Saturday, January 23, 2010

ဘ၀ခါးခါး (ကိုလှစိုး-၁)

နာမည် - ကိုလှစိုး
အသက် - ၃၅
ပညာအရည်အချင်း - အခြေခံပညာ အထက်တန်း
လက်ရှိအလုပ်အကိုင် - ကျပန်း
လစာ -

၁၆၊ ၁။ တစ်ဝက်တစ်ပျက်ဖြင့် ပြန်ခဲ့ရသော စင်ကာပူခရီး

နိုင်ငံခြားထွက်မယ် ဆိုတော့ ပထမဆုံး ပတ်စ်ပို့ လုပ်ရတာပေါ့။ ပတ်စ်ပို့လုပ်မယ် ဆိုတော့ ပုံစံ ၁၇ လုပ်ရမယ်တဲ့။ ဒါနဲ့ မြို့နယ်မှာ ပုံစံ ၁၇ ယူပြီး ပတ်စ်ပို့ရုံးလာ။ ကိုယ်ကလည်း တစ်ခါမှ မလုပ်ဖူးတော့ အဲဒီရုံးရှေ့မှာ စုစု စုစုနဲ့ အတင်းဝိုင်းခေါ်နေကြတဲ့ ပွဲစားတွေကို ပုံစံယူပြီး ဖြည့်ခိုင်းရတယ်။ ပတ်စ်ပို့လုပ်ဖို့ သူတို့ကိုပဲ အပ်လိုက်တယ် ဆိုပါတော့။ နှစ်သောင်းပေးရတယ်။ နှစ်လ နီးပါးကြာမှ ပတ်စ်ပို့ရတယ်။
ကျွန်တော် စင်ကာပူသွားမယ်လုပ်တော့ ဟင်္သာတက အစ်ကိုကြီးက သူ့အသိတစ်ယောက်နဲ့ ဆက်သွယ်ပေးတယ်။ မမြင့် တဲ့။ သူ့ယောက်ျားက စင်ကာပူမှာ အလုပ်လုပ်နေတာ။ အဲဒီ မမြင့်က ရန်ကုန်က အေးဂျင့်တစ်ခုရဲ့ လက်ခွဲဆိုပါတော့။ သူက ဟင်္သာတက လူရှာပြီး ရန်ကုန်အေးဂျင့်ကနေ တစ်ဆင့် စင်ကာပူကို လူပို့တယ်။ အဲဒီ မမြင့်က ရန်ကုန်က အေးဂျင့်ဆီလွှတ်ပြီး သင်တန်း တက်ခိုင်းတယ်။ ရန်ကုန်အေးဂျင့်က လမ်း ၅၀ မှာ။
သင်တန်းက တောင်ဒဂုံ စက်မှုဇုံမှာ။ သင်တန်းက Welding သင်တန်း။ သင်တန်းကြေးက ၅ သောင်း ပေးရတယ်။ အဲဒီ မှာပဲ အိပ်၊ အဲဒီမှာပဲ စားပေါ့။ စစချင်း တစ်ပေလောက်ရှိတဲ့ သံပြားတွေကို Gas cutter နဲ့ ဖြတ်ရတယ်။ အစပိုင်းတော့ ဘယ် အဆင်ပြေမလဲ။ တစ်ရက်နှစ်ရက်လောက် ရှိတော့မှ သဘောတရား နားလည်သွားပြီး ဖြတ်စတွေလည်း ညီလာတယ်။ သံပြားကို ကျွမ်းကျွမ်းကျင်ကျင် ဖြတ်တတ်သွားတော့ ပိုက်လုံးတွေကို ဖြတ်ရတယ်။ ပိုက်လုံးတွေကို ၄၅ ဒီဂရီ၊ ၉၀ ဒီဂရီ အနေအထားနဲ့ ဖြတ် ရတယ်။ Bevel ထိုးရတယ်။ (Bevel ထိုးသည် ဆိုသည်မှာ ပိုက်လုံးနှင့် ပိုက်ဆက်ပစ္စည်းများ ဆက်ရာတွင် ဂဟေဆော်ရန်အတွက် ပိုက်နှုတ်ခမ်းကို ၄၅ ဒီဂရီ နှုတ်ခမ်းလုံးပေးခြင်းကို ခေါ်သည်။) စသဖြင့် တစ်ဆင့်ပြီး တစ်ဆင့်သင်ပေးသွားတာပေါ့။
တစ်ပတ်တစ်ခါ လက်တွေ့စစ်ဆေးတယ်။ ဘယ်သူ ဂဟေကောင်းကောင်း ဆော်နိုင်သလဲ ပေါ့။ အဲဒီ welding သင်တန်း ကို နှစ်လ တက်လိုက်ရတယ်။
သင်တန်းလဲ တက်ပြီးရော။ အင်တာဗျူးလာမယ်တဲ့။ Pipe Fitter နဲ့ ခေါ်မယ်။ ခု လူ ၃၀ ရှိတဲ့အနက် ၁၅ ယောက် အင်တာဗျူးရမယ် တဲ့။ အင်တာဗျူးတော့ ကျွန်တော်ကျတယ်။ မပါဘူး။ သူတို့က မင်းလုပ်တာကိုင်တာတော့ သဘောကျပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်လိုပြောတာ အားနည်းတယ်၊ လေ့ကျင့်လိုက်ဦး တဲ့။
အင်တာဗျူးမပါဘူး ဆိုတော့ နည်းနည်းတော့ စိတ်အားငယ် သွားတာပေါ့။ အိမ်ကလည်း သွားစေချင်နေပြီကိုး။ သူတို့ ကတော့ ပြောပါတယ်။ ကိစ္စမရှိဘူး။ နက်ဖြန်ကာ အင်တာဗျူးတစ်ခု ထပ်ရှိသေးတယ် တဲ့။ Carpenter တဲ့။ အမှန်ဆို လက်သမား ကို ကျွန်တော် သိပ်စိတ်ပါတာ မဟုတ်ဘူး။ ဒါပေမဲ့လည်း အင်တာဗျူးဝင်လိုက်တယ်။ အဲဒီမှာ သစ်၊ သံ၊ တူ၊ ဆောက်၊ လွှ စသဖြင့် ပေးထားပြီး သေတ္တာလေးတွေ ရိုက်ပြရတယ်။ စွန်မြီးစကေး (လက်ယှက်ထိုး) နဲ့ ရိုက်ပြရတယ်။
သူတို့က မင်း ဒါမျိုးတွေ အရင်တုံးက လုပ်ဖူးသလား ဆိုတော့ လက်တွေ့တော့ မလုပ်ဖူးဘူး။ ပုသိမ်မှာတုံးကတော့ ပရိ ဘောဂ အရောင်းအ၀ယ်လုပ်တော့ လက်သမားတွေလုပ်နေတာ အနီးကပ်မြင်ဖူးတယ် ပေါ့။ ကျွန်တော် တတ်သလောက် မှတ်သ လောက် လုပ်ပြလိုက်တော့ သူတို့လည်း ကြိုက်တာနဲ့ရွေးလို့ ပါသွားရော ဆိုပါတော့။ အင်တာဗျူးလာတာက တရုတ် မန်နေဂျာ တစ်ယောက်၊ HR (Human Resources) ကတစ်ယောက်၊ မြန်မာ စူပါဗိုက်ဆာ တစ်ယောက်။
လုပ်ရမှာက သင်္ဘောကျင်းမှာ။ Keppel Sea Scan တဲ့။ အင်တာဗျူးအောင်တော့ သူတို့က နောက်နှစ်ပတ် သုံးပတ် လောက်ကြာရင် သွားရလိမ့်မယ်။ ပိုက်ဆံပြန်ယူပါ တဲ့ ပြောလို့ ကျွန်တော် ရွာပြန်ပိုက်ဆံယူတယ်။ အေးဂျင့်ဖီးက လေယာဉ် လက်မှတ် အပါအ၀င် စုစုပေါင်း စင်ကာပူဒေါ်လာ ၃၈၀၀ နဲ့ ညီမျှတဲ့ မြန်မာငွေ ၂၉ သိန်းကျော် ပေါ့။ ရွာမှာ ပိုက်ဆံပြန်ယူပြီး ဟင်္သာတလာတော့ ဟင်္သာတက အေးဂျင့် မမြင့် က နင်တို့ အဲဒီပိုက်ဆံတွေနဲ့ ရန်ကုန်သွားရင် စိတ်မချရဘူး။ သူ့ကိုပေး၊ သူလွှဲပေးမယ် လို့ပြောလို့ သူ့ကို ပေးလိုက်တယ်။
နောက်နေ့ ကျွန်တော်တို့ ရန်ကုန်ရောက်လို့ မေးကြည့်တော့ အေး၊ ဟုတ်တယ်။ မင်းတို့ဘို့ အေးဂျင့်ဖီး ရပြီးပြီ လို့ပြောတယ်။ သူတို့ကပဲ ဘာတွေ ဘာတွေ ၀ယ်ရမယ် ဆိုတာ စာနဲ့ရေးပေးလိုက်တယ်။ အဲဒါတွေ လိုက်ဝယ်တယ်။ နောက် စားဘို့သောက်ဖို့ ငါးခြောက်ငါးခြမ်းတွေဝယ်၊ ငါးပိကြော်၊ ငံပြာရည်ကြော်တွေ လုပ်ပြီး သွားရမဲ့ရက်ကို အဆင်သင့် စောင့်နေတာ ပေါ့။
မြမင်းသရဖူမှာ ဆေးစစ်ရသေးတယ်။ ဆေးစစ်ခက ရှစ်ထောင် ပေးရတယ်။ ဆေးစစ်ပြီးတော့ အားလုံး အဆင်သင့် ပြင်ထားကြ။ သန်ဘက်ခါ ထွက်ရမယ် တဲ့ ပြောတယ်။ ထွက်ရမဲ့နေ့မတိုင်မီ တစ်ည အေးဂျင့်ရုံးခန်းမှာ အားလုံး စုအိပ်ကြတယ်။ အင်တာဗျူးအောင်တာ ၁၂ ယောက် အနက် ပထမ ၉ ယောက်က မနေ့ကတည်းက သွားနှင့်ပြီ။ ကျွန်တော်တို့ အသုတ်မှာတော့ ၃ ယောက်ပဲ ကျန်တော့တယ်။ မှတ်ရလွယ်အောင်လို့ ကျွန်တော်တို့ သုံးယောက်ကို ဦးထုပ် အဖြူတွေ ဆောင်းပေးလိုက်တယ်။
ကျွန်တော် စင်ကာပူသွားတာ ၂၀၀၅ ခုနှစ် ၉ လပိုင်း။ စင်ကာပူရောက်တော့ Tampines Village မှာ စုနေရတယ်။ ရောက်ခါစမှာ သုံးဘို့ တစ်ယောက်ကို ၅၀ စီ ထုတ်ချေးတယ်။ နောက်ပြီး ရေဘိုး၊ မီးဘိုးပေးရမယ် လို့လည်း ပြောတယ်။ မင်းတို့ရောက်လာရင် အဆင်သင့် သုံးနိုင်အောင် ငါတို့ ထမင်း ပေါင်းအိုး၊ ဂက်စ်မီးဖို၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက် စတာတွေ ၀ယ်ပေးထားတယ်။ မင်းတို့အားလုံး စုပြီးထည့်ရမယ်။ လကုန်ရင် အဲဒါတွေအတွက် လခထဲကဖြတ်မယ် လို့ပြောတယ်။
အခန်း နှစ်ခန်းပေးတယ်။ ကျွန်တော်တို့အခန်းမှာ လောလောဆယ် ၆ ယောက်။ နောက်တော့ ဆယ်ယောက် ဖြစ်လာ တယ်။ ဟိုတစ်ခန်းမှာ ၇ ယောက် နေရတယ်။ နောက်နေ့ကျတော့ ဆေးစစ်သွားရတယ်။ ဆေးအောင်ပြီးပြန်တော့ Low Levy ဖြေဘို့ဆိုပြီး တစ်ပတ် training သွားရတယ်။ welding ဆော်တာ လေ့ကျင့်ရတယ်။ တစ်ပတ်ပြီးလို့ စစ်လိုက်တော့ ကျွန်တော် အောင်တယ်။
အောင်ပြီး နောက်တစ်နေ့မှာ ရုံးကို သွားရတယ်။ ရုံးမှာ ကျွန်တော်တို့ကို သူတို့ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖတ်ပြ တယ်။ အဲဒီအထဲမှာ အခန်းခ ဖြတ်မယ် ဆိုတာရယ်၊ တစ်လကို ဒေါ်လာ ၅၀ ကုမ္ပဏီက မဖြစ်မနေ စုပေးမယ် ဆိုတာလည်း ပါတယ်။ ဖတ်ပြပြီး ကျွန်တော်တို့ကို လက်မှတ်ထိုးခိုင်းတယ်။

မှတ်ချက်။ ။ Work Perimit Holder အလုပ်သမားများအတွက် အခန်းခကို ကုမ္ပဏီမှသာ ကျခံရမည် ဖြစ်ပါသည်။ အလုပ်ရှင်သည် အလုပ်သမားများထံမှ အခန်းခ ဖြတ်ပိုင်ခွင့်မရှိ။ (ရည်ညွှန်း - Foreign Workers Employment Act)

မနက် ၅ နာရီဆို အိပ်ယာကထ။ ထမင်းအိုးတည်။ ထမင်းချိုင့်လေးတွေထည့်။ ပြင်ဆင်ပြီး အလုပ်သွားတာပေါ့။ လုပ်ရတာက မနက် ၇ နာရီခွဲကနေ ပုံမှန် အလုပ်ချိန်ဆို ညနေ ၄ နာရီခွဲအထိ။ အိုဗာတိုင်ရှိရင်တော့ ညနေ ၆ နာရီခွဲထိ ဆင်းရတယ်။ တစ်ခါတလေတော့ ည ၉ နာရီထိ ဆင်းရတယ်။ များသောအားဖြင့်တော့ ညနေ ၆ နာရီခွဲ ထိ ဆင်းရတယ်။
ညနေ ၇ နာရီခွဲကျော်လောက် အိမ်ပြန်ရောက်တယ်။ ရောက်ရောက်ချင်း ထမင်းအိုးလေး ကောက်တည်။ ရေမိုးချိုးပြီးတဲ့ အချိန်ကျ ထမင်းကျက်။ ကိုယ့်ပါလာတဲ့ ငါးပိကြော်၊ ငံပြာရည်ကျော် လေးတွေနဲ့စား။ ဟင်းမရှိတော့တဲ့ သူတွေကျတော့လည်း ကြက်ဥလေးကြော် ပေါ့။ ဖြစ်သလို စားလိုက်ကြတယ်။ စားသောက်ပြီး ဂစ်တာတီးတဲ့လူက တီး။ သီချင်းဆိုတဲ့သူက ဆို။ ထမင်း မစားသေးပဲ ခြင်းခတ်တဲ့သူက ခတ်။ တခြားအခန်း လျှောက်လည်ပြီး ည ၉ နာရီကျော်မှ ပြန်လာ။ ညှော်တွေ လုပ်တဲ့သူက ရှိသေးတယ်။ ဒီကြားထဲ အရက်ဝိုင်းဖွဲ့တဲ့သူက ဖွဲ့။ ဗီဒီယိုကြည့်နေတဲ့သူက ဂစ်တာတီးနေတဲ့သူကို ဟေ့ကောင်၊ ဒီမှာ ဗီဒီယို ကြည့်နေတယ်။ တိုးတိုးဆို ဆိုပြီး လှမ်းအော်။ ဘာကွ၊ ဒါ မင့်အိမ်မဟုတ်ဘူး။ မင်းအိမ်ပြန်ရောက်မှ အေးအေးဆေးဆေး ကြည့်။ ဒီမှာတော့ မရဘူး ဆိုပြီး စကားများလိုများ။ ဘုရားရှိခိုးတဲ့သူကလည်း သြကာသ၊ သြကာသ နဲ့ အတင်းအော်ဟစ်ပြီး ရှိခိုးလို ခိုး။ အိပ်နေတဲ့ သူကလည်း အောင်မယ်မင်း၊ ခုမှ ဘုရားဒကာနဲ့ တွေ့နေရပြန်ပြီ။ တိုးတိုးလုပ်ကြကွ နဲ့ ပျော်စရာလည်းကောင်း၊ စိတ်ညစ်ဖို့လည်း ကောင်းပေါ့ အစ်ကိုရာ။
Tampines မှာ သိပ်မကြာလိုက်ဘူး။ Jurong East က IMM နောက်မှာရှိတဲ့ dormetry တွေဆီ ပြောင်းရတယ်။
လုပ်ရတာက သုံးထပ်သားတွေကို cutter နဲ့ဖြတ်ပြီး သင်္ဘောပေါ်မှာ အခန်းတွေဖွဲ့တယ်။ နံရံကပ် ဘီရိုတွေ၊ တပ်ရတယ်။ အလှဆင်တာတွေပေါ့၊ လုပ်ရတယ်။ ကိုးရီးယားကလာတဲ့ ကြိတ်သားတွေနဲ့လည်း လုပ်ရတယ်။ နောက်တော့ အလုပ်ပြောင်းသွား တယ်။ လက်သမားအဖြစ်နဲ့ ပရိဘောဂတွေ လုပ်နေရာကနေ insulation ကပ်ရပြန်ရော။
မြန်မာပြည်မှာတုံးကတော့ ဒီ insulation ဆိုတာ လုပ်ဖူးဘို့ မပြောနဲ့၊ ကြားဖူးတာတောင် မဟုတ်ဘူး။
သင်္ဘောနံရံတွေမှာ welder က သံငုတ်လေးတွေ ဂဟေဆော်ပေးသွားတယ်။ ကျွန်တော်တို့က အဲဒီနံရံတွေကို insulation ကပ်ရတာ။ Insulation လုပ်ရတဲ့ အပြားကြီးတွေက အ၀ါရောင်။ အဲဒါကြီးတွေကို လိုသလောက် ဓါးနဲ့ဖြတ်ပြီး ကပ်ရ တယ်။ အဲသလို ဓါးနဲ့ဖြတ်လိုက်ရင် ၀ါဝါအမှုံ့တွေ ထွက်လာတယ်။ အရမ်းယားတဲ့ အမှုံ့တွေပေါ့။ ဘာနဲ့တူသလဲ ဆိုတော့ ခွေးလယားသီး အပွေးတွေနဲ့ တူတယ်။ သူက အမှုံ့မဟုတ်ဘူး။ ဆူးလေးတွေ။ ခါပစ်လို့မရဘူး။
အလုပ်များပြီးသွားပြီဆိုရင် ယားတာ ကျွန်တော်တို့မှာ မနေနိုင်ဘူး။ ဒီဆူးလေးတွေက ရေနဲ့ဆေးပစ်လို့လည်း ရတာ မဟုတ်ဘူး။ အရေပြားမှာ စိုက်ဝင်နေတာ။ ကပ်ရုံကပ်နေတာ မဟုတ်တော့ ဘယ်လိုခါခါ၊ ခါလို့ကတော့ လုံးဝမရဘူး။ နောက်မှ အဲဒီက ၀ါရင့် ကုလားတွေက ပြောပြလို့ insulation လုပ်တဲ့နေရာမှာသုံးတဲ့ တိပ်တွေနဲ့ ကပ်ယူရတယ်။ အဲဒီတိပ်တွေက ကျွန်တော်တို့ဆီက ဒန်အိုးဖာတဲ့ တိပ်တွေနဲ့တူတယ်။ အဲဒီ တိပ်တွေနဲ့ ကပ်လိုက်တော့မှ ယားတာ နည်းနည်းသက်သာသွားတယ်။ ဒါပေမဲ့ လုံးဝပျောက်သွားတာတော့ မဟုတ်ဘူး။
ဆိုးတာက အ၀တ်အစားတွေမှာ ကပ်နေတာပဲ။ သူက ဘယ်လိုမှ လျှော်လို့မရတော့ အ၀တ်တွေ ၀တ်လိုက်ရင် အရမ်းယားတယ်။ ကျွန်တော်ဆိုရင် ယားလို့ကုပ်ရာကနေ လက်မှာ အနာတွေဖြစ်လို့ ဆေးခန်းသွားပြလိုက်ရသေးတယ်။ ဒါပေမဲ့ ဆေးခန်းက အနာပျောက်အောင်ပဲ လုပ်ပေးနိုင်မှာပေါ့။ မယားအောင် ဘယ်တတ်နိုင်မလဲ။ ကျွန်တော်တို့က နေ့တိုင်း ဒါ ကိုင်နေရ တာ ဆိုတော့ ပျောက်လဲ ခဏပဲ။ ကျွန်တော့်လက်မှာ မြန်မာပြည် ပြန်လာတဲ့ထိ အနာတွေ မပျောက်ဘူး။ ပျောက်သွားလိုက်၊ ပြန်ပေါ်လာလိုက်။ အနို့ ယားတော့ မနေနိုင်ဘူး၊ ကုတ်ကရော။ ကုတ်တော့ ပြန်ဖြစ်မှာပဲ။
ဟောဒီမှာကြည့်ပါဦး။ ကျွန်တော့လက်မှာ ခုထိ အမာရွတ်တွေ ရှိတုံး။
အဲဒီလိုလုပ်ရင်း ကျွမ်းကျင်လာတော့ ကိုယ့်ဟာကိုယ် လုပ်နိုင်လာတယ်။ သူများနောက် လိုက်စရာ မလိုတော့ဘူး။ သင်္ဘောအသစ်ပေါ် တက်ရတယ်။ Insulation မရှိတဲ့အခါတော့ welder တွေနောက် လိုက်ရတယ်။ သူတို့လိုတာ ဖြတ်တောက်၊ tacking တွဲပေး။ သူတို့ ဆော်ပြီးသား welding သားတွေကို grinding လိုက်တိုက် စသဖြင့်ပေါ့ လုပ်ရတယ်။
ဆေးခွင့် တစ်ရက်ယူရင် စုံစမ်းပြီး နေမကောင်းတာ မှန်ရင် အဲဒီရက်အတွက် လခပေးတယ်။ ဒါပေမဲ့ ညာပြီး ခွင့်တင်တာ ဆိုရင်တော့ မပေးဘူး။ သုံးရက်အထိ ပျက်ခဲ့ရင် သတိပေးပြီး မလိုက်နာရင် ပြန်လွှတ်တယ်။ ဟို ပဲခူးက ကောင်တစ်ယောက် အကြောင်းပြောရဦးမယ်။ သူက အခန်းထဲက သူငယ်ချင်းတစ်ယောက်က အိမ်ကို ငွေပြန်မလွှဲဘဲ စုထားတာသိတယ်။ စုထားတော့ ဘဏ်စာရင်းထဲမှာက ပိုက်ဆံအတော်များနေပြီပေါ့။ နောက်ပြီး သူငယ်ချင်းချင်းဆိုတော့ သူ့ဘဏ်ကဒ်ရဲ့ password လဲ သိတယ်။
တစ်နေ့တော့ အားလုံးအလုပ်သွားနေတုံး သူက နေမကောင်းဘူး ဆိုပြီး အလုပ်မဆင်းပဲ စောစောက သူငယ်ချင်းရဲ့ သေတ္တာသော့ကိုဖျက်၊ ဘဏ်ကဒ်ကိုယူ၊ ရှိသမျှငွေတွေ အကုန်ထုတ်တယ်။ ဟိုကောင်လဲ အလုပ်ကပြန်လာရော သေတ္တာသော့ ပျက်နေတာတွေ့လို့ စစ်လိုက်တော့ ဘဏ်ကဒ် အခိုးခံရတာ သိရော။ ဒီနေ့အဖို့ သူတစ်ယောက်ပဲ အလုပ်မဆင်းတာကိုး။ ရှင်းနေတာပဲ။ အဲဒီတင် မန်နေဂျာတို့၊ စူပါဗိုက်ဆာတို့က သူ့ကို ချော့ချည်တစ်လှည့် ချောက်ချည်တစ်ခါနဲ့ စစ်တော့ ဒီကောင် သူ့လိပ်ပြာ သူမလုံဖြစ်ပြီး ၀န်မခံဘဲ ထွက်ပြေးသွားတယ်။ Overstay ဖြစ်သွားတာပေါ့။
တွဲပြီး လုပ်ရတာတော့ အစုံပဲ၊ ဘင်္ဂလား၊ နီပေါ၊ အိန္ဒိယ၊ မြန်မာ စသဖြင့်အစုံပဲ။ အဲဒီလို လုပ်နေရင်း ၉ လကျော်၊ ဆယ်လထဲရောက်လာတော့ ကျွန်တော်နဲ့ ကုလားတစ်ယောက်နဲ့ ရန်ဖြစ်တယ်။ ကျွန်တော် လှေခါးပေါ်မှာ အလုပ်လုပ်နေတုံး ကုလားတစ်ယောက်လာပြီး လှေခါးကို လှုပ်ချပြီး ပြဿနာလာရှာတယ်။ ဆဲလဲ ဆဲတယ်။ တစ်နေ့မဟုတ် တစ်ရက်မဟုတ် ဆိုတော့ နောက်နေ့တွေမှာ ကျွန်တော် ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ တတိယမြောက်နေ့မှာ ကျွန်တော် လှေခါးပေါ်က ခုန်ဆင်း လာပြီး သူ့ကိုပြန်ပြီး ဆဲ။ ဒီတင် ကုလားက screw driver ကိုင်ပြီး အတင်းပြေးလာတော့ ကျွန်တော်လည်း လက်ထဲရှိတဲ့ Grinder နဲ့ ရိုက်လိုက်တာ ကုလားနှာနုထိပြီး သွေးတွေ တော်တော်များများ စီးကျလာတယ်။
အဲဒီမှာက ကုလားတွေများတယ်။ ဒါဏ်ရာကတော့ သိပ်မကြီးကျယ်လှဘူး။ ဒါပေမဲ့ သွေတွေ အရမ်းကျနေတော့ ပြဿနာက အတော်ကြီးသွားတယ်။ ဒါကို သူဌေးသိတော့ ကျွန်တော်တို့နှစ်ယောက်လုံးကို ခုနစ်ရက်တိတိ အပြစ်ပေးတဲ့ အနေနဲ့ အလုပ်ပိတ်ထားလိုက်တယ်။ သူတို့က အတူတူ လုပ်တဲ့အလုပ်သမားတွေ၊ မန်နေဂျာတွေ၊ စူပါဗိုက်ဆာကို ခေါ်။ သေသေချာချာ စုံစမ်းပြီး ကုလားရော၊ ကျွန်တော့်ကိုပါ ပြန်ပို့ဘို့ လုပ်တယ်။
ကျွန်တော်တို့က ကန်ထရိုက်မပြည့်ဘဲ ပြန်ရတာမို့လို့ လေယာဉ်လက်မှတ်ဘိုးကို လခထဲကဖြတ်မယ် လို့ပြောတယ်။ ဒါပေမဲ့ တစ်လကို ၅၀ စုထားတာတွေ နဲ့ လခကိုတော့ လေဆိပ်ရောက်ရင် ပြန်ပေးမယ် ပေါ့။

မှတ်ချက်။ ။ အလုပ်သမားတစ်ဦး၏ နေရပ်ပြန်စရိတ်ကို အလုပ်ရှင်ကသာ ကျခံရပါမည်။ (Ref: Employment of Foreign Manpower Act (Chapter 91A), First Schedule, 21.)

ပြောပြီး ကျွန်တော်တို့ကို Gang Star တွေလက်ထဲ အပ်လိုက်တယ်။ ဗလကောင်းကောင်း အကောင်ကြီး သုံးယောက်။ သူတို့က ကျွန်တော်တို့ကို တစ်နေရာ ခေါ်သွားတယ်။ ဘယ်နေရာမှန်းတော့ မသိဘူး။ ကုလားကတော့ သူတို့ လေယာဉ်က အရင် ထွက်တာမို့ သူအရင် ပြန်သွားရတယ်။ ကျွန်တော်ကနောက်မှ ပြန်ရတယ်။
အဲဒီလိုနဲ့ ကျွန်တော် စင်ကာပူကနေ မြန်မာပြည် ပြန်ရောက်ခဲ့တယ်။ စင်ကာပူကိုသွားတုံးက ကုန်တာ စုစုပေါင်း သိန်း ၃၀ ကျော်။ ဒါပေမဲ့ စင်ကာပူမှာနေခဲ့တဲ့ ၁၁ လအတွင်း အိမ်ကိုပြန်ပို့နိုင်ခဲ့တာ ၂၇ သိန်း။ ဆိုတော့ အရင်းတောင် မကျေဘူး။

No comments: