Thursday, June 18, 2026

Shock Prevention Device (သို့) VRD အကြောင်း သိကောင်းစရာ

Arc Welding ဆိုသည်မှာ လျှပ်စစ် အဖိုစနှင့် အမစ နှစ်ခုတို့ကို ရှော့တိုက်ကာ အပူကိုထွက်စေလျက် သတ္တုကို အရည် ပျော်စေပြီး ဆက်တာဖြစ်၏။ Arc Welding ၌ ဂဟေဆော်သည့်အခါ ဂဟေသမားတို့သည် electrode holder (အီလက်ထရုတ် ညှပ်ထားသည့် လက်ကိုင်၊ ဂဟေချောင်းလက်ကိုင်) ကို ကိုင်ရ၏။ ထိုလက်ကိုင်မှာ ချော်အုပ်ထားသည့် ကြေးချောင်းကြီး ဖြစ်၏။ ဂဟေဆော်သည့်အခါ ဂဟေဆော်သူသည် လျှပ်စစ်စီးနေသည့် ထို ကြေးချောင်းကြီးကို ကိုင်ထားရတာ ဖြစ်၏။ လျှပ်စစ် အဖို၊ အမ ရှော့တိုက်ရာနေရာနှင့် ဂဟေဆော်သူမှာ လက်တကမ်းအကွာ၌သာ ရှိ၏။

 

ထို့ပြင်တဝ၊ ဂဟေဆော်ခြင်းဟူသည်မှာ တောက်လျှောက် တဆက်တည်းဆော်နေရခြင်း မဟုတ်မူ၍ ဂဟေဆော်လိုက်၊ ခဏ နားလိုက်၊ ဆက်ဆော်လိုက်၊ နားလိုက် လုပ်နေရတာ ဖြစ်၏။ ဂဟေဆော်နေစဉ် ခေတ္တနားချိန်၌ မည်သူမှ ဂဟေစက် ကြီးကို ပိတ်မထား။ သည်အတိုင်း ခဏ ချထားလိုက်တာသာ ဖြစ်၏။

 

ဤကဲ့သို့ ခဏနားချိန်၌ အကယ်၍သာ တဦးတယောက်သည် ဂဟေချောင်းလက်ကိုင်နှင့် Ground ချထားသည့် work piece (ဂဟေဆော်နေသည့် သံပြား) ကို မတော်တဆ တပြိုင်နက်တည်း ကိုင်လိုက်မိပြီ ဆိုပါစို့။ လျှပ်စီးသည် ထိုသူ၏ ခန္ဓာကိုယ်အတွင်း စီးဝင်သွားပြီး ဓာတ်လိုက်မည် ဖြစ်၏။ ထိုအချိန်၌ ဗို့အားသည် AC ဂဟေစက်ဖြစ်ပါက ဗို့အား ၈၀ ထိ ရှိနိုင်၏။ ဓာတ်လိုက်နိုင်၏။

 

ဤကဲ့သို့သော အခြေအနေ (ဂဟေဆော်သူသည် ဂဟေဆော်ခြင်းကို ခေတ္တရပ်နားထားချိန်) တစ်နည်းအားဖြင့် (ဂဟေ ဆော်မည့် သံပြား - work piece နှင့် ဂဟေချောင်း - electrode တို့ ထိတွေ့မနေချိန်) ကို လျှပ်စီးပတ်လမ်း အပွင့် (open circuit) ဟု ခေါ်၏။

 

လျှပ်စီးပတ်လမ်းအပွင့် အချိန်၌ ဓာတ်လိုက်မည့်အန္တရာယ်ကို ကာကွယ်ရန် shock preventer (သို့) Shock prevention device သို့မဟုတ် VRD (Voltage Reduction Device) က အကူအညီပေး၏။

 

စင်ကာပူ၌ VRD ကို ဂဟေစက်၌ တပ်ရန် WSH (Shipbuilding and Ship Reparing) Regulations; Reg. 54 (2) ၌ ပြဌာန်းထား၏။ VRD ကို AC ဂဟေစက်တိုင်း၌ တပ်ရမည်။ ကျွမ်းကျင်သူက ၆ လ တစ်ခါ စစ်ရမည်။

 

VRD သည် ဂဟေဆော်စက်တွင် သူ့ချည်းသီးသန့်လည်း ဖြစ်နေနိုင်၏။ သို့မဟုတ်ပါကလည်း ဂဟေစက်ထဲ၌ တွဲလျက် လည်း ရှိနေနိုင်၏။ ဂဟေဆော်မည့်သူသည် ဂဟေဆော်ရာ၌ VRD စက်ကို ဖွင့်ချင်လျင် ဖွင့်ထားနိုင်သလို၊ ပိတ်လိုက လည်း ပိတ်ထားနိုင်၏။

 

သို့ဆိုလျင် VRD က ဘာလုပ်ပေးသနည်း။

 

ဂဟေဆော်ခြင်းကို ရပ်နားထားချိန်၌ VRD က OCV (Open Circuit Voltage) ကို လျှော့ချပေး၏။ ဤနည်းဖြင့် ဂဟေ မဆော်သည့်အချိန်တွင် ဂဟေချောင်းလက်ကိုင်နှင့် ဂဟေသံပြားတို့ကို ထိမိ၍ ဓာတ်လိုက်ခြင်း အန္တရာယ်မှ လျှော့ချ ပေး၏။

 

ဂဟေပြန်ဆော်သည့်အချိန်တွင် VRD သည် အလိုအလျောက် ပြန်ပိတ်သွားပြီး ဂဟေဆော်ရန် လိုအပ်သည့် ဗို့အားကို အပြည့်ပြန်လည်ပေး၏။


VRD ကို DC lift နှင့် ခြစ်၍ဆွဲပြီး စ,ရသော scratch start TIG တို့အတွက်လည်း သုံး၏။ အဘယ်ကြောင့်ဆိုသော် ဂဟေဆော်သူက ခလုတ်ဖွင့်လိုက်သည်နှင့် တန်စတင်အီလက်ထရုတ်တွင် မီးဝင်လာသောကြောင့် ဖြစ်၏။ High- Frequency TIG စက်တို့အတွက်မူ VRD မလိုပါ။ အဘယ်ကြောင့်ဆိုသော် HF TIG စက်တွင် ဂဟေသမားက ခလုတ်ကို နှိပ်လိုက်မှသာ အီလက်ထရုတ်က စတင်အလုပ်လုပ်ပြီး ခလုတ်ကို လွှတ်လိုက်သည်နှင့် အလိုအလျောက် ပြန်ပိတ်သွား သောကြောင့် ဓာတ်လိုက်ရန် အခွင့်အလမ်း မရှိတော့သောကြောင့် ဖြစ်၏။

 

လျှပ်စီးပတ်လမ်းပွင့် ဗို့အား [Open Circuit Voltage (OCV)] ဟူသည် အဘယ်နည်း

 

OCV ဟူသည် ဂဟေစက်၏ အပေါင်းနှင့် အနှုတ် ငုတ်နှစ်ခုကြားရှိ ဗို့အား ဖြစ်၏။ တစ်နည်းအားဖြင့်လည်း (ဂဟေ ဆော်မည့် သံပြားကို မြေစိုက်ကြိုးနှင့် ဆက်ထားချိန် နှင့် ဂဟေစက်ဖွင့်ထားချိန်၌) ဂဟေချောင်းလက်ကိုင် နှင့် မြေစိုက်ကြိုးတို့အကြား ဗို့အားဖြစ်၏။

 



 OCV မြင့်လေ မီးပွားခတ်ရတာ လွယ်လေ ဖြစ်၏။ အထူးသဖြင့် မီးပွားခတ်ရန် ခက်ခဲသည့် E6010 နှင့် E7018 ကဲ့သို့သော ဂဟေချောင်းများအတွက် ဖြစ်၏။ သို့တိုင် OCV မြင့်လေ ဓာတ်လိုက်နိုင်သည့် အန္တရာယ်များလေ ဖြစ်ရကား ထုတ်လုပ်သူ တို့သည် ဓာတ်လိုက်မည့် အန္တရာယ်လည်း မများရလေအောင်၊ မီးပွားခတ်ရလည်း လွယ်အောင် OCV ကို အထူး ဂရုစိုက် ထားရလေ၏။

 

VRD ကို တီထွင်ထုတ်လုပ် တပ်ဆင်လိုက်ခြင်းဖြင့် ဤပြဿနာကို ရှင်းပြီး ဖြစ်လေ၏။ VRD မည်သို့အလုပ်လုပ်သနည်း ဟူမူ VRD သည် ခုခံမှုအားများ (high resistance) သည့်အခြေအနေတွင် OCV ကို လျှော့ချပေးပြီး ခုခံမှုအားနည်း (low resistance) အခြေအနေတွင် ဗို့အားကို ပြန်လည် မြင့်တက်လာစေ၏။

 

သို့ဆိုလျှင် ခုခံမှုအားများ (high resistance) ဟူသည် အဘယ်နည်း။ လူနှင့် လေတို့မှာ ကြေးချောင်းထက်စာလျင် ခုခံမှု အား ပိုမြင့်၏။ ကြေးချောင်းသည် လူ၊ လေတို့နှင့် နှိုင်းယှဉ်လိုက်လျှင် ခုခံမှုအား များစွာနည်းလှ၏။

 




 VRD ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ။ တစ်ဦးတစ်ယောက်သည် မည်သည့်အခါမှ ဂဟေချောင်းနှင့် ဂဟေဆော်မည့် သံပြားကို ကိုင်တွယ်စမ်းသပ်ခြင်းမျိုး မလုပ်ရ။ လျှပ်စစ်ကို ပေါ့လေးတဆ မလုပ်ရ။ သေတတ်သည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၈ ဇွန်လ၊ ၂၀၂၆

No comments: