Tuesday, April 28, 2026

စာရေးဆရာများသည် တကယ့်သတ္တိခဲများ ဖြစ်သည် ဆိုခြင်းအကြောင်း

ခေတ်အဆက်ဆက်၌ အာဏာလက်ကိုင်ရှိသူများသည် စာရေးဆရာတို့ကို နှိပ်ကွပ်ခဲ့၏။ နှိပ်ကွပ်သမှ အသားကုန် အပီအပြင်၊ အသက်သေသည်ထိ နှိပ်ကွပ်ခဲ့တာ ဖြစ်၏။

 

သတင်းတစ်ပုဒ်ကို မှားယွင်းဖော်ပြမှုဖြင့် သတင်းစာဆရာ လူထုဦးလှကို ထောင်ထဲ၌ ရက်ရှည်ချထားခဲ့၏။ ဗန်းမော်တင်အောင်၊ မြသန်းတင့် စသည့် စာရေးဆရာကြီးများသည် ထောင်ထဲ၌ ဆယ်နှစ်ကျော်ကြာအောင် နေခဲ့ရ၏။

 

ကျွန်ုပ်သည် သက်ဦးဆံပိုင်ဘုရင်စနစ်ကို ရွံမုန်းသူတစ်ဦး ဖြစ်၏။ သို့တိုင် အချို့မှလွဲ၍ သက်ဦးဆံပိုင်ဆိုသော ဘုရင် တော်တော်များများသည် ပညာတတ်များ ဖြစ်၏။ တွေးခေါ်မြော်မြင်နိုင်စွမ်းလည်းရှိ၏။ ၎င်းတို့ကိုယ်တိုင် စာဆိုနိုင် သကဲ့သို့ စာဆိုများကိုလည်း လေးစား တန်ဘိုးထားသူများ ဖြစ်၏။ စာဆိုတို့ကို ချီးမြှောက်တာတစ်ခုတည်းနှင့်ပင် ကျွန်ုပ်သည် ထိုဘုရင်များကို ကြည်ညိုလေးစားမိလေ၏။ စာပေကိုနားလည်မှ၊ စာပေကို တန်ဘိုးထားရကောင်းမှန်း သိမှသာ စာဆိုတို့ကို ချီးမြှောက်ရကောင်းမှန်း နားလည်နိုင်မည် မဟုတ်ပါလော။

 

ပါလီမန်ဒီမိုကရေစီခေတ်က နိုင်ငံရေးခေါင်းဆောင်များသည်လည်း စာတတ်ကြ၏။ စာပေ၏တန်ဘိုးကို နားလည်ကြ၏။ သို့တိုင် ဗန်းမော်တင်အောင်ကို ထောင်ချခဲ့သူမှာ ဖဆပလအစိုးရ ဖြစ်၏။ သူတည်းတစ်ယောက်၊ ကောင်းဘို့ရောက်မူ မျက်ဖြေလင်္ကာကြောင့် ဘုရင်သည် ရွှေစိတ်တော် ပြေခဲ့သည် ဆို၏။ မဲဇာမြိုင်ခြေရတုကြောင့် ရှင်ဘုရင်သည် အမျက်တော်ပြေကာ လက်ဝဲသုန္ဒရ အမတ်ကြီးကို နန်းတော်သို့ ပြန်ခေါ်ခဲ့၏။ လက်ဝဲသုန္ဒရနှင့် အနန္တသူရိယအမတ် တို့သည် (စာများအရ) သူတို့မလုပ်သော ပြစ်မှုအတွက် ပြစ်ဒဏ်ခံရခြင်း ဖြစ်၏။

 

ဘုရင်ခေတ် မဟုတ်တော့သော အစိုးရလုပ် အုပ်ချုပ်သည့်စနစ်ကို ပြောင်းသွားသည့်အခါ စာဆိုတို့၏ မျက်ဖြေရတုများ ကြောင့် စာဆိုတို့ကို အပြစ်မှ လွှတ်ခဲ့ကြောင်း အကျွန်ုပ်ဖြင့် တစ်ရံတစ်ခါကမှ​ မကြားဖူးခဲ့ပါချေ။ ကျွန်ုပ်အထင်ကို ပြောရလျင် သည်ဘက်ခေတ်စာဆိုတို့သည် ၎င်းတို့မလုပ်ခဲ့သည်ကို အပြစ်မရှိ အပြစ်ရှာ ထောင်ချခဲ့သောကြောင့် မဟုတ်တာကို မလုပ်သည့်အတွက် အဘယ်ကြောင့် မျက်ဖြေလင်္ကာကို ရေးရမည်နည်းဟု စာဆိုသိက္ခာကို ထိန်းထားသည့်အတွက် မရေးခဲ့တာ ဖြစ်နိုင်ပါသည်။ သို့အတွက်ကြောင့်လည်း ကျွန်ုပ်က ခေတ်သစ်စာဆိုတို့ကို များစွာ လေးစားကြည်ညိုခြင်း ဖြစ်မိရပါသည်။ ခေတ်သစ်စာဆိုတို့သည် အလွန်အင်မတန် သတ္တိကောင်းသော တကယ့် သတ္တိခဲများ ဖြစ်သတည်း။ အဖမ်းခံရမည်မှန်း သိလျက်နှင့် မကြောက်မရွံ့ ရေးရဲသော ထိုစာဆိုကြီးများကို ကျွန်ုပ်သည် ဤနေရာမှနေ၍ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါသတည်း။

 

စာပေသည် လူမျိုးတစ်မျိုးအတွက် အလွန် အရေးကြီး၏။

စာပေအားဖြင့် လူမျိုးကို မြှင့်တင်နိုင်၏။

စာပေသည် လူတို့ကို အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး၊ ဟုတ်/မဟုတ် ဝေဖန်ပိုင်းခြားနိုင်မှု အသိဉာဏ်ကို ပေး၏။

စာပေဖြင့် ကမ္ဘာပတ်လို့ရ၏။

စာပေဖြင့် ကိုယ်သိချင်တာတွေ သိနိုင်၏။

စာပေတွင် သုတစာပေနှင့် ရသစာပေဟုရှိရာ သုတစာပေရော ရသစာပေပါ နှစ်မျိုးစလုံး အရေးကြီးလေ၏။

သုတစာပေသည် ဗဟုသုတကိုပေး၍ ရသစာပေက လူကို လူဆန်စေ၏။

ဤလောကတွင် လူမဆန်သူတို့ ပေါများရခြင်းအကြောင်းမှာ ရသစာပေကို တန်ဘိုးထားကာ မဖတ်ရှုကြခြင်းသည် ကြီးစွာ သော အကြောင်းတစ်ခု ဖြစ်၏။

 

ကျွန်ုပ်က ဤကဲ့သို့ရေးလိုက်သည့်အခါ အချို့က ဒီလောက် မီဒီယာတွေ ပလူပျံနေတဲ့ခေတ်မှာ စာဖတ်စရာ မလိုတော့။ သူတို့အတွက် သုတ၊ ရသအတွက် လေ့လာစရာ၊ ခံစားစရာတွေ အလွန်များလှ၏ ဟု ဆိုကြ၏။

ကျွန်ုပ်၏သားသည် ဂိမ်းကစား၏၊ ပန်းချီဆွဲ၏၊ သီချင်းနားထောင်၏၊ ရုပ်ရှင်ကြည့်၏၊ ဗဟုသုတမှာလည်း တချို့ဟာတွေ ကျွန်ုပ်က မသိသဖြင့် သူ့ကို မေးရ၏။ သို့တိုင် ကျွန်ုပ် သူ့အတွက်ပေးထားသည့် သူ့တစ်ရပ်လောက်ရှိသော စာအုပ် ဘီရိုထဲ၌ စာအုပ်များ အပြည့်ရှိ၏။ သူတို့ကျောင်းကလည်း သူတို့အတွက် ဖတ်စရာစာအုပ်တွေ ပေးလေ့ရှိ၏။

 

အဘယ်ကြောင့်နည်း။

 

ကျွန်ုပ်သည် ရုပ်ရှင်ကြိုက်၏။

ညတိုင်းလိုလို ရုပ်ရှင်ကြည့်၏။

သို့သော် စာပေကပေးသော ခံစားမှုနှင့် ရုပ်ရှင်ကပေးသည့် ခံစားမှု မတူပါ။

ရုပ်ရှင်တွင် အလွန်ကြီးသည့် အရုပ်ကြီးများနှင့် အလွန်ကောင်းသည့် digital sound များဖြင့် အလွန်ကြည့်လို့ကောင်း၏။

သို့တိုင် ဝတ္ထုကို ရုပ်ရှင်ရိုက်လိုက်လျင် ပေါ့သွား၏။

စာထဲ၌ အစွမ်းကုန် ကွန့်နိုင်၏။ စာရေးဆရာ စိတ်ကူးရှိသမျှ ကွန့်နိုင်၏။

ဝတ္ထုက ပြောသည်ကို ရုပ်ရှင်က အပြည့်အစုံ လိုက်ရိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါ။

 

“လေနုအေးသည် တနော့နော့ နွဲ့နေဆဲကို” ကို ဘယ်လိုရုပ်ရှင်ရိုက်ပါမည်နည်း။

 

ညက မိုးတစ်ဖြိုက်ရွာသံ ကြားခဲ့ရသည်။ နံနက်လင်း၍ ပြတင်းတံခါးကို ဖွင့်လိုက်သောအခါ မြေသင်းနံ့များ ကြိုင်နေသည်။ ဪ - ပိတောက်နံ့များလည်း လှိုင်နေ၏။ . . . ကို ဘယ်လိုရုပ်ရှင်ရိုက်ပါမည်နည်း။

 

စာရေးဘို့ဆိုတာ တော်ရုံတန်ရုံလူ လုပ်လို့ရတာ မဟုတ်။

၎င်း၌ ဝမ်းစာမပြည့်ဘဲ၊ တွေးခေါ်မြော်မြင်နိုင်စွမ်း တီထွင်ကြံဆနိုင်စွမ်းမရှိဘဲ စာရေးဘို့ မလွယ်။

 

အသင်တို့သည်လည်း ဖေ့စ်ဘုတ်၌ ရေးကြ၏။

သို့သော် ဖတ်ကောင်းသည့် စာတစ်ပုဒ်ဖြစ်လာဘို့ဆိုသည်မှာကား တော်ရုံနှင့် မဖြစ်။

ကျွန်ုပ်သည် စာဖတ်ဝါသနာပါသူဖြစ်သဖြင့် ခေတ်သစ်၊ ခေတ်ဟောင်း စာပေါင်းစုံကို ဖတ်၏။

 

တချို့ ခေတ်သစ်စာရေးဆရာများကို သဘောကျသော်လည်း တချို့မှာ ဘာတွေရေးထားမှန်းကို မသိပါ။

သူဘာပေးချင်သလဲဆိုတာ ခန့်မှန်းလို့မရ။

ဟိုနာမည်ကြီး စာရေးဆရာမတစ်ဦးရေးထားသည့် စာအုပ်ကို စိတ်ဝင်စားလို့ ဝယ်ဖတ်ကြည့်၏။

သူ့ဟာက အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ်ကို အနားချကာ ဖတ်ရမည့်စာအုပ် ဖြစ်၏။

ဒါတောင် အချို့စကားလုံးများမှာ အဘိဓာန်စာအုပ်ထဲ၌ မပါ။

သူ့စာသည် သူ့စာကိုဖတ်တတ်/ဖတ်နိုင်သည့် လူတန်းစားတစ်ရပ်အတွက်သာ ဖြစ်၏။ စာဖတ်သူအားလုံးအတွက် မဟုတ်။

ခေတ်မကောင်းသည့်အချိန်တွင် စာရေးဆရာကောင်းများ ရှားပါးလာရခြင်းကား သိပ်တော့ အထူးအဆန်း မဟုတ်ပါချေ။

ဝမ်းနည်းစရာ ဖြစ်၏။

 

ရှိသည့်ဆရာကောင်းများသည် သက်ရှည်ကျန်းမာပါစေသတည်း ဟု ဆုတောင်းရုံမှလွဲ၍ အခြား ကျွန်ုပ် ဘာမှ မတတ်နိုင်ပါချေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၈ ဧပြီလ ၂၀၂၆

No comments: