Monday, September 5, 2022

ကျွန်ုပ်နှင့် ဝါဂျူအကြောင်း

ကျွန်ုပ်နှင့် ဝါဂျူအကြောင်း

(သို့မဟုတ်)

ပညာနှင့်ပိုက်ဆံရှာလျှင် အဆများစွာ ပိုရမည်ဖြစ်ကြောင်း


 

(၁) သားပြောပြသည့် ဘိစတိ


 

သားက အမဲသားကင် (Beef steak) ကြိုက်၏။

ကျွန်တော် တခါတလေ သူ့ကို သူကြိုက်တတ်သော beef steak ဝယ်ကျွေး၏။ တစ်ပွဲကို စင်းဒေါ်လာ ၁၄ ကျပ် ပေးရ၏။

ဟိုတစ်နေ့ကတော့ ဖေကြီး ဒီတစ်ခါ ဆိုင်ကနေ မဝယ်နဲ့တော့။ Fair Price က အမဲသားကို ဝယ်ခဲ့။ ကွကိုယ် လုပ်စားမယ် ဆို၏။ သို့နှင့် ကျွန်ုပ်လည်း Fair Price Xtra ၌ ၎င်းမှာသည့် အမဲသားကို ရှာဝယ်လေ၏။ (ကျွန်ုပ်ကား အစားအသောက် နှင့် ပတ်သက်၍ အတန် ဒုံးဝေးသူဖြစ်ရကား ထိုအမဲသား ဘယ်နေရာ၌ရှိသည်ကို မနည်းရှာယူရသော ဟူ၏။ သားက ဘယ်နားသွားလိုက်၊ ဘယ်ဘက်ကိုချိုးလိုက်၊ ရှေ့မှာ ဘာမြင်ရလိမ့်မယ် ဟု ဖုန်းဖြင့် ညွှန်ကြား၏။)

 

အမဲသားအထုပ်ပေါ်တွင် ဈေးကို ၁၀၀ ဂရမ်လျှင် ဘယ်လောက်ဟု ရေးထား၏။ သောက်တလွဲ အမြဲလုပ်တတ်သည့် ကျွန်ုပ်က စာလုံးအကြီးကြီးဖြင့်ရေးထားသည့် $17.31 ဆိုတာကို ထိုအမဲသားထုပ်၏ ဈေးဟု ထင်ပြီး ဝယ်လေ၏။ နောက်မှ ရောင်းသည့်သူက ချိန်ခွင်ပေါ်တင်ကာ ဈေးနှုန်းကပ်ပေး၏။



မြတ်ချွာဖျား၊ လက်တစ်ဝါးစာလောက်ရှိသည့် အမဲသားတုံးကို $22 တောင် ပေးရ၏။ 

သူ့အမေက အထုပ်ပေါ် ကပ်ပေးလိုက်သည့် ဈေးကိုကြည့်ကာ -

- မျက်လုံးလည်းပြူး၏။

- လျှာလည်းထွက်၏။ 

- ဟယ် - အဲသလောက်တောင်လားဟုလည်း အာမေဋိတ်ပြု၏။ 

- ဘောက်ချာစာရွက်ကိုလည်း ဖင်လှန်လိုက်၊ ခေါင်းလှန်လိုက်နှင့် တအံ့တဩ ကြည့်နေလေသတည်း။

 

သို့နှင့် သား မှာလိုက်သော အမဲသားနှင့် ထောပတ် ဝယ်ကာ ပြန်ခဲ့၏။

 

အိမ်ပြန်ရောက်သော် သားပြင်ဆင်နေသည်များကို (သူ့လည်း လိုအပ်တာလေးတွေ ကူပေးရင်း) ဘေးမှ ကြည့်၏။

 

ပထမ ဝယ်လာသည့် အမဲသားကို ရေအနည်းငယ်ဆေးလျက် ငြုပ်ကောင်း၊ ဆား စသည်များ ဖြူး၏။ တခြား ဘာမှမပါ။

ထို့နောက် ဆီအနည်းငယ်ကို ဒယ်ပြားထဲထည့်လျက် မီးအေးအေးဖြင့် တည်၏။

ဆီကျက်လောက်ပြီဆိုသော် အမဲသားပြားကို ထည့်၏။ 

ထို့နောက် ထောပတ်ကို အတော်များများထည့်တာ တွေ့ရ၏။

သားရယ် - မင်းထောပတ်တွေကလည်း များလှချည်လားကွာ ဆိုတော့ သူက -

အဲဒါကို butter bath ခေါ်တယ်ဆို၏။ ကျွန်ုပ်က နားမလည်။

ဖေကြီးရေချိုးတာကို bath ခေါ်တယ်မဟုတ်လား။ အဲသလိုပေါ့ ဟု ရှင်းပြ၏။ 

(အမဲသားကို ထောပတ်ဖြင့် ရေချိုးပေးခြင်း ဖြစ်သတည်း။ အံ့ဩဘ)

အရည်ပျော်သွားသည့် ထောပတ်ဆီများကိုခပ်ကာ အမဲသားပေါ်လောင်းချ၏။

နောက် အမဲသားကို အထက်/အောက် လှန်ပေး၏။

၄ မိနစ်လောက်ကြာသော် ရပြီ ဆို၏။




ငမ် - ဟကောင်၊ အမဲသားဆိုတာ မိနစ် ၄၀ လောက်ချက်ရတာကွ၊ မင်း လေးမိနစ်ထဲနဲ့ ဘယ့်နှာလုပ် ကျက်မှာတုံး ဆိုလေသော် သူက ရှင်းပြ၏။

 

အဲဒါက ရေနဲ့ချက်တာ၊ ဒါက ချက်တာမဟုတ်ဘူး၊ ဒီမှာကြည့် ဟု ဆိုလျက် အမဲသားကို အလယ်မှပိုင်းကာ အရောင်ကို ပြ၏။ နောက် အင်တာနက်မှ ဒါ့ပုံများပြလျက် ဒီအရောင်ဆို ဘာcook ခေါ်တယ် စသဖြင့် ရှင်းပြ၏။

ယခု သူလုပ်ထားသည့် အမဲသားအရောင်မှာ medium cook ဖြစ်၏။




 

ထို့နောက် အမဲသားဆိုတာ အတွင်းမှာ ဘာဘက်တီးရီးယားမှ မရှိဘူး။ အပြင်ဘက်ကျက်ရင်ကို စားလို့ရပြီ ဆို၏။

‘ငမ် - မင်းဟာကလည်း သဟာဆို အမဲသားကို အစိမ်းစားသလို နေမှာပေါ့’ ဆိုတော့ သူက ကျွန်ုပ်ကို အလွန်တုံးသည့် တောသားအမှတ်ဖြင့် ပြုံးကြည့်လေ၏။

 

ရေနဲ့အများကြီးချက်လိုက်ရင် အသားထဲရေတွေဝင်သွားပြီး ဝါးရခက်သွားရော . . . . စသည် . . . သူပြောပြတာ အားလုံး ကျွန်ုပ် မမှတ်မိတော့ပါ။

 

ထို့နောက် သူချက်ထားသည့် အမဲသားကို အနည်းငယ်ဖဲ့ပေးပြီး ကျွန်ုပ်ကို မြည်းခိုင်း၏။ မဆိုးပါ။ စားလို့ကောင်း၏။ 

 

ကျွန်ုပ်ကား ထိုအရာများနှင့် နည်းနည်းမှ မနီးစပ်။ ငါးပိချက်နှင့် ချဉ်ဟင်းလောက်ကိုသာ ခံတွင်းတွေ့သည့် တောသား စင်စစ်ဖြစ်ချေ၏။


 

(၂) ဝါဂျူ


 

ဤမျှဈေးကြီးလှသည့် အမဲသားကို ကျွန်ုပ် အခုမှ ကြားဖူးခြင်းဖြစ်၏။ (ယခင်က သူ့ကို beef steak ဝယ်ပေးခဲ့ဖူးသည့် တိုင် သာမန်အမဲသားမျှသာ ထင်မိ၏)

သားက ကျွန်ုပ်ဝယ်လာသည့် အမဲသားမှာ မြက်စားသောနွားက ရသည့် အမဲသားဖြစ်၍ ဈေးသက်သာကြောင်း ပြော၏။

 

ဟကောင် - ဘယ်နွားက မြက်မစားလို့ ဝက်သားစားမလဲကွ ဟု ကျွန်ုပ်က ဘုတော၏။

သူက ဝါဂျူနွားမွေးပုံများကို youtube ဗီဒီယိုများ ပြကာ ရှင်းပြ၏။

 

ပထမ ဩစတေးလျမှ နွားမွေးပုံများပြ၏။

နောက် ဂျပန်မှ ဝါဂျူနွားမွေးပုံများကိုပြ၍ အဘယ်ကြောင့် ဝါဂျူအမဲသားမှာ ဈေးကြီးရကြောင်းလည်း ပြောပြ၏။




ဂျပန်မှ ဝါဂျူနွားများကို မြက်ကျွေးတာမဟုတ်။ စပ်စာများကျွေးတာဖြစ်၏။

ထိုနွားများမှရသည့် အမဲသားမှာ အဆီနှင့်အသား တစ်လွှာစီမျှနေသည့် အသားဖြစ်၏။

ထို့ကြောင့် အဆီများသည့်အတွက် ချက်လျှင် ဆီထည့်စရာမလို။ အသားမှရသည့်ဆီနှင့်ပင် ကြော်နိုင်ကြောင်း သားက ပြောပြ၏။ 

ထိုမျှသာမကသေး။ ထိုအမဲသားအတွက် မည်သည့် အဆာပလာမှ ထည့်စရာမလို။ ဆားအနည်းငယ်နှင့် ငြုပ်ကောင်းမှုန့် သာလို၏။

သူက အဆီများသည့်အတွက်လည်း အများကြီး စားစရာမလို။ လက်တစ်ဝါးစာလောက် စားလိုက်လျှင်ပင် ဗိုက်ပြည့်တော့ သည် ဆို၏။ (ထမင်းအများကြီးစားသည့် ကျွန်ုပ်တို့ ကိုရွှေဗမာများအဖို့တော့ တင်းတိမ်လိမ့်မည် ကျွန်ုပ် မထင်ပါ။)

 

ထိုအမဲသားများကို ပြည်တွင်းတွင် စားသုံးသကဲ့သို့ ပြည်ပသို့လည်းတင်ပို့၏။ 

ဂျပန်၏ ဝါဂျူအမဲသားတင်ပို့မှုကို ပူးတွဲတင်ပြထားပါသည်။ 

ဝါဂျူအကြောင်း စိတ်ဝင်စားသူများ အောက်ပါ youtube link ၌ ကြည့်နိုင်ပါသည်။

 

https://www.youtube.com/watch?v=PTdTrXYBjY8

https://www.youtube.com/watch?v=9CTzhqVHmww




 

 

(၃) ပညာနှင့်ပိုက်ဆံရှာလျှင် အဆများစွာ ပိုရမည်ဖြစ်ကြောင်း


 

ကျွန်ုပ်တို့ မြန်မာပြည်၌ရသော အမဲသားများမှာ စားဘို့အတွက် မွေးထားသည့် နွားများမှရသော အမဲသားမဟုတ်။

နွားများကို လယ်ထဲ၊ ယာထဲ၌ အသားကုန်ဝအောင်ခိုင်းပြီးမှ မနိုင့်ရင်ကာ သတ်စားကြတာ ဖြစ်၏။

 

သို့မို့ကြောင့်ပင်လျှင် ဖိုးသူတော် ဦးနု စကားပုံ၌ ‘ဂေါဏမံသံကိုလည်း မစားနှင့်၊ ကောဓခြံရံကိုလည်း မပွားနှင့်’ ဟု ဆိုထားသည် မဟုတ်တုံလော။ 

မြန်မာပြည်မှ အမဲသားများအဖို့ သူပြောတာ မမှားပါ။

 

ပြောရလျှင် ကျွန်ုပ်တို့တိုင်းပြည်မှ လူများမှာ တောင်မရောက်၊ မြောက်မရောက် လူများ ဖြစ်ဘိ၏။

သူတို့ပဲ အမဲသား စားချင်သေး၊ အမဲသားစားလျှင် ငရဲကို မနက်ဖြန်ရောက်တော့မည်ကဲ့သို့လည်း ကြောက်သေး။

သို့သော် အမဲသားကောင်းကောင်း စားရဘို့ သို့မဟုတ် အသားစားဘို့အတွက် နွားမွေးမြူမည်ဆိုလျှင်တော့ သူများ အသက်သတ်တာ ပါဏာတိဘာညာ ဆိုပြီး ဝက်ဝက်ကွဲအောင် အော်ကြလိမ့်မည်။

 

အသားကုန်ဝအောင်ခိုင်းပြီးမှ သတ်စားသည့် အမဲသားနှင့် အသားစားဘို့အတွက် သီးသန့်မွေးထားသည့် အမဲသား ဘယ်သင်းက စားကောင်းမည်လဲ အသင်တို့ စဉ်းစားကြည့်နိုင်ပါသည်။

ကျွန်ုပ်တို့ဆီကလူများသည် ဘာသာရေးယောင်ယောင် ဘာယောင်ယောင်နှင့် အစားကောင်းကိုလည်း မစားတတ်။

ထို့ပြင် လူတို့နေ့တိုင်း မရှိမဖြစ် စားနေရသည့် အစားအသောက်များမှလည်း ပိုက်ဆံရအောင် မရှာတတ်။

 

Fair price ၌ တင်ထားသည့် ဂျပန်အမဲသား ဝါဂျူ (JP Beef Wagyu) မှာ ၁၀၀ ဂရမ်လျှင် စင်းဒေါ်လာ 37.23 ဖြစ်၏။ 

ယခု ကျွန်ုပ်ဝယ်လာသည့် ဝါဂျူးအမဲသားမှာ ဩစတေးလျမှ လာတာဖြစ်ပြီး အမဲသားက ၁၀၀ ဂရမ်လျှင် စင်းဒေါ်လာ 17.31 ဖြစ်၏။

 

ဂျပန်ဝါဂျူအမဲသားကို မြန်မာ ပိဿာ၊ ကျပ်နှင့် ပြောင်းကြည့်ကြပါစို့။

 

၁၀၀ ဂရမ် = ၆ ကျပ်သား (ဆိုကြပါစို့၊ အစွန်းထွက်တွေ မေ့ထားလိုက်ပါ။)

၆ ကျပ်သား = စင်းဒေါ်လာ ၃၇.၂၃ = ကာလပေါက်ဈေး မြန်မာငွေ (၂၀၀၀ ပဲထားပါ) = ၇၄၄၆၀ ကျပ်

တစ်ပိဿာ = ၁၂ သိန်း ၄ သောင်းကျပ် (မြတ်ချွာဖျား)

 

ယနေ့ မြန်မာပြည်တွင် အမဲသားတစ်ပိဿာပေါက်ဈေးမှာ ၁၆၀၀၀ ဖြစ်ပါသည်။

https://www.csostat.gov.mm/Statistics/MarketPriceMyanmar

 

ဤသည်မှာ ပုံပြင်မဟုတ်။

 

အသင်တို့သည် ပညာမတတ်သမျှကာလပတ်လုံး ဆင်းရဲတွင်းမှ မည်သည့်အခါမျှ တက်နိုင်လိမ့်မည်မဟုတ်ကြောင်း

ကျွန်ုပ်က မီးမောင်းထိုးပြခြင်းသာ ဖြစ်သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၅ စက်တင်ဘာ၊ ၂၀၂၂


No comments: