Saturday, January 23, 2010

ယောဂီစိတ္တရ ဓမ္မ၀ိဇ္ဖာ ဆရာကြီး-၁

(၁) ဦးဉာဏောဒရ

ဤစာကို မည်သူ့အားမျှ ထိခိုက်စေလို၍ ရေးခြင်း မဟုတ်။ ကျွန်တော်တို့တိုင်းပြည်တွင် ဘာတွေ ဖြစ်ပျက် နေသည်ကို အများသိစေရန် ရေးခြင်းမျှသာဖြစ်ပါသည်။ ဤသို့ရေးရာတွင်လည်း အကောင်းမြင်ဘက်မှ ရေးခြင်း မဟုတ်သလို အဆိုးမြင်ဘက်မှလည်း ရေးခြင်းလည်း မဟုတ်။ အရှိကို အရှိအတိုင်း မြင်ရသည်များကို အမြင် အတိုင်း တင်ပြထားခြင်း ဖြစ်ပါသည်။
မြန်မာပြည်တွင် ဤကဲ့သို့သော ပုဂ္ဂိုလ်နှင့် ဤ ကဲ့သို့သော ပုဂ္ဂိုလ်ကို ကြည်ညိုမြတ်နိုး ရှိခိုးဦးတင်နေ ကြသော လူများမှာ သိန်းပေါင်းများစွာ ရှိပါသည်။ သူတို့ သည် သာသနာပြုသည်ဟု ကြွေးကြော်ကာ ဘာသာရေး သမားလိုလိုနှင့် အမှန်တကယ် သာသနာ တိုးတက်ကြီးပွားကြောင်းကို ဘာမှမစွမ်းဆောင်ဘဲ တစ်နည်းအားဖြင့် သာသနာ ပြင်ပမှ မဟုတ်တန်းလျား အယူအဆများကို လူများအတွင်း သွတ်သွင်းပေးနေသူများသာ ဖြစ်ပေသည်။
နိုင်ငံတော်တစ်ခု တည်ဆောက်ရာတွင် ပြည်သူပြည်သား လူအများ၏ ဉာဏ်၊ လုံ့လ၊ ၀ီရိယတို့ဖြင့်သာ တည်ဆောက် နိုင်မည် ဖြစ်၏။ တိုင်းသူပြည်သား လူအများအား မဟုတ်မမှန်သောနည်းဖြင့် ငွေရှာခြင်းကို အားပေးနေခြင်းဖြင့် လည်းကောင်း၊ မိမိကိုမှီခို၍ အစားရချောင်နေခြင်းဖြင့် လည်းကောင်း လူအများရေသာခို အချောင်လိုက်ကာ အလုပ်လုပ်ချင်စိတ်များ လျော့ပါး ပျောက်ကွယ်လျှက် ပေါ့ပေါ့နေ ပေါ့ပေါ့စားလူတန်းစားတစ်ရပ် ပေါက်ဖွားလာခြင်းသည် တစ်နည်းအားဖြင့် နိုင်ငံအပေါ် သစ္စာမဲ့ ရာလည်း ရောက်ပေသည်။
၎င်းတို့ကို ၀ိဇ္ဖာဟု လည်းကောင်း၊ ဘိုးတော်ဟု လည်းကောင်း၊ ဘာဆရာကြီးဟု လည်းကောင်းခေါ်ပြီး တစ်ခါတစ်ရံ ထိုသူများမှာ ဘုန်းကြီးများပင် ဖြစ်နေတတ် ပါသေးသည်။ အချို့သော ဘုန်းကြီးများမှာ ကံအားလျော် စွာ ဘုန်းကြီးအဖြစ်နှင့် ရပ်တည်ခွင့်ရပြီး မြန်မာနိုင်ငံ တစ်ဝှမ်းမှ သိန်းပေါင်းများစွာသော လူတို့၏ ယုံကြည် ကိုးကွယ်ခြင်းကို ခံကြရပြီး အချို့သော ဘုန်းကြီးများမှာမူ နိုင်ငံတော်မှ ဘုန်းကြီးအဖြစ်ကို လက်မခံသဖြင့် လူဝတ် လဲလိုက်ရကာ၊ ရသေ့ယောင်ယောင်၊ ဘိုးသူတော် ယောင်ယောင်၊ ဂိုဏ်းဆရာကြီးယောင်ယောင် အဖြစ် ရပ်တည်နေကြပါသည်။
ကျွန်တော် ယခုတင်ပြမည့်သူမှာ ထိုသူများထဲမှ တစ်ဦးဖြစ်၏။
သူ့အမည်မှာ ဦးဉာဏောဒရ ဖြစ်ပါသည်။ သူ့ထံသွားပြီး ဓါတ်ပုံရိုက်ခွင့်တောင်းရင်းနှင့် သူ့အကြောင်းရေးမည်ဟု တစ်ပါတည်း ခွင့်တောင်းခဲ့ပါသည်။
“အရင်တုံးက စာရေးဆရာ မောင်မောင်မြင့်အေးလည်း သူ့အကြောင်းရေးဖူးပါတယ်။ သူဆို ဒီကို မကြာခဏ ရောက် ဖြစ်တယ်” ဟု သူ့ထံတွင် အမြဲနေထိုင် လုပ်ကိုင်ပေးနေသူ ဦးမိုးကုတ်၏ အမျိုးသမီးက ပြောပါသည်။ သို့သော် မောင်မောင် မြင့်အေးရေးသည့် ရှုထောင့်နှင့် ကျွန်တော်ရေးမည့်ရှုထောင့်မှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြောင်း သူတို့မသိပါ။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် သူနေထိုင်ရာ အေးရိပ်မွန်သို့ ကျွန်တော့်ညီဝမ်းကွဲတော်သူ သူ့တပည့်ရင်းချာ ကိုလှမိုးနှင့် သွားရောက်လေ့လာခဲ့ပါသည်။






(၂) နောက်ခံသမိုင်းကြောင်း

သူ့အကြောင်းကို ကျွန်တော်ကြားဖူးနေသည်မှာ ကြာပါပြီ။ ၁၉၈၇ ခုနှစ်လောက်ကတဲက ဖြစ်၏။ သို့သော် သေသေ ချာချာ မလေ့လာမိ။ သူ့သတင်းများကို နားစွန်နားဖျားတော့ မကြာခဏ ကြားနေရပါ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏ ညီတစ်ဝမ်းကွဲတော်သူ ကိုလှမိုး ဆိုသူမှာ သူ့ထံတွင် အမြဲနေထိုင်ကာ ဝေယျာဝစ္စများ လုပ်ကိုင်ပေးနေသူ ဖြစ်သောကြောင့် ဖြစ်ပါ၏။ သို့သော် အိမ်ထောင်ကျပြီးချိန်မှစကာ သူ့ထံတွင် အမြဲမနေတော့ဘဲ ရံဖန်ရံခါမှသာ လာရောက်လေ့ရှိကြောင်း သိရ ပါသည်။ သို့တိုင် တစ်ခါတရံ တစ်လကိုးသီတင်း နေထိုင်တတ်သည်ဟု ကိုလှမိုးက ပြောပါသည်။
သူ့အကြောင်း ဂဃနဏ သိချင်သည်နှင့် မြောင်းမြမြို့တွင် နေထိုင်သော ကိုလှမိုးကို ဖုံးဆက်ခေါ်ကာ သူနေထိုင်ရာ အေးရိပ်မွန် သို့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် လည်းကောင်း၊ သူတည်ထားမည့် ဖားစေတီနေရာသို့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် လည်းကောင်း သွားရောက်လေ့လာခဲ့ပါသည်။
ထို့နောက် ကိုလှမိုးက သူ့အကြောင်း အပြည့်အစုံကို အောက်ပါအတိုင်း ပြောပြပါသည်။
သူ့ဇာတိမှာ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ နယ်၊ ကွင်းကောက်တိုက်နယ်၊ ပိန္နဲကွင်းရွာ အရှေ့ပိုင်းရှိ လင်ကောင်ပိုးကျေးရွာ ဖြစ်ပါသည်။
ဖခင်မှာ သမားတော် ဆရာလှ ဖြစ်ပြီး မိခင်မှာ ဒေါ်စိန်ဝ ဖြစ်၏။ အင်္ဂါသား ဖြစ်ပြီး ငယ်နာမည် မောင်စိုးလေး ဟု ခေါ်သည်။
ခုနစ်လသားနှင့် မွေးသည်ဟု သိရပြီး ၁၂၉၀ ပြည့်နှစ်တွင် ဖွားမြင်ခဲ့သည်ဟု ပြောစ မှတ် ရှိပါသည်။

ငယ်စဉ်က လင်ကောင်ပိုးရွာ နှင့် သိပ်မဝေးလှသော သပြေကုန်းရွာတွင် သွား ရောက် ပညာသင်ကြားခဲ့သည်။ သပြေကုန်း ရွာတွင်ရှိသော သပြေကုန်း စာသင်တိုက်ကြီး မှာ ပညာတတ်အကျော်များ မွေးထုတ်နိုင် သဖြင့် အလွန်ထင်ရှားသည်။ မူလ ဦးစီးနာယက ဆရာတော်ကြီးမှာ ဘဒ္ဒန္တပညာဝံသ ဖြစ်၏။ ဆရာတော်ကြီးမှာ ပရိယတ္တိ၊ ပရိပတ္တိ စာပေများ သင်ကြားပို့ချပေးသည်။
ဦးဉာဏော၏ ငယ်စဉ် မောင်ရှင်ဘ၀ ဘွဲ့အမည်မှာ ရှင်စိတ္တရ ဖြစ်သည်။ ရဟန်းဘောင်သို့ တက်လှမ်းသည့်အခါမှ ဦးဉာဏောဒရ ဟု ပြောင်းလဲ မှည့်ခေါ်လိုက်ခြင်း ဖြစ်၏။
ထိုစဉ်က မန္တလေးမှ ရောက်လာသည်ဆိုသော အဘိုးရှမ်းဘုန်းကြီးမှာ လောကီ၊ လောကုတ် ပညာရပ် အစုံတတ် မြောက်သည်။ သူတတ်သလို သူ့တပည့်များကိုလည်း သင်ကြားပြသပေးသည်။ ရှင်စိတ္တရမှာ ငယ်စဉ်က ဉာဏ်အလွန် ထက်မြက်သူတစ်ဦး ဖြစ်ပြီး သင်ကြားပြသပေးသည့် စာပေကျမ်းဂန်များကို ခဏချင်းပင် အာဂုံဆောင် တတ်မြောက်ခဲ့သည်။ ဗုဒ္ဓစာပေ ပရိယတ္တိများသာမက အဘိုးရှမ်းဘုန်းကြီးထံတွင် တိုင်းရင်းဆေးပညာ၊ ဗေဒင်နက္ခတ်ပညာ၊ ရတုလင်္ကာ စသည် များကို နေ့နေ့ညည အပတ်တကုတ် ကြိုးစားသင်ယူခဲ့သည်။
ဉာဏ်ထက်သည့်သူ ဖြစ်သည့်အားလျော်စွာ ကိုရင်ဝတ်နှင့် ၇ ၀ါခန့်တွင် ပိဋကဋ်တော်လာ ဗုဒ္ဓစာပေများကို အတန် နှံ့နှံ့စပ်စပ် သင်ကြားလေ့ကျင့်ခဲ့ပြီး ဖြစ်ခဲ့သည်။ သို့သော် ကိုရင်စိတ္တရမှာ ပညာသင်ကြားရသည်ကို အားမရ။ အဆင့်မြင့် စာပေ ကျမ်းဂန်များကို ဆက်လက် ဆည်းပူးလေ့လာ သင်ယူလိုသေးသည်။ သို့အတွက် မန္တလေးရွှေမြို့တော်သို့ သွားရောက်ရန် အခွင့် ပေးပါမည့်အကြောင်း ဆရာတော်ဘုန်းကြီးသို့ လျှောက်ထားသော်လည်း ဆရာတော်ကြီးက ခွင့်မပြုခဲ့။ သို့သော် ရှင်စိတ္တ ကလည်း မန္တလေးသို့ သွားရောက်ရန် အလွန်စိတ်ထက်သန်နေသည့်အလျှောက် ဆရာတော်ကြီးကို အထပ်ထပ် လျှောက်ထား ရာ နောက်ဆုံးတွင် ခွင့်ပြုခဲ့သည်။
သို့နှင့် ရှင်စိတ္တဘ၀မှ ဦးဉာဏော ဖြစ်လာခဲ့သည်။ ဦးဉာဏောတွင် လေနာရှိသဖြင့် ငယ်စဉ်ကပင် ညနေစာကို စားသုံး ခဲ့ရသည်။ သို့သော် သူ့မှာ အစားအသောက်တွင် ဇီဇာကြောင်တတ်သူမဟုတ်။ ရှိသမျှနှင့် ရောင့်ရဲတင်းတိမ်တတ်သူ ဖြစ်သည့် အားလျော်စွာ ရလာသည့် ဆွမ်း၊ ဟင်းများကို သပိတ်ထဲတွင် ဘတ္တပိုင်ရောမွှေကာ ဘုဉ်းပေးသည်။ ဆွမ်းဘုဉ်းပေးပြီးသည့် အခါတွင် သပိတ်ကိုရေနှင့်ကျင်းကာ ထိုသပိတ်ကျင်းရေများကိုပါ သောက်ပစ်လိုက်သည်။
နောက်ပိုင်းတွင် ဘုရားတည်ခြင်း စသော သာသနာပြုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ပထမဦးစွာ ပုသိမ်အရှေ့မြို့နယ် ကန်ကြီးဒေါင့်ကျေးရွာတွင် ဆရာတော် ဦးပညာသုတနှင့်အတူသီတင်းသုံး နေထိုင်ခဲ့သည်။ ထို့နောက် မြောင်းမြမြို့တွင် ဘုရား ပျက်များကို ပြုပြင်ခြင်းများပြုလုပ်ခဲ့သည်။ ထိုမှတဖန် ပုသိမ်သို့ပြန်ကြွလာကာ ပုသိမ်အရှေ့မြို့နယ်၊ ကြုံဒရယ်ရွာမှ ဒါယိကာ ဦးအောင်မြ အိမ်တွင် ကြွရောက်သီတင်းသုံးနေထိုင်ခဲ့သည်။ သို့သော်လည်း ထိုအိမ်တွင် ခေတ္တခဏမျှသာ သီတင်းသုံးပြီး ပုသိမ်မြစ်အတွင်း၌ ရှင်ဥပဂုတ္တဖောင်တော်ကြီး ဆောက်လုပ်ကာ ထိုဖောင်တော်ကြီးပေါ်တွင်ပင် နေထိုင်ခဲ့သည်။
တစ်နယ်ထဲသားချင်း ဖြစ်သည့်အလျှောက် ကိုလှမိုးမှာ ဘုန်းကြီးအကြောင်းကို လေ့လာသိရှိ။ (ကိုလှမိုး၏ အမေ ဒေါ်စန်းနှင့် ထို ဘုန်းကြီးတို့မှာ ဆွေမျိုးနီးစပ်တော်သဖြင့် အကြောင်းသိအစင်းသိ ဖြစ်သည်။) ထို့နောက် ကိုလှမိုးမှာ ဘုန်းကြီးရှိရာ ပုသိမ်မြို့သို့ လိုက်သွားခဲ့သည်။
ကိုလှမိုးမှာ ဘုရားယောင်ယောင်၊ တရားယောင်ယောင်နှင့် ဘုရားစာများကို အလွတ်ကျက်ကာ ဟောသည့်ပြောသည့် နေရာတွင် လူများကြိုက်အောင် အာပေါင်အာရင်းသန်သန်နှင့် လေလုံးထွားတတ်လေရာ ၎င်းကို ဘုန်းကြီးက သဘောကျသည် နှင့် အနီးကပ်ပြုစုရန် အခွင့်အရေးကို ပေးသနားလိုက်လေသည်။ သို့အတွက် ဆယ်တန်းစာမေးပွဲကို သုံးခါပြန်ဖြေပြီးသည်နှင့် တပြိုင်နက် ကိုလှမိုးမှာ ဘုန်းကြီး၏ ကပ္ပိယအဖြစ် ဘုန်းကြီးသွားရာ လိုက်ပါနေခဲ့တော့သတည်း။
ဘုန်းကြီးမှာ ကွမ်းအလွန်ကြိုက်ပြီး မပြတ်အောင် စားလေ့ရှိသည်။ အဓိကအားဖြင့် ချဲဂဏန်းများပေးခြင်း၊ နာမကျန်းဖြစ်နေသူများကို ဆေးကုပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ ဥပမာအားဖြင့် - ဟာ၊ ငါးလေးတစ်ကောင် ခုန်ချသွားပြီကွ၊ ခုန်ချသွားပြီ ဟု ဘုန်းကြီးက ပြောလိုက်လျှင် လူတို့က ထိုစကားကို အတိတ်ကောက်ကာ ဂဏန်းအသွင်ပြောင်းပြီး ချဲထိုးကြ ခြင်း ဖြစ်သည်။ သို့သော် ထိုစကားမှာ ၅၄၁ ကို ဆိုလိုကြောင်း ပေါက်စဉ်ထွက်ပြီးမှ သိကြရတာများသည်။

No comments: