Wednesday, July 31, 2024

စင်ကာပူမှ အိမ်အကူများ အကြောင်း

အချီး


 

နံပါတ် (၁) - အရမ်းကြီး ချောမနေရဘူး။

အရမ်းချောရင် အိမ်ရှင်အမျိုးသားက ရိသဲ့သဲ့လုပ်မယ်၊ ကြံစည်မယ်။

အိမ်ရှင်အမျိုးသားက ရိုးရိုးသားသားမို့ ဘာမှ​မလုပ်ရင်တော့ အမျိုးသမီးက သူ့ယောက်ျားနဲ့ စိတ်မချဘူးဖြစ်မယ်။ မသင်္ကာဖြစ်မယ်။ နောက်ပြီး ကိုယ်က သူ့ထက်ပိုချောနေရင် အဲဒါ အကြီးအကျယ် ပြဿနာ။ ကိုယ်ချောတာကို မနာလို မရှုဆိတ်တွေ ဖြစ်မယ်။ အဲဒီအတွက် အမျိုးမျိုး ပြဿနာရှာမယ်။

အဲဒီအတွက် အိမ်အကူလုပ်မယ့်သူဟာ နံပါတ် (၁) အရမ်းကြီး ရုပ်ချောမနေရဘူး။

ဘာတယ်။ အဖိုးကြီးကိုကြည့်ရမယ်ဆို မဖြစ်ဘူးလား။

ဟိုစကား ကြားဖူးတယ်မဟုတ်လား။ ယောက်ျားဆိုတာ ဖွဲတစ်ဆုပ်ကို မမ,နိုင်တဲ့အခါကျမှ ဆိုတာလေ။ 

အောင်မငီး

 

နံပါတ် (၂) - အင်္ဂလိပ်လို မွှတ်နေအောင်လည်း မပြောတတ်ရဘူး။ အရမ်းကာရောလည်း တတ်သိမနေရဘူး။ 

ကိုယ်က သူတို့ထက် ပိုပြီး သိနေ၊ တတ်နေရင်လည်း အဲဒါ ပြဿနာ။ 

နင်က ငါ့ထက် ပိုတတ်နေတယ်ပေါ့။ 

ဒါပေမယ့် အင်္ဂလိပ်လို တစ်လုံးမှနားမလည်ရင်လည်း ပြဿနာ။

ဟိုဟာပြောလည်း မသိ။ ဒီဟာပြောလည်း နားမလည်ရင် ဘယ်လိုခိုင်းမလဲ။ 

သူတို့လည်း စိတ်ဆိုးတယ်။ ကိုယ်လည်း စိတ်ညစ်ရတယ်။ 

အင်္ဂလိပ်လို ထမင်းစားရေသောက်တော့ အနည်းဆုံး ပြောတတ်ရမယ်။

မဟုတ်ရင် အဆင်မပြေဘူး။

 

နံပါတ် (၃) - အိမ်သုံးပစ္စည်းတွေ ဘယ်လိုကိုင်ရတွယ်ရမယ် ဆိုတာ သိထားရင်ပိုကောင်းတယ်။

ဟိုဟာလည်း မလုပ်တတ်၊ ဒီဟာလည်း မလုပ်တတ်။ အဝတ်လျှောက်စက်တောင် မမြင်ဖူးဘူးဆိုရင် အဆင်မပြေဘူး။

ဘယ်လောက်ဆိုးလဲဆို တချို့ဆို မီးခလုတ် အပိတ်အဖွင့်လုပ်တာတောင် မလုပ်တတ်ဘူး။

 

နံပါတ် (၄) - ကိုယ်က နိုင်ငံခြားမှာ လာပြီး အလုပ်လုပ်နေတာ။ အိမ်အကူ။ 

ငါ ငါ့မိသားစုအတွက် ပိုက်ဆံလာရှာတာ။ သူတို့နဲ့ သင့်သင့်မြတ်မြတ် ဖြစ်အောင်နေမယ်။ အစစအရာရာ သည်းခံမယ် ဆိုတဲ့စိတ် မွေးထားရမယ်။ 

 

(၁)

 

မြေနိုးများ ဒုက္ခပေးသဖြင့် နေ့စဉ်နှင့်အမျှ နိုင်ငံခြားတိုင်းပြည်များ၌ အလုပ်လုပ်ရန် မြန်မာပြည်မှ ထွက်ခွာနေသူ ရာဂဏန်း အတော်များများ ရှိ၏။ 

 

၎င်းတို့အထဲမှ အများစုမှာ နိုင်ငံခြား အလုပ်လုပ်ရန်သွားမည် ဆိုသော်လည်း ဘာတစ်ခုမှ ပြင်ဆင်လာတာမရှိ။ ပြင်ရ ဆင်ရ ကောင်းမှန်းလည်းမသိ။ ခွားမသေးတွေလက်က ကျွတ်၊ ဗြွတ် ဆိုပြီး သည်အတိုင်း ထွက်လာကြတာ ဖြစ်၏။ 

 

သည့်အတွက် နိုင်ငံခြားလည်းရောက်ရော ဒုက္ခနှင့်လှလှနှင့်တွေ့ရတာ မဆန်းပါ။

 

၂၀၀၉ ခုနှစ်က စင်ကာပူရောက် မြန်မာအချို့ကို အင်တာဗျူးပြီး “ဘဝခါးခါး” ဟူသည့်စာအုပ်တစ်အုပ် ရေးထုတ်ခဲ့ဖူး၏။

ယခုတစ်ခါ စင်ကာပူ၌ အိမ်အကူအဖြစ် လာရောက်အလုပ်လုပ်ကိုင်နေသူများ အကြောင်းကို အတော် ပြည့်ပြည့်စုံစုံလေး ရေးထုတ်ရန် ကြံရွယ်ပါသည်။

 

ကျွန်ုပ်ကြံစည်ထားသည်မှာ အိမ်အကူ အနည်းဆုံး (၇) ယောက်၊ အိမ်ရှင် (၂) ယောက်၊ အလုပ်အကိုင် ရှာဖွေရေး အေးဂျင့် (၂) ဦး၊ အိမ်အကူများအား ကူညီပေးနေသူ (၂ - ၃) ဦးကို မေးကြည့်ပြီး ရေးမည်။

 

အပိုင်း (၆) ပိုင်းပါမည်။

 

အပိုင်း (၁) တွင် အိမ်အကူများအတွက် ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေနှင့် လိုက်နာရမည့် စည်းကမ်းချက်များ။ စင်ကာပူတွင် နေသည့်အခါ ဘယ်လိုနေရထိုင်ရမည် စသည်

 

အပိုင်း (၂) အိမ်အကူများ၏ ပြောကြားချက်များ 

 

အပိုင်း (၃) အိမ်ရှင်တို့၏ အသံ

 

အပိုင်း (၄) အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်များ၏ အတွေ့အကြုံ

 

အပိုင်း (၅) အိမ်အကူများအား ကူညီပေးနေသူများ၏ မျှဝေ ပြောကြားချက်များ

 

အပိုင်း (၆) (လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ) အာဏာပိုင်များနှင့် အေးဂျင့်များလုပ်ရန် သင့်တော်သည့် အကြံပြုချက်

 

ဤစာအုပ်သည် -

စင်ကာပူကို အိမ်အကူအနေနှင့် အလုပ်လာလုပ်မည့်သူများ (အဲလေ၊ စိတ်ဝင်တစား ဝယ်ယူ ဖတ်ရှုကြလိမ့်မည်ဟုလည်း မမျှော်လင့်ပါ။)၊ 

ကိုယ့်သားသမီးများကို အိမ်အကူအနေနှင့် စင်ကာပူကိုလွှတ်မည့် မိဘများ (အဲလေ၊ စိတ်ဝင်စားကြလိမ့်မည် မထင်ပါ)၊ 

 

အဲလေ - အနည်းဆုံးတော့ ဒါတွေ ဒီလိုရှိပါလားဆိုတာလောက်တော့ သိသွားလိမ့်မည်ဟု မျှော်လင့်ပါသည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၉ ဇူလိုင်လ၊ ၂၀၂၄

No comments: