Friday, November 26, 2010

ဦးကြီးငချစ်လို စိတ်ဓါတ်မျိုး

(၁)


အရေးတကြီးလုပ်စရာပေါ်လာသည်နှင့် ငွေအထုတ်အသွင်းကိစ္စ သည်ကနေ့ ဘဏ်သို့သွားရသည်။ POSB မှ ငွေများကို UOB နိုင်ငံခြားငွေ account အတွင်း ငွေလွှဲလိုသော်လည်း နိုင်ငံခြားငွေနှင့်လွှဲလို့မရဟု ဆိုသဖြင့် ဒါဖြင့်လည်း စင်ကာပူဒေါ်လာနှင့်ပဲ လွှဲပေးပါဆိုတော့ သုံးရက်လောက်ကြာမည် ဆို၏။ ဒါဆိုလည်း ချက်နှင့်ပေးလို့ရလား ဆိုတော့ cheque clearance လုပ်ဖို့ အနည်းဆုံးတစ်ရက်တော့ကြာမည် ဆိုသဖြင့် အတော်ကလေးစိတ်ပျက်သွားကာ ငွေသားချည်း ထုတ်လာ ခဲ့ရသည်။ ကျွန်တော်က ပိုက်ဆံများကိုလက်ထဲတွင်ကိုင်ထားရမှာကို စိတ်မသန့်။ အလိုလိုနေရင်း နောက်ကျောမလုံ ဖြစ်နေတတ်သည်။ သို့သော် မတတ်နိုင်။ တခြားရွေးစရာမရှိ။

ပိုက်ဆံပမာဏ အတော်များသဖြင့် တစ်ထောင်တန်များချည်း ထုတ်ခဲ့သည်။ ငွေသွင်းစက်တွင် ၁၀၀၀ တန်များ လက်ခံပါသလားဆိုတော့ ငါတို့ POSB စက်တွေကတော့ရတယ်။ တခြားစက်တွေတော့ မပြောတတ်ဘူး ဆို၏။ သို့နှင့် နောင်ခါ လာ နောင်ခါဈေး။ ၁၀၀၀ တန်များပဲ ယူခဲ့သည်။ သို့သော် UOB စက်တွင် ငွေသွားသွင်းတော့ ၁၀၀၀ တန်ကို လက်မခံ။ ပြောရ လျှင် ရချင်မှရမည်ဟု မျှော်လင့်ထားသော်လည်း လက်တွေ့မရသောအခါ စိတ်ထဲအတော် ကသိကအောက်ဖြစ်သွားသည်။ သို့နှင့် အနားတွင်စောင့်နေသော ဘဏ်ဝန်ထမ်းကို မင်းတို့စက်က ၁၀၀၀ တန် လက်မခံဘူးလား ဆိုတော့ ဟုတ်တယ် ဟု ဆို၏။ အနို့ POSB စက်တွေကျ ဘယ့်နှာကြောင့်ရသလဲ မမရယ် ဟု ကွန်ပလိန်းလုပ်သောအခါ different bank, different machine ဟု ဆိုပါ၏။ ကိုင်း၊ ဘယ့်နှယ်ရှိစ။

ကျွန်တော် သည်လိုအပြောခံရတာ ခုမှမဟုတ်။ အရင်တစ်ခါကလည်း အပြောခံခဲ့ရဖူးပြီ ဖြစ်ပါသည်။

လွန်ခဲ့သော ၈ နှစ်ခန့်က Jurong Point နှင့် Boon Lay MRT သည် ယခုကလို မဟုတ်သေး။ ခပ်စုတ်စုတ်ကလေး ဖြစ်ပါ၏။ ဘူတာထဲတွင် W.K.Koo and Associate ဆိုသော ဆေးခန်းဖွင့်ထားပါသည်။ ဘာကိစ္စလည်းတော့ မမှတ်မိ။ ထိုဆေးခန်းသို့ ကျွန်တော်သွားပြသောအခါ ဆေးစစ်ခိုင်းသဖြင့် စစ်ရပါသည်။ ဘောက်ချာထွက်လာတော့ ဆေးစစ်ခ ၇၀ ဖြစ်နေပါသည်။ ကျွန်တော်လည်း မကျေနပ်သဖြင့် အိတ်ထဲပါလာသော ယခင်ဆေးစစ်ထားသည့် ဘောက်ချာစာရွက်ထုတ် ကာ ဟောသည်မှာကြည့်။ ငါ အရင်ဆေးခန်းမှာ စစ်တုံးက ၄၀ ပဲ ပေးရတယ်။ မင်းတို့ကျမှ ဘယ့်နှယ်ကြောင့် ၇၀ ဖြစ်ရသတုံး ဟု ဆိုသော် different clinic, different rate lor ဟု ဆိုပါ၏။

ယခု cash deposit machine တွင် ပိုက်ဆံထည့်မရသောအခါ စိတ်ထဲ အတော်ဒေါသထွက်သွားပါသည်။ သို့သော် ချက်ခြင်းပင် ဦးကြီးငချစ်ကို သွားသတိရကာ ပြုံးလိုက်မိပါသည်။ ထိုအခါမှ ဘယ်တတ်နိုင်မလဲကွာ၊ နက်ဖြန်ကျမှ ဘဏ်ကို ကိုယ်တိုင်သွားပြီး US$ Account ထဲ တစ်ခါထည်း ထည့်လိုက်တာပေါ့ ဟု တွေးလိုက်မှ ပေါ့ပါးသွားကာ လေကလေး ချွန်လျှက် basement ထဲဆင်းခဲ့၍ Hotplate Chicken Rice မှာကာ စိတ်အေးလက်အေး စားလိုက်ပါတော့၏။

(၂)

ကျွန်တော့်မိဘနှစ်ပါးတွင် ညီအစ်ကိုမောင်နှမများ ရှိပါ၏။ ကျွန်တော်တို့ မောင်နှမတစ်သိုက်မှာ အဖေဘက်က ဆွေမျိုးများကို မရင်းနှီး။ ခပ်စိမ်းစိမ်းဖြစ်လျှက် အမေဘက်က အမျိုးများကိုသာ ခံတွင်းတွေ့။ လှိုက်လှိုက်လှဲလှဲ ချစ်ခင်၊ ၀င်ထွက် သွားလာ၊ စားသောက် ခဲ့ပါသည်။ ထို့အတူ အဖေဘက်က ညီအစ်ကိုမောင်နှမ ၀မ်းကွဲများကို သြော်၊ ငါတို့နဲ့ မောင်နှမတော်ပါ လား ဟုလောက်သာ စိတ်မှာထားခဲ့၍ အမေဘက်က ညီအစ်ကိုမောင်နှမများနှင့်ကား တစ်အိမ်ထဲလည်း အတူနေ၊ ညီအစ်ကို အရင်းများကဲ့သို့လည်း ချစ်ခင်ခဲ့ပါသည်။ (ဤကား စကားချပ်)

အမေဘက်က အမျိုးများမှာ သက်ဆိုးမရှည်ရှာကြ။ အသက် ၆၀ ကျော်မျှနှင့် လူ့ပြည်မှစွန့်ခွာသွားခဲ့ကြရသူများချည်း ဖြစ်သည်။ သူတို့မောင်နှမများထဲတွင်မှ ကျွန်တော့်အမေမှာ အသက်အငယ်ဆုံးပင်ဖြစ်သော်ငြား လူ့ပြည်မှ ပထမဆုံး ထွက်ခွာ သွားခဲ့ရသူဖြစ်ပါသည်။ လူ့ပြည်မှ နောက်ဆုံးထွက်ခွာသွားသူမှာ ကျွန်တော့်အမေထက်အကြီး ဦးကြီးငချစ် ဖြစ်ပါသည်။

ဦးကြီးငချစ်တို့မောင်နှမများကား (အထူးသဖြင့် ဦးကြီးငချစ်နှင့် အကြီးဆုံးဖြစ်သူ အရီးမယ်ဟံ) တရားဘက်တွင် အနည်းငယ် အစွန်းရောက်သည်ဟု ကျွန်ုပ်မြင်ပါသည်။ သို့သော်လည်း သူတို့က လက်တွေ့ဘ၀နှင့် ပိုနီးစပ်သည်။ သူတို့လေ့လာလိုက်စားသော တရားမှာ ကျွန်တော်မှတ်မိသလောက် ထန်းပင်ကုန်းမှ ဦးကြင်မောင် ၏ တရားပွဲများနှင့် ကျင့်စဉ် များဖြစ်ပါသည်။ ဦးကြင်မောင်မှာ ဦးနေ၀င်းလက်ထက် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးနှင့်ငြိကာ မတရားသင်း ကြေငြာခံရသူ ဦးမြတ်သိန်းထွန်း၏ တပည့်ဖြစ်ပါသည်။

ထိုအချိန်က ကျွန်တော့်မှာအလွန်ငယ်သေးသဖြင့် သူတို့ပြောဆိုဆွေးနွေးကြသော တရားများကို နားမလည်တတ် သေး။ သို့သော် အရီးက တရားပွဲသို့ခေါ် ခေါ် သွားသဖြင့်မူ သူတို့တရားများကို နာခဲ့ရပါသည်။ ဆယ်တန်းလောက်ရောက်မှ အနည်းငယ် နားလည်စ ပြုလာပါသည်။ သို့သော် ရှင်းရှင်းလင်းလင်းတော့ မသိ။ ခြုံ၍ပြောရလျှင် သူတို့က အရာရာကို ပရမတ် လုပ်ပစ်လိုက်သည်။ ဆိုလိုသည်မှာ ပရမတ္ထတရား လေးပါးရှိရာ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ဖြစ်ကြောင်း မိတ်ဆွေတို့ သိပြီး ဖြစ်ပါသည်။ သို့အတွက် သည်လောကရှိသမျှအားလုံးတို့မှာ စိတ်၊ စေတသိက်၊ ရုပ်များချည်းဖြစ်သည်။ သို့အတွက် ဘုရားရုပ်တုကို ကိုးကွယ်စရာမလို၊ ဘုရားရုပ်ပုံကားချပ်မှာလည်း စက္ကူပေါ် အရုပ်ရေးထားခြင်းမျှသာ ဖြစ်သည်။ ဘုရားကို တကယ်ကြည်ညိုကိုးကွယ်ခြင်းဆိုသည်မှာ ဘုရားစကားနားထောင်ခြင်း၊ ဘုရားအလိုတော်ကျ နေထိုင်ကျင့်ကြံပွားများခြင်းသာ ဖြစ်သည် စသော အယူဝါဒမျိုးဖြစ်ပါသည်။

ဦးကြီးငချစ်မှာ တရားစာပေများလေ့လာကာ ကျက်မှတ်သည်။ ရွတ်ဖတ်သည်။ သည်မျှနှင့်မနေသေးပဲ လူတွေ့လျှင် ပညာစမ်းသည်။ ဘုန်းကြီးများနှင့် တရားအငြင်းအခုံ လုပ်သည်။ သူ့လောက်မပြောတတ်သူများကို မေးခွန်းများဖြင့် နှိပ်စက် တတ်သည်။ လူက ဤကဲ့သို့ ဂွတိုက်နေသော်လည်း အချို့သော သူ့အယူအဆများမှာ မှတ်သားစရာကောင်းသည်။ တစ်နည်း အားဖြင့်ဆိုရလျှင် သူတို့က ယောနိသောမနိသိကာရ ကို ကျင့်သုံးတတ်သည်။

(၃)

ကျွန်တော်နှင့်ရွယ်တူများဆိုလျှင် (အသက် ၅၀ တန်း) မေဆွိ၏သီချင်းအတော်များများကို နားထောင်ဖူးကြ ပါလိမ့်မည်။ ထိုသီချင်းများထဲမှ -

မခေါ်ခေါ်ခေါ် ခေါ်ခေါ်ခေါ်- အတင်းနှုတ်ဆက်မှာပဲနော်။
မကျွေးကျွေးကျွေး ကျွေးကျွေးကျွေး - ၀င်စားလိုက်မယ် လက်မနှေး။
မချစ်ချစ်ချစ် ချစ်ချစ်ချစ် - တို့ချစ်ဖို့သာ နံပါတ် တစ် -

- ဆိုသည့်သီချင်းကို မိတ်ဆွေများ နားထောင်ဖူး၊ ဆိုငြီးဖူးကြပါလိမ့်မည်။ ကျွန်တော့်ဦးကြီးငချစ်သည်ကား ဤ မေဆွိ သီချင်းကို အလွန်ကြိုက်ပေ၏။

သိပ်မှန်တာပေါ့ကွာ။ သူတို့က ခေါ်ချင် ခေါ်ချင်၊ မခေါ်ချင်၊ မခေါ်ချင်။ ကိုယ်က စ ခေါ်ကို ခေါ်ရမယ်။ ဟော၊ ကိုယ်ကလည်း သူတို့ကို စိတ်လိုလက်ရ ခေါ်ပြောနှုတ်ဆက်ရော၊ သူတို့ကလည်း မခေါ်ဘဲ မနေနိုင်တော့ဘူးလေ၊ ခေါ်ကို ခေါ်ရတော့မှာ။ သည်တော့ မိတ်ဆွေမပျက်တော့ဘူး။ နောက်ပြီး မချစ်ချစ်ချစ် ချစ်ချစ်ချစ် - တို့ချစ်ဖို့သာ နံပါတ် တစ် ဆိုတာလည်း သိပ်မှန်တဲ့စာသားကွ။ သူချစ်တာမချစ်တာ ကိုယ့်အလုပ်မဟုတ်ဘူး။ ဒါ သူ့အပိုင်း။ ဒါပေမဲ့ ကိုယ်က သူ့ကို မေတ္တာ မပျက်ရဘူး။ ချစ်ကိုချစ်ရမယ်။ ဒါ ငါပြောတာမဟုတ်ဘူးကွ။ ဘုရားဟောတာ။

- ဟု ဦးကြီးငချစ်က ပြောပါသည်။ ဤသည်မှာ သူတို့ အယူဝါဒ ဖြစ်ပါသည်။

ထိုသည့်အတွက်ကြောင့်လည်း ကျွန်တော် ဦးကြီးငချစ်ကို ချစ်ခင်လေးစား၊ သဘောကျရခြင်း ဖြစ်ပါသည်။ အခြားသူတို့ ဘာတွေဘယ်လိုယူယူ၊ ဘာတွေပြောပြော။ ကိုယ်မကြိုက်လျှင် မယူနဲ့ပေါ့။ ဒါပေမဲ့ သူတို့ရဲ့ ကောင်းတဲ့ အယူအဆတွေကိုမူ ကျွန်တော်တို့ အတုယူရပါမည်။

ဦးကြီးငချစ်က ကျွန်တော်တို့ရွာသား (၀ါးတောကွင်းရွာ)။ တစ်ရွာသူနှင့်အိမ်ထောင်ကျရာမှ ယောင်နောက် ဆံထုံးမပါ ဘဲ၊ ဆံထုံးနောက် ယောင်ပါကာ မိန်းမရှိရာရွာသို့လိုက်ပါ အခြေချ နေထိုင်ပါသည်။ ထိုရွာမှာ ကျွန်တော်တို့ရွာမှ သုံးမိုင်လောက် ဝေးသော ပိန္နဲကွင်းရွာ ဖြစ်ပါ၏။ သို့ဖြစ်၍ သူ့ညီအစ်ကို၊ မောင်နှမ အဆွေအမျိုးများရှိရာ ၀ါးတောကွင်းရွာသို့ ဦးကြီးငချစ် မကြာခဏသွားလေ့ရှိသည်။

တစ်နေ့သောအခါ ၀ါးတောကွင်းမှ ပြန်အလာ လမ်းတွင် အသိ ပိန္နဲကွင်းရွာသားတစ်ဦးနှင့်တွေ့ရှိ။ ထိုသူက မျက်စိ မျက်နှာပျက်လျှက် ကိုချစ်ရေ၊ ခင်ဗျားအိမ်တော့ မီးလောင်သွားပြီဗျို့။ ရှို့မီးဘဲ။ ရှို့တဲ့ကောင်က တခြားမဟုတ်ဘူး။ ခင်ဗျားတို့အိမ်နားက ---- တဲ့။

ထိုအခါ ဦးကြီးငချစ် ဘယ်လိုဖြစ်သွားပြီး မည်ကဲ့သို့ တုံ့ပြန်သည်ဟု မိတ်ဆွေများထင်ပါသနည်း။

ဟေ၊ ဟုတ်လား။ အေးပေါ့ကွာ။ ငါ့ကိုက မီးလောင်တတ်တဲ့ သစ်သားအိမ်ကို ဆောက်ထားမိတာကိုး။ အိမ်ဟောင်း မီးလောင်တော့လည်း အိမ်သစ်ရသပေါ့ကွာ - ဟူ၏။

ယောက္ဖဖြစ်သူများ၊ ဆွေမျိုးနီးစပ်တော်သူများက ထိုသူ့ကို တရားစွဲစေချင်ကြသည်။ သူတို့ မျက်မြင်သက်သေ လိုက်ပေးမည် ဆို၏။

အသာနေကြစမ်းပါကွာ။ မင်းတို့သက်သေလိုက်လို့ ငါ တရားနိုင်ပါပြီတဲ့။ ငါ အဲဒီအိမ် ပြန်ရလာမတဲ့လား။ ပြောပါဦး။ နောက်ပြီး တရားရုံးဆိုတာ မင်းတို့အသိဘဲ။ တရားတဘောင်ဖြစ်ပြီဆိုတာနဲ့ တရားလိုရော တရားခံပါ ရုံးကို အခေါက်ခေါက် သွားရတော့တာပဲ။ နောက်ပြီး ရှေ့နေပေးရ၊ တရားသူကြီး ပေးရနဲ့ ငါ့မှာ မီးလောင်လို့ကုန်တာက တစ်မျိုး၊ တရားဖြစ်လို့ ကုန်တာက တစ်မျိုး။ ငါတို့နှစ်ယောက်စလုံး၊ အချိန်တွေလဲကုန်။ ငွေတွေလဲကုန် ဖြစ်မှာ။ မိအေးနှစ်ခါနာတဲ့အလုပ်မျိုး ဘယ်လုပ်လိမ့်မလဲကွ။ ပြီးတာတွေ ပြီးပါစေတော့။ အဲဒီလို အချိန်ကုန် ငွေကုန်မဲ့အစား ငါ ကြိုးစားပြီး အိမ်အသစ်ထပ် ဆောက်မယ်ကွာ။

ဤသည်မှာ ဦးကြီးငချစ်၏ အင်မတန်ချစ်စရာကောင်းသော အယူဝါဒ ဖြစ်ပါသည်။ တစ်စုံတစ်ခုသော အကြောင်း ကြောင့် ကျွန်တော် ဒေါသထွက်ကာ မနေနိုင်မထိုင်နိုင်ဖြစ်လျှင် ဦးကြီးငချစ်က -

နေပါဦးဟေ့ကောင်၊ အဲဒီကောင်က မင်းဆီလာတာလား၊ မင်းက သူ့ဆီသွားတာလား။

ကျွန်တော်က သူ့ဆီသွားတာပေါ့ ဦးကြီးရဲ့။

အောင်မယ်မင်းရဲ့ ငါ့တူ။ မင်းကလည်း သွားစပ်ယှက်သေး။ မင်းကလည်း ဒေါသဖြစ်သေး။ မင်းဟာ မဟုတ်သေးပါ ဘူးကွာ။ သူကမင်းကို ရန်လာစတာမှမဟုတ်ဘဲ။ မင်းမကြိုက်ရင် သူနဲ့သွားမစပ်ယှက်နဲ့လေကွာ။

မိတ်ဆွေ။ သင်ဒေါသဖြစ်ရသည့် အကြောင်းများကို ပြန်စဉ်းစားကြည့်ပါလေ။ သူတို့က မိမိထံလာရောက် ပတ်သက်သည်ထက် မိမိက သူတို့နှင့်သွားရောက် စပ်ယှက်သည်က ပိုများတာ တွေ့ပါလိမ့်မည်။ မကြိုက်လျှင် သွားမပတ် သက်ပါလေနှင့်။ မနေနိုင်၍ မိမိကစ သွားပတ်သက်လျှင် ဒေါသမထွက်ပါလေနှင့်။ ဤသည်မှာ ကျွန်တော့်ဦးကြီး ဦးချစ်၏ အယူအဆ ဖြစ်ပါသည်။

ဤသည်ကို မြတ်စွာဘုရားက ယောနိသော မနသိကာရ ဟု ဟောထားခဲ့ပါသည်။ သင့်တင့်စွာနှလုံးသွင်းခြင်း ဟု ဘာသာပြန်တာ မှတ်သားမိပါသည်။

(၄)

နဂိုကတည်းက မသေချာလျှင် တစ်ရာတန်များထုတ်လာလို့ရပါသည်။ ဘဏ်က မင်းကိုပေးဘို့ ငါတို့မှာ တစ်ရာတန် အလုံအလောက်မရှိဘူးဟု ငြင်းမည် မဟုတ်ပါ။ ကျွန်တော်က တစ်ရာတန်တွေပေးပါဆိုလျှင် သူတို့က တစ်ရာတန်တွေချည်း ပေးမှာ ဖြစ်သလို ငါးဆယ်တန်ပေးပါ ဆိုလျှင်လည်း ငါးဆယ်တန်များပေးမှာ သေချာနေပါသည်။ မသေချာပါဘဲလျှက် တစ်ထောင်တန်များယူခဲ့ပြီးမှ UOB ဘဏ်ကို အဘယ်ကြောင့် တစ်ထောင်တန် လက်ခံသော စက်များမထားပေးရပါသနည်း ဟု သွားအပြစ်တင်သည်မှာ ကျွန်တော့်အလွန်လား၊ သူတို့အလွန်လား။

သဟာနှင့်တောင် ကျွန်တော် အလကားနေရင်း ဒေါသဖြစ်မိသွားသေးသည်။ ကိုယ်ကလည်းလွန်သေး။ ကိုယ်ကလည်း ဒေါသဖြစ်သေး။ အမှန်ဆိုရလျှင် POSB မှ UOB သို့ ငွေလွှဲလို့မရကတည်းက ဒေါသဖြစ်ချင်နေပြီ။ သို့သော် ဒေါသအကောင်မပေါက်သေး။ မျိုးစေ့ကလေးမျှ ရှိသေးသည်။ UOB စက်တွင် ငွေထည့်လို့မရတော့မှ ထိုဒေါသမျိုးစေ့ကလေး က အကောင်ပေါက်လာခြင်းဖြစ်သည်။ တကယ်ဆို POSB တို့ UOB တို့က ကျွန်တော့်ကို လာပတ်သက်တာမဟုတ်။ ကျွန်တော်ကသာ သူတို့နှင့် သွားပတ်သက်တာ ဖြစ်သဖြင့် သူတို့၏ စနစ်ကို လိုက်ကိုလိုက်နာရမည် ဖြစ်ပါသည်။ သူတို့ကို မကြိုက်လျှင် နောက်ဘဏ်တစ်ခုပြောင်း။ ဒါပဲ ရှိသည်။

သို့သော် ဦးကြီးငချစ်ကို အချိန်မီ သွားသတိရသဖြင့် ဖြစ်မည့်ဆဲဆဲ ဒေါသကနေ အတော်အသုံးမကျတဲ့ငါ ဟု ပြုံးမိကာ စိတ်လက် ပေါ့ပါးရွှင်လန်းသွားရသည်။ သို့အတွက် ဤကဲ့သို့စိတ်ဓါတ်မျိုးကို လက်တွေ့လေ့ကျင့်ပျိုးထောင် ပေးခဲ့သော ဦးကြီးငချစ်အား အလွန် ကျေးဇူးတင်မိပါသည်။

ယခုမူ ဦးကြီးငချစ်ကား မရှိတော့ပြီ။ အရာရာကို ယောနိသော မနသိကာရဖြင့် ရှုမြင်တတ်သော ဦးကြီးငချစ်သည် ကောင်းရာသုဂတိ လားပါစေသတည်း။ ဤစာတိုကလေးဖြင့် ဦးကြီးငချစ်အား ရှိခိုးကန်တော့ပါသည်။

ဤစာကလေးကို ဖတ်မိသော မိတ်ဆွေများသည်လည်း အရာရာကို ယောနိသော မနသိကာရဖြင့် ရှုမြင်တတ်သူများ ဖြစ်ကြပါစေ။

အေးငြိမ်း
၂၆-၁၁-၂၀၁၀။
၀၀း၁၃ နာရီ

No comments: