Tuesday, April 14, 2026

ဘယ်သူ့ကြောင့် မင်းထင်သလဲ

ခုခေတ် လူကလေး လုံမကလေးတို့ကို ပြောပြလျင် ယုံမှာတောင် မဟုတ်ပါ။

 

လက်ရှိ (Apr/2026) မြန်မာငွေဈေးမှာ စင်ကာပူတစ်ဒေါ်လာလျင် မြန်မာငွေ ကျပ် ၃၂၀၀ ဖြစ်၏။

ဒါတောင် ငွေဈေးဘယ်လောက်ပေါက်သလဲ မေးလျင် ဆိုင်များက အတိအကျ မပြောကြပါ။ ၃၂၀၀ လောက်ရှိမယ် ဟုပဲ မရေမရာပြောနိုင်ပြီး ငွေလွှဲမည့်အချိန် ရောက်မှ ငွေဈေးအတိအကျကို ပြောပါသည်။ မြန်မာငွေလဲနှုန်းကို တရားသေ သတ်မှတ်ထားလို့မရ။ နာရီအလိုက် အတက်အကျရှိနိုင်၏။

မဆိုးပါသလော။ အတော်ဆိုး၏။

 

တရားဝင်ငွေလဲသည့်ဆိုင်ကြီးများတွင် ကွန်ပြူတာဖန်သားမျက်နှာပြင်ပေါ်၌ ငွေလဲနှုန်းများကို ဖော်ပြထား၏။ ဝယ်ဈေး၊ ရောင်းဈေးများကို ကြည့်နိုင်၏။ ဘဏ်များ၏ website များတွင်လည်း ငွေလဲနှုန်းများကို ကြည့်နိုင်၏။ စင်ကာပူ တစ်ဒေါ်လာဆို ထိုင်း ဘတ် ဘယ်လောက်၊ အင်ဒိုနီးရှားငွေ ဘယ်လောက်၊ ဗီယက်နမ်ဒေါင် မည်မျှ။ သို့သော် ထိုပိုက်ဆံ လဲလှယ်နှုန်းများ၌ မြန်မာငွေ မပါ။ အဲလေ DBS ဘဏ်တွင် မြန်မာငွေလဲနှုန်းကြည့်လိုပါက Myanmar Remittance တွင် ဂဏန်းရိုက်ထည့်ပြီး ကြည့်နိုင်ပါ၏။

 

၁၉၉၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က အစိုးရအစီအစဉ်ဖြင့် ကျွန်ုပ်တို့ ထိုင်းကို လေ့လာရေးခရီး သွားခဲ့ရ၏။ ကျွန်ုပ် ကိုကိုမောင်နှင့် ကိုမြင့်ဇော်တို့ဖြစ်၏။ ထိုစဉ်က နံနံခြားသွားသူများကို အစိုးရက ဝတ်စုံစရိတ်ထုတ်ပေး၏။ အေးသည့်နိုင်ငံများအတွက် ၃၀၀၀, မအေးသည့်နိုင်ငံများအတွက် ၂၄၀၀ (ထင်ပါသည်) ဖြစ်၏။ ထိုပိုက်ဆံကို ကျွန်ုပ်တို့ မေလိကန်ဒေါ်လှ ပြန်ပြောင်းလို့ရ၏။ ပြောင်းသည့်အခါ မေလိကန်တစ်ဒေါ်လာကို ၆ ကျပ်ခွဲနှုန်းဖြင့် ပြောင်းထုတ်ပေး၏။ ထိုစဉ်က ကျွန်ုပ်ရသည့် လခမှာ ၁၂၅၀ ဖြစ်၍ ထိုပမာဏမှာ အတော်များသည့် ပိုက်ဆံဖြစ်၏။

 

ထို့ကြောင့် နံနံခြားထွက်သူများမှာ ကားဝယ်နိုင်၊ တိုက်ခန်းဝယ်နိုင်လေ၏။ ထိုပိုက်ဆံကလေးဖြင့် ကျွန်ုပ်လည်း ပျဉ်းမနား မြို့ပြင်၌ ခြံရာတစ်ကွက် ဝယ်လိုက်၏။ ပိုက်ဆံဈေးကို မမှတ်မိတော့ပါ။ ၉၅ ကျပ်လားမသိ။ ထင်ပါသည်။ ခြံရာတန်ဘိုး မှာ ၆ သောင်းထင်ပါသည်။ သိပ်မမှတ်မိ။

 

အတိတ်က အမေရိကန် တစ်ဒေါ်လာလျင် မြန်မာငွေကျပ် လဲလှယ်နှုန်းများမှာ အောက်ပါအတိုင်း ဖြစ်၏။

၁၉၄၈ - ၄.၇၆ ကျပ်

၁၉၇၃ - ၄.၈၁

၁၉၇၅ - ၆.၆၂

၁၉၉၅ - ၆ ကျပ်ခွဲ

 

ကျွန်ုပ်စင်ကာပူလာတော့ အေးဂျင့်ခ အမေရိကန်ဒေါ်လာ ၂၂၀၀ ပေးရ၏။ ထိုစဉ်က အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁၄၀ လောက် ထင်ပါသည်။ အတိအကျ မမှတ်မိ။

 

၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်က ငွေလဲနှုန်းမှာ အတော်လေး တည်ငြိမ်ပါ၏။ သိပ် အတက်အကျမရှိ။ နှစ်တစ်နှစ်၏ အလယ်ဖြစ်သော ဇူလိုင်လကို မူတည်ကာ ပြောရလျင် နှစ်အလိုက် ငွေဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ၏။

 

Year

Kyats/SGD

July/1998

205

July/1999

202

July/2000

228

July/2001

355

July/2002

550

July/2003

580

July/2004

560

July/2005

July/2006

July/2007

July/2008

July/2009

July/2010

713

July/2011

652

July/2012

680

July/2013

766

July/2014

787

July/2015

810

July/2016

875

July/2017

1008

July/2018

1020

July/2019

1114

July/2020

979

July/2021

1200

July/2022

1470

July/2023

2258

July/2024

3540

July/2025

3400

July/2026

3200

 

ကျွန်ုပ် Hard disk တစ်လုံးမှာ ဖွင့်မရ၍ ၂၀၀၅ မှ ၂၀၀၉ ထိ ငွေဈေးများကို ရှာမတွေ့သေးပါ။

 

ငွေဈေးအတက်အကျကို အလွယ်တကူသိနိုင်ရန် ကျွန်ုပ်က ဂရပ်ဖြင့် ပြထားပါ၏။

 



 

ထိုဂရပ်ကို ကြည့်ခြင်းဖြင့် စင်ကာပူ တစ်ဒေါ်လာနှင့် ညီမျှသော မြန်မာကျပ်ငွေတန်ဘိုးသည် ကျွန်ုပ်စင်ကာပူ စ ရောက်သည့် ၁၉၉၈ မှ ၂၀၁၆ ခုနှစ်ခန့်ထိ (၁၈ နှစ်ခန့်အတွင်း) သိသိသာသာ ပြောင်းလဲမသွားကြောင်း တွေ့ရပါ လိမ့်မည်။ သို့သော် ၂၀၂၁ မှ ၂၀၂၆ ခုနှစ်ထိ ဂရပ်ကိုကြည့်ပါ။ ကြောက်ခမန်းလိလိ ထိုးတက်သွားတာ တွေ့ရပါလိမ့်မည်။ ဆိုလိုသည်မှာ အကယ်၍သာ အသင်တို့သည် မြန်မာငွေကို ငွေစက္ကူများအဖြစ် တယုတယ သိမ်းထားခဲ့ပါက အလကား နေရင်း ပလုံသွားသော အသင်တို့၏ ငွေများကို မိမိဘာသာ တွက်ကြည့်နိုင်ပါသည်။

 

ငွေဈေးသည် အကျမရှိ။ တရိပ်ရိပ် တက်လိုက်လာ၏။

မြန်မာငွေဈေးတက်လာခြင်းမှာ ငွေတန်ဘိုး ကျသွားခြင်း ဖြစ်၏။

 

ဥပမာဆိုကြပါစို့။

ငွေစုသူတစ်ဦးသည် ပိုက်ဆံကို ငွေသားဖြင့် စုထားသည်ဖြစ်အံ့။

၂၀၀၀ ပြည့်နှစ်လောက်က မြန်မာငွေ တစ်သိန်း စုထားသူသည် ထိုပိုက်ဆံကို စင်ကာပူဒေါ်လာဖြင့် လဲလိုက်ပါက $512 ရမည်။ ရှေးလူကြီးများလုပ်သလို ထိုပိုက်ဆံတစ်သိန်းကို အိမ်တိုင်ထဲ ထည့်ဝှက်ထားပြီး ၂၀၂၆ ရောက်မှထုတ်ပြီး စင်ကာပူ ဒေါ်လာနှင့် လဲလိုက်ပါက $30 လောက်သာ ရတော့မည်။ နေရင်းထိုင်ရင်း စလုံး ၄၈၀ လောက် အငွေ့ပျံသွားတာ ဖြစ်၏။

 

အဲသဟာ “ဘယ်သူ့ကြောင့်လို့ မင်းထင်သလဲ။”

 

နောင်ဘာတွေဆက်ဖြစ်ဦးမည်ဆိုသည်ကို အဖဘုရားသခင်တော့ သိချင်သိပါလိမ့်မည်။

ကျွန်ုပ်မူ မသိနိုင်ပါကြောင်း ရိုးသားစွာ ဝန်ခံပါ၏။

 

<<J မောင်မောင် - ဘယ်သူ့ကြောင့် မင်းထင်သလဲ (ဘယ်သူ့ကြောင့်လဲ)>>

 

စိတ်မချမ်းသာစွာဖြင့်

 

အေးငြိမ်း

၁၃ ဧပြီလ၊ ၂၀၂၆

 









 

No comments: