Saturday, September 17, 2022

မျက်ရည်နှင့် နယ်စားသည့် ထမင်းက ပိုပြီး ချိုမြိန်သည် ဆိုခြင်းအကြောင်း

ဟိုတစ်နေ့က ကျွန်ုပ်အတန်းသို့ အသက် ၂၀ ကျော်ရုံမျှသာ ရှိသေးသော ကောင်လေး၊ ကောင်မလေးတွေ အများကြီး ရောက်လာကြ၏။ ပီဘိ ဖြူဖြူဖွေးဖွေး နုနုနယ်နယ်ကလေးများ ဖြစ်ကြ၏။ သူတို့ကိုကြည့်ပြီး စိတ်ပင် မကောင်းမိ။

ကျွန်တော့်အထင် တချို့ဆို ၂၀ တောင်ပြည့်မှာ မဟုတ်သေး။ သို့သော် သူတို့ကတော့ ၂၃ - ၂၄ စသဖြင့်ဆို၏။ အနို့ အသက်ထက် ပိုက်ဆံက ပိုအရေးကြီးသည် မဟုတ်လော။

 

မေးကြည့်တော့ ဒေသအစုံမှ လာတာဖြစ်၏။

ညောင်ရွှေ၊ မြင်းခြံ၊ ကျောင်းကုန်း၊ ပဲခူး၊ မော်လမြိုင် စသည်။

အေးဂျင့်ဖီးဘယ်လောက်ပေးရတုန်း ဆိုတော့ . . .

အောင်မငီး

 

သိန်း ၂၀၀ ကျော် ဆိုပါကလား အရပ်လူကြီးတို့ စ်

 

အရင်တစ်ခါမေးတော့ သိန်း ၈၀ တို့၊ ၁၀၀ တို့ဆိုတာ များလှပြီထင်နေတာ

အခု သိန်း ၂၀၀၊ ၂၂၀ ဆိုတော့ ဖျား ဖျား . . . ပြောမပြောချင်တော့

 

ထို သိန်း ၂၀၀ ဆိုသည်မှာ အမေရိကန်ဒေါ်လှ ၄၈၀၀ ကို ဗမှားကျပ်ငွေနှင့် ပြောင်းပေးရတာဖြစ်၏။ (ဟွာလေ - စိတ်တော့မရှိပါနဲ့၊ ငွေလဲနှုန်းအပေါ်မှာ နည်းနည်းလောက်တော့ ထပ်တင်မယ်နော်။)

ထိုအထဲတွင် OWIC နှင့် လေယာဉ်လက်မှတ်ခတို့ပါ ပါသည်ဆို၏။

(ဟို Aရိုးတွေလုပ်ထားသော ဘုံလည်းမဝင်၊ ဆုံလည်းမဝင်သည့် OWIC ဆိုတာကြီးအတွက် အပိုပိုက်ဆံ ကုန်ကြရလေသေး၏။ ဖွမ်)

 

အဲသည်ပိုက်ဆံတွေကို ဘယ်ကရသဒုံး ဟု မေးကြည့်သော် ချေးလာတာ ဆို၏။

အတိုး ဘယ်လောက်ပေးရလဲဆိုတော့ ၅ ကျပ်နှုန်း ဆို၏။ အတိုးကတော့ သိပ်မဆိုးလှ။

 

သူတို့ IPA letter ကို တောင်းကြည့်တော့ လခ ၈၀၀ ဆို၏။

Allowance $၃၀၀ လည်း ထည့်ပေးထား၏။ 

မေးကြည့်တော့ ထို ၃၀၀ မှာ အိမ်လခအတွက် ဖြစ်သည်ဆို၏။ 

သို့သော် အိမ်လခမှာ တစ်ဦးလျှင် ၄၂၀ မှ ၄၅၀ လောက်ရှိလေရာ ၎င်းတို့မှာ တစ်လလျှင် ၁၂၀ မှ ၁၅၀ ထိ ထပ်စိုက်ရ၏။

(ကွကိုယ် အိမ်ငှားနေရတာဖြစ်၏။)

(ဆရာကိုနွယ်ဝင်းက အင်း၊ ၈၀၀ ဆိုတော့ မဆိုးပါဘူး ဟုဆို၏။ ဆိုးသာပေါ့ခညာ။ ၈၀၀ ထဲက အိမ်လခ ၁၅၀ နှုတ် လိုက်ရင် ၆၅၀ ပဲ ကျန်တာမဟုတ်ပုလား။ ယခွမ်း) 

 

မည်သည့်အေးဂျင့်ဆိုသည်ကိုတော့ မပြောလိုတော့ပါ။

မြန်မာပြည်အခြေအနေနှင့် နံနံခြားထွက်လိုသူများ ထောင်နှင့်၊ သောင်းနှင့်၊ သိန်းနှင့်ချီရှိလေရာ ဤသည်ကပင်လျှင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေးဂျင့်များအတွက် ဂွင်ကောင်းကြီးပင် ဖြစ်တော့၏။

အဲလေ သူတို့မရှိလို့ကလည်း မဖြစ်။ 

သို့တိုင် တရားသဖြင့်ဆိုသည့်စကားလုံးကလေးကို နည်းနည်းလောက် သတိရဘို့ မကောင်းပါသလော။

 

မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသည်မှာ ဤသည်ကို ပြောတာဖြစ်မည်။

တချို့သူများအတွက် မျက်ရည်နှင့်နယ်၍ ထမင်းစားရတာ ပိုပြီးချိုမြိန်ချင် ချိုမြိန်နေပါလိမ့်မည်။

 

ဟို အေဘေးတွေ မြန်မြန်သေပါစေ။ 

 

အေးငြိမ်း

၁၇ စက်တင်ဘာ၊ ၂၀၂၂

 

(မှတ်ချက်။          ။ စင်ကာပူက လိုင်စင်ရအေးဂျင့်နှင့် ဆက်သွယ် အလုပ်ရှာမည်ဆိုလျှင် အေးဂျင့်ခ အများကြီး ပေးစရာ မလိုပါ။ ဝပ်ပါမစ်သက်တမ်း (၁) နှစ်ဆိုလျှင် အေးဂျင့်ခ (၁) လစာ။ ဝပ်ပါမစ်သက်တမ်း (၂) နှစ်ဆိုလျှင် အေးဂျင့်ခ (၂) လစာသာ ပေးရမည်။)

 

ဟောသည်မှာ စင်ကာပူက လိုင်စင်ရ အေးဂျင့်တွေ (MOM က eadirectory ကို download လုပ်ပြီး ပြန်ဝေမျှခြင်းဖြစ်ကြောင်း)

 

https://docs.google.com/spreadsheets/d/1-CKZX0b4yfWeYP4IOeeziT0EEPTxvHms/edit?usp=sharing&ouid=115304084902076134456&rtpof=true&sd=true

 

https://docs.google.com/spreadsheets/d/1BK8cbyoHoVpEKG6Z6rBx0kOFWFa3Oy3W/edit?usp=sharing&ouid=115304084902076134456&rtpof=true&sd=true

No comments: