Monday, June 19, 2023

စင်ကာပူအိမ်က ဗုံးခိုကျင်းအကြောင်း

စင်ကာပူက အိမ်များတွင် ဗုံးခိုကျင်းများရှိသည်ဆိုလျှင် အသင်တို့ မအံ့ဩပါနှင့်။

စင်ကာပူက HDB flat များတွင် ဗုံးခိုကျင်း (အဲလေ) ဗုံးခိုခန်းများ ရှိ၏။

သို့သော် များသောအားဖြင့်မူ ထိုအခန်းများမှာ ဗုံးခိုခန်းများဖြစ်သည်ဟု မသိကြ။

ရိုးရိုး ပစ္စည်းသိုလှောင်သည့်အခန်းများဟုပင် မှတ်ထင်ထားကြ၏။

တကယ်လည်း ပစ္စည်းသိုလှောင်ကြပါသည်။ 

ပိုဆိုးသည့်အခြေအနေတွင် အိမ်အကူများကိုပင် အိပ်စေချေလေသေး၏။ 

မည်မျှအခြေအနေဆိုးသနည်းဟူမူ ဘေးတွင် ပစ္စည်းများကို အပြည့်အသိပ် ထည့်ထားလျက် အလယ်တွင် ကျောတခင်းစာသာ ချန်ထားလျက် အိပ်စေ၏။ ဘေးဘယ်ညာတောင် စောင်းလို့/လှည့်လို့မရ။

 

ဤအခန်းကလေးများ၏ ရည်ရွယ်ချက်မှာ အကယ်၍ (ဖွဟဲ့၊ မပြောကောင်းမဆိုကောင်း) စစ်ဖြစ်လာခဲ့သော် ဗုံးကျဲရာမှ လွင့်စဉ်လာသည့် အပိုင်းအစများဘေးဒဏ်မှ အကာအကွယ်ပေးရန် ဟု ဆို၏။ ဗုံးဒဏ်ကိုလည်း ကောင်းကောင်း ခံနိုင်ပါသည်။ 

 

နောက်တစ်ခုမှာ ဗုံးကျဲချလိုက်၍ အဆောက်အဦများပြိုပျက်ကျသော် လူများ ထို အဆောက်အဦပျက်များနှင့် ပိမနေစေ ရန်နှင့် အပျက်အစီးများအောက် ဘယ်နေရာမှာ ဘယ်သူတွေရှိနေသည်။ မည်သည့် မိသားစုက မည်သူပျောက်နေသည် စသည်တို့အတွက် ပူပန်စရာမလိုတော့ဘဲ သည်အခန်းကလေးများတွင် အားလုံးရှိနေခြင်းဖြင့် မိမိ မိသားစုဝင်များကို အလွယ်တကူ စစ်ဆေးနိုင်၏။ ထိုနေရာမှလူများကို အလွယ်တကူ ကယ်ထုတ်နိုင်စေရေး ဖြစ်၏။ 

 

သမိုင်းကြောင်းအားဖြင့် -

ဂျပန်ခေတ် (1942 – 1945) ဒုတိယစစ်အတွင်းကာလက ဗုံးဒဏ်ခံနိုင်စေရန် အိမ်တိုင်းတွင် ဗုံးခိုကျင်း တူးထားစေ၏။ (ဗုံးခိုကျင်းဒီဇိုင်းကို screen shot ရိုက်ပြထားပါသည်။)



ယခုလည်း အကယ်၍ စစ်ဖြစ်လာပါက ပြည်သူအများတို့ ဗုံးဒဏ်ခံရခြင်းမှ သက်သာရာရစေရန် ၁၉၉၇ ခုနှစ်၊ Civil Defence Shelter Act ဥပဒေ အတည်ပြုပြီးသည့်အချိန်မှစ၍ အသစ်ဆောက်သည့် HDB Flat တိုင်း၌ ဗုံးခိုခန်းများ ထည့်သွင်းဆောက်လုပ်ရ၏။ 

 

၎င်းဗုံးခိုခန်း၌ အောက်ပါတို့ တပ်ဆင်ထား၏။

 

တံခါး

-------

တံခါးသည် ဗုံးပေါက်ကွဲမှုကြောင့် လွင့်ပျံလာသည့် အပိုင်းအစများ ထိမှန်ခြင်းဒဏ်ကို ကောင်းစွာခံနိုင်၏။ လေလုံ၏။



ရာဘာဂတ်စကက်များ

--------------------------

ပြင်ပမှ အဆိပ်ငွေ့များဝင်မလာနိုင်စေရန် တံခါးနှင့် လေဝင်ပေါက်များ၌ ရာဘာဂတ်စကက်များ တပ်ဆင်ထား၏။

 

တံခါးလက်ကိုင်

------------------

သာမန်အချိန်များတွင် တံခါးလက်ကိုင်ကို အောက်သို့ဆွဲချ ဖွင့်ရ၏။

အရေးပေါ်အချိန်များတွင် တံခါးလက်ကိုင်ကို အပေါ်သို့ မ,တင်လိုက်ရ၏။ ထိုအခါ တံခါးသည် လုံးဝပိတ်သွားပြီး ပြင်ပမှ လေများ ဝင်ရောက်မလာနိုင်တော့။

 

လေဝင်ပေါက်

-----------------

သာမန်အချိန်များတွင် လေဝင်ပေါက်သည် ပွင့်နေ၏။

အရေးပေါ်အခြေအနေ၌ ထိုအပေါက်ကို ဆွဲပိတ်လိုက်လျှင် ပြင်ပမှလေများ ဝင်ရောက်မလာနိုင်တော့။












ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၉ ဇွန်လ၊ ၂၀၂၃

 

မှတ်ချက်။          ။ ဟို မြေနိုးတွေရန်က ကာကွယ်ဘို့ ကျွတ်တို့ဆီမှာလည်း အဲဒါလေးတွေရှိရင် ကောင်းမယ်ထင်။

 

Ref:

https://www.hdb.gov.sg/residential/living-in-an-hdb-flat/home-maintenance/home-care-guide/household-shelter

https://mothership.sg/2017/10/your-hdb-flat-bomb-shelter-is-to-protect-you-from-blast-fragments/

No comments: