စင်ကာပူနိုင်ငံသည် ၎င်းတို့၏ စနစ်များကို အမြဲပြန်လည်သုံးသပ်လျက် ပိုမိုကောင်းမွန်အောင် အစဉ် ပြုပြင်ပြောင်းလဲ နေသည်ဖြစ်ရာ ကျွန်ုပ်တို့မှာလည်း ၎င်းတို့စံနှုန်းကို မီစေရန် မနည်း မျက်လုံးပြူး လျှာထွက် အပြေးလိုက် နေလေရသောဟူ၏။
အရွယ်ရောက်ပြီးသူများအား သင်တန်းပေးနေသူများကို AE (Adult Educator) ခေါ်၏။ AE တစ်ယောက်ဖြစ်ဘို့ရာ ယခင်က ACTA (WSQ Advanced Certificate in Training and Assessment), ယခု ACLP (Advanced Certificate in Learning and Performance) သင်တန်းတက်ရ၏။ လက်မှတ်ရှိရ၏။
သင်တန်းဆရာတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေနိုင်ရန် တစ်နှစ်လျင် ယခင်က CPD 10 hr ပြရ၏။ Safety Officer လိုင်စင်မှာလည်း အလားတူစွာပင် ၂ နှစ်တစ်ခါ သက်တမ်းတိုးရ၏။ သက်တမ်းတိုးရန် 40 SDU points လို၏။ ထိုအမှတ်များရရန် SDU Point ပေးသည့် သင်တန်းများ တက်ရ၏။
SDU သင်တန်းများမှာ CPD Programme အောက်ကဖြစ်၍ ယခင်က ထို SDU သင်တန်းနာရီများကိုပင် CPD hr အဖြစ် ပြလို့ရ၏။
အခု ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစကာ စနစ်အသစ် ပြောင်းလိုက်၏။
ကျွန်ုပ်တို့ ထလိန်နာအားလုံး TAEPP (Training and Adult Educator Professional Pathway) မှာ မှတ်ပုံတင် (register) လုပ်ရ၏။ ၂၀၂၆ မတ်လ ၃၁ ရက်နေ့ထိ free registration ဖြစ်၏။ ထိုရက်အတွင်း လုပ်မထားလိုက်မိသူများ ခုမှလုပ်မည်ဆိုလျင် ပိုက်ဆံ ၂၇၀ ကျော်ပေးရ၏။
ထို registeration မှာလည်း ၂ နှစ်ဖြစ်ရာ သက်တမ်းတိုးမည်ဆိုပါက ၂ နှစ်အတွက် 40 CPD Hr နှင့် သင်တန်းပြချိန် နာရီ ၈၀ ပြည့်ရမည်။
ယခု ၎င်းတို့သတ်မှတ်ထားသည့် CPD Hr များမှာ ယခင်ကလို safety officer လိုင်စင်သက်တမ်းတိုးရန် တက်သည့် နာရီများကို ပြလို့မရတော့။ IAL (Institute for Adult Learning) က အသိအမှတ်ပြုထားသည့် သင်တန်းများကိုသာ လက်ခံတော့၏။
သင်တန်းတွေကလည်း ဈေးကြီးသယ်ခညာ။ CPD ၇ နာရီ သင်တန်းကို သင်တန်းကြေးအပြည့်ဆို ၇၀၀ ကျော်၊ PR ဆို ၂၀၀ ကျော်၊ အသက် ၄၀ ကျော် စင်ကာပူနိုင်ငံသားဆိုလျင် ၈၀ ကျော် ဖြစ်၏။
ကျွန်ုပ်လည်း တစ်ခါတက် တက်သလောက် နာရီများများလိုချင်သည်နှင့် ၁၄ နာရီရသည့် Coaching for the Workplace သင်တန်းကို သွားတက်လိုက်၏။
သင်တန်းကြေးမှာ -
နံနံဂျားသားများ - $1057.30
PR - $317.19 (Not bad lah huh)
ကုမ္ပဏီပေါက်စနလေးများက sponsor ပေးလျင် - $123.19 (Wow Wow Wow)
ကျွန်ုပ်လည်း ကျွန်ုပ် ဆေ့ဖတီးလုပ်နေသည့် ကုမ္ပဏီလေးမှ ဘောစိကို မျက်ရည်လေး နှစ်ပေါက်လောက် ကျပြလိုက်တော့ ဘောစိလည်း ကျွန်ုပ်ကို သနားသဖြင့် သဘောတူလေရာ ကျွန်ုပ်မှာ ပတ်ဆံ ၁၀၀ ကျော်နှင့် ၁၄ နာရီ ရသောဟူ၏။ (ဟိ၊ ပျော်လတ်ထှာ)
အာလာမာ့ -
သင်တန်းဆင်းလက်မှတ်ကို မေးကြည့်တော့ ၄ ပတ်ကနေ ၆ ပတ်ထိကြာမည် ဆို၏။ ကျွန်ုပ် စိတ်အိုက်နေစဉ် တစ်ယောက်က မင်း SkillsFuture မှာ attendance record ရှိတယ်။ ငါ အဲဒါနဲ့တင်တာ approve ဖြစ်တယ်ဆိုသဖြင့် ကျွန်ုပ်လည်းသူပြောသလို လုပ်လိုက်၏။ Yes, approve ဖြစ်ပါသည်။
သင်တန်းသင်ထားသည့် နာရီ ၈၀ ပြဘို့ကတော့ ကျွန်ုပ်တို့လို နေ့တိုင်းစာသင်နေသူများအဖို့ ဘာမှ မခဲယဉ်းပါ။ နာရီ ၈၀ မဟုတ်။ နာရီ ၈၀၀ လည်း ပြနိုင်သည်သာ ဖြစ်၏။
၂။ Do It Now!!!
မတ်လ ၂၃ ရက်နေ့က အသိ ထလိန်နာတစ်ယောက်က ဒီမှာ ငါ့ကို အဲဗားဆေ့က မတ်စိပို့ထားတယ်။ အဲသဟာ ဘာလတုံးစ်ကွ ဆိုလို့ ကြည့်လိုက်တော့ ကိုယ့်လူ၊ အဲဒါ TAEPP register လုပ်ဖို့ ပြောတာပဲ။ မြန်မြန်လုပ်။ ခုလကုန်လို့မှ မလုပ်ဖြစ်ရင် ဧပြီလ ၁ ရက်နေ့ကစပြီး ပိုက်ဆံပေးရလိမ့်မယ်ဟု ပြောလိုက်၏။
အာ့ဆို၊ ငါ့လုပ်ပေးစမ်းပါကွာ ဆိုလို့ TAEPP website ကို ဖွင့်လိုက်တော့ . . .
OMG
System under maintenance from 23/03/2026 to 31/03/2026: 23:59 hr. ဂိန် ဂိန် ဂိန်စ်
ကိုင်းကိုယ့်လူ၊ မြင်တဲ့အတိုင်းပဲ။ ပိုက်ဆံသာ အဆင်သင့်ဆောင်ထားပေရော့ ဆိုတော့ မျက်နှာငယ်လေးနှင့် အသံတောင် မထွက်တော့။
ဧပြီလဆန်း၌ ကျွန်ုပ် သူ့အတွက် လုပ်ပေးပါ၏။
TAEPP register လုပ်တာ ဘာမှ မခဲယဉ်းပါ။ သို့ပေသိ သူ့ဟာ လုပ်လို့မရ။ သူ့ SingPass က လုံးဝ ဝင်လို့မရ။
ကိုယ့်လူ၊ အဲသဟာတော့ ကိုယ်လည်း မတတ်နိုင်ဘူး။ သူတို့ဆီသာ email ပို့တော့ ဆိုလိုက်ရ၏။
သူတို့က user name နှင့် password အသစ် ပေးပါ၏။ အဲသဟာလည်း မရ။
သူ့မှာ TAEPP registeration မရှိတော့ သင်တန်းတွေကို အကုန် cancel လုပ်တာ ခံရ၏။
သူ့ပြဿနာက ဆယ်ရက်လောက်ကြာမှ ပြီး၏။ ထို့ကြောင့် တစ်ပတ်ကျော် သင်တန်းမပြရ။
ကျွန်ုပ်မူကား လုပ်စရာရှိတာကို ခေါင်းကိုက်ခံပြီး နေ့ရွှေ့ ညရွှေ့လုပ်တတ်သည့် လူစားမဟုတ်သဖြင့် ကျွန်ုပ် TAEPP registeration မှာ ၂၀၂၅ အောက်တိုဘာလကတည်းက လုပ်ပြီးနေတာဖြစ်၏။
အခုလည်း CPD သင်တန်းကို စောစောစီးစီးသွားတက်၊ SDU သင်တန်းတွေကိုလည်း ပထမတစ်နှစ်မှာတင် အပြတ်တက် ထားလိုက်၏။ ခေါင်းကိုက်သက်သာတာပေါ့ ခညာ။
တချို့သင်တန်းတွေက အင်မတန်ဈေးကြီးလေတော့ ကျွန်ုပ်လည်း Excel sheet ထဲမှာ SDU point သင်တန်းတွေကို သင်တန်းနာမည်၊ သင်တန်းကြေး၊ တက်ရမည့်နာရီ၊ ရမည့် SDU point, SDU ၁ ပွိုင့်လျင် စင်းဒေါ်လှမည်မျှ စသည်တို့ကို ဇယားဆွဲကာ analysis လုပ်၏။ ပြီးတော့မှ ဈေးအသက်သာဆုံး၊ နာရီအနည်းဆုံးနှင့် ပွိုင့်အများဆုံး သင်တန်းများကို ရွေးတက်လေသော ဟူ၏။ ကတောက်စ်၊ ပိုင်သကွာ ဟိ
CPD Hr သင်တန်းများကိုလည်း ဤအတိုင်းပင် ဇယားဆွဲထား၏။
ဘယ်အချိန်မှာ ဘယ်သင်တန်းတက်မည်ကိုလည်း တေးထားလိုက်၏။
အဲသဟာပါဘဲ မိတ်ဆွေများ
အဲလေ၊ ခုမှပြောဘို့ သတိရတယ်။
ဒီပို့စ်က စလုံးက ထလိန်နာတွေအတွက်ပါ။ ထလိန်နာမဟုတ်တဲ့ ခညားတို့ ဖတ်ပြီးသွားရင်လည်း ဆော်တီး
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၉ မေလ၊ ၂၀၂၆
No comments:
Post a Comment