Wednesday, March 3, 2021

၀၃၀၃၂၀၂၁

ဒီကနေ့ မြောက်ဥက္ကလာ၊ မုံရွာ၊ မြင်းခြံ၊ မန္တလေး စသောမြို့များမှ ဓာတ်ပုံများ၊ ဗီဒီယိုများကို ကြည့်၍ ကျွန်တော့်ရင်မှာ မချိမဆန့် ခံစားရပါသည်။

စစ်ပုလိပ်ခွေးများသည် လူထုဆန္ဒပြတာကို ဖြိုခွဲတာမဟုတ်ဘဲ လူထုကို တမင်သက်သက်၊ ရည်ရွယ်ချက်ရှိရှိ၊ သေနတ်နှင့် ခေါင်းကိုချိန်ကာ ပစ်သတ်နေတာ ဖြစ်၏။
၎င်းတို့သည် ဘယ်အငြိုးနှင့် ကျွန်ုပ်တို့ပြည်သူများကို သည်မျှ ရက်ရက်စက်စက် ပစ်သတ်ရက် အားကြသနည်း။
ကျွန်ုပ်တို့ပြည်သူများကို သေနတ်နှင့်ပစ်သတ်နေသော ထို မသာ၊ သေချင်းဆိုး၊ သောက်ဂမြင်းမသားများမှာ ကျွန်ုပ်တို့ ပြည်သူများကျွေးထားသည့် ထမင်းကို နေ့ရှိသ၍ မြိုဆို့နေသူများဖြစ်၏။

မြောက်ဥက္ကလာမှာ စက်သေနတ်နှင့်ဆွဲတာကို အတိုင်းသားကြားရ၏။
မန္တလေးတွင် ဘယ်သူမှမရှိသောလမ်းပေါ်တွင် ဆိုင်ကယ်များ၊ ကားများကို အသားလွတ် ရိုက်ခွဲ ဖျက်ဆီးနေကြ၏။
မုံရွာမှာသေနတ်မှန်၍ သေဆုံးသွားသူများကို ဒရွတ်ဆွဲသယ်သွားကြ၏။

ဘာအပြစ်မှ မရှိသော အရေးပေါ်ယာဉ်မှ ကလေးများကို ထိုင်ခိုင်းကာ ခြေထောက်နှင့်ကန်သည်၊ သေနတ်ဒင်နှင့် လွှဲကာလွှဲကာရိုက်သည်။
သူတို့မှာ လူစိတ်ပျောက်နေပြီဖြစ်၏။
ဖြစ်နိုင်လျှင် ကျွန်တော် ထိုနေရာသို့ပြေးသွားကာ ၎င်းတို့ထံမှ သေနတ်ကိုလုလျက် အကုန်ပစ်သတ်ချင်မိသည်။
ကျွန်တော့်ရင်မှာခံစားရတာ နာကျင်ကြေကွဲသည် ဆိုတာထက် ပိုပါသည်။

အို အသင် ဟိုနိုင်ငံ၊ ဒီနိုင်ငံများမှ ဟိုလူကြီးမင်း၊ ဒီလူကြီးမင်းအပေါင်းတို့ -

အသင်တို့သည် ရှုတ်ချပါသည်၊ ကန့်ကွက်ပါသည်၊ ပိတ်ပင်ပါသည် ဆိုသည့် အရေမရ၊ အဖတ်မရစာများဖြင့်သာ အလုပ်ရှုပ်လျက် နေကြကုန်လော့။ 
ကျွန်ုပ်တို့၏ မျိုးဆက်သစ်များ တစ်ယောက်ပြီး တစ်ယောက် ဇီဝိန်ကြွေနေတာကို ကြည့်ကောင်းကောင်းနှင့်ကြည့်ကာ သာ နေကြကုန်လော့။
ဦးဏှောက်ပွင့်ကာ သေနေသူများကို ကြည့်လျက် စုပ်သပ်ကာ သနားကြကုန်လော့။

ကျွန်ုပ်တို့ ကံကြမ္မာနှင့် ကျွန်ုပ်တို့သာ ရှိပါစေတော့။
မည်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ပါ။
ကျွန်ုပ်တို့ပြည်သူများ၏ ကံကြမ္မာကိုသာ ရိုးမယ်ဖွဲ့ပါတော့မည်။

နှလုံးကြေကွဲ ဝမ်းနည်းလှပါသည်။

အေးငြိမ်း
၀၃၀၃၂၀၂၁

No comments: