Wednesday, June 28, 2023

ကျွန်ုပ်တို့သားအဖ ယိုးဒယားသို့ သွားကြခြင်း အကြောင်း (၂)

နောက် ဟော်တယ်ပြန်လာ၊ မြဘုရားသို့သွားမည်ဆိုတော့ ဟိုတယ်မှ Boy က တက္ကစီ ခေါ်ပေး၏။ 

ပြောရလျှင် ဤ Double Tree ၌ Boy မှာ အတော် အားကိုးရ၏။ အယုဒ္ဓယသွားမည်ဆိုတော့လည်း သူပဲ တက္ကစီ ခေါ်ပေးတာ ဖြစ်၏။ စင်ကာပူပြန်မည် ဆိုတော့လည်း Boarding pass, Arrival card များ ပရင့်ထုတ်ရန် သူ့ပဲ အကူအညီ တောင်းရ၏။ ဒီအနီးအနား ရှော့ပင်မောရှိသလား ဆိုတော့လည်း သူပြပေး၏။ ငါတို့ ညစာကောင်းကောင်းလေး စားချင် သကွာ ဆိုတော့လည်း သူပဲ ပြပေး၏။ ကျေးဇူးပါ Boy. မင်းနာမည် ဘယ်သူတုံးဆိုတော့ သူက Boyo ဟု ရေးပြ၏။ ကျွန်ုပ်က ဘိုရိုကို ခေါ်ပေးပါ ဆိုတော့ အခြားသူများက နားမလည်။ နောက် ကျွန်တော် သူရေးပေးထားတာ ပြလိုက်တော့မှ Boy မှန်း သိ၏။ ဖေရီးကလည်း သူ့ရင်ဘတ်မှာ Boy လို့ရေးထားတာ မတွေ့ဘူးလား ဟု သားက အပြစ်တင်၏။ သိပုလေခွာ။ သူက Boyo လို့ ရေးပေးတော့ ငါလည်း သူ့နာမည် ဘိုရိုပဲ ထင်သပေါ့ကွ။ 

 

မြဘုရားသွားတာ နေ့ခင်းကြောင်တောင်ကြီးဆိုတော့ နေကလည်း ပူချက်။ 

မြဘုရားကို ၁၉၉၅ ခုနှစ်က ကျွန်ုပ် တစ်ခေါက် ရောက်ဖူးပါ၏။ သို့သော် ကြာပြီဆိုတော့ အခုတစ်ခေါက် ပြန်လာတော့ အားလုံး အသစ်ပြန်ဖြစ်နေ၏။

ဝင်ခ တစ်ယောက် ၅၀၀ ပေးရ၏။ နှစ်ယောက်ဆိုတော့ ၁၀၀၀။ မာစတာကဒ်နှင့်ပေးလို့ရသောကြောင့် အဆင်ပြေ၏။

ငွေလဲကောင်တာလည်း တွေ့သဖြင့် ပိုက်ဆံအချို့ လဲခဲ့သေး၏။

အပြင်တွင် နေအလွန်ပူသဖြင့် စောင်းတန်းအတွင်း၌ လူများ ပြည့်လျက်ရှိ၏။ 

စောင်းတန်းမှ နံရံတလျှောက် ရာမာယနဇာတ်ကို နံရံနှင့်အပြည့် ရေးဆွဲထားရာ ကျွန်ုပ်က သားကို ရှင်းပြလိုသော်လည်း ရှင်းပြဘို့ရာ အခွင့်မသာ။ အဖွဲ့လိုက်လာသည့် တိုးရစ်များကို ဂိုက်များက ပွာလောင်ပွာလောင်နှင့် ရှင်းပြနေလေရာ နောက်ဘက်အဖွဲ့က အသံနှင့် ရှေ့ဘက်အဖွဲ့က အသံနှစ်ခုအကြား ကျွန်ုပ်တို့သားအဖမှာ ညပ်လျက်ရှိသတည်း။

 

မျောက်အကြီးကြီးတွေ့တော့ ဟောဒီအကောင်ကြီးကို ဟနုမန် ခေါ်တယ်။ ဒါတွေက မျောက်တပ်ဖွဲ့။ ဟောဒါက ဘီလူး တပ်ဖွဲ့။ သူတို့ဘုရင်က ဒသဂီရိ စသဖြင့် အနည်းအကျဉ်းသာ ပြောပြနိုင်လေရာ ကျွန်ုပ်မှာ ပညာစွမ်းပြရန် အခွင့်မသာ လေရကား ရင်ထဲ၌ ကျောက်ကပ်ကို ခွေးလယားသီးပွတ်မိထားသည့်အတိုင်း နေမထိထိုင်မသာ ဖြစ်လျက်ရှိသော ဟူလို။

 

သားက ဖေရီးသတိထားမိလား။ တိုးရစ်စ်တွေမှာ အနောက်တိုင်းက လူတွေက တစ်ယောက်ချင်းစီ ကိုယ့်ဘာသာကိုယ် လာကြတယ်။ အရှေ့တိုင်းက လူတွေက အဖွဲ့လိုက် လာကြတယ်။ အနောက်တိုင်းက တိုးရစ်စ်တွေက ကိုယ့်ဘာသာကိုယ် လေ့လာကြတယ်။ အရှေ့တိုင်းကလူတွေကတော့ သူများပြောတာပဲ နားထောင်ကြတယ် ဟု ပြော၏။





နောက် မြဘုရားရှေ့ရောက်။ အေးအေးဆေးဆေးထိုင်မိတော့ သားက မေး၏။

ဖေရီး၊ ဘာဖြစ်လို့ မြဘုရားက တန်ခိုးကြီးရတာလဲ။

ဟိုက်ရော၊ အဲသဟာမှ ဒိုးခ။ အနို့ ဘာကြောင့်တန်ခိုးကြီးရတယ်ဆိုတာ ကျွန်ုပ်လည်း မသိ။

 

သေသေချာချာတော့ မသိဘူးလကွ။ ဖေရီး ထင်သလောက် ရမ်းတုတ်ပြရမယ်ဆိုရင် . . . .

၁။ ဟို့ ဘုရင်တွေအဆက်ဆက် ကိုးကွယ်လာလို့ -

၂။ ရှေးဟောင်းအမွေအနှစ်ကြောင့် -

၃။ မြဘုရားမှာ ဆုတောင်းရင် ဆုတောင်းပြည့်မယ်လို လူတွေယုံကြည်ကြတဲ့အတွက် - အဲသဟာတွေကြောင့် ဖြစ်မယ် ထင်တာပဲ။

 

အပြင်ဘက်၌ နေအလွန်ပူသည့်အတွက် မြဘုရားထဲတွင် အေးအေးဆေးဆေးထိုင်ကာ ခြေဆင်းလဲလူနှင့် အပန်းဖြေနေသူ များကိုလည်း တွေ့ရ၏။

 

ကိုင်း - ပြောနေကြာရော့။ ဘုရားလေးဘာလေး ရှိခိုးရအောင် ဆိုပြီး သူ့ကို ဩကာသ၊ ဩကာသ စသဖြင့် ချပေးရ၏။ အမှန်ဆို သားမှာ ငယ်ငယ်တုံးက သူ့အမေ သင်ပေးထားသည့် ဘုရားရှိခိုးကလေးဘာလေး နည်းနည်းပါးပါး ရတာက လွဲလို့ တခြား ဘာမှ ရွတ်တတ်သူမဟုတ်။ ဂျင်းတွေမိတ်သလင်တွေဘေးမှ ကင်းဝေးစေရန် ကျွန်ုပ်က သားကို ဘယ် ဘာသာရေး အခန်းအနားကိုမှ ခေါ်မသွား။ ဘယ်ဂါထာမှ သင်မပေး၊ ဘယ်သူတွေပြောတာကိုမှ​ နားမထောင်စေခဲ့။ သား၏ အသိဉာဏ် နုနုနယ်နယ်လေးထဲသို့ မဟုတ်ကမဟတ်ကများ မဝင်စေရလေအောင် ကျွန်ုပ်က အသားကုန် ပိတ်ထားလေ၏။ သူသိစရာတွေကိုတော့ ကျွန်ုပ်ကိုယ်တိုင် နည်းနည်းချင်း ရှင်းလင်းပြောပြ၏။ 

 

ဘုရားရှိခိုးပြီး ခဏတဖြုတ်ထိုင်နေပြီးနောက် ဆက်ကြည့်စရာတွေ ကြည့်ကြ၏။ ရောက်သခိုက် အနီးပတ်ဝန်းကျင်နှင့် ပြတိုက်များအတွင်း အတော်စုံအောင် ကြည့်ခဲ့။ အဆောက်အဦတစ်ခုနှင့်တစ်ခု အကူးအပြောင်း တစ်နေရာတွင် ကိုအေးငြိမ်း ဟု ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်တော့ ကိုအောင်မိုးတို့ သမီးအဖတွေကို မမျှော်လင့်ဘဲတွေ့ရှိ။ ငှယ် - ကိုအောင်မိုးတို့ပါလား။ အလည်လာကြတာလား ဆိုတော့ ဆေးကုစရာရှိလို့ဆိုလား လာတာ ဆို၏။ မလွင်လွင်မိုးရော မတွေ့ပါလား ဆိုတော့ သူတော့ မြဘုရားကို အရင်က ရောက်ဖူးတာနဲ့ မလိုက်ခဲ့ဘူး။ ချန်နေခဲ့တယ် ဆို၏။ သူ့သမီး အငယ်လေးလည်း ပါ၏။ သူတို့ ငယ်ငယ်တုံးကတည်းက မတွေ့ကြတော့တာ ဖြစ်သဖြင့် ကျွန်ုပ်က သူ့ကို မမှတ်မိ။ သူလည်း ကျွန်ုပ်ကို သိဟန်မပြပါ။

 

မြဘုရားထဲမှ ထွက်ခဲ့ကာ နေ့လယ်စာသွားစားကြ၏။ မဆိုးပါ။ စားလို့ကောင်းပါ၏။

စားပြီးတော့ ဟော်တယ်ပြန်မည်ဟု ထွက်ခဲ့။

 

သားရေ တုတ်တုတ် စီးကြည့်ရအောင်ကွာ ဆိုကာ ကျွန်ုပ်လည်း အနီးရှိ တုတ်တုတ်တစ်စီးကို ဈေးမေးကြည့်။ တုတ်တုတ် ဒလိုင်ဘာက ဘာမှ နားမလည်။ အနီးရှိ တက်တူးများနှင့်လူတစ်ယောက် အနားကပ်လာကာ ဘာလဲ မေးတော့ ကျွန်ုပ်က Double tree ဟိုတယ်ကိုသွားမည် ပြောတော့ ငနဲက ဒပ်ဘယ်ထလီးသွားရင် ဘတ် ၁၀၀၀ ပေးရမယ် ဆို၏။ ကြည့်ရတာ ကျွန်ုပ်ကို မနေ့ကမှ ဟို့ . . . တောကြိုအုံကြားက ဘန်ကောက်ကို အလည်လာသည့် မအူမလည် အဖိုးကြီးထင်၍ အချဉ်ဖမ်းတာ ဖြစ်မည်။ 

 

ဒီမယ် ငါ့တူရဲ့။ ငါတို့အလာတုံးကတောင် ဘတ် ၃၀၀ ပဲပေးရမင့်ဟာ။ မင့်တုတ်တုတ်က ဘယ့်လောက်များ ပိုကောင်းနေလို့ ဘတ် ၁၀၀၀ တောင်းရတာတုံး၊ ဘိုင့်ဘိုင် ဟု ပြောကာ လှည့်ထွက်ခဲ့၏။ အဟက်စ်။ Six ကျိုးနဲ ဘန်စ်ကောက်။

 

ကျွန်ုပ်ထွက်လာပြီး မီတာ-တက္ကစီတစ်စီး အဆင်သင့်တွေ့သည်နှင့် ဘာမှ ပြောမနေတော့ဘဲ ဟိုတယ်လိပ်စာပြကာ မောင်းခိုင်းလိုက်၏။ ကိုယ်တော်ကလည်း ရောက်ခါနီးမှလမ်းပျောက်နေလေရာ သားက GPS ဖြင့် လမ်းပြရ၏။ ဟိုတယ် ရောက်လို့ ဘယ်လောက်ပေးရမလဲ မေးတော့ မီတာမှ ဂဏန်းကို ထောက်ပြ၏။ ငင် - ဘတ် ၁၂၀။ ဒါဖြင့် ငါတို့ကို အသွားတုံးက ၃ ဆ လောက်ရိတ်သွားသကိုး။ Six ကယိုးနဲ ဘန်စ်ကောက်။ အဲသဟာတောင် ဟိုတယ်က Boy က ခေါ်ပေးတာခညာ။

 

ညက အိပ်ရေးပျက်လာသည်နှင့် ကျွန်ုပ်တို့လည်း ညနေ ၅ နာရီခွဲနှိုးစက်ပေးကာ အိပ်ကြ၏။ 

အိပ်ရာနိုးတော့ ရေမိုးချိုးကာ ညဈေးသွားလည်ကြမယ်ဟု Boy ကို ရှာ၏။ မရှိတော့။ တာဝန်ချိန်ကုန်ပြီး ပြန်သွားသည်။ မနက်ကတည်းက ညဈေးတွေအကြောင်း သူ့ကို မေးထားတော့ သူက China Town (နိုင်ငံတိုင်းမှာ ချိုင်းနားတွေ တောင်းနေလိုက်တာ။​ မုန်းထှာ) နှင့် ဂျော့ဖဲ (Jobb Fair Night Market) ရှိကြောင်း၊ တရုတ်တန်းမှာ တရုတ်စာမျိုးစုံ ရကြောင်းနှင့် ဂျော့ဖဲမှာတော့ ထိုင်းစာမျိုးစုံရကြောင်းများ ရှင်းပြထား၍ ဂျော့ဖဲကိုပဲ သွားရန် ဆုံးဖြတ်ကြ၏။




အဲဗျ၊ Boy မရှိတော့ တိုင်စီကို ဘယ်လိုခေါ်ရပါ့။ အနီးက ဟိုတယ်ဝန်ထမ်းတစ်ယောက်ကိုမေးတော့ သူက Grab ဟု ပြော၏။ ဟုတ်သား။ သူပြောတော့မှ ကျွန်ုပ်လည်း Grab ခေါ်ကာ ညဈေးသို့ သွားရ၏။ အဆင်ပြေသည်မှာ Grab က မာစတာကတ်မှ ဖြတ်တာဖြစ်၍ ငွေသားပေးစရာ မလိုတော့။ တိုင်စီခ ဘတ် ၄၇၂။

 

ဘန်ကောက်သည်လည်း ရန်ကုန်နှင့် မခြားပါ။ ဓာတ်တိုင်များ၌ ဓာတ်ကြိုးများ ရှုပ်ပွလျက်။ လမ်းဘေးနံရံများတွင် ဂရပ်ဖစ်တီပုံများ ဆွဲထားလျက်။ (ဘန်ကောက်မှ ဂရပ်ဖစ်တီပုံများမှာ ရန်ကုန်ထက်တောင် ပိုများပါသေးသည်။) နောက်ပြီး လမ်းဘေးဆိုင်များ၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်းမထားသည့် ဆိုင်ကယ်များ၊ နောက်ဘက်အမိုးကို ပြန်ပြင် ထားသည့် ပစ်ကပ်ကားများ၊ လမ်းကို ကြုံရာနေရာမှ ဖြတ်ကူးကြသူများ၊ အားလုံး အတူတူပင် ဖြစ်၏။









ညဈေးကား အတော်စည်၏။ စားစရာ သောက်စရာများ။ ပေါချောင်ကောင်း အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်း၊ ဖန်စီထည်များ၊ အိုးပုတ်ချိုးရုပ် (ဟုတ်ပေါင်၊ မွှားကုန်ပြီ) အုန်းသီး။ သို့တိုင် အုန်းရည်ကတော့ ဈေးမသက်သာလှပါ။ အုန်းသီးက တစ်လုံးကို ဘတ် ၆၀ ($2.35), စလုံးမှာလည်း အုန်းသီးတစ်လုံး ၂ ကျပ်။ ငင့် - သူကတောင် ပိုဈေးကြီးနေပါ သေး။ နောက်ပြီး ဒူးရင်းသီး။​ ဒူးရင်းသီးသည်လည်း ဈေးကြီးလှ၏။ တော်ပါပြီ။

 

စားသောက်ဆိုင်များမှာ လူကြပ်လှ၏။ သို့နှင့် အတန်ငယ် လူချောင်သည့် ပင်လယ်စာဆိုင် ဝင်ခဲ့ကြ၏။ 

လူတစ်ကိုယ်စာနီးပါးရှိသော ပုဇွန်လို အကောင်ကြီးတွေ ယူလာပြီး သူက ဘတ် ၂၅၀၀၊ သူက ဘတ် ၃၀၀၀ စသဖြင့် ပြော၏။ အောင်မငီး။ လက်ခါပြလိုက်ပြီး ဟင်းစာရင်းစာအုပ်ထဲမှ ဟင်းအမယ်များကိုသာ မှာလိုက်၏။ ကျွန်ုပ်က နှစ်မျိုး၊ သားက သုံးမျိုးမှာ၏။ 

 

ကျွန်ုပ်က ဘီယာတစ်လုံးမှာ၏။ တံဆိပ်က Chang ထင်ပါသည်။ အလို၊ ဘီယာမှာ အတော် သောက်လို့ကောင်း၏။ 

ကျွန်ုပ် စိတ်ပျက်၍ ဘီယာမသောက်တာတောင် အတော်ကြာပါပြီ။ ဟို့ တလောက တိုက်ဂါးသောက်၏။ ဘာအရသာ ကြီးမှန်း မသိ။ နောက်တစ်ခါ ကားလ်စ်ဘတ် သောက်၏။ မကြိုက်။ သို့နှင့် ဘီယာကို အဆက်ဖြတ်ထားတာ ဖြစ်၏။ အခု ထိုင်းဘီယာကတော့ အတော်လေး သောက်လို့ကောင်း၏။ နောက်တစ်လုံး ထပ်မှာမလို့ဟာ သား မကြိုက်မှန်းသိ၍ အောင့်အည်း သည်းခံလိုက်ရ၏။ ကတောက်စ်



ဈေးကလည်း တန်ပါသည်။ သောက်စရာအပါအဝင် နှစ်ယောက်စားတာ ဘတ် ၇၈၀။ 

 

သားက အချိုပွဲနှစ်ခု စား၏။​ ဘာတွေလဲတော့ ကျွန်ုပ်လည်း မသိပါ။ ဂျပန်စာလိုလို ဘာလိုလို။

 

နောက် ဈေးထဲ လျှောက်ပတ်ကြည့်ပြီး ပြန်လာကြ၏။ အပြန် တက္ကစီစီးတာ ဘတ် ၂၀၀။ အသွားနှင့် အပြန် နှစ်ဆလောက်ဈေးကွာ၏။ သည်လမ်းနှင့် သည်ခရီး၊ ဘာကြောင့် သည်မျှဈေးတွေကွာရသည်ကို ကျွန်ုပ် စဉ်းစားလို့မရပါ။  



ဆက်ပါဦးမည်။

 

အေးငြိမ်း

၂၈ ဇွန်လ၊ ၂၀၂၃







No comments: