြီး ရပ်နေသည်မှာ တစ်လကျော်ပြီ ဖြစ်၏။ ကြိုးစားရေးရပါ ဦးမည်။

(၃၂) SUT မှ အတွေ့အကြုံများ

SUT မှာ Jurong Island မှ Sakara တွင်ရှိသည်။ SUT ရှိ IWWT (Industrial Waste Water Treatment) ဧရိယာ မှ အခြားစက်ရုံများသို့ ပိုက်လိုင်းများ ဆွဲရသည်။ စက်ရုံများမှထုတ်လိုက်သော အညစ်အကြေးရေများကို IWWT သို့သယ်ကာ စက်များဖြင့် သန့်စင်သည်။ ပိုက်လိုင်းများပြေးရန် ဤစက်ရုံမှ ရေလှောင်ကန်ကြီးသို့ ကျွန်တော်ရောက်သွားတော့ အထဲမှ ရေများကို စူးစမ်းမိသည်။ ရေများမှာ အော့နှလုံးနာစရာလည်း ကောင်းသည်။ ရွံစရာလည်းကောင်းသည်။ ကြောက်စရာလည်း ကောင်းသည်။

ကန်ထဲမှရေများကို မော်တာတပ်ထားသည့် ဒလက်ကြီးများဖြင့် အဆက်မပြတ်မွှေလျှက်ရှိရာ အလွန်နံစော်လှသည့် မဲပုပ်ပုပ်၊ နောက်ကျိကျိရေများမှာ အမြှုပ်များတစီစီထလျှက် အသည်းယားစဘွယ်ဖြစ်သည်။ ထိုရေများကို ပြုပြင်ရာမှ ထွက်လာသည့် အညစ်အကြေးများမှာ ရွှံ့နှစ်သဖွယ်လည်းကောင်း၊ နွားချေးများကဲ့သို့လည်းကောင်း ရှိ၏။ အနံ့အသက်မှာ အလွန်ဆိုးပြီး ရန်ကုန်ကြည့်မြင်တိုင်ဘူတာရှိ အိမ်သာမှ အနံ့အသက်မျိုးဖြစ်၏။

ထိုဓါတုဗေဒရွှံ့များကို အမှိုက်ထည့်သော သံကန်ကြီးများဖြင့် ခံထားသည်။ စက်ရုံမှထွက်လာသော ထိုအညစ်အကြေး များမှာ သံကန်ကြီးအတွင်း အဆက်မပြတ် ကျလျှက်ရှိ၏။ ထိုသံကန်ကြီးများကို အမှိုက်ကားက နေ့စဉ်လာဆွဲလေ့ရှိသည်။ တခါတရံ SUT ၀န်ထမ်းများရောက်လာကာ အညစ်အကြေးကျပေါက်ကို ပိတ်မနေစေရန် သံချောင်းကြီးများဖြင့် ထိုးဆွ ရှင်းလင်းပေးနေသည်ကို တွေ့ရတတ်သည်။ ထိုစက်ရုံဘေးကပ်လျှက် အဆောက်အအုံကလေးအတွင်းတွင်မူ ထိုကဲ့သို့သော အညစ်အကြေးများကို ကြိတ်ပေးနေသည့် စက်ကလေးတစ်လုံးလည်း တွေ့ရသေးသည်။ ထိုစက်ကလေးမှထွက်လာသော မဲညစ်ညစ် ရွှံ့များကို ပုလင်းများဖြင့်လာယူကာ ဓါတ်ခွဲခန်းတွင် စမ်းသပ်ရန် တံဆိပ်များကပ်နေသည်ကိုလည်း တွေ့ရတတ် သည်။ ထိုရွှံ့များမှာလည်း မစင်ကဲ့သို့အနံ့မျိုးရလျှက် ရွံစရာကောင်းလှပါသည်။ ကျွန်တော့်အထင်ပြောရလျှင် ထိုအညစ်အကြေး များကိုလည်း အခြားစက်မှုလုပ်ငန်းတစ်ခုခုတွင် သုံးရန် ပြန်လည်ရောင်းစားသည် ထင်ပါသည်။ မဟုတ်ပါက သည်လောက် ကျကျနန စစ်ဆေးစမ်းသပ်နေမည် မထင်ပါ။

ဤနေရာတွင် အရွယ်အစားအမျိုးမျိုးရှိ ပိုက်လိုင်းတော်တော်များများ ကျွန်တော် ပြေးဖူးသည်။ ၁ လက်မှမှသည် ၁၂ လက်မထိ အရွယ်စုံဖြစ်၏။ တစ်ခါတော့ ခပ်လှမ်းလှမ်းရှိ ဟီတာချီသို့ ၈ လက်မပိုက်လိုင်းပြေးရသည်။ ကျွန်တော့်မှာ လူသိပ်မရှိ။ လေးငါးယောက်မျှဖြင့် လုပ်ရခြင်းဖြစ်သည်။ ၈လက်မပိုက်ကြီးများမှာ အတော်လေးလှသည်။ ထိုပိုက်များကို ပိုက်စင် (pipe rack) များပေါ်သို့ လူအားဖြင့် တွန်းတင်ရတာ မစားသာလှပါ။ Spool များကို ပိုက်စင်များပေါ်တွင် install လုပ်တော့ ကျွန်တော်အစိုးရိမ်လွန်ကာ အဲလ်ဘိုးများကို တန်ဝက်ချိန်းဘလောက်များဖြင့် ဆွဲကြပ်သည်။ အောက်တွင် ဆင်တုံးကတော့ Rubber mallet (ရာဘာတူ) ဖြင့်ထုကာ ကြပ်ခြင်းဖြစ်သည်။ သို့သော် ပိုက်စင်ပေါ်ရောက်လာတော့ ပိုက်လိုင်းကရှည်သည့်အတွက် ထုအားမကောင်းမှာ၊ သေသေချာချာ မကြပ်မှာ စိုးရိမ်သည်။ ထို့ကြောင့် ချိန်းဘလောက်ဖြင့် ဆွဲကြပ်ခြင်း ဖြစ်၏။

ပိုက်လိုင်းကြီးတစ်ခုလုံးဆင်ပြီး ရေထည့်လည်း စမ်းလိုက်ရော ချိန်းဘလောက်ဖြင့် ဆွဲကြပ်ထားသည့် အဲလ်ဘိုးများမှာ အက်ကာ ရေများစိမ့်တော့သည်။ ကျွန်တော်သေချင်စော်နံအောင် စိတ်ညစ်သွားပါ၏။ ပိုက်လိုင်းမှာ ၃ ကီလိုမီတာမျှရှည်ပြီး အကွေ့အကောက်၊ အတက်အဆင်းကလည်း များလှပေရာ ရေစိမ့်သော အဲလ်ဘိုးများမှာ မနည်းလှပါ။ သို့သော် စိတ်ညစ်တာ မညစ်တာနောက်ထား။ သည်အတိုင်းထားလို့ ပြီးမည့်ကိစ္စမဟုတ်သဖြင့် ရုံးသို့အကျိုးအကြောင်းပြောပြ။ လိုသည့်ပစ္စည်းများ မှာကာ ရေစိမ့်သည့် အဲလ်ဘိုးများကို lamination လုပ်ကာ ပြင်ရသည်။

ပြောတော့သာ လွယ်လွယ်လေးခင်ဗျာ။ အလွန်များသည့် အဲလ်ဘိုးများကို ပိုက်စင်ပေါ် တက်လိုက်ဆင်းလိုက်နှင့် လုပ်ရတာ မလွယ်ပါ။ ပင်ပန်းပါသည်။ ကျွန်တော့်မှာ ကျွန်တော့်လူများနှင့် လွှတ်မထားရဲ။ သူတို့လုပ်တာ ထိုင်ကြည့်နေပြီး တောက်လျှောက်ပြောနေရသည်။ မဟုတ်ပါက နောက်တစ်ခါ ထပ်ပြင်ရလျှင် မလွယ်။ လုပ်ရတဲ့အတူတူ တစ်ခါထဲ သေသေ ချာချာ အပြီးလုပ်တာကောင်းသည်။

သည်ကြားထဲ ပြဿနာက တက်လိုက်သေးသည်။ အဲလ်ဘိုးများကိုပြင်ရန် ပိုက်လိုင်းအတွင်းမှ ရေများကို ဖောက်ချ တော့ ဟီတာချီမှ တစ်ယောက်ရောက်လာ၏။

ဟေ့ကောင်၊ အဲဒါမင်းဘာလုပ်နေတာလဲ။


ခင်ဗျာ၊ Hydro-test ပြီးလို့ ရေထုတ်နေတာပါခင်ဗျာ။


မင်းရေထုတ်နေတာ ငါသိသားပဲကွ။ မင်းရေတွေ တဖြန်းဖြန်းနဲ့ အောက်ကိုဖောက်ချနေတာကို ပြောတာ။ မင်းအဲဒီလို ရေတွေ ကိုအထိန်းအကွပ်မရှိဖောက်ချနေတော့ အောက်ကသဲတွေကို စားကုန်မယ်ဆိုတာ မင်းမသိဘူးလား။ အဲဒီရေတွေကို အခုရပ်ပါ။ ရေထုတ်ချင်ရင် အဲဒီ drain point ကနေပိုက်နဲ့ drain ထဲကို ဖောက်ချပါ။ ဒီတခါတော့ ခွင့်လွှတ်လိုက်မယ်။ နောက် တခါဆို မင်းမလွယ်ဘူးမှတ်။

ဟိုက် - ရှားဘား။ ကျွန်တော်တို့မှာ ကျားလည်းကြောက်ရ။ ကျားချေးလည်းကြောက်ရပါကလား ကွယ်ရို့။

ပိုက်လိုင်းမှ drain point နှင့်ရေမြောင်းမှာ မကွာပါဘူး ဆိုတောင် အနည်းဆုံး မီတာ ၂၀ လောက်ကွာသည်။ သည်တော့ တဖြန်းဖြန်းကျနေသော ရေပေါက်ကိုပိတ်။ မီတာ ၂၀ ကျော်ရှည်သည့် တစ်လက်မရေပိုက် လိုက်ရှာရသည်။ ဘယ်မှာလွယ်လွယ်နဲ့ရမတုံး။ ၄ - ၅ မီတာလောက်ပိုက်ကတော့ ဘယ်နေရာလိုက်ဆွဲဆွဲ၊ ကန်ထရိုက်တာတိုင်းလိုလို ရှိသည်။ သို့သော် မီတာ ၂၀ လောက်ရှည်သည့်ပိုက်ကျတော့ တော်တော်နှင့်ရှာလို့မရ။ နောက်ပြီး drain point က တစ်နေရာထဲ မဟုတ်။ သည်တော့ ပိုက်လိုင်းထဲမှ ရေအားလုံးထုတ်ဘို့တင် ကျွန်တော့်မှာ တစ်ရက်လုံးအချိန်ပေးရသည်။ ဘာမှလုပ်လို့မရ။ ရေများထွက်ကျတာ သည်အတိုင်းထိုင်ကြည့်နေရသည်။

နောက်တစ်ယောက်ကျတော့ တစ်မျိုး။ ၄ လက်မလိုင်းပြေးတုံးကဖြစ်၏။ သည်လိုင်းလည်း အတော်ရှည်သည်။ ၄ ကီလိုမီတာလောက်ရှိ၏။ ဖိုက်ဘာပိုက်က ကွဲလွယ်သည်။ သိပ်အထိအခိုက်မခံ။ ပိုက်စင်များက သံ ဆိုတော့ အတော် သတိထားရသည်။ အကယ်၍ ပိုက်များတင်စဉ် ပိုက်နှင့် ပိုက်စင် ရိုက်မိပါက ပိုက်ကွဲတတ်သည်။ မည်သည့်ပိုက်စင်မှ မည်သည့်နေရာကိုထိ၍ မည်သည့်ပိုက်ကွဲနေသည်ကို သိဘို့ရာမလွယ်ကူလှ။ ပိုက်ဆင်တုံးကတော့ ပြဿနာမရှိ။ ခပ်လွယ်လွယ်နှင့် ပြီးသွားသည်။

ပိုက်ကသေးတော့ အုပ်စုသုံးစုခွဲကာ ဆင်ခိုင်းသည်။ ဆင်တုံးကတော့ သူတို့ကို ပိုက်တွေကို ဂရုတစိုက်ကိုင်ဘို့ ပြောလိုက်တာဘဲ။ သို့သော် အလုပ်သမားဟူသည် (အချို့မှလွဲ၍) မိမိရှေ့တွင်တမျိုး၊ ကွယ်ရာတွင်တဖုံ လုပ်တတ်သည် မဟုတ်လော။ သုံးဖွဲ့ခွဲထားတော့ အကုန်လုံးကိုလိုက်ပြီး မျက်လုံးဒေါက်ထောက် ကြည့်ပြောမနေနိုင်။ ပြဿနာက ဤမှစသည်။

ပိုက်လိုင်းကိုလည်း ရေထည့်စမ်းလိုက်ရော Pressure Gauge (ရေဖိအားပြမီတာ) က တဖြည်းဖြည်းကျလာသည်။ ဆိုလိုသည်မှာ ပိုက်လိုင်းတစ်နေရာရာတွင် ရေစိမ့်နေသည့် အမှတ်အသားဖြစ်သည်။ ကျွန်တော်သူတို့ကို လိုက်စမ်းခိုင်းပါသေး သည်။ သို့သော် သူတို့က ရေတွေအများကြီး စိမ့်နေသည့်နေရာကိုတော့ အလွယ်တကူရှာတွေ့မည်။ ဖြည်းဖြည်းချင်း စိမ့်နေသည့်နေရာကို ကျကျနန ရှာပါမည်လော။ သည်တော့ ဟုတ်တာမဟုတ်တာ အပထား။ ပိုက်စင်များပေါ်ကိုယ်တိုင် တက်ကာ ပိုက်မျက်နှာပြင်တစ်ခုလုံးကို လက်နှင့်လိုက်စမ်းရသည်။ ပိုက်က ခြောက်နေတာဆိုတော့ ရေစိမ့်သည့်နေရာကို သိသာပါသည်။

မိတ်ဆွေများခင်ဗျား။ ၄ ကီလိုမီတာကို မြေပြင်တွင် လျှောက်လျှင်တော့ ဘာမှုလိမ့်မတုံး။ ကျွန်တော်က ကြားရက်များ တွင် တစ်နေ့လျှင် ၃ ကီလိုမီတာ၊ စနေတနင်္ဂနွေပိတ်ရက်များတွင် ၄ ကီလိုမီတာ နေ့တိုင်းပြေးနေတာကပဲ။ သို့သော် ခုက ပိုက်စင်ပေါ် တွင် ၄ မီတာမျှသာခြားသောတန်းများကို ကျော်လိုက်ခွလိုက်၊ တက်လိုက်ဆင်းလိုက်၊ နောက်ပြီး ပိုက်မျက်နှာပြင်မှ ရေစိမ့်မည့်နေရာကိုလည်း သေသေချာချာ စမ်းရသေးသည်။ ပိုက်စင်တစ်ခုမှ တစ်ခုအပြောင်းတွင် မြေပြင်ပေါ်မှဆင်းပြီး ပြန်တက်ရသည်။ သည်တော့ အလွန်ပင်ပန်းသည်။ နေ့ခင်း ထမင်းစားခါနီး ၁၁ နာရီကျော်လောက်တွင် ကျွန်တော်လည်း ပိုက်လိုင်းလိုက်စမ်းရတာ ပင်ပန်းလှသဖြင့် ပိုက်စင်ပေါ်တွင် လှဲကာ ခဏနားနေပါသည်။

ဤသည့်ခဏ၊ ဘယ်နေရာက ဘယ်လိုရောက်လာသည်မသိ။ တရုတ်ဖိုမင်တစ်ကောင် ရောက်လာပါသည်။ ကျွန်တော့်ကိုမြင်တော့ ကြည့်စမ်း၊ မင်းဦးထုပ်အဖြူဆောင်းထားပြီးတော့ ဒီမှာလာအိပ်နေတယ်။ မင်းမရှက်ဖူးလား။ ငါ့အလုပ် သမားတွေမြင်ရင် မင်းကို အတုခိုးပြီး ကွယ်ရာမှာ အိပ်နေဘယ့်နဲ့လုပ်မလဲ ဟု မဆီမဆိုင် အသားလွတ်လာခွပ်ပါသည်။ ပင်ပန်းရသည့်အထဲ သည်လိုအပြောခံလိုက်ရတော့ အင်မတန်စိတ်တိုတတ်သည့် ကျွန်တော့်မှာ ဒေါသများငယ်ထိပ် တက်ဆောင့်လျှက် ရုတ်တရက်သူ့ကိုပြန်ပြောရမည့် စကားလုံးပင်ရှာလို့မရပါ။ နောက်မှ ဟေ့ကောင်၊ ငါဘာလုပ်နေတယ် ဆိုတာ မင်းသိရဲ့လား။ ခု ငါလုပ်နေတဲ့အလုပ်နဲ့ မင်းနဲ့ ဘယ်နေရာမှာသွား ပတ်သက်နေသလဲ။ ငါမင်းကို တစ်ခုခုမလုပ်မိခင် ဒီအနားက အမြန်ထွက်သွားပါ ဟု အော်လွှတ်လိုက်ပါသည်။ အမှန်လည်း ကျွန်တော် သူ့မျက်နှာကို လက်သီးနှင့် ပယ်ပယ် နယ်နယ် ထိုးပစ်ချင်စိတ် ပေါက်သွားပါသည်။

နောက်ရက်များတွင် SUT ရုံးသွားတော့ ထိုသူနှင့်တွေ့ပါသည်။ သူကပင် နှုတ်ဆက်သော်လည်း ကျွန်တော်ပြန်နှုတ် မဆက်ပါ။ တစ်ဖက်သို့ မျက်နှာလွှဲနေလိုက်ပါသည်။ မိတ်ဆွေပေါများခြင်းသည် လာဘ်တစ်ပါးဖြစ်၏ ဟု ဆိုသည်။ မိတ်ဆွေ မများချင်နေပါ။ ဤလိုလူမျိုးနှင့် မိတ်ဆွေမဖြစ်ချင်ပါ။

ပိုက်ကွဲသည့်နေရာကို တွေ့တော့ မှတ်ခဲ့ကာ SUT မှ အင်ဂျင်နီယာကို သတင်းသွားပို့သည်။ သူက မင်းဘယ်လိုလုပ် မလဲ ဟု မေး၏။ ကျွန်တော်က ထုံးစံအတိုင်း lamination လုပ်တာပေါ့ဟု ဖြေလိုက်ပါသည်။ သူက ဒေါသဖြင့် ဒီမယ် ဟေ့ကောင်၊ ငါတို့ဝယ်တာ ပိုက်အသစ်။ ပြင်ပြီးသားပိုက်ကို ၀ယ်တာမဟုတ်ဘူး ဟု ဆိုပါသည်။ ကျွန်တော်ကလည်း ဒီမယ် ကိုယ့်လူ။ ငါက ဖိုက်ဘာပိုက်သမား။ မင်းငါ့ထက်ပိုတတ်တယ်ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြပါ ဟု ပြန်ခွပ်၏။ သူက ပိုက်ကို ဖြတ်ကာ ပြန်လဲခိုင်း၏။ ဖိုက်ဘာပိုက်ဆိုတာ Bell & Spigot joint. ဖြတ်ပြီးလဲဘို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စ။ သူ့ကို ကျွန်တော်ပုံဆွဲရှင်းပြလိုက်သောအခါ သူလက်ခံသွားရသည်။ ကိုယ်မသိသည့်အရာကို ဆရာလာလုပ်ချင်လို့ ဘယ်ရမတုံး။ အခြေအနေအရ field ထဲဆင်းပြီး အလုပ်သမားတွေနဲ့ တန်းတူလုပ်နေရတာ။ မင်းတို့လောက်တော့ ငါလဲတတ် တယ်ကွ ဟု ပြောလိုက်ချင်သည်မှာ ပါးစပ်ယားနေပါ၏။ သို့သော် ကျွန်တော် စကားနည်းရန်စဲ နေလိုက်ပါသည်။

ဆက်ပါဦးမည်။

အေးငြိမ်း
၃၀-၇-၂၀၁၁၊ ညနေ ၇း၂၂ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663

No comments: