Tuesday, May 7, 2024

လုပ်ငန်းခွင် မတော်တဆမှုဖြစ်ပါက ပေးရမည့် ထိခိုက်နစ်နာမှု ငွေကြေးပမာဏကို တိုးမြှင့်လိုက်ခြင်း

https://www.mom.gov.sg/newsroom/press-releases/2024/0802-higher-compensation-limits-under-the-work-injury-compensation-act

 

ယခင်အခါ ကာလများဆီက စင်္ကာပူသို့ လာရောက်လုပ်ကိုင်မည့် နိုင်ငံခြားသား အလုပ်သမားတစ်ဦးအတွက် အလုပ်ရှင်သည် တစ်နှစ်လျှင် တစ်သောင်းခွဲတန် ဆေးအာမခံ ဝယ်ပေးထားရ၏။ နေထိုင်မကောင်းဖြစ်သည့်အခါ ထို ဆေးအာမခံပိုက်ဆံများကို သုံး၏။

 

တက်လာသည့် ဆေးကုသစရိတ်ကုန်ကျမှုများကို ကာမိစေရန် ထို ဆေးအာမခံ (MI – Medical Insurance) ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစကာ ၆ သောင်း ($60,000) သို့ တိုးမြှင့်လိုက်၏။

 

ဤသည်က တစ်ချက်။

 

ဤသည်မှာ သာမန် နေထိုင်မကောင်းခြင်းကို ကုသရန်အတွက် ဆေးအာမခံ ဖြစ်၏။

 

နောက်တစ်ခုမှာ အလုပ်ထဲ၌ မတော်တဆ ထိခိုက်ရှနာမှုဖြစ်ပါက ဆေးကုသရန် ထားရသည့် အာမခံ ဖြစ်၏။ ထိုအာမခံမှာ လုပ်ငန်းခွင် ထိခိုက်ရှနာမှု လျော်ကြေးဥပဒေ - WICA (Work Injury Compensation Act) အရ ထားရတာဖြစ်၏။

 

WICA အရ အလုပ်သမားတစ်ဦးသည် မတော်တဆမှုဖြစ်ပါက ခံစားခွင့် သုံးမျိုးရ၏။

 

၁။ ဆေးကုသစရိတ် ခံစားခွင့်

၂။ ဆေးခွင့်၊ ဆေးရုံတက်ခွင့် ခံစားခွင့်

၃။ တစ်သက်တာ မသန်မစွမ်း (PI – Permanent Incapacity) ဖြစ်ခြင်းအတွက် တလုံးတခဲတည်း ခံစားခွင့်

 

လုပ်ငန်းခွင်မတော်တဆမှုဖြစ်ခြင်းအတွက် ဆေးကုသစရိတ်ကို ယခင်က အာမခံကြေး တစ်နှစ်လျှင် လေးသောင်းခွဲ (S$45,000) ဝယ်ရ၏။ ဆေးကုသရာ၌ ထိုပမာဏသည် လောက်ပါလေရဲ့လားဟု ၂၀၂၀ ခုနှစ်က ပြန်ပြီးသုံးသပ်ခဲ့၏။ တိုးမြင့်လာသည့် ဆေးကုသစရိတ်များကို ကာမိစေရန် ထိုပမာဏကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစကာ ၁၇% တိုးလျက် S$53,000 သို့ မြှင့်လိုက်၏။ ဆိုလိုသည်မှာ အလုပ်ရှင်များသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစကာ အလုပ်သမားတစ်ဦး ထိခိုက်ဒဏ်ရာရလျှင် ဆေးကုနိုင်ရန် တစ်နှစ်လျှင် S$53,000 တန်သည့် အာမခံကို ဝယ်ရမည်။

 

နောက်တစ်မျိုးမှာ တစ်သက်တာမသန်မစွမ်းဖြစ်ခြင်းအတွက် တလုံးတခဲတည်း နစ်နာကြေးဖြစ်၏။ 

လက်ရှိ ထိုနစ်နာကြေးမှာ -

 

သေဆုံးမှုအတွက် အနည်းဆုံး S$76,000 မှ အများဆုံး S$225,000 ဖြစ်၏။

တစ်သက်တာမသန်မစွမ်းဖြစ်ခြင်းအတွက် အနည်းဆုံး S$97,000 မှ အများဆုံး S$289,000 ဖြစ်၏။

 

ထိုနစ်နာကြေးများမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစကာ ၁၉% တိုးသွားမည်ဖြစ်၏။ 

ထိုအခါ အောက်ပါအတိုင်း ဖြစ်သွားမည်။

 

သေဆုံးမှုအတွက် အနည်းဆုံး S$91,000 မှ အများဆုံး S$269,000

တစ်သက်တာမသန်မစွမ်းဖြစ်ခြင်းအတွက် အနည်းဆုံး S$116,000 မှ အများဆုံး S$346,000

 

သို့သော် ဆေးခွင့်နှင့် ဆေးရုံတက်ခွင့်အကြောင်း ဘာမှ ပြောမထား၍ ယခင်ကအတိုင်းပင် ဖြစ်၏။

တစ်နှစ်လျှင် လခအပြည့်နှင့် ခံစားနိုင်တာ ဆေးခွင့် - ၁၄ ရက်၊ ဆေးရုံတက်ခွင့် - ရက် ၆၀။ 

ဆေးခွင့် ၁၄ ရက်ထက်ပိုလျှင် ၁၅ ရက်မှ ၁ နှစ်ထိနှင့် ဆေးရုံတက်ခွင့် ၆၀ ရက်ထက်ပိုလျှင် ၆၁ ရက်မှ ၁ နှစ်ထိ - လခ၏ သုံးပုံနှစ်ပုံ ခံစားခွင့်ရှိ၏။ 

 

မိတ်ဆွေတို့ သိစေရန် ပြန်လည် ဖောက်သည်ချလိုက်ရပါကြောင်း -

 

အေးငြိမ်း

၇ မေလ၊ ၂၀၂၄

No comments: