Saturday, January 23, 2010

ဘ၀ခါးခါး (ကိုမိုးသက်)

နာမည် - ကိုမိုးသက်
အသက် - ၂၉
ပညာအရည်အချင်း - ၀ိဇ္ဖာဘွဲ့ (သမိုင်း)
လက်ရှိအလုပ်အကိုင် - Seaman (under sea service)
လစာ - S$ 700.00

ကျွန်တော် ဒီအကြောင်းတွေကို ပြောချင်နေတာ ကြာပြီဗျ။ နိုင်ငံခြား၊ နိုင်ငံခြားနဲ့ တခြားလူတွေ အထင်ကြီးနေသလို ဘာမှ မဟုတ်ဘူး ဆိုတဲ့အကြောင်း ပြောပြချင်တာ။ ခုတော့ အကြောင်းအပေါင်းသင့်လို့ ပြောခွင့်ရတော့မှာပေါ့ ဟု ကိုမိုးသက် က ပြောပါသည်။ သူက သင်္ဘောသားဖြစ်ရန် လိုအပ်ချက် တစ်ခုဖြစ်သော Sea Service ယူရန် စင်ကာပူမှ Off Shore ကုမ္ပဏီတစ်ခု တွင် လာရောက် လုပ်ကိုင်နေသူ ဖြစ်ပါသည်။ သူပြန်ပြောပြသည့် သူ့ဘ၀အကြောင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁၅၊ ၁။ မလေးရှားသို့ သွားခြင်း

၂၀၀၅၊ ၅ လပိုင်း ၂၈ ရက်နေ့မှာ ကျွန်တော် မလေးရှားကို သွားတယ်။ မလေးရှားသွားတာတော့ အဖေ့အသိ အဆက် အသွယ်နဲ့ သွားတာပဲ။ သူက မင်း မလေးရှားသွားရင် စုစုပေါင်း ၈ သိန်းလောက် ကုန်မယ်။ နေစရာပေးမယ်။ အစားကျွေးမယ် ပြောတယ်။ ကျွန်တော်ကလည်း ပိုက်ဆံရမယ်ဆို လုပ်မယ် ပေါ့။ သူပြောတဲ့ အချိန်ကနေ ပါမစ် ကျလာတဲ့အချိန်ထိ ဘာမှ သိပ်မကြာဘူး။ လေးလလောက်ပဲ ကြာတယ်။ သူပြောတာ တော့ စားသောက်ဆိုင်မှာ လုပ်ရမယ် လို့ပြောတယ်။
သွားရမှာက စုစုပေါင်း ၄ ယောက်။ အဲဒါကို နှစ်ယောက်တစ်တွဲစီ လွှတ်တယ်။ ကျွန်တော်တို့ အဖွဲ့ထဲက ၆ ယောက်က အရင် သွားနှင့်ပြီ။ ရန်ကုန်လေယာဉ်ကွင်းထိတော့ အိမ်က လိုက်ပို့ကြတယ်။ အားလုံး ရှောရှောရှူရှူပါပဲ။ မလေးရှားလေယာဉ်ကွင်း ရောက်တော့ ညနေ ၆ နာရီလောက် ရှိပြီ။ မလေးရှားက အေးဂျင့်ကို ကျွန်တော်တို့ရောက်ပြီ ဆိုတဲ့အကြောင်း ဖုံးဆက် အကြောင်းကြားတယ်။ အေးဂျင့်က တရုပ်။ လာခဲ့မယ် ခဏစောင့်ဦးတဲ့ ပြောတယ်။
ကျွန်တော်တို့လည်း စောင့်တာပေါ့။ တရုပ် ရောက်လာပါတယ်။ ရောက်တော့ သူကပြောတယ်။ သူဌေးက ဆီလန်ဂေါက လာရမှာ။ အရမ်းဝေးတယ်။ မင်းတို့ ဒီမှာ နှစ်ရက်လောက် စောင့်ရလိမ့်မယ် တဲ့။ ပြောပြီး ဟမ်ဘာဂါတို့၊ ရေဗူးတို့ပေးတယ်။ ကျွန်တော်တို့လည်း စားသောက်ပြီး အိပ်တယ်။
အိပ်တယ် ဆိုတာဗျာ၊ ကျကျနန မဟုတ်ပါဘူး။ အဲယားကွန်းခန်းကြီးထဲက သမံတလင်းပေါ်မှာ ဒီအတိုင်း တန်းစီ အိပ်ရတာ။ အဲဒီမှာ မြန်မာတွေ အများကြီးပဲ။ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေ ရော။ ကုလားတွေရော။ အစုံပဲ။ တချို့ဆို သူဌေးလာမခေါ်လို့တဲ့။ ခုနစ်ရက်ရှိပြီ။ တချို့ကျတော့ သူဌေးက လာမခေါ်တော့လို့ လေယာဉ်ကွင်းက လှည့်ပြန်သွားရတဲ့ သူတွေလည်း အများကြီး။ ကျွန်တော်တို့ အဲဒီမှာ တစ်ရက်ပဲ စောင့်ရပါတယ်။
နောက်နေ့မနက်ကျတော့ သူဌေးက လာခေါ်လို့ စက်ရုံရောက်သွားရော။ သူတို့ပြောသလို စားသောက်ဆိုင်တော့ မဟုတ်ဘူး။ အချိုရည် စက်ရုံ။
အလုပ်ကတော့ ဘာမှ ပင်ပင်ပန်းပန်း လုပ်ရတာ မဟုတ်ပါဘူးဗျာ။ စက်ထဲက ထွက်လာတဲ့ အချိုရည် ပုလင်းတွေကို တံဆိပ်ကပ်၊ အဖုံးတွေကို ပလတ်စတစ်နဲ့ပိတ်။ ပိတ်တယ် ဆိုတာ gun နဲ့ ရိုက်ပြီး ပိတ်ရတာ။ လွယ်ပါတယ်။ ဒါပေမဲ့ လုပ်တာတော့ တစ်နေကုန်ပဲပေါ့။ မနက် ၈ နာရီကနေ ညနေ ၅ နာရီထိ။ အိုဗာတိုင် ရှိရင်တော့ ည ၉ နာရီထိ လုပ်ပေးရတယ်။ ၉ နာရီကျော်သွားရင် ညစာ ထမင်းတစ်နပ် ကျွေးတယ်။
လခက တစ်နေ့ကို ၁၆ ကျပ် (၁၆ ရင်းဂစ်) ရတယ်။ အိုဗာတိုင် ဆင်းရရင် တစ်နာရီကို ၃ ကျပ်၊ သုံးနာရီကို ၁၀ ပေးတယ်။ ပျမ်းမျှ တစ်လကို ၇၀၀ - ၈၀၀ လောက် ရတယ်။ စားတာတော့ ကိုယ့်ဟာကိုယ် ချက်စားပေါ့။ စားစရိတ်က အရမ်း သက်သာတယ်။ တစ်လ ၄-၅၀ လောက်ဆို လောက်တယ်။
မလေးရှားမှာတော့ ဘာလုံခြုံမှုမှ မရှိဘူး။ အချိန်မရွေး လုတာတို့၊ ဓါးပြတိုက်တာတို့ ခံရနိုင်တယ်။ တစ်ခါက ကျွန်တော်တို့ ဓါးပြတိုက် ခံရတယ်။ အဲဒီနေ့က လခ ထုတ်တဲ့နေ့။ နေရတာက စက်ရုံနဲ့ ကပ်လျှက် ကွန်တိန်နာမှာ။ အဲဒီမှာ လုံခြုံရေး အစောင့်လည်း ရှိတာပဲ။ Security ဆိုတဲ့ကောင်တွေက အလကား။ ဘိန်းစားကောင်တွေ။ ဘိန်းမူးပြီး အိပ်နေတာ များတာပဲ။
အဲဒီနေ့ ည နှစ်နာရီလောက်ကြီး ကားနှစ်စီးနဲ့ အိန္ဒိယ ကုလားတွေ ရောက်ချလာတယ်။ သူတို့ တံခါးခေါက်လို့ ကျွန်တော်တို့ကလည်း မသိတော့ ဖွင့်ပေးလိုက်တယ်။ ကဲ မင်းတို့ ရှိသမျှ ပိုက်ဆံ အကုန်ပေးတဲ့။ ခပ်တည်တည်ပဲ။ အဲဒီတော့မှ ကျွန်တော်တို့လည်း ဓါးပြတိုက်မှန်း သိရတာ။ ကျွန်တော်တို့လည်း လိမ်ရတာပေါ့။ အာ၊ ငါတို့မှာ ပိုက်ဆံဘယ်ရှိမလဲ ဆိုတော့ သူတို့က ဓါးထုတ်ပြီး ထောက်တယ်။ မင်းတို့ ပိုက်ဆံ ပေးမလား မပေးဘူးလား တဲ့။
ကျွန်တော်တို့ က ၆ ယောက်၊ ဒီကောင်တွေက ၁၀ ယောက်လောက် ရှိတယ်။ ဓါးတွေနဲ့ဆိုတော့ ဘယ်တတ်နိုင်မလဲ။ ပိုက်ဆံတွေ ထုတ်ပေးလိုက်ရတယ်။ ကိုယ်ထုတ်ပေးတာတောင် မဟုတ်ပါဘူးလေ။ သူတို့ဟာသူတို့ အကုန် မွှေနှောက်ရှာဖွေပြီး ယူသွားတာ။ သူတို့ မနက်လင်းအားကြီး ၃ နာရီကျော်လောက် ပြန်သွားတယ်။
သူတို့ပြန်တော့ ကျွန်တော်တို့ သူဌေးကို ဖုံးလှမ်းဆက်တယ်။ ဆက်တော့ သူဌေးနဲ့ရဲတွေ ရောက်ချလာတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မလဲ။ ဟိုကောင်တွေက ထွက်ပြေးသွားပြီ။ ဒါပေမဲ့ ကျွန်တော်တို့ကို လခတွေ အကုန်ပြန်ထုတ် ပေးပါတယ်။
သူဌေးက စိတ်မချလို့ ဆိုပြီး အဲဒီနေရာမှာ ကျွန်တော်တို့ကို ဆက်မထားတော့ဘူး။ အခန်းတစ်ခန်း ငှားပေးတယ်။ စက်ရုံကနေ နာရီဝက်လောက် လမ်းလျှောက်ရတယ်။ အခန်းကတော့ တော်တော်လေး သန့်တယ်။ ငှားခ တစ်လကို ၃၀၀ ပေးရတယ် တဲ့။ စုစုပေါင်း ၆ ယောက်နေရတယ်။
စက်ရုံနဲ့ အဲဒီ အခန်းကြားမှာ ရထားလမ်း ခုံးကျော်တံတား တစ်ခုရှိတယ်။ အဲဒီ ရထားလမ်းမှာကလည်း မကြာခဏ ယာဉ်တိုက်မှုဖြစ်ပြီး လူသေတတ်တယ်။ အဲဒီ ခုံးမရောက်ခင် ကားလမ်းမကြီး တစ်ခုရှိတယ်။ အဲဒီ ကားလမ်းကလည်း ကား အသွားအလာ အရမ်းများတယ်။ လူကူးစရာ နေရာမရှိဘူး။ ကားလမ်းကူးဘို့ တစ်ခါတလေ နာရီဝက်လောက် စောင့်ရတယ်။
အဲဒီ အခန်းရောက်ပြီး သိပ်မကြာပါဘူး။ လေးလလောက်ကြာတော့ တစ်ခါ ၀ိုင်းလုပြန်ရော။ ဒီတစ်ခါ လုတာက အင်ဒိုနီးရှား ကုလားတွေ။ ရထားလမ်း ခုံးအဆင်းမှာက မီးမရှိဘူး။ မှောင်မဲနေတယ်။ အဲဒီနေရာကနေ စောင့်ပြီးလုတာ။ ကျွန်တော်တို့လည်း တော်တော်လန့်သွားတယ်။ ဒါနဲ့ သူဌေးကို မင်း ငါတို့ကို အိမ်ထိလိုက်ပို့ပါ။ အဲဒီလို လိုက်မပို့နိုင်ရင်တော့ ငါတို့ အလုပ်မဆင်းနိုင်ဘူး လို့ ပြောတယ်။ ဆိုတော့ ညပိုင်း ၉ နာရီတို့ ဘာတို့ ဆင်းရရင် သူဌေးက သူ့ကားနဲ့ လိုက်ပို့တယ်။
ဆိုးတာက မလေးရှားမှာက ဘတ်စ်ကားပေါ်မှာတောင် မြန်မာလို မပြောရဲဘူး။ ကားပေါ်မှာကို ပေါ်တင်လုတာ။ အရမ်းကြမ်းတယ်။ ဂျိုဟိုးလောက်ဆို သိပ်မဆိုးဘူး။ ကွာလာလမ်ပူ ဘက်မှာဆို အရမ်းဆိုးတယ်။ ပိုက်ဆံဆိုရင် ဒီ စင်ကာပူမှာလို ပေါ်တင်ကိုင်လို့ မရဘူး။ ခြေအိတ်ကြားထဲ ထည့်ထားရတယ်။
ဒီလို ထည့်ရခြင်းကလည်း အကြောင်း နှစ်ခုရှိတယ်။ တစ်ခုက လုမှာကြောက်လို့။ နောက်တစ်ခုကတော့ ရဲ ရန် ကြောက်လို့ပဲ။ ဘယ်လောက် ဆိုးသလဲဆို တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လို့ မကျေနပ်ရင် ပိုက်ဆံ ၅၀၀ လောက်ပေးပြီး ရှော့ ပစ်လိုက်လို့ ရတယ်။ ကျွန်တော်တို့ဆီမှာ မြန်မာပြည်က ဖိုက်တာတွေ ရှိတာပဲ။ ဒါပေမဲ့ ဒီကောင်တွေနဲ့ ပြိုင် မမိုက်ရဲဘူး။
ဒီကောင်တွေက သေမထူး၊ နေမထူး ဆိုတဲ့ အကောင်တွေ။
ကျွန်တော် အဲဒီစက်ရုံမှာ ၂ နှစ်ကြာခဲ့တယ်။ သက်တမ်း ထပ်မတိုးတော့ဘူး။ သူဌေးကတော့ တိုးစေချင်တယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီမှာ ဆက်မလုပ်ချင်တော့ဘူး။ ဒုတိယနှစ်မှာတော့ လခကို ၈၅၀ ထိ တိုးပေးတယ်။ ဒါပေမဲ့ဗျာ၊ စုမိတယ် မရှိပါဘူး။ ပျင်း၊ ပျော်၊ ပျက်၊ ပြေး ဆိုတဲ့ စကားလိုပေါ့။ ရောက်စကတော့ ပျင်းလို့ မနေတတ်ဘူး။ နောက်တော့ ပျော်သွားတယ်။ အပျော်လွန် တဲ့ နောက်တော့ ပျက်တော့တာပဲ။ အဲဒီတော့ အဲဒီမှာ မနေနိုင်တော့ဘူး။ တစ်ခါထဲ ပြေးရတဲ့ဘ၀ ရောက်တာပဲ။
ကျွန်တော်မြင်တာကတော့ မလေးရှားမှာ လုပ်ဖူးသူတစ်ယောက်အနေနဲ့ ဘယ်နိုင်ငံမှာ လုပ်ရလုပ်ရ လုပ်နိုင်သွားပြီ။ ဒါ့ထက်ဆိုးစရာ မရှိနိုင်တော့ဘူးလို့ ဒီလိုပဲထင်တယ်။ အနို့ အဲဒီမှာလုပ်ရတာ အင်မတန် အန္တရာယ်များတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ မြန်မာတစ်ယောက်နဲ့ အင်ဒိုနီးရှား နှစ်ယောက် ရန်ဖြစ်ကြတယ်။ ပထမ မြန်မာက ထိုးလိုက်တာ အင်ဒိုနီးရှား ကောင် ကွဲပြဲသွားတယ်။ ဒါပေမဲ့ ဟို အင်ဒိုတစ်ယောက်က အဲဒီမြန်မာရဲ့ မျက်နှာကို အက်စစ်နဲ့ပက်တာ မျက်လုံးလည်း ကန်းသွားတယ်။ မျက်နှာတစ်ခုလုံးလည်း ရစရာမရှိဘူး။
ကျွန်တော်ဆိုလိုချင်တာက မလေးရှားမှာ လုံခြုံမှုမရှိဘူး။ ကျီးလန့်စာ စားနေရတယ်။ မြန်မာပြည်က မလေးရှားသွားဘို့ လုပ်နေသူတွေကို ကျွန်တော်ပြောချင်တာကတော့ မသွားပါနဲ့။ အန္တရာယ်က လက်တစ်ကမ်းမှာ ရှိနေပါတယ် ဆိုတာပဲ။

၁၅၊ ၂။ စင်ကာပူ တွင် သင်္ဘောသားဖြစ်ရန် ကြိုးစားခြင်း

အမှန်ကတော့ ကျွန်တော်ဖြစ်ချင်တာက သင်္ဘောသား။ ဆယ်တန်းအောင်တော့ သင်္ဘောလိုင်းလိုက်ဖို့ ကျောင်းတက်ရ လောက်အောင် အမှတ်ကမမီဘူး။ ဒါနဲ့ အေးဂျင့်တွေ လျှောက်မေးတာပေါ့။ ဘယ်အေးဂျင့် မေးလိုက်မေးလိုက် သင်တန်းတွေ တက်ရမယ်။ တစ်နှစ်စောင့်ရမယ် ဆိုတာချည်းပဲ။ အဲဒီ ၂၀၀၅ ခုနှစ်တုံးက အေးဂျင့်ဖီးက ၄၅ သိန်း။ သင်္ဘောပေါ် အရောက်ပေါ့။ ပိုက်ဆံကုန်မှာကလည်း စိုးသေးတော့ တော်တော်နဲ့ မလုပ်ဖြစ်ဘူး။
သင်္ဘောသားဖြစ်ဖို့ ပထမဆုံး Eye Test အလျင်ဖြေရတယ်။ ဖြေခ နှစ်သောင်းပေးရတယ်။ သုံးခါ ဖြေရတယ်။ သင်္ဘောကျင်းမှာပဲ ဖြေရတာ။ ဘာမှ အထွေအထူးတော့ မဟုတ်ပါဘူး။ မီးရောင်တွေကို အရောင်မှန်မှန် မြင်မမြင် စစ်တာ။ အစိမ်းရောင်လား။ အနီရောင်လား။ Eye Test အောင်မှ သင်္ဘောသား Appointment ၀ယ်ရတယ်။ အဲဒီ Appointment စာရွက်ကို ၃ သိန်း နဲ့ ၀ယ်ရတယ်။ သူက သပ်သပ်ဝယ်ယူ ရတာ။ Appointment စာရွက်ရပြီ ဆိုရင် CDC စာအုပ် ထုတ်လို့ရပြီ။ အဲဒါတွေ လုပ်လိုက်တာ စုစုပေါင်း ၁၈ သိန်းလောက် ကုန်တယ်။
အဲဒါရပြီးရင် သင်တန်းတွေ တက်ရမယ်။ တစ်နှစ်။ ကြိုးချည်နည်း၊ ဖြေနည်း။ အင်္ဂလိပ်စာ သင်တန်း စသဖြင့်ပေါ့။ ကျွန်တော် မတက်ခဲ့ဖူးလို့ သေသေချာချာတော့ မပြောပြနိုင်ဘူး။
သင်္ဘောသား ဖြစ်ရေးအတွက် လိုက်စုံစမ်းတာ စုံနေတာပဲ။ တော်တော်နဲ့ကို အဆင်မပြေနိုင်ဘူး။ ကျွန်တော်က မလေးမှာ လုပ်လာတာ ဆိုတော့ အဲဒီလို ဟိုလိုလို ဒီလိုလိုနဲ့ ယောင်ခြောက်ဆယ် ဖြစ်နေတာကို သည်းမခံနိုင်တော့ဘူး။ အလုပ်မလုပ်ပဲ လေနေတဲ့ ဒါဏ်ကို မခံစားနိုင်တော့ဘူး ဆိုပါတော့။ အဲဒါနဲ့ မထူးဘူးဆိုပြီး စင်ကာပူသွားလို့ရမဲ့ လမ်းကြောင်း လိုက်ရှာတယ်။
အဲဒီမှာ လန်ကစ္စတာလမ်းက အေးဂျင့်တစ်ခု နဲ့ သွားတွေ့တယ်။ သူက စင်ကာပူကို လူတွေအများကြီး ပို့နေတာ။ ခုဆို သူဌေးဖြစ်နေပြီ။ သူ့ဆီမှာ စင်ကာပူလာနိုင်ဘို့ welding သင်တန်း တက်ရတယ်။ သင်တန်းကြေး တစ်သိန်းခွဲ သွင်းရတယ်။ ဘာမှ ရေရေရာရာ မဟုတ်ပါဘူး။ ဆရာတွေကလည်း သူရို့စိတ်ကူးရှိရာ သင်ချင်တာသင်တာပဲ။
သိပ်မကြာပါဘူး။ Seaman တစ်ယောက်လိုတယ် တဲ့။ သတင်းရတယ်။ ပတ်စ်ပို့စာအုပ်ကလည်း seaman စာအုပ်နဲ့မှ ရမှာကိုး။ အဲဒီစာအုပ်က ကျွန်တော်တစ်ယောက်ထဲရှိတာ ဆိုတော့ ကျွန်တော့်ကို သူတို့အင်တာဗျူးတယ်။ သူဌေးက ဗျူးတာ။ ကျွန်တော်က မလေးရှား အတွေ့အကြုံ ရှိထားတာဆိုတော့ အရွေးခံရတယ်။ ရွေးလည်းပြီးရော တင်လိုက်တာ။ ဘာမှ မကြာလိုက်ဘူး။ ဒီနေ့တင်၊ နက်ဖြန်လို IPA ကျလာတာပဲ။ IPA Letter ကို စင်ကာပူကနေ Fax နဲ့လှမ်းပို့ပေးလိုက်တယ်။
အေးဂျင့်ဖီးက ၃၅ သိန်းပေးရတယ်။ လခက Basic Pay ၇၀၀၊ allowance က ၁၀၀။ ပေါင်း ၈၀၀ ပေါ့။ နေတာ သူတို့စီစဉ်ပေး တယ်။ အချိန်ပို ဆင်းရတာနဲ့ဆို တစ်လကို ၁၄၀၀၊ ၁၅၀၀ လောက် ထုတ်ရပါတယ်။
ကျွန်တော်ကလည်း သဘောကျတယ်။ မြန်မာပြည်မှာ တစ်နှစ်နေပြီး သင်တန်းတွေ လျှောက်တက်နေမဲ့ အစား ဒီအလုပ်ကို တစ်နှစ်လုပ်ပြီး အတွေ့အကြုံယူတာကျတော့ ပိုက်ဆံလည်းရတယ်။ လက်တွေ့လည်း တတ်သွားတာပေါ့။ တက်ရမဲ့ သင်တန်းတွေကတော့ ကြိုးချည်နည်းတို့ ဘာတို့၊ သင်္ဘောနဲ့ပတ်သက်တာတွေပေါ့။ ဒါတင်မရဘူး။ သင်္ဘောကျင်းတွေမှာလည်း Dock ဆင်းရမယ်။ နောက်ပြီး အင်္ဂလိပ်စာ သင်တန်းလည်း တက်ရဦးမယ်။
ပြောပါတော့ အဲဒီလိုနဲ့ စင်ကာပူကို ဇူလိုင်လ ၂၈ ရက်၊ ၂၀၀၈ မှာ ထွက်ခဲ့တယ်။
လုပ်ရတာက သင်္ဘောကြီးတွေပေါ်ကို မော်တော်ဘုတ် (motor boat) ကလေးတွေနဲ့ သွားပြီး ကုန်ခြောက်တွေ သွားပို့ရတယ်။ ဘီစကစ်၊ အအေးဗူး စတဲ့ အစားအသောက်နဲ့ လူ့အသုံးအဆောင်တွေ သွားသွား ပို့ပေးရတာ။ နောက် သူတို့ပေးလိုက်တဲ့ D.O (Delivery Order) စာရွက်စာတမ်းတွေ ပြန်ယူလာ စသဖြင့်ပေါ့။ ပို့ခယူတာ တော်တော်များတယ်။ ပစ္စည်းကမှ ၃၀၀ ကျော်လောက် တန်တာ။ သင်္ဘောနဲ့ တစ်နာရီလောက် မောင်းရတဲ့ ခရီးကို ၅၅၀ လောက် တောင်းတယ်။ သုံးနာရီ မောင်းရတဲ့ခရီး ဆို ၁၀၀၀ ကျော်ပေးရတယ်။
သူတို့အတွက် အရေးကြီးတာက ပစ္စည်းမဟုတ်ဘူး။ ပစ္စည်းတွေထက် ပိုအရေးကြီးတာက D.O။ ဒါနဲ့မှ သူတို့ ပိုက်ဆံ ပြန်တောင်းလို့ ရမှာကိုး။ အဲဒီ D.O မှာ လက်မှတ်ထိုးဘို့၊ နောက်ပြီး သင်္ဘောတံဆိပ်တုံးပါဘို့ အရေးကြီးတယ်။ ကုန်ကုန်ပြောရရင် ပစ္စည်းရေထဲကျသွားတောင်မှ ပိုက်ဆံတောင်းလို့ရတယ်။
ပြောရဦးမယ်။ တစ်ခေါက်မှာ Tanker သင်္ဘောကြီးပေါ် ပိုက်လုံးတွေ ပို့ရတယ်။ အဲဒါ ကရိန်းကနေ ဘယ်လိုဘယ်လို လွတ်ကျသလဲတော့ မသိဘူး။ ပိုက်ပြုတ်ကျပြီး ဘုတ်(Boat) ပေါက်သွားတယ်။ ဘုတ်ထဲ ရေတွေဝင်တော့ အသက်ကယ်လှေ တွေပေါ် စုပြုံတိုးတက်ကြတာပေါ့။ ဘုတ်ပေါ်မှာက အသက်ကယ် လှေတွေရှိတယ်။ နောက် အဲဒီဘုတ်နဲ့တွဲထားတဲ့ ကြိုးကိုဖြတ်ချ။ မချရင် ဘုတ်က တန်းလန်းကြီး ဖြစ်နေမှာကိုး။ အသေအပျောက် မရှိပေမဲ့ ပထမဆုံး အတွ့အကြုံဆိုတော့ ကျွန်တော့်မှာ အတော့်ကို သည်းထိတ်ရင်ဖို ဖြစ်သွားတယ်။ ဘုတ်တွေမှာ အရေးပေါ် ခလုတ်ရှိတယ်။ အဲဒီခလုတ်ကို နှိပ်လိုက်ရင် နာရီဝက် အတွင်း ကင်းလှည့်နေတဲ့ ရဲသင်္ဘောတွေ ရောက်လာတတ်တယ်။
သင်္ဘောတွေပေါ်မှာက ဖိလစ်ပင်းများတယ်။ မြန်မာတွေလည်း ပါတတ်တယ်။ တစ်ခါကဆိုရင် သင်္ဘောတစ်စီးလုံး မြန်မာတွေချည်းပဲ။ သင်္ဘောကက်ပတိန်ကစ မြန်မာ။ ကိုယ်ကတော့ ကိုယ့်မြန်မာချင်း ဆိုပြီးတော့ ကိုယ့်အလုပ် ဟုတ်ဟုတ် မဟုတ်ဟုတ် ၀ိုင်းလုပ်ပေးတယ်။ အဲဒီမှာ Chief Officer ကလည်း မြန်မာပဲ။ သူက ဟေ့ကောင်၊ ဒီပစ္စည်းတွေ ချပေး တဲ့။ အလိုဗျာ၊ ကျွန်တော်တို့အလုပ်က သင်္ဘောဆီ လာပို့ပေးရုံပဲ။ ကျွန်တော် စေတနာရှိရင် ချပေးချင် ချပေးမယ်ပေါ့။ ဒါပေမဲ့ တကယ် ယူရမှာက သူတို့။ ခုတော့ အကြောကြီးနဲ့ ကျွန်တော့်ကို ချပေး တဲ့။
ကျွန်တော်လည်း စိတ်တော်တော် အချဉ်ပေါက်သွားတာနဲ့ ဦး လို့။ ဘာဖြစ်လို့ ဒီလို ပြောရတာလဲ။ ဦးတို့မယူလို့ ကျွန်တော်တို့ ပြန်ယူသွားရင်လည်း ဘာမှ မဖြစ်ဘူး လို့ ပြန်ပြောလိုက်တယ်။ မင်းတို့ပို့တဲ့ပစ္စည်း မင်းတို့မချပေးလို့ ဘယ်သူ ချပေး မလဲ တဲ့။ သူက မာရေကျောရေနဲ့။ မသကာ ညီလေးရေ၊ အစ်ကိုတို့ကိုတော့ ဒါတွေ ကူချပေးကွာ ဆိုလည်း ကျွန်တော်တို့ နေပါ့ မလားဗျာ။ တခြားဟာတွေတောင် ၀ိုင်းလုပ်ပေးနေသေးတဲ့ဟာ။
ဦးတို့ မယူချင်လဲ နေ။ ကျွန်တော်တို့ ပိုက်ဆံ claim လုပ်ရမှာ ဒီပစ္စည်းတွေနဲ့ မဟုတ်ဘူး။ ဟောဒီ D.O နဲ့ လို့ပြောလိုက်မှ သူတို့ဟာ သူတို့ သယ်တော့တယ်။ အဲဒီလိုလည်း ကြုံရသေးတယ်ဗျာ။
Anchorage (အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် သင်္ဘောကြီးများ ကျောက်ချရပ်နားရာ နေရာ) ကျတော့ ဟို့ ပင်လယ် ထဲရောက်သွားပြီ။ အရမ်းအန္တရာယ်များတော့ ကျွန်တော်တို့လို အတွေ့အကြုံမရှိသေးတဲ့ သူတွေ မလွှတ်ဘူး။ အတွေ့အကြုံ ရင့်ပြီးတဲ့သူတွေပဲ လွှတ်တယ်။
အရင်တုံးကတော့ Pasir Panjan Ferry Terminal ကနေ သွားရတယ်။ ဒါပေမဲ့ ခုတော့ Penjuru Terminal ကိုပြောင်း လိုက်တယ်။ အဲဒီမှာ ကျွန်တော်တို့ရုံးခန်းလည်း အဲဒီမှာပဲ။ အဲဒီမှာ ပစ္စည်း supply လုပ်တဲ့ ကုမ္ပဏီတွေချည်း စုနေတယ်။ စုစုပေါင်း ၁၃ ခုလောက်ရှိတယ်။ ကျွန်တော်တို့က ပစ္စည်း supply လုပ်ရတာ သီးသီးပဲ။ တခြားဘာမှ မလုပ်ရဘူး။
ပစ္စည်းပို့ဘို့ ဘုတ်တစ်ခေါက်ထွက်ရင် လူ ၃ ယောက်ပါတယ်။ ဘုတ်မောင်းတဲ့သူ တစ်ယောက်ရယ်။ အောက်က ချိတ်ပေးမဲ့လူ တစ်ယောက်။ အပေါ်တက် ဖြုတ်ရမဲ့လူ တစ်ယောက်။
ပင်လယ်ထွက်ရတာ အရမ်း အန္တရာယ်များတယ်။ တစ်ခါတုံးကဆို ကျွန်တော်တို့ ဘုတ်မှာ။ အောက်က ပစ္စည်းချိတ်ပေး တဲ့သူကို ချည်တဲ့ခါးပတ်ကြိုးနဲ့ ရိုက်မိတာ နှာခေါင်းရိုး ကျိုးသွားတယ်။ ကြိုးကကျအလာ ဘုတ်ကအစောင်း ဆိုတော့ ကြိုးအဖျားနဲ့ ခတ်သွားတာ။
တစ်ခါတစ်ခါ ပစ္စည်းတင်နေတုံး မိုးက သည်းကြီးမည်းကြီးရွာ။ လှိုင်းကလည်း အရမ်းလူးနေတယ်။ ကျွန်တော်တို့ Life Jacket (သက်ကယ်အင်္ကျီိ) တွေ ၀တ်ထားရတယ်။ ပင်လယ်ထဲလဲ ပြုတ်ပျက် ကျတာပဲ။ သေကံမရောက် သက်မပျောက်လို့သာ။ တစ်ခါတော့ အိန္ဒိယ Boarding Officer တစ်ယောက်ဆို သင်္ဘောပေါ်တက်သွားရင်း gangway (ကုန်းဘောင်) ပြတ်ကျတာ။ gangway က စိတ်မချရဘူး။ ပင်လယ်ရေတွေနဲ့ အမြဲထိနေတော့ သံချေးတွေကိုက်ပြီး ဆွေးနေပြီ။
သွားတာတော့ အင်ဂျင်နီယာတွေနဲ့ သုံးယောက် သွားတာပဲ။ ဒါပေမဲ့ ဒီကောင့်အလှည့်မှာ ပြတ်ကျတာ။ သူလည်း gang way နဲ့ လွတ်ရာ ပင်လယ်ထဲကို ခုန်ချသွားတယ်။ မဟုတ်လို့ gangway နဲ့သာ ရိုက်မိရင် သေပြီ။ သူတို့သုံးယောက်လုံးမှာ Life Jacket မပါဘူး။ တော်သေးတာပေါ့။ သူက ရေကူးတတ်လို့။ သူပြုတ်ကျသွားတာနဲ့ ဘောတွေ ပစ်ချပေးလိုက်တယ်။ တော်သေး တယ်။ ဘာမှ မဖြစ်ဘူး။
အဲဒီမှာ ရဲ ကင်းလှည့်သင်္ဘောတွေ ရောက်လာတယ်။ ရဲတွေက ကက်ပတိန်ကို မေးတာပေါ့။ ဘယ်လိုဖြစ်တာလဲ လို့။ တကယ်ဆို officer အနေနဲ့ တိုင်လို့ရတာပေါ့။ ဒါပေမဲ့ သူလည်း တိုင်တော မနေတော့ဘူး။ သူတို့နဲ့ ကျွန်တော်တို့နဲ့က ကိုင်းကျွန်း မှီ၊ ကျွန်းကိုင်းမှီ လုပ်နေကြရတာကိုး။ ဒါနဲ့ ပြီးသွားရော ဆိုပါတော့။
မလွယ်ဘူးဗျို့။ ရေထဲမှာ လုပ်နေရတာ။ အန္တရာယ်ချည်းပဲ။
တစ်ခါတလေ super tanker ကြီးတွေဆီ သွားပို့ရတယ်။ နောက်ပြီး ဒီကောင်ကြီးတွေက empty (ကုန်မပါ၊ ဗလာ သင်္ဘော) တွေ။ သင်္ဘောကကြီးလို့ နဂိုကတည်းက မြင့်ပြန်။ ကုန်မတင်ထားလို့ ရေပေါ်ပေါ်နေပြန် ဆိုတော့ အမြင့်ကြီးတွေ။ ပြုတ် ပျက်သာ ကျလို့ကတော့ ရှင်နိုင်စရာ လမ်းမရှိဘူး။ ကုန်တင်ထားရင် ရေထဲကို သုံးပုံနှစ်ပုံလောက် မြုပ်နေလို့ တော်သေးတယ်။
အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ညနေ ၅ နာရီပဲ။ ဒါပေမဲ့ ပစ္စည်းမပို့ရတဲ့ နေ့တွေဆို အားနေတယ်။ ကွန်တိန်နာ ထဲမှာ တစ်နေကုန် ကော်ဖီသောက်လိုက်၊ စာဖတ်လိုက်နဲ့ အချိန်ဖြုန်းရတာပဲ။ ဒီနေ့ဆို အလုပ်မရှိလို့ နေ့ခင်း ၁၂ နာရီကတည်းက ကျွန်တော်တို့ အပြင်ထွက် လည်နေတာပဲ။
လုပ်သက် တစ်နှစ်ရရင် တုံးတစ်တုံး ထုပေးတယ်။ ကုမ္ပဏီနဲ့ သင်္ဘောက ထုပေးတာ။ လုပ်သက် သုံးနှစ်ရလို့ တုံးသုံးတုံး ထုပြီးသွားရင် စာမေးပွဲ ဖြေလို့ရပြီ။ ဒါပေမဲ့ အဲဒီ တုံးကလည်း အလကားတော့ မရဘူး။ အမေရိကန် ဒေါ်လာ ၂၀၀ နဲ့ ၀ယ်ယူရ တာ။ ပိုက်ဆံပေးရတာတော့ သိပ်မများပါဘူး။ လုပ်ရတာကတော့ အသက်နဲ့ရင်းပြီးကို လုပ်ရတာပဲ။ ကျွန်တော်ကတော့ သေမှာ သိပ်ကို မကြောက်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မလေးရှားမှာလုပ်ပြီး တစ်နှစ်ပြည့်တဲ့နေ့မှာ ကားမှောက်တယ်။ ဘီးပေါက်ပြီး မှောက်တာ။ ကံကောင်းလို့ပေါ့။ အကုန်သေကုန်တော့မလို့။ သူဌေးကလည်း တော်ပါတယ်။ ကားမှောက်တဲ့ နေရာ ချက်ချင်းလိုက်လာပြီး အကုန်လုပ်ကိုင် ပေးတယ်။ အဲဒီကတည်းက ကျွန်တော်သေမှာ မကြောက်တတ်တော့ဘူး။ သေတစ်နေ့ မွေးတစ်နေ့ပဲ လို့ သဘောထားတတ်လာ တယ်။
မနက်ဖြန်နေ့ခင်း ၂ နာရီမှာ ပင်လယ်ဆင်းရမယ်။ ကျွန်တော်တို့အဖို့တော့ ရိုးနေပါပြီ။ သင်္ဘောသားဖြစ်လည်း တစ်ချိန်လုံး ပင်လယ်ထဲ နေရမှာပဲ မဟုတ်လား။
ဒါကတော့ ကျွန်တော့်ရဲ့ သင်္ဘောသား တစ်ပိုင်း ဘ၀အတွေ့အကြုံလေးတွေပေါ့ဗျာ။ သင်္ဘောသားစစ်စစ်တွေဆို ကျွန်တော့်ထက် ပိုဆိုးမလား မပြောတတ်ဘူး။

သုံးသပ်ချက်

ကိုမိုးသက်မှာ စင်ကာပူတွင် လုပ်နေသည် ဆိုသော်ငြားလည်း ကုန်းပေါ်တွင် လုပ်နေရခြင်းမဟုတ်။ သင်္ဘောသား ဖြစ်ရေးအတွက် ပင်လယ်တွင်းဆင်းကာ sea service ယူနေသူ ဖြစ်သဖြင့် အခြား ကုန်းပေါ်တွင် လုပ်ကိုင်နေသူများနှင့် အတွေ့အကြုံခြင်း မတူပါ။ သို့သော် အသက်နှင့်ရင်းကာ လုပ်နေရသော သူတို့ဘ၀ကို အများသိနိုင်ရန် ကြားညှပ်၍ ဖော်ပြ ပေးလိုက်ခြင်း ဖြစ်ပါသည်။

No comments: