Saturday, June 11, 2011

ပိုက်ပြင်ပိုက်ဆက်လက်စွဲ စာအုပ်

ကျွန်တော် ပိုက်ပြင်ပိုက်ဆက်လက်စွဲစာအုပ်ကို ရေးတာ ၁ နှစ်ခွဲ ကြာပါသည်။ ၂၀၀၉ သြဂုတ်လမှ စတင်ရေးရာ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် ပြီး၏။

အနာဂတ်တစ်ခုဖန်တီးတည်ဆောက်ခြင်း စာအုပ်ကို ကိုယ်တိုင်ထုတ်ဝေခဲ့ရာ စင်ကာပူဒေါ်လာ ၇၀၀၀ ဝေါကနဲထွက်သွား၏။ ပြန်ဝင်လာတော့ တစ်သိန်းဝင်၊ နှစ်သိန်းဝင်နှင့် ခြစ်ခြုပ်၊ ခြစ်ခြုပ်ဝင်လာရာ ပြန်ဝင်လာသမျှ မဖြစ်ညစ်ကျယ် ပိုက်ဆံများမှာ အသုံးစရိတ်ထဲဝင်သွားပြီး ခေါင်းကွဲသွားပါတော့သည်။ တစ်နှစ်နီးပါးကြာမှ အရင်းကျေ ၏။ အရင်းသာကျေသည်ဆိုသော်လည်း ပိုက်ဆံကိုမူ ပြန်မမြင်ရတော့ပါ။ သည်တော့ ပိုက်ပြင်ပိုက်ဆက်လက်စွဲ ကို ကိုယ့်ဟာကိုယ် ထုတ်ဘို့ လက်မရဲဖြစ်ရသည်။ သူလည်း အနည်းဆုံး သိန်း ၅၀ တော့ ကုန်မှာ မြေကြီးလက်ခတ် မလွဲပါ။

သည်တော့ အာအိုင်တီ တက်တုံးက သူငယ်ချင်း ကိုအောင်ကြည်စိုးက သူ့သူငယ်ချင်းနှင့် မိတ်ဆက်ပေး၏။ ကိုမြင့်သူ ဟု ခေါ်သည်။ သူက ရန်ကုန်တွင် ကွန်ပြူတာ ဂျာနယ် နှင့် အခြား ဘာသာရပ်ဆိုင်ရာ၊ အင်္ဂလိပ်စာအုပ်၊ အဘိဓါန် စသည့်စာအုပ်များ ထုတ်သည်။ သူက ကျွန်တော့် ဒုတိယစာအုပ် “ဘ၀ခါးခါး” ကို အလွန်သဘောကျသူ ဖြစ်၏။ မန္တလေး စီးတီးအက်ဖ်အမ် သို့ စာအုပ်အညွှန်းပင် ပေးလိုက်သေးသည် ဆို၏။

သည်တော့ လက်သုံးလုံးလောက်ထူသော ကျွန်တော့်ပိုက်ပြင်ပိုက်ဆက် စာအုပ်မူကြမ်းကို ပြလိုက်တော့ တခြား ဘာမှ အထွေအထူးပြောစရာ မလိုတော့ပါ။ သူထုတ်မည်။ ဘယ်ပုံဘယ်နည်း ထုတ်မည်နည်း ဟု တစ်ခါထဲ လက်ခံလိုက်သည်။ နောက် စာချုပ်ရေးပြီး ကျွန်တော်လည်း စာအုပ် soft copy ပေးလိုက်ရော တခါတည်း စရံငွေ ထုတ်ပေးပါတော့သည်။ ခေါင်းစားစရာမလိုဘဲ ပိုက်ဆံရသည့်အတွက် ကျွန်တော်လည်း အတော်ကျေနပ်မိပါ၏။

သူတို့ကို ကျွန်တော် soft copy ပေးတာ ၂၀၁၁၊ ဇန္န၀ါရီ လလယ်။ အမှန်ဆိုရလျှင် အနာဂတ်တစ်ခု စာအုပ် အတွေ့အကြုံရှိပြီးသားမို့ ပိုက်ပြင်ပိုက်ဆက်ကို စရေးကတည်းက စာအုပ် format ချကာ ရေးခြင်းဖြစ်သဖြင့် စာအုပ်လည်းပြီး စာအုပ်ပုံစံလည်း ထွက် ဖြစ်ပါသည်။ သို့သော် ကိုယ်တော်တို့က Microsoft Word နှင့် စာအုပ်ပုံစံ ပြင်ထားတာကို မကြိုက်ပါ၊ သူတို့ဟာသူတို့ InDesign နှင့် ပြန်ပြင်မည် ဟူ၏။ အိုခေ။ ကျွန်တော့်အတွက် ပြဿနာ မရှိပါ။ စာအုပ်ကောင်းကောင်းလေးထွက်ဘို့ပဲ အရေးကြီးတာပါ။ ဘာနှင့်ပြင်ပြင်။

သို့သော်လဲ ပေါ့။ သူတို့ပြင်လိုက်တာ ဘယ်လောက်ကြာသွားသနည်း။ ကျွန်တော်သူတို့ကို ဇန္န၀ါရီလလယ်က ပေးခဲ့တာ။ ကျွန်တော့်ဆီ စာအုပ်မူကြမ်းစပေးတော့ မေလ ၅ ရက်နေ့။ သူတို့ပြောတာ word ကနေ InDesign ကို ပြောင်းတာမှာ စာတွေကတော့ ကိစ္စမရှိ။ သို့သော် ပုံသေနည်းများ၊ ဇယားများ၊ ပုံများမှာ ပြဿနာတက်သည်။ သည်တော့ ကျွန်တော်က သူတို့ကို ပုံများအား jpeg ပြန်ပြောင်းပေးရသည်။ ကျွန်တော်ရေးစဉ်က ပုံများကို အင်တာနက်မှ ရှာကာ တိုက်ရိုက်တင်ထားခြင်းဖြစ်သည့်အတွက် ပုံတော်တော်များများမှာ jpeg file ဖြင့် သပ်သပ် save မလုပ်ထားမိပါ။ သူတို့က ပုံများပြန်တောင်းသည့်အခါ ရာနှင့်ချီသော ပုံများအတွက် ကျွန်တော့်မှာ အတော် ခေါင်းစားရပါသည်။

ထို့ပြင် သူတို့က အင်ဂျင်နီယာအသုံးအနှုံးများနားမလည်။ ပုံသေနည်းများကို မရေးတတ်ရာ ကျွန်တော့်မှာ ဒုက္ခနှင့်လှလှနှင့်တိုးပါသည်။ မှားလိုက်သည်မှာ စာမျက်နှာတိုင်းလိုလို ဖြစ်သည်။ အတော်စိတ်ဓါတ်ကျသွား၏။

ကျွန်တော်က အမှားများသဖြင့် စိတ်ဓါတ်ကျကြောင်း သူတို့ဆီ အီးမေးပို့လိုက်ရာ သူတို့က proof မဖတ်ရ သေးသဖြင့်သာ ဤမျှမှားရကြောင်း အကြောင်းပြန်ပါ၏။ နောက် ပရုဖတ်ပြီးသား စာမူကိုပို့လိုက်သော်လည်း မထူးသဖြင့် ကျွန်တော်ဒေါကန်ကာ အဘယ်ကဲ့သို့ ပရုဖတ်တော်မူကြပါသနည်း ဟု ပြောလိုက်သော ဟူသတတ်။
သူတို့က စာမူကြမ်းပို့ပေးလိုက်။ ကျွန်တော်က ပြင်ခိုင်းလိုက်။ သူတို့က ပြန်ပို့ပေးလိုက်။ ကျွန်တော်က ထပ်ပြင်ခိုင်းလိုက် ၂ ခါ၊ ၃ ခါလောက်လုပ်ပြီးမှ ကိစ္စပြတ်ပါတော့သည်။ စာမျက်နှာ ၅၀၀ လောက်ကို တစ်လုံးချင်း လိုက်ဖတ်နေရသည့် ကျွန်တော့် ဒုက္ခကို ကိုယ်ချင်းစာကြည့်ကြပါခင်ဗျား။


မနေ့ကတော့ အားလုံးအချောသတ်ကာ ပြန်ပို့ပေးလိုက်ပါသည်။ ဖလင်တင်တော့ ဟုလည်း မီးစိမ်းပြလိုက်ပါ၏။ ရာနှုံးပြည့် စိတ်တိုင်းကျသည်တော့ မဟုတ်ပါ။ သို့သော်လည်း မတတ်နိုင်။ သည့်အတိုင်းထားလိုက် ရတော့သည်။ အမှားများတော့ နည်းနိုင်သမျှနည်းအောင် လုပ်လိုက်သည်။ Quality ပိုင်းကိုတော့ သိပ်မကြိုက်ပါ။ ထပ်ညွှန်းများ သေးလွန်းနေခြင်း၊ ညီမျှခြင်းများမှာ သေးတာကသေး၊ ကြီးတာကကြီး ဖြစ်နေခြင်း။ နေရာကို သေချာ မချိန်တတ်သဖြင့် စာရွက်လွတ်များ အများအပြားပါနေခြင်း။ ကြီးရမည့်ပုံကို သေး၊ သေးရမည့်ပုံကို ကြီးထားခြင်း စသည်ဖြင့် ကျွန်တော် ပြန်ပြင်ခိုင်းတာတောင် စိတ်တိုင်းကျ မရပါ။

နောက်ဆုံးတော့ လက်လျှော့လိုက်ရပါသည်။ အမှားနည်းတာပဲ တော်လှပြီ ဟု အောက်မေ့ရတော့၏။

စာအုပ်တစ်အုပ်ဖြစ်ဖို့ လွယ်သည်မဟုတ်ပါ။ နောက်ပြီး အင်ဂျင်နီယာစာအုပ်ဖြစ်သဖြင့် စာများ၊ ပုံသေနည်းများ၊ ဂဏန်းများမှာ အလွန်အရေးကြီးပါသည်။ စာအုပ်အဖြစ်ထွက်သွားပြီးလျှင် ဘာမှ လုပ်လို့မရတော့။ မှားနေသည့်တိုင် သည်အတိုင်း လက်ပိုက်ကြည့်နေရတော့မည်။ တစ်အုပ်ချင်းပြန်ပြင်ဘို့ဆိုတာ မလွယ်။

အပင်ပန်းခံကာ တတ်နိုင်သမျှတော့လုပ်ပေးလိုက်သည်ဘဲ။ ဘယ်လိုဖြစ်လာဦးမည်မသိ။ စာအုပ်ထွက်လာမှ သာ ကြည့်ရတော့မည်။

No comments: