Wednesday, May 8, 2024

ကျွန်ုပ် ဘုမသိ ဘမသိ၊ မအူမလည်နှင့် ဘာ ဘာသာဝင် ဖြစ်လာရသည် ဆိုခြင်းအကြောင်း

မှတ်ချက်။

ဘာသာရေးအကြောင်းဖြစ်၍ နည်းနည်းရှည်ပါမည်။ 

ထို့ကြောင့် ဤ post ကို အိပ်ခါနီးဖတ်ပါ။ အိပ်ဆေးသောက်စရာမလိုဘဲ အလျင်အမြန် အိပ်ပျော်လိမ့်မည် ဖြစ်ကြောင်း။

ဤကား စကားချပ်။


--------------------------------------------------

 

ကျွန်ုပ်နှင့် အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးက ဘုရားရှိခိုးသွားဘို့ မကြာခဏ ခေါ်နေသည်နှင့် ကျွန်ုပ်လည်း သူတို့ ဘုရားရှိခိုးတာ ဘယ်လိုနေပါလိမ့်ဟု စပ်စုလို၍ သူခေါ်သည့်နောက် လိုက်သွားလေသော ဟူသတတ်။ 

 

သူခေါ်သွားသည့် ဘုရားကျောင်းမှာ တိုတပ် (Toh Tuck) တွင်ရှိ၏။ သည်နေရာကို ကျွန်ုပ် ကောင်းကောင်းသိ၏။ ၂၀၁၄ မှ ၂၀၁၇ ထိ ထိုဒေသတွင် တိုက် ၈ လုံးပါ The Creek@Bukit ကွန်ဒိုဆောက်ရာ ထို project ၌ Safety Officer အဖြစ် လုပ်ခဲ့ဖူး၍ ထိုဒေသကို ကောင်းကောင်းရင်းနှီးနေပါ၏။

 

ပြောရလျှင် တိုတပ်မှာ သူဌေးရပ်ကွက်ဖြစ်၏။ လုံးချင်းအိမ်များ (landed houses)၊ တိုက်ခန်းတွဲများ (terrace houses) နှင့် ကွန်ဒိုများချည်း ဖြစ်လျက် HDB flat သိပ်မရှိလှပါ။ အဲလေ မရှိပါ။ အမှန်က သိပ်တော့လည်း မဆန်းပါ။ ယခင်က တိုတပ်သည် တောတောင်၊ လျှိုမြောင်ချိုင့်ဝှမ်းဒေသဖြစ်လျက် ယာခင်းများ၊ တောင်ယာကွက်များ နှင့် တဲကလေးများ ပါသည့် ရွာကလေး ဖြစ်ပါလိမ့်မည်။ စင်္ကာပူ တဖြည်းဖြည်းတိုးတက်လာသည့်အခါ ထို ကိုယ်ပိုင်ယာခင်းကွက်ကလေးများ မှာ ကိုယ်ပိုင်တိုက်များ ဖြစ်လာလျက် စင်္ကာပူ မက်ထရိုပိုလီတန်အဖြစ် ပြောင်းလဲလာသည်နှင့် တပြိုင်နက် ထိုယာခင်းမှ တဲကလေးတို့မှာ ဒေါ်လာ သန်းနှင့်ချီတန်သည့် ကိုယ်ပိုင်တိုက်အိမ်များ ဖြစ်သွားခြင်း ဖြစ်ပါလိမ့်မည်။ (ထိုသို့ဖြစ်လာခဲ့ သည်ဟု ကျွန်ုပ်က တထစ်ချ မဆိုလိုပါ။ တိုတပ်သည် တောင်ကုန်းကလေးများ၊ ချိုင့်ဝှမ်းကလေးများနှင့် ပြည့်နှက်နေ သောကြောင့် ဤသို့ဖြစ်တန်ကောင်းရဲ့ဟု ကျွန်ုပ်က တွေးကြည့်ခြင်းမျှ ဖြစ်ကြောင်း။)

 

ပိတ်ထားသည့်တံခါးကို တွန်းဝင်ပြီး လှေခါးမှ အပေါ်သို့တက်သွားသည့်အခါ အင်္ကျီအဖြူ၊ ဘောင်းဘီအနက် ဆင်တူဝတ်စုံ ဝတ်ထားသည့် အသက် ၄၀ မှ ၆၀ အတွင်း တရုတ် အမျိုးသမီး၊ အမျိုးသား အစိတ်ခန့်ကို တွေ့ရ၏။ 

 

ကျွန်ုပ်တို့ကို ပျာပျာသလဲ ဆီးကြိုနှုတ်ဆက်ပြီး သူတို့ဝါဒအကြောင်း ရှင်းပြ၏။ 

သူတို့ဝါဒဆိုသည်မှာ အခြားမဟုတ်ပါ။ Daoism သို့မဟုတ် Taoism တာအိုဝါဒ ဖြစ်၏။ 

 

တာအိုဝါဒသည် ကျွန်ုပ်အတွက် အဆန်းတကြယ်မဟုတ်ပါ။

တာအိုဝါဒကို ကျွန်ုပ် အသက် ၁၆ နှစ်မှ ၂၀ အတွင်း စန္ဒာမဂ္ဂဇင်းများ၌ပါသည့် သက်လုံ၏ အခန်းဆက်ဆောင်းပါးများဖြင့် စတင်ရင်းနှီးခဲ့၏။ ထိုဆောင်းပါးများကို ဗလာစာအုပ်၌ ကူးရေးထားခဲ့တာလည်း မှတ်မိနေပါသေး၏။ ယခု ထို ဗလာစာအုပ်များ ရှိသေးသလား၊ မရှိတော့ပြီလား မသေချာပါ။ ရန်ကုန်ပြန်ရောက်မှ ကျွန်ုပ် မှတ်စုစာအုပ် အဟောင်းများကို ရှာကြည့်ရဦးမည်။ ကျွန်ုပ်စိတ်ထင် ထိုဆောင်းပါးများမှာ “စေ့ထားသော တံခါးများ” ဖြစ်မည် ထင်၏။​ ကောင်းကောင်း မမှတ်မိတော့။ စိတ်ကူးချိုချိုမှ စတုတ္ထအကြိမ်ထုတ်ဝေသည့် ‘စေ့ထားသော တံခါးများ’ စာအုပ် ကျွန်ုပ်လက်ဝယ်၌ ရှိ၏။

 

စင်္ကာပူရောက်ခါစနှစ်များ (၁၉၉၈/၉၉) ကလည်း ‘အောင်’ တို့အဖွဲ့ ဖိတ်ခေါ်မှုဖြင့် တာအိုတရားပွဲများသို့ အတော် ကြာကြာ သွားရောက် နားထောင်ဖြစ်၏။ အောင် တို့အဖွဲ့တွင် အောင်၊ မင်း နှင့် ရှယ်လီ (Ong, Ming, Shirley) တို့ ပါ၏။ အသက် ၃၂ နှစ်ခန့် မွန်မွန်ရည်ရည်၊ ယဉ်ယဉ်ကျေးကျေး တရုတ်ကလေးများ ဖြစ်၏။ 

 

သူတို့က အလုပ်သမားများထံ ချဉ်းကပ်ကာ တာအိုဝါဒအကြောင်း ပြောပြ၏။ ထို့နောက် သူတို့တရားပွဲများသို့ တက်ရောက်နားထောင်ရန် ကျွန်ုပ်တို့ရှိရာသို့လာကာ ကိုယ်တိုင်ကိုယ်ကျ ခေါ်ငင်၏။ တရားပွဲ၌လည်း သက်သတ်လွတ် အစားအသောက်များ ကျွေးမွေး၏။ နောက်ပိုင်းတွင် သူတို့တရားပွဲများသို့ ဆက်မသွားဖြစ်တော့ပါ။ ထိုတရားပွဲများ၏ ကျေးဇူးဖြင့် ကိုရေချမ်း၊ ကိုမြင့်သိန်းတို့နှင့် သိကျွမ်းခင်မင်၊ နောက်တော့ အလွန်ရင်းနှီးသော မိတ်ဆွေများ ဖြစ်သွားခဲ့ရ၏။

 

စင်္ကာပူ၌ တာအိုဝါဒနှင့် ပြန်လည်ဆုံစည်းရသည်မှာ ယခု ဒုတိယအကြိမ် ဆိုကြပါစို့။

 

နေရာက ဘုန်းကြီးကျောင်းမဟုတ်။ အိမ်ကို ဘုရားကျောင်း လုပ်ထားတာ ဖြစ်၏။ (ယခင် ကျွန်ုပ် ရောက်ခဲ့ဖူးသည့် တာအို ကျောင်းများမှာလည်း ကျောင်းသီးသန့်မဟုတ်ဘဲ အိမ်ခန်းများကို ကျောင်းလုပ်ထားတာ ဖြစ်၏။)

 

အခန်း၏ နံရံတစ်ဖက်ကို ဘုရားစင်လုပ်ထား၏။ ဘုရားစင်မှာ အတော်ခမ်းနား၏။ နောက်ကျောဘက်တွင် ကွမ်ရင် မယ်တော်ပုံ ကပ်ထားပြီး ရှေ့ဘက်တွင် ရုပ်တုသုံးခု ရှိ၏။ (သူတို့ ဘုရားရှိခိုးနေတုံး ဓာတ်ပုံရိုက်လျှင် ရိုင်းရာကျမည် စိုးသဖြင့် ဓာတ်ပုံမရိုက်ခဲ့ရ။) အလယ်ကရုပ်တုမှာ Laughing Buddha ခေါ် ဦးတည်ဘွားရုပ်ဖြစ်၏။ ဘေးဘယ်ညာ နှစ်ဘက်က ပုံများကိုတော့ ကျွန်ုပ် မသိ။





စင်ကာပူမှ ရှေးအကျဆုံး တာအိုဘုရားကျောင်း

 

ဘုရားစင် ဘေးဘယ်ညာတွင် အမျိုးသမီးနှစ်ဦးရပ်နေကာ ဗလွတ်ဗလွတ်နှင့် အတိုင်အဖောက်ညီစွာ ရွတ်ဖတ်နေကြ၏။ သူတို့ရွတ်ဖတ်နေစဉ် အမျိုးသားများက နှစ်ဦးစီ ဘေးဘယ်ညာမှ ဝင်လာပြီး ချထားသော တစ်ထွာခန့်မြင့်သည့် ခုံကလေးများပေါ် ဒူးထောက်ထိုင်ကာ ဘုရားရှိခိုးကြ၏။ 

 

ထို့နောက် ဘုရားကို သစ်သီးများကပ်၏။ သစ်သီးများမှာ အတော်များ၏။ ပန်းသီး၊ သစ်တော့သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ ရှောက်ချိုသီး၊ စပျစ်သီး၊ နဂါးမောက်သီး စသည် အစုံပါ၏။

 

သစ်သီးကလပ်တစ်ခုစီကို အမျိုးသားနှစ်ဦးက ကိုင်လာကာ ဘုရားရှေ့တည့်တည့်၌ ကလပ်ကြီးတစ်ခုကိုင်လျက် ရပ်နေသူ၏ ကလပ်ပေါ် တင်ပေး၏။ ထိုသူက ရှေ့တိုးသွားကာ ဘုရားရှေ့ ဘေးဘယ်ညာ၌ရပ်နေသူနှစ်ဦးထံ ကမ်းပြန်၏။ ထိုသူနှစ်ဦးကမှ ဘုရားအနီး ရပ်နေသူများထံ ကမ်း၊ ထိုသူများက ဘုရားရှေ့မှ သစ်သီးခုံပေါ်တင်။ အတော်လေးတော့ အလုပ်ရှုပ်၏။

 

သူတို့ သစ်သီးဗန်းများနှင့် အလုပ်ရှုပ်နေစဉ် ကျွန်ုပ်ကို တာအိုဂိုဏ်းသွင်းရေး အစီအမံများ စတင်ပြုလုပ်၏။

ပထမ တရုတ်လိုရေးထားသည့် စာရွက်၌ အချက်အလက်များ ဖြည့်ခိုင်း၏။

သူတို့က တာအိုဝါဒအကြောင်း မိတ်ဆက်ပေးတော့ ကျွန်ုပ်လည်း တောက်တယ်ကျင်းအကြောင်း ပြောပြလိုက်၏။ သူတို့လည်း ဒီကောင် အစိမ်းသက်သက်မဟုတ်ဘူးဟ ဟု အတော် ဝမ်းသာသွားဟန် ရှိ၏။

မင်း ဒီက ပြန်သွားပြီးနောက် တောက်တယ်ကျင်းကို ပြန်ဖတ်ကြည့်၊ ပိုသဘောပေါက်လာလိမ့်မယ် ဆို၏။

(သူတို့ဆီကပြန်လာပြီး ကျွန်တော် စေ့ထားသော တံခါးများကို ပြန်ဖတ်ကြည့်ရာ ထိုဆရာကြီးများသည် တောက်တယ်ကျင်းဆိုတာ ဘာမှန်းမသိဘဲနှင့် ကျွန်ုပ်ကို ရမ်းတုတ်လွှတ်လိုက်မှန်း သိရလေ၏။)

 

ထို့နောက် သူတို့အခမ်းအနားစ၏။

ပထမ ဘုရား (God) ကို ဖိတ်ခေါ်၏။ ဘုရားပင့် ဆိုကြပါစို့။

ထို့နောက် ကျွန်ုပ်ကို မိတ်ဆက်ပေးသူနှင့် ကျွန်ုပ်ကို သင်ကြားပြသပေးသူက အရင် ရှိခိုး၏။ ဘေးက လူများက ဗလွတ်ဗလွတ်နှင့် ရွတ်ကြ၏။

ထို့နောက် ကျွန်ုပ်အလှည့်ရောက်၏။ ကျွန်ုပ်လည်း ဘုရားရှေ့မှောက် ဒူးထောက်ထိုင်ရ၏။ ဘေးက လူများက ဗလွတ်ဗလွတ်နှင့် ရွတ်ပြန်၏။ သူတို့က ရှိခိုးဆိုလျှင် ခေါင်းငုံ့ပြီး ၃ ကြိမ်စီ ရှိခိုးရ၏။ စုစုပေါင်း ၇ ခါလောက် ရှိခိုးရသည် ထင်၏။ ဘာတစ်ခုမှ နားမလည်ဘဲ သူတို့ခေါင်းညိတ်ဆို လိုက်ညိတ်နေရတာ အတော်တော့ အူကြောင်ကြောင် နိုင်လှ၏။

 

ပြီးတော့ အမွှေးတိုင်လို တုတ်တိုကလေး ၃ ချောင်းပေးကာ ရှေ့မှ အမွှေးတိုင်များထွန်းထားသည့် သဲခွက် အလယ် တည့်တည့်တွင် ထိုးရ၏။

နောက်ပြီး ကျွန်ုပ်နာမည်ပါသည့် တရုတ်စာလုံးများရေးထားသည့် စာရွက်ကို မီးရှို့၏။ အောင်မငီး

 

ဗုဒ္ဓဘာသာဝင်တို့ သိမ်ဝင်ပြီး ဦးပဉ္စင်းဇာတ် သွင်းပေးသကဲ့သို့ ဖြစ်၏။

 

ထို့နောက် ကျွန်ုပ်၏ ဥပဈ္ဇာယ်ဆရာက သူတို့ တာအိုဝါဒအကြောင်း ကျွန်ုပ်ကို ရှင်းပြ၏။

သူတို့တာအိုဝါဒမှာ ကျွန်ုပ်လေ့လာခဲ့ဖူးသော တာအိုဝါဒနှင့် မတူကြောင်း သတိထားမိ၏။

 

သူတို့ God က ဗုဒ္ဓမဟုတ်ဘဲ ခရစ်ယာန်များ ယူဆသည့် God ကဲ့သို့ ဖြစ်၏။ ၎င်းတို့သည်လည်း သက်ရှိသက်မဲ့ အရာအားလုံးကို God က ဖန်ဆင်းထားတာဖြစ်သည်ဟု ယူဆထားသူများ ဖြစ်၏။

၎င်းတို့သည် ထာဝရကောင်းကင်ဘုံနှင့် ထာဝရငရဲဘုံကို ယုံကြည်ကြ၏။

၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်မှာ ထာဝရကောင်းကင်ဘုံသို့ ရောက်ရှိရေးဖြစ်သည်ဟု နားလည်မိ၏။

 

၎င်းတို့၌လည်း ရတနာသုံးပါးရှိရာ အောက်ပါအတိုင်း ဖြစ်၏။ 

 

1. Main Door

2. 5 Key Words (password to the heaven)

3. Royal Hand Posture - တို့ ဖြစ်၏။

 

Main Door အကြောင်းမပြောခင် ပိုမိုနားလည်စေရန် ၎င်းတို့၏ အယူအဆတစ်ခုအကြောင်း ပြောပါရစေဦး။

၎င်းတို့ ယုံကြည်မှုမှာ အတန်ငယ်ရီစရာ ကောင်းသော်လည်း သူများယုံကြည်မှုဖြစ်၍ မရီဝံ့ပါ။

 

လူတိရစ္ဆာန်တို့၌ မျက်စိနှစ်လုံး၊ နှာခေါင်းနှစ်ပေါက်၊ နားနှစ်ဖက်၊ ပါးစပ်တစ်ပေါက်စီပါ၏။

အားသန်ရာကိုလိုက်၍ အသက်သည် ထိုအပေါက်မှထွက်သည်ဟု ၎င်းတို့က ယုံ၏။

 

ဝက်၊ နွား၊ ဆင်၊ မြင်း၊ ဆိတ်၊ သိုးကဲ့သို့ တိရစ္ဆာန်များသည် အကြားအာရုံ၌ ပိုသန်သောကြောင့် အသက်ထွက်လျှင် နားမှ ထွက်သည် ဆို၏။ (အသင် ခွေးချစ်တတ်သူတို့သည် မိမိတို့ချစ်မြတ်နိုးလှသော ခွေးကလေး သေခါနီး ဆန့်ငင်ဆန့်ငင် ဖြစ်နေချိန်၌ အသက်မထွက်စေရန် နားထဲကို ဂွမ်းဆို့ထားပါလေ။) 

 

လင်းယုန်ငှက်သည် ဟို့ အမြင့်ကြီးမှနေ၍ ရေထဲ၌ရှိသော ငါးကို မြင်နိုင်သောကြောင့် အမြင် အာရုံထက်သန်၏။ ထို့ကြောင့် ငှက်များသေလျှင် အသက်သည် မျက်စိမှထွက်သည် ဆို၏။ 

 

ငါး၊ ရေဘဝဲကဲ့သို့ ရေနေသတ္တဝါများသည် ပါးစပ်ဟစိဟစိလုပ်ကာ အသက်ရှင်ရ၏။ ထို့ကြောင့် ပါးစပ်သန်၏။ ထို့အတွက်  ငါးများသေလျှင် အသက်သည် ပါးစပ်မှထွက်သည် ဆို၏။

 

ယင်၊ ပျားတို့သည် အနံ့ခံ အလွန်ကောင်း၏။ အဝေးကြီးမှ အနံ့များကိုပင် ခံနိုင်၏။ ထို့ကြောင့် ၎င်းတို့သေလျှင် အသက်သည် နှာခေါင်းမှထွက်သည် ဆို၏။

 

လူတို့တွင်မူ ဝါဒနှစ်ခုကွဲ၏။

 

ပထမဝါဒက -

ချက်မှအသက်ထွက်သူများသည် သာမန်လူအနေနှင့် ပြန်လည် မွေးဖွားလာသည် ဆို၏။

ငယ်ထိပ်မှအသက်ထွက်သူများသည် ကြွယ်ဝချမ်းသာပြီး ဩဇာအာဏာနှင့် ပြည့်စုံသူအနေနှင့် ပြန်လည် မွေးဖွားလာသည် ဆို၏။

 

နောက်ဝါဒတစ်မျိုးက -

မျက်လုံးနှစ်ခုအကြား နှာခေါင်းထိပ် အချိုင့်ဆုံးနေရာ မှအသက်ထွက်သူများသည် လူအနေနှင့် ပြန်လည် မွေးဖွားလာသည် ဆို၏။

 

အထက်တွင် ဆိုခဲ့သော main door မှာ ထို မျက်လုံးနှစ်ခုအကြား နှာခေါင်းထိပ် အချိုင့်ဆုံးနေရာ ဖြစ်၏။

အဘယ်ကြောင့် ဤနေရာ အရေးကြီးရသနည်းဟူမူ အသက်သည် ထိုနေရာမှ ဝင်/ထွက်သောကြောင့် ဖြစ်သည် ဆို၏။ ကျွန်ုပ်အဖို့မူ အတန်ငယ်ထူးဆန်းသည့် အယူအဆဖြစ်သည်ဟု ထင်မြင်မိပါ၏။ 

 

၎င်းတို့သည် အတ္တဝါဒ ဖြစ်၏။ လူ၌ အသက်ဝိဉာဉ်ကောင်ကလေးသည် ရှိ၏။ ထိုဝိဉာဉ်ကလေးမှာ ကောင်းကင်ဘုံမှ ဆင်းလာပြီး လူဟူ၍ ဖြစ်လာသည်။ ထိုဝိဉာဉ်ကလေး ကောင်းကင်ဘုံ မရောက်သေးသရွေ့ လူသည် မွေး/သေ သံသရာ၌ တဝဲလည်လည် ဖြစ်နေဦးမည် ဖြစ်၏။ 

 

ထို့နောက် ကျွန်ုပ်ကို ဘုန်းကြီးအိုကြီးတစ်ပါး၏ ဓာတ်ပုံပြ၏။ ထိုဘုန်းကြီးမှာ အသက် ၂၄၀ လောက်ရှိပြီ ဆို၏။ ထိုဘုန်းကြီးအိုကြီးသည် သေပြီးနောက် ကောင်းကင်ဘုံသို့ ရောက်သွား၏။ ကောင်းကင်ဘုံက သူ့ကို စာတစ်စောင် တောင်း၏။ ဘုန်းကြီးက မပြနိုင်။ ထို့ကြောင့် လူ့ပြည်ပြန်လွှတ်လိုက်ပြီး ထိုစာကို ရှာယူလာခဲ့ရန် ပြောသည်ဆို၏။ ထို့ကြောင့် ထိုစာကိုရှာဘို့ရာ ဘုန်းကြီးသည် လူ့ပြည်ပြန်လာလျက် အသက်ထွက်ပြီးဖြစ်သော ခန္ဓာအတွင်း ပြန်ဝင်ကာ ထိုစာကိုလိုက်ရှာ၊ နောက်ဆုံး စာတွေ့ပြီး ယူသွား၊ ပြတော့မှ ကောင်းကင်ဘုံက လက်ခံသည် ဆို၏။ 

 

ကျွန်ုပ်အဖို့မူ အတော့်ကို ရီစရာကောင်းသော ပုံပြင်ဖြစ်၏။ သို့သော် ဤအရာကို ယုံကြည်သူမှာ အဖွဲ့အစည်းကြီးတစ်ခုက ထိပ်ပိုင်း အရာရှိကြီးဖြစ်နေသည့်အခါ ကျွန်ုပ်မှာ အံ့ဩလွန်း၍ သေမတတ်ဖြစ်မိလေ၏။

 

ဘယ့်နဲ့ကွယ်၊ ကောင်းကင်ဘုံဆိုတာ ဖြစ်ချင်းဖြစ်ရင် ဒီလို physical ရုပ်ဝတ္ထုတွေ ဘာတစ်ခုမှမရှိသည့် ဌာနတစ်ခု ဖြစ်ရမည် မဟုတ်ပါလား။ ဘာရုပ်ဝတ္ထုမှ မရှိသည့်ဘုံက ရုပ်ဝတ္ထုပစ္စည်းတစ်ခုဖြစ်သည့် စာကို တောင်းသည် ဆိုတာ ကတော့ မလွန်လွန်းဘူးလားခင်ဗျာ။

 

ထို့ထက်ပို၍ ရီစရာကောင်းသည်မှာ ယခု ကျွန်ုပ်အဖို့ ဘာမှ ပူစရာမလိုတော့ပြီ။ ခုနင်က မီးရှို့လိုက်သည့် ကျွန်ုပ်နာမည် ရေးထိုးထားသော စာရွက်မှာ ယခုအခါ ကောင်းကင်ဘုံကို ရောက်သွားပြီဖြစ်၍ ကျွန်ုပ်သေလွန်ပြီး ကောင်းကင်ဘုံ ရောက်လျှင် ထိုစာရွက် ပြစရာမလိုတော့ဟု ဆိုလေ၏။ 

 

ကျွန်ုပ်မှာ အဟွတ်ကနဲ အသံထွက် မရီမိအောင် မနည်း အောင့်အည်းမျိုသိပ်လိုက်ရလေ၏။

အနို့ သူတို့က အတည်ပေါက် ရှင်းပြနေသည် မဟုတ်လော။ ဟိုဟာမေ့၊ ဒီဟာမေ့နှင့် အလွန်မေ့တတ်သူ ကျွန်ုပ်အဖို့ ဟန်ကျလှ၏။ သေလျှင် စာရွက်မေ့ကျန်မှာ မပူရတော့ပြီ။ 

 

ဒုတိယ ရတနာမှာ စာလုံး ၅ လုံး 5 key words (password to heaven) ဖြစ်၏။ ဤ password ကို စာရွက်ပေါ်၌ ချမရေးရ။​ မည်သူ့အားမှလည်း မပြောရ။ ပမာပြရလျှင် အသင်သည် အသင်၏ Bank account password ကို သင့်မိန်းမကိုတောင် ပြောပြ၍ မဖြစ်သကဲ့သို့တည်း။ စာနဲ့မရေးပါနဲ့၊ အလွတ်ကျက်ပါဆို၍ ကျွန်ုပ်လည်း အလွတ် ကျက်လာပါ၏။ သို့သော် အသက်က ၆၀ ကျော်ပြီဆိုတော့ မှတ်ဉာဏ်တွေက မကောင်းတော့။ အခု မိတ်ဆွေတို့ကို ပြန်ပြောပြချင်၍ စဉ်းစားပါသော်လည်း ထွက်မလာတော့ပြီ။ 

 

အသင်တို့သည် ဒုက္ခ၊ သုက္ခများနှင့် ပက်ပင်းတိုးရပြီဆိုပါက ထို password လေးကိုသာ ရွတ်လိုက်ပါ။ ထို ကြုံတွေ့နေရ သော ဒုက္ခများမှ ကင်းလွတ်လိမ့်မည် ဆို၏။ မီးပြတ်သောဒုက္ခ၊ ရေပြတ်သောဒုက္ခ၊ ခွေးဆွဲခံရမှာ ကြောက်နေရသည့် ဒုက္ခများအတွက် မြန်မာပြည်မှ မိတ်ဆွေများကို ထို password ပြောပြချင်သည့်တိုင် မေ့သွားပြီဖြစ်၍ ပြောမပြနိုင် ဖြစ်ရ၏။ ကျွန်ုပ်ကို ခွေးလွှတ်ကြပါကုန်။

 

တတိယရတနာမှာ လက်ဆုပ်ပုံဆုပ်နည်းဖြစ်၏။ 

ညာဘက်လက်မထိပ်ကို လက်သူကြွယ်အရင်းသို့ ထောက်လျက် လက်သီးဆုပ်လိုက်ပါ။

ညာဘက်လက်သန်းအရင်းကို ဘယ်ဘက်လက်မဖြင့်ထောက်လျက် ကျန် ဘယ်ဘက်လက်လေးချောင်းကို ညာလက်ပေါ် အုပ်ကိုင်လိုက်ပါ။ 

 

အရေးကြုံလာလျှင် အသင်တို့သည် ထိုကဲ့သို့ လက်ကိုဆုပ်၍ ဒုတိယရတနာဖြစ်သော password စာလုံး ၅ လုံးကို ရွတ်လိုက်ပါ။ ကြုံတွေ့နေရသော ဒုက္ခများမှ လွတ်ကင်းလိမ့်မည် ဆို၏။

 

၎င်းတို့ဘာသာအတွင်း သွတ်သွင်းခ အလှူငွေထည့်ရ၏။ ဘာသာသာရကာ ကိစ္စဝိစ္စများအတွက် ဖြစ်၏။ တစ်ကြိမ်သာ အလှူငွေထည့်ရန်လိုသည် ဆို၏။ ကျွန်ုပ်က ဖုန်းတစ်ခုသာယူလာ၍ ပိုက်ဆံမပါ။ အတွေ့အကြုံရင့်နေပြီဖြစ်သော မိတ်ဆွေက အသင့်ယူလာသည့် ပိုက်ဆံ ၃၀၀ ကို ကျွန်ုပ်အတွက် ထည့်လိုက်၏။

 

၎င်းတို့က ကျွန်ုပ်အား ၎င်းတို့၏ ဘာသာဝင် မှတ်ပုံတင်ကတ်ပြား ပေးလိုက်၏။

 

အားလုံးချုပ်လိုက်သော် ကျွန်ုပ်လည်း ယောင်တောင်ပေါင်တောင်နှင့် အိမ်သို့ ည ၁၀ နာရီကျော်မှ ပြန်ရောက်လာလေ သတည်း။

 

ယခွမ်း

 

အသင်တို့သည် ထိုအတွေ့အကြုံမျိုးလိုချင်ပါက ကျွန်ုပ်ကို လက်တို့လိုက်ပါလေ။

 

စာအရှည်ကြီးဖတ်လိုက်ရသည့်အတွက် အားနာပါသည်။ ကျေးဇူးလည်း တင်ပါသည်။

 

 

အေးငြိမ်း

၈ မေလ၊ ၂၀၂၄

No comments: